သွေးသောက်ညီအစ်ကို
Vol. 200 Ch. 2995
တိုက်ပွဲကွင်းပြင်ပေါ်မှာ မာရွှမ်သည် သုန်မှုန်နေသော အကြည့်နှင့်အတူ မျောက်ကို တက်နင်းထားပြီး လောလောဆယ်မှာ စိတ်ပိုင်းမဖြတ်နိုင်ပေ။
ဤကဲ့သို့ ရန်စစော်ကားခဲ့သော နီညိုရောင်မျောက်ဝံတစ်ကောင်နှင့် ရင်ဆိုင်ရချိန်မှာ သူက ထိုသူကို သတ်ဖြတ်လိုက်မည်ဆိုလျှင် နီညိုရောင်မျောက်ဝံမျိုးရိုးကို ခြိမ်းခြောက်ဖို့နေနေသာ သူ့ရင်ထဲရှိ အမျက်ဒေါသကိုပင် ဖွင့်ထုတ်နိုင်ဖို့ လုံလောက်မည် မဟုတ်ပေ။
သို့သော်လည်း သူသည် အခြားသူများကို ဆွဲထည့်ဖို့ သင့်လျော်သည့် အကြောင်းပြချက်ကို ရှာမတွေ့ပေ။
“သူ့မှာ ညီအစ်ကို မရှိဘူးလို့ ဘယ်သူပြောတာလဲ”
ထိုစဉ်မှာပင် လူအုပ်ကြားထဲကနေ အသံတစ်သံထွက်ပေါ်လာ၏။
မာရွှမ်က ထိုအသံကို ကြားသောအခါ သူက ဝမ်းသာအားရဖြစ်သွားပြီး အလောတကြီး လှည့်ကြည့်လိုက်၏။
မျောက်က ထိုအသံကို ကြားသောအခါ သူက စကားပြောလိုက်သောလူကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုပြီး သူ၏ ဦးခေါင်းကို ခက်ခက်ခဲခဲနှင့် လှည့်နေ၏။
အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ် အမျိုးသားတစ်ဦးက နီညိုရောင်မျောက်ဝံများစွာကြားမှာ တစ်မူထူးခြားစွာ ထင်ပေါ်နေပြီး လျှောက်လှမ်းလာနေ၏။
မျောက်က ထိုလူကို တွေ့မြင်သောအခါ သူ၏ မျက်လုံးများက နီရဲလာပြီး သူ၏ အသက်ရှူသံက လေးလံလာ၏။
သူက အစ်ကိုကြီးဟု အလိုလိုလှမ်းခေါ်ချင်ပြီး သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်၏။
သို့သော်လည်း ချက်ချင်းပင် သူက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး သူ့ပါးစပ်ထဲကနေ ထွက်ကျလာတော့မည့် စကားလုံးများကို ပြန်လည်မျိုချလိုက်၏။
သူက အော်ခေါ်လိုက်မည်ဆိုလျှင် ဆူဇီမိုက သေချာပေါက် ဒုက္ခရောက်ပေတော့မည်။
အစ်ကိုကြီးက ဒီကို ဘာလို့ရောက်လာတာလဲ…
သူက ဒီကို ဘာလာလုပ်တာလဲ…
မျောက်၏ စိတ်က ရှုပ်ထွေးနေ၏။
အစကတော့ သူသည် သေဖို့ စိတ်ပိုင်းဖြတ်ထားပြီး အတော်လေး တည်ငြိမ်နေ၏။ ယခု သူသည် ဆူဇီမိုကို ရုတ်တရက်တွေ့မြင်လိုက်ရပြီး သူက အံ့အားသင့်၍ ကျေနပ်သဘောကျကာ သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ပေ။
မာရွှမ်က ဝင်ရောက်လာသူကို တွေ့မြင်သောအခါ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဤလူသည် နီညိုရောင်မျောက်ဝံကမ္ဘာမှ မဟုတ်သည်မှာ သိသာပြီး သူ၏ မူလဇာစ်မြစ်ကို မသိရပေ။
သို့သော်လည်း သူက ဤလူ၏ သရုပ်သကန်နှင့်ပတ်သက်၍ မေးမြန်းမနေပေ။ သူသည် ယွမ်ဟွမ်၏ ညီအစ်ကိုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဆွဲထုတ်နိုင်သည်နှင့်အမျှ ဤလူ၏ သရုပ်သကန်ကို လောလောဆယ်မှာ မေ့ထားနိုင်သည်။
“သူ့မှာ ညီအစ်ကိုတွေ ရှိတယ်လို့ မင်းပြောတာလား”
မာရွှမ်က ဆူဇီမိုကို ကြည့်ပြီး တည်တံ့စွာ မေးလိုက်၏။
ဆူဇီမိုက တိုက်ပွဲကွင်းရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ခေါင်းညိတ်ပြလိုက်၏။
“ငါသိသလောက်ဆိုရင် မျောက်မှာ တကယ်ပဲ သွေးရင်းသားရင်း ညီအစ်ကိုတွေ မရှိဘူး… ဒါပေမဲ့ သူ့မှာ သွေးသောက်ညီအစ်ကိုမောင်နှမ ခြောက်ဦးရှိတယ်”
“အို… ဟုတ်လား”
မာရွှမ်၏ မျက်လုံးက ဝင်းလက်သွား၏။
ဤလူပြောပုံအရ သူသည် သွေးသောက်ညီအစ်ကိုများ၏ အရေအတွက် အတိအကျကိုပင် ပြောနိုင်လေသည်။ သူက ပေါက်တတ်ကရ လျှောက်ပြောနေခြင်း မဟုတ်လောက်ပေ။
ဒါ့အပြင် ယွမ်ဟွမ်က သူ၏ ခြေဖဝါးအောက်မှာ ဖြစ်သည်။
ဤလူ ပေါ်ထွက်လာပြီးနောက် ယွမ်ဟွမ်၏ စိတ်ခံစားချက်များက သိသိသာသာ မတည်မငြိမ် ဖြစ်လာခဲ့လေသည်။ ဤလူက လိမ်ညာပြောဆိုနေခြင်း မဟုတ်သည်ကို သူကောက်ချက်ချနိုင်၏။
“အဲဒီ ညီအစ်ကိုမောင်နှမခြောက်ဦးက ဘယ်သူတွေလဲ… သူတို့က ဘယ်နေရာမှာလဲ… ငါ့ကို ပြောစမ်းပါဦး”
မာရွှမ်က ပြုံး၍ လက်ပြလိုက်၏။
“မင်း ငါ့ကို ပြောပြနိုင်တာနဲ့ ငါက မင်းလိုချင်တဲ့ ဘယ်ရတနာကိုမဆို ပေးနိုင်တယ်”
သို့သော်လည်း မာရွှမ်က တခြားအရာတစ်ခုကို တွေးနေ၏။
သူလိုချင်သည့် သတင်းအချက်အလက်ကို ရရှိပြီးသည်နှင့် ထိုသူက အသုံးမဝင်တော့ဘဲ သူက သတ်ဖြတ်လိုက်ရုံသာ ဖြစ်လေသည်။
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“ညီအစ်ကိုမောင်နှမ ငါးယောက်ကတော့ နီညိုရောင်မျောက်ဝံကမ္ဘာမှာ မရှိဘူး… သူတို့ထဲက တစ်ယောက်ပဲ ဒီမှာရှိတယ်”
“အဲဒါ ဘယ်သူလဲ”
မာရွှမ်က မေးလိုက်၏။
“ငါလေ”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
မာရွှမ်က မှင်တက်သွားသည်။
ဘေးပတ်ဝန်းကျင်မှာရှိသော နီညိုရောင်မျောက်ဝံများနှင့် မြင်းမျောက်များကလည်း ကြက်သေသေနေကြ၏။
ဆူဇီမိုကို ခေါ်လာခဲ့သော ယွမ်အန်ပင်လျှင် ထိုစကားကို ကြားသောအခါ တွေဝေရှုပ်ထွေးသွား၏။
ဆူဇီမိုသည် စီနီယာအစ်ကိုယွမ်ဟွမ်ကို တွေ့ဆုံဖို့အတွက် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်ကို သူသိရှိထားသော်လည်း သူတို့နှစ်ယောက်က သွေးသောက်ညီအစ်ကိုများဖြစ်သည်ကို သူ မသိရှိပေ။
ဒါ့အပြင် သူတို့နှစ်ယောက်က သွေးသောက်ညီအစ်ကိုများဖြစ်သည်ဆိုလျှင်တောင် သူက ဤကဲ့သို့သော အခြေအနေမှာ ရှေ့သို့ထွက်သွားခြင်းဖြင့် သူ့ကိုယ်သူ သတ်သေနေခြင်းသာ ဖြစ်ပေလိမ့်မည်။
“မင်းလား”
မာရွှမ်က ဆူဇီမိုကို အကဲခတ်ကြည့်ပြီး သူ၏ အမူအရာက တဖြည်းဖြည်း တည်တံ့လာခဲ့၏။ သူက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး အေးစက်စွာ ပြောလိုက်၏။
“မင်း ငါ့ကို လာရှုပ်နေတာလား”
တစ်ယောက်ယောက်သည် ဤကဲ့သို့သော အခြေအနေမှာ အရင်စတင် ရှေ့သို့ထွက်ပြီး သူ့ကိုယ်သူ သတ်သေချင်လိမ့်မည်ဟု သူက မယုံကြည်နိုင်ပေ။
“သူ့ရဲ့ညီအစ်ကိုတွေကို မင်းရှာနေတာ မဟုတ်ဘူးလား”
ဆူဇီမိုက တိုက်ပွဲကွင်းပေါ်သို့ ခုန်ဝင်ပြီး တည်ငြိမ်သော အမူအရာနှင့်အတူ မာရွှမ်၏ ခြေဖဝါးအောက်မှာရှိသော မျောက်ကို လက်ညှိုးထိုးပြလိုက်၏။
“ငါက သူ့ရဲ့အစ်ကိုကြီးပဲ”
ဆူဇီမို၏ ရည်ရွယ်ချက်ကို ပုံမဖော်နိုင်ဘဲ မာရွှမ်က မျက်မှောင်ကြုတ်လိုက်၏။
ဆူဇီမိုသည် တိုက်ပွဲကွင်းထဲသို့ ဝင်ရောက်လာပြီးနောက် သူက မာရွှမ်ကို ထပ်၍မကြည့်တော့ပေ။
သူက မျောက်ကို ကြည့်ပြီး ဆူပူကြိမ်းမောင်းလိုက်လေသည်။
“ငမျောက်… မင်းက တက်လှမ်းလာပြီးတဲ့နောက် ငါ့ကို အစ်ကိုကြီးလို့တောင် အသိအမှတ်မပြုချင်တော့ဘူးပေါ့လေ”
ထိုနေရာအရောက်မှာ ဆူဇီမိုက စိတ်ပိုင်းဖြတ်ထားသည်ကို မျောက်က သိရှိလိုက်ပြီး သူက ထိုအချက်ကို ဆက်လက်၍ ဖုံးကွယ်မထားတော့ပေ။ စိတ်လှုပ်ရှားမှုနှင့်အတူ သူက အော်ခေါ်လိုက်၏။
“အစ်ကိုကြီး…”
မျောက်၏ စကားကို ကြားရပြီးနောက် မာရွှမ်က တကယ်ပင် တိကျသေချာသွား၏။
“ကောင်းတယ်ကွာ… ကောင်းတယ် ကောင်းတယ်”
မာရွှမ်က ပြုံး၍ လက်ခုပ်တီးပြီး ထေ့ငေါ့လိုက်၏။
“အစ်ကိုကြီးတစ်ယောက်အနေနဲ့ မင်းက တကယ်ကို မဆိုးဘူးပဲ… မင်းက အတော်လေး သစ္စာရှိတာပဲ… ဒီလိုမျိုးအခြေအနေမှာတောင် ရှေ့ကို ထွက်လာရဲတယ်… မင်းရဲ့သတ္တိကတော့ တကယ့်ကို ချီးကျူးလောက်ပါပေတယ်”
အောက်ဘက်မှာရှိသော မြင်းမျောက်များစွာက ဟားတိုက်ရယ်မောလိုက်ကြ၏။
“မင်း ငါ့ကို မသိဘူးလား”
ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး မျက်ခုံးအနည်းငယ်ပင့်ကာ မာရွှမ်ကို ကြည့်လိုက်၏။
“ဟားဟားဟား”
မာရွှမ်က ခဏမျှ မှင်တက်သွားပြီးနောက် ဟားတိုက်ရယ်မောလိုက်၏။
သူက လောကမှာ အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား ပြုံး၍မေးလိုက်၏။
“မင်းနာမည်က ဘာလဲ… မင်းဘယ်လောက်ကျော်ကြားလဲဆိုတာ အားလုံးသိသွားအောင် ငါတို့ကို ပြောစမ်းပါဦး”
အောက်ဘက်မှာရှိသော မြင်းမျောက်များစွာကလည်း တဟီးဟီးတဟားဟား ရယ်မောလိုက်ကြ၏။
အစကတော့ သူပေါ်ထွက်လာပြီးနောက် နီညိုရောင်မျောက်ဝံကမ္ဘာမှ တစ်ယောက်ယောက်က သူ့ကို သေချာပေါက် မှတ်မိလိမ့်မည်ဟု ဆူဇီမိုက တွေးထားခဲ့သည်။
မည်သို့ပင်ဆိုစေ အရင်တုန်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ပကတိစိတ်ဝိညာဉ်ပညာရှင်များနှင့် ဘုရင်များစွာက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ စုဝေးရောက်ရှိခဲ့ကြ၏။ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သူသည် အန္တိမပကတိစိတ်ဝိညာဉ်များချည်းသက်သက် ၂၀ကျော်ကို သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ကြီးကျော်ကြားကာ အထက်ဘုံလောကကို တုန်လှုပ်သွားစေခဲ့သည်။
သို့သော်လည်း လက်ရှိအခြေအနေအရ မည်သူကမှ သူ့ကို မမှတ်မိကြသည်မှာ သိသာလေသည်။
“ဪ… သိပ်တော့လည်း ထူးဆန်းမနေပါဘူး”
ပြန်တွေးကြည့်ရင်း ဆူဇီမိုက နားလည်သဘောပေါက်သွား၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာတုန်းက နီညိုရောင်မျောက်ဝံမျိုးနွယ်မှ မည်သည့်ပကတိစိတ်ဝိညာဉ်ကမှ ရောက်ရှိမလာခဲ့ပေ။
မြင်းမျောက်မျိုးရိုးသည် နီညိုရောင်မျောက်ဝံမျိုးရိုးကို စောင့်ကြည့်ဖို့အတွက် နီညိုရောင်မျောက်ဝံကမ္ဘာမှာ တစ်ချိန်လုံး ရှိနေကြ၏။ ထို့သို့ဖြင့် သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာခြင်း သို့မဟုတ် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်ခြင်း မရှိခဲ့ကြပေ။ ထို့ကြောင့် မည်သူကမှ ဆူဇီမိုကို အရင်က မတွေ့မြင်ဖူးခဲ့ပေ။
“ငါ့နာမည်က ဆူဇီမို”
ဆူဇီမိုက ပြုံး၍ ပြောလိုက်၏။
“ဝိုး…”
မာရွှမ်က ဟန်အမူအရာပိုစွာဖြင့် အံ့အားတသင့် ပြောလိုက်၏။
“မင်းက တကယ့်ကို နာမည်ကြီးပဲ”
ထို့နောက် သူက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ကျယ်လောင်စွာ မေးလိုက်၏။
“ဒီလူ့နာမည်က ဆူဇီမိုတဲ့… တစ်ယောက်ယောက်များ သူ့နာမည်ကို ကြားဖူးကြလား”
မြင်းမျောက်မျိုးရိုးကို မပြောနှင့်… နီညိုရောင်မျောက်ဝံမျိုးရိုးပင်လျှင် တွေဝေစွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ဤနေရာကို စောင့်ကြည့်နေသော ဘုရင်ခြောက်ဦးကလည်း တွေဝေရှုပ်ထွေးစွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ထိုနာမည်က တကယ်ပင် ရင်းနှီးမှုမရှိပေ။ အခြားသောမျိုးနွယ်ဝင်များကို မပြောနှင့် သူတို့၏ အသိသညာနှင့်ပင်လျှင် သူတို့က ထိုနာမည်ကို မကြားဖူးခဲ့ပေ။
“ဟဲဟဲ”
မာရွှမ်က ဘေးပတ်လည်ကို တစ်ချက်ကြည့်ပြီးနောက် လှောင်ရယ်လိုက်၏။
“ကံဆိုးတာကတော့ မင်းနာမည်ကို ဘယ်သူကမှ မကြားဖူးကြတာပဲ”
ခဏမျှ ရပ်တန့်ပြီးနောက် မာရွှမ်က သူ၏ အပြုံးကို ရုပ်သိမ်းကာ ကြမ်းကြုတ်ခက်ထန်သော အမူအရာဖြင့် ဆူဇီမိုကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ထပ်ပြီးပြောရရင် မင်းက မင်းအခြေအနေကိုမင်း နားမလည်လောက်သေးဘူးထင်တယ်… အမ်း... ရှင်းရှင်းပဲ ပြောမယ်ကွာ… မင်းသေရတော့မှာပဲ”
သူ့စကားမဆုံးသေးခင် မာရွှမ်က ရုတ်တရက် သူ၏ လှံကို ဝင့်ပြီး အလွန်တရာ မြန်ဆန်သော အလျင်အဟုန်ဖြင့် ဆူဇီမို၏ မျက်နှာကို ပစ်ထိုးလိုက်၏။
ဖောက်…
လှံက ဆူဇီမို၏ မျက်နှာကို ထိုးဖောက်တော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက ရုတ်တရက် လက်လှမ်းကာ ထိုလှံကို ဖမ်းဆွဲလိုက်၏။
“ဟမ်”
မာရွှမ်သည် အလိုလို လှံကိုလှည့်ပြီး ဆူဇီမို၏ လက်ဖဝါးကို ခြေမွှပစ်ချင်၏။ သို့သော်လည်း ဆူဇီမို၏ လက်ထဲမှာရှိသော သူ၏ မူပိုင်ရတနာလှံက တုပ်တုပ်မျှ မလှုပ်တော့သည်ကို နားလည်သိရှိလိုက်၏။
ဖျောက်…
သူ မတုံ့ပြန်နိုင်ခင် ကြွပ်ဆတ်ဆတ်အသံတစ်သံကို သူကြားလိုက်ရ၏။
ရုတ်တရက် ဆူဇီမိုက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ပြီး သူ၏ မူပိုင်ရတနာလှံကို ချိုးလိုက်လေသည်။
ဤလှံသည် ကပ်ဘေးကိုးခုသန့်စင်ယန် စိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်သည်။
သို့သော် ယခု ၎င်းသည် သူ့ရှေ့မှ အားနည်းပုံရသော အမျိုးသား၏ လက်ဗလာဖြင့် ချိုးခြင်းကို ခံလိုက်ရ၏။
“မင်း…”
မာရွှမ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။
ဆူဇီမိုက သူ့လက်ထဲရှိ လှံကျိုးကို လက်ပြန်ပစ်ထုတ်လိုက်၏။
“အနန္တယင်ယန်…”
မာရွှမ်၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်လေသည်။။ သူက သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
တင်ပါးနီ မြင်းမျောက်မျိုးရိုးမှာ သူတို့သည် ယင်ယန်ဓမ္မတာအိုနှင့် အလွန်တရာ နီးစပ်မှုရှိသည်ဟု ဆိုကြလေသည်။
ဆူဇီမိုက ရှောင်တိမ်းခြင်း မရှိပေ။ သူ၏ ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင် နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ပကတိဖြူဖွေးလာကာ သူ့ရှေ့မှာရှိသော ယင်ယန်စွမ်းအားကို အငမ်းမရ ဝါးမျိုလိုက်၏။
ဆူဇီမိုသည် တမလွန်မီးရောင်ကျောက်တုံးနှင့် မီးပဒေသာကျောက်တုံးနှင့်အတူ အနန္တယင်ယန်ကို ဘာမှမကျန်အောင် ချေဖျက်လိုက်၏။
ထိုသည်ကို တွေ့မြင်သောအခါ မာရွှမ်၏ အမူအရာက ထိတ်လန့်တကြားဖြစ်သွားပြီး သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလေသည်။
သူသည် ဤကဲ့သို့ မဖြစ်နိုင်သော နည်းလမ်းများကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
ဖောက်…
အနန္တယင်ယန်က ချေဖျက်ခံလိုက်ရပြီး လှံကျိုးက သူ၏ ရင်ဘတ်ကို ချက်ချင်းပင် ထိုးဖောက်သွား၏။
သွေးများက ပန်းထွက်လာ၏။
သိပ်သည်းပြင်းထန်သော စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို လွင့်စင်ထွက်သွားစေသည်။
ရုတ်တရက်ဆိုသလို…
ကြီးမားသော အရိပ်တစ်ခုက သူ့အပေါ်ကို အုပ်မိုးကျဆင်းလာ၏။
ထိုအရိပ်သည် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသား၏ ခန္ဓာကိုယ်ဖြစ်လေသည်။
ဆူဇီမိုက ပို၍ပင် မြန်ဆန်ပြီး ခြေတစ်လှမ်းမျှနှင့် လိုက်မီလာခဲ့၏။ သူက ကောင်းကင်ထယ်သွားခြေလှမ်း၏ စွမ်းပကားနှင့်အတူ မာရွှမ်၏ မျက်နှာကို ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။
ဖောက်…
ခြေကန်ချက်တစ်ချက်နှင့်အတူ မာရွှမ်၏ ဦးခေါင်းက အပိုင်းပိုင်း ပေါက်ကွဲထွက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားလေသည်။