အကျပ်အတည်း
Vol. 200 Ch. 2999
မျောက်ဘုရင် နီရဲပင်လယ်၏ ခြိမ်းခြောက်စကားကို ကြားရသောအခါ မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူက ကြိတ်၍ လှောင်ရယ်လိုက်၏။ သူ၏ အမူအရာက ပြောင်းလဲမသွားဘဲ သူက အကြောက်အလန့်ကင်းမဲ့နေ၏။
ဆူဇီမိုသည် နီညိုရောင်မျောက်ဝံမျိုးရိုးနှင့် သက်ဆိုင်မှု လုံးဝမရှိပေ။
သူက ပတ်သက်ဆက်စပ်နေမည်ဆိုလျှင်တောင် ထိုလူသည် အာကာသဥမင်ထဲသို့ ထွက်ပြေး၍ နီညိုရောင်မျောက်ဝံကမ္ဘာကနေ တိမ်းရှောင်သွားခဲ့ပြီဖြစ်သည်။
မျောက်ဘုရင် နီရဲပင်လယ်က ယခုအချိန်မှာ သူ့နောက်သို့ ပြေးလိုက်မည်ဆိုလျှင်တောင် လိုက်မီနိုင်တော့မည် မဟုတ်ပေ။
“ဂါး…”
မျောက်ဘုရင် နီရဲပင်လယ်က သူ၏ ခေါင်းကို မော့ပြီး ဟိန်းဟောက်ကာ မြင်းမျောက်မျိုးရိုးမှ ဘုရင်များကို ဤနေရာမှာ စုဝေးရန် ဆင့်ခေါ်လိုက်၏။
မြင်းမျောက်ဘုရင်များစွာသည် ထိုအသံကို ကြားသောအခါ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာကြလေသည်။
သိပ်မကြာခင် မြင်းမျောက်ဘုရင် ၁၇ ဦးက ဆင်းသက်ရောက်ရှိလာ၏။
မျောက်ဘုရင် နီရဲပင်လယ်အပြင် နောက်ထပ် အထွတ်အထိပ်ဘုရင်နှစ်ဦး ရှိနေ၏။
မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူသည် ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေ၏။
ကြယ်တာရာကောင်းကင်က ကျယ်ပြောပြီး အကန့်အသတ်မဲ့လေသည်။ ဆူဇီမိုအနေဖြင့် မည်သည့်အရပ်ဘက်ကိုမဆို ထွက်ပြေးသွားဖို့ ဖြစ်နိုင်၏။
ကြယ်တာရာကောင်းကင်ထဲမှာ ဦးတည်ဘက်အနည်းငယ် သွေဖယ်သွားသည်နှင့် သူတို့က ဝေးသထက် ဝေးကွာသွားပေလိမ့်မည်။
ဤနေရာမှာ ရောက်ရှိနေသော ဘုရင် ၁၈ ဦးကို မပြောနှင့်။ ဘုရင်အယောက် ၁၈၀ ပင်လျှင် ဆူဇီမိုနှင့် မျောက်ကို လိုက်မီဖို့ ခဲယဉ်းပေလိမ့်မည်။
မျောက်ဘုရင် နီရဲပင်လယ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို အတိုချုံးပြန်ပြောပြလိုက်၏။
မြင်းမျောက်ဘုရင် ၁၇ ဦးက သူတို့၏ ဘေးပတ်လည်မှ မြင်ကွင်းကို တွေ့မြင်သောအခါ သူတို့၏ အမူအရာက ပြာနှမ်းလာ၏။ သူတို့က ဖြစ်ပျက်ခဲ့သည့်အရာကို ကြားရသောအခါ သူတို့က ပို၍ပင် ဒေါသချောင်းချောင်းထွက်လာ၏။
“နီရဲပင်လယ်… အဲဒီနှစ်ယောက်က ထွက်ပြေးသွားတာ ကြာခဲ့ပြီ… ငါတို့တွေက သူတို့နောက်ကို ဘယ်လိုလိုက်မီနိုင်မှာလဲ”
မြင်းမျောက်ဘုရင်တစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ကြယ်တာရာကောင်းကင်က ကျယ်ပြောတယ်… ငါတို့တွေက အဘက်ဘက်မှာ လိုက်လံရှာဖွေမယ်ဆိုရင် အဲဒါက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာရသလို ဖြစ်နေလိမ့်မယ်”
မျောက်ဘုရင် နီရဲပင်လယ်က ပြောလိုက်၏။
“အားလုံးပဲ ဘာမှမပူနဲ့… မင်းတို့တွေ ငါ့နောက်က လိုက်လာမယ်ဆိုရင် အဲဒီပုရွက်ဆိတ်နှစ်ကောင်ကို သေချာပေါက် လိုက်မီလိမ့်မယ်”
“ဒီကောင်လေးက ထွက်ပြေးသွားခဲ့ပြီဆိုပေမဲ့ သူထုတ်ဖော်ခဲ့တဲ့ ထွက်ပြေးခြင်းနည်းစနစ်က ယင်ယန်နဲ့ ပတ်သက်နေတယ်… ဒီနေရာမှာ ကျန်ခဲ့တဲ့ ယင်နဲ့ယန် အငွေ့အသက်တွေအတိုင်း လိုက်သွားမယ်ဆိုရင် သူတို့ကို လိုက်မီလိမ့်မယ်”
“ယင်ယန်အငွေ့အသက်လား”
အခြားသော မြင်းမျောက်ဘုရင်များက မျက်မှောင်ကြုတ်လိုက်ကြ၏။
ပုံမှန်အားဖြင့် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ကနေတစ်ဆင့် ယင်နှင့်ယန်၏ မည်သည့်အငွေ့အသက်ကိုမှ တွေ့မြင်နိုင်မည် မဟုတ်ပေ။
မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူကလည်း တွေဝေရှုပ်ထွေးသွား၏။
သို့သော်လည်း သိပ်မကြာခင် သူက တစ်စုံတစ်ရာ လွဲမှားနေသည်ကို နားလည်သိရှိသွား၏။
မျောက်ဘုရင် နီရဲပင်လယ်သည် တင်ပါးနီမြင်းမျောက်၏ မျိုးဆက်သွေးကို အပြည့်အဝ နိုးထစေခဲ့ပြီဖြစ်သည်။ တင်ပါးနီမြင်းမျောက်သည် ယင်နှင့်ယန်နှင့် လူသားသဘာဝကို နားလည်သဘောပေါက်ပြီး အလိုက်သင့်နေထိုင်မှုနှင့် သူတို့၏ အသက်ကို ဆွဲဆန့်ဖို့အတွက် သေဘေးကို ရှောင်လွှဲရာမှာ ကျွမ်းကျင်ပိုင်နိုင်သည်ဟု ဆိုလေသည်။
အခြားသူများသည် ယင်နှင့်ယန်၏ မည်သည့်အငွေ့အသက်ကိုမှ ရှာဖွေတွေ့နိုင်မည် မဟုတ်သော်လည်း သူတို့သည် မျောက်ဝံဘုရင် နီရဲပင်လယ်၏ မျက်လုံးကနေ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ထိုစဉ်မှာပင် မျောက်ဝံဘုရင် နီရဲပင်လယ်၏ မျက်လုံးက တဖြည်းဖြည်း ထူးဆန်းစွာ ပြောင်းလဲသွား၏။ သူ၏ ဘယ်ဘက်မျက်လုံးက နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ဖြူဖွေးလာကာ ယင်ယန်မျက်လုံးတစ်စုံအဖြစ် ပြောင်းလဲသွားလေသည်။ သူ၏ အကြည့်က လေဟာနယ်ကို ထိုးဖောက်ပြီး ယခုအချိန်ထိ မပျက်ပြယ်သေးသော ယင်နှင့်ယန်၏ အငွေ့အသက်များကို ဖမ်းမိသွား၏။
“အားလုံးပဲ ငါ့နောက်က လိုက်ခဲ့”
မျောက်ဘုရင် နီရဲပင်လယ်က တည်တံ့စွာ ပြောလိုက်၏။
မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူ၏ မျက်လုံးက တဖျပ်ဖျပ်ဖြစ်သွား၏။ သူက ရှေ့သို့ တက်လှမ်းတော့မည့်ဆဲဆဲမှာပင် သူ့ကို ဘေးမှာရှိသောနီညိုရောင်မျောက်ဝံဘုရင်တစ်ဦးက တားဆီးပြီး ခေါင်းခါပြလိုက်၏။
“ကောင်းကင်ဖြိုခွဲသူ… ငါတို့တွေ ဒီကိစ္စမှာ ဝင်ပါလို့မဖြစ်ဘူး”
နီညိုရောင်မျောက်ဝံဘုရင်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။
မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“နီရဲပင်လယ်နဲ့ တခြားသူတွေက သူတို့နောက်ကို လိုက်သွားမယ်ဆိုရင် ယွမ်ဟွမ်နဲ့ ဆူဇီမိုက သေချာပေါက် သေရလိမ့်မယ်… ငါတို့တွေ ဒီတိုင်းထိုင်ပြီး ဘာမှမလုပ်ဘဲ နေရမှာလား”
“ဆူဇီမိုရဲ့ သရုပ်သကန်နဲ့ နောက်ခံကို ဘာမှန်းမသိရဘူး… မဆင်မခြင်လုပ်လို့မရဘူး”
နောက်ထပ် နီညိုရောင်မျောက်ဝံဘုရင်တစ်ဦးက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူက ပြောလိုက်၏။
“အဲ့လိုဆိုရင်တောင် ဆူဇီမိုက ဘာပဲပြောပြော ငါတို့ရဲ့ အမျက်ဒေါသတွေကို ဖြေဖျောက်ဖို့ ကူညီပေးခဲ့တာပဲ… နောက်ပြီး ယွမ်ဟွမ်ကလည်း ငါတို့ရဲ့ မျိုးရိုးဝင်ပဲ”
“ကောင်းကင်ဖြိုခွဲသူ… ဆူဇီမိုက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ ဘုရင်တစ်ပါးကို သတ်ဖြတ်ပြီး ပြဿနာကြီးကြီး ရှာထားခဲ့ပြီဆိုတာ မင်းသိထားရမယ်… အဲဒါက အရမ်းကို ကြီးလေးတဲ့ ရာဇဝတ်မှုပဲ”
ပထမဆုံး နီညိုရောင်မျောက်ဝံဘုရင်၏ လေသံက တည်တံ့နေပြီး သူက ပြောလိုက်၏။
“ငါတို့က ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်မယ်ဆိုရင် ငါတို့က သေချာပေါက် ရောပါငြိစွန်းရလိမ့်မယ်… ငါတို့က ငါတို့ကိုယ်ငါတို့ ခုခံကာကွယ်နိုင်မှာ မဟုတ်ဘူး… နီရဲပင်လယ်နဲ့ တခြားသူတွေက ငါတို့ကို ဆိုးယုတ်အပြစ်သားတွေဆိုပြီး သေချာပေါက် စွဲချက်တင်လာလိမ့်မယ်”
“အဲဒီအချိန်ကျရင် ငါတို့နီညိုရောင်မျောက်ဝံမျိုးရိုးက တိုက်ပွဲအပြစ်သားကုန်းမြေမှာ ချုပ်နှောင်ခံရပြီး နေ့လင်းရောင်ကို ဘယ်တော့မှ တွေ့မြင်ရမှာ မဟုတ်တော့ဘူး”
နောက်ထပ် နီညိုရောင်မျောက်ဝံဘုရင်တစ်ဦးက ထပ်ပြောလိုက်၏။
“အရင်တုန်းက လောကအရှင်က ပြင်းထန်ကြီးမားတဲ့ အရှက်ကွဲမှုကို ကြိတ်မှိတ်ခံယူပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာထံ ဦးညွတ်ခဲ့တယ်ဆိုတာ သူက ငါတို့ရဲ့ မျိုးရိုးကို ကာကွယ်ပေးချင်လို့ပဲ… ငါတို့ သူ့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး”
မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူက သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး တိတ်တဆိတ်ဖြင့် ခေါင်းငုံ့ထား၏။
နီညိုရောင်မျောက်ဝံကမ္ဘာ၏ အနက်ပိုင်းထဲမှာ…
မျောက်ဝံအိုကြီးတစ်ကောင်က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး သူ၏ မှုန်မှိုင်းနေသော မျက်လုံးများ၏ အနက်ပိုင်းထဲမှာ တွေဝေတုံ့ဆိုင်းမှု အရိပ်အရောင်တစ်ခု ပေါ်ထွက်လာ၏။
“လောကအရှင်”
အောက်ဘက်မှာရှိသော နီညိုရောင်မျောက်ဝံဧကရာဇ်တစ်ဦးက မျောက်ဝံအိုကြီး၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားပြီး အသံတစ်ခုကို စိတ်ဝိညာဉ်အသိစိတ်ဖြင့် အလောတကြီး ပို့လွှတ်လိုက်၏။
“အရမ်းကာရော မလုပ်ပါနဲ့”
မျောက်ဝံအိုကြီးက လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် သူ၏ အပေါ်သို့ အုပ်မိုးကျဆင်းလာသည့် စွမ်းအားကြီးမားသော စိတ်ဝိညာဉ်အသိစိတ်ဖိအားနှစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်၏။
မျောက်ဝံအိုကြီးက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး အတန်ကြာသည်အထိ တိတ်တဆိတ် မတ်တတ်ရပ်နေ၏။ နောက်ဆုံးမှာတော့ သူက သက်ပြင်းချပြီး ပြန်ထိုင်လိုက်လေသည်။
“အဲဒီဂျူနီယာနှစ်ယောက်က….. နှမြောဖို့ကောင်းလိုက်တာကွာ”
မျောက်ဝံအိုကြီးက ညည်းတွားရေရွတ်လိုက်၏။
ဆူဇီမိုသည် မျောက်ကို ခေါ်ဆောင်ပြီး အာကာသဥမင်ကို အဆက်မပြတ်ဖြတ်ကျော်ကာ ဦးတည်ဘက်များကို မကြာခဏ ပြောင်းလဲနေခဲ့၏။ သုံးရက်ကြာပြီးမှသာ သူက ရပ်တန့်လိုက်လေသည်။
ပြီးခဲ့သည့် သုံးရက်မှာ သူတို့နှစ်ယောက်သည် လမ်းတစ်လျှောက် စကားများစွာ ပြောဆိုခဲ့ကြ၏။
သူတို့သည် တက်လှမ်းလာပြီးနောက် သူတို့၏ အတွေ့အကြုံများကို ပြန်လည်ပြောပြခဲ့ကြသည်။ ဆူဇီမိုသည် ကျား၊ ချင်ချင်၊ ရွှေခြင်္သေ့၊ မြေခွေးလေးနှင့် အခြားသူများ၏ အကြောင်းကိုလည်း ပြောပြလိုက်၏။ သူသည် ညဝိညာဉ်၏ သတင်းကိုလည်း ပြောပြလိုက်၏။
သို့သော်လည်း သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ညဝိညာဉ်နှင့်ပတ်သက်သည့် သတင်းတချို့ကို ရရှိခဲ့ပြီးနောက် မည်သည့်သတင်းကိုမှ ထပ်မံ၍ မရရှိတော့ပေ။
လောလောဆယ် သူတို့ရပ်တန့်လိုက်သည်မှာ တခြားအကြောင်းကြောင့်မဟုတ်ဘဲ မျောက်၏ ဒဏ်ရာများက ပို၍ဆိုးရွားလာသောကြောင့်ပင်။
မျောက်၏ မျိုးဆက်သွေးသည် နိုးထလာသည့် ကနဦးအဆင့်မှာသာ ရှိလေသည်။
မာရွှမ်၏ ရက်စက်ကြမ်းတမ်းမှုကြောင့် ပြီးခဲ့သည့် သုံးရက်အတွင်း မျောက်၏ ပင်ကိုယ်မျိုးဆက်သွေးနှင့် ပြင်ပဆေးလုံးများ၏ အကူအညီနှင့်ပင်လျှင် သူက ပြန်လည်သက်သာကောင်းမွန်လာမည့် မည်သည့်လက္ခဏာမှ မပြသပေ။
မည်သို့ပင်ဆိုစေ ကိုယ်ကာယတိုင်းမှာ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ ပြန်လည်ကုသနိုင်စွမ်းများ မရှိကြပေ။
မျောက်သည် ဆူဇီမိုနှင့် ပြန်လည်ဆုံစည်းရသည့်အတွက် အတော်လေး စိတ်လှုပ်ရှားတက်ကြွနေ၏။ ထို့သို့ဖြင့် သူက အနားယူပြီး ကုသလိုခြင်း မရှိပေ။
သုံးရက်ကြာအပြီးမှာ မျောက်၏ အခြေအနေက ပို၍ဆိုးရွားလာ၏။
မျောက်၏ ထိခိုက်ဒဏ်ရာများကို ဆက်လက်၍ အချိန်ဆွဲထားလို့ မရတော့ပေ။
ဒါ့အပြင် သူတို့နှစ်ယောက်သည် နီညိုရောင်မျောက်ဝံကမ္ဘာကနေ ထွက်ခွာလာပြီး အတော်ဝေးဝေးသို့ ရောက်ရှိနေခဲ့ကြပြီဖြစ်သည်။ ထို့ကြောင့် ဆူဇီမိုသည် အနီးအနားမှာ အသက်ဓာတ်ကင်းမဲ့သော ကြယ်တစ်လုံးကို ရှာဖွေပြီး ဆင်းသက်လိုက်၏။
သူက မျောက်ကို ကုသဖို့အတွက် လိုဏ်ဂူခန်းဝါတစ်ခု တည်ဆောက်လိုက်၏။
မျောက်က ဒဏ်ရာအပြင်းအထန် ရရှိထားသည်။ သို့သော်လည်း အဲဒါက ဆူဇီမိုအတွက် ပြဿနာတစ်ရပ် မဟုတ်ပေ။ ဆူဇီမိုသည် အသက်ဓာတ်ကြာလက်ညှိုးကို သုံးပြီး မျောက်၏ ခန္ဓာကိုယ်ထဲသို့ ကြွယ်ဝ၍ သန့်စင်သော အသက်ဓာတ်အားကို ပို့လွှတ်ပေးလိုက်၏။
မျောက်၏ ထိခိုက်ဒဏ်ရာများက တဖြည်းဖြည်း သက်သာပျောက်ကင်းလာ၏။
သူ၏ ရင်ဘတ်မှ တုန်လှုပ်စရာကောင်းသော သွေးသံရဲရဲ အပေါက်၏ ဘေးပတ်လည်မှာ အသားနုများက ရူးသွပ်စွာ တိုးလာပြီး ရောယှက်သွားလေသည်။
ဤနှုန်းထားအရ မျောက်သည် တစ်ရက်မကြာခင် အတော်လေး သက်သာကောင်းမွန်သွားပေလိမ့်မည်။
မျောက်သည် လိုဏ်ဂူခန်းဝါထဲမှာ သူ့ဘာသာသူ ကုသနေပြီး ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ ဘေးကနေ စောင့်ကြပ်ပေးနေ၏။
လေးနာရီခန့်ကြာပြီးနောက် ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ရုတ်တရက် သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်ကာ မျက်မှောင်ကြုတ်လိုက်၏။
စောစောက သူ၏ ရင်ထဲမှာ အန္တရာယ်အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အဲဒါသည် ရုတ်တရက် လှုံ့ဆော်မှုတစ်ခုလို သို့မဟုတ် ထင်ယောင်ထင်မှားတစ်ခုလို ဖြစ်၏။
သူ့ကျင့်ကြံမှုနယ်ပယ်အရ အထူးသဖြင့် သူ၏ အာရုံခံသတိစိတ်နှင့်အတူ ထိုကဲ့သို့သော အန္တရာယ်အငွေ့အသက်ခံစားချက်က အကြောင်းရင်းမရှိဘဲ သေချာပေါက် ပေါ်ထွက်လာမည် မဟုတ်ပေ။
မျောက်၏ ထိခိုက်ဒဏ်ရာများက ယခုအချိန်ထိ မပျောက်ကင်းသေးပေ။
ဆူဇီမိုသည် ခဏမျှ စဉ်းစားပြီးနောက် မျောက်ကို နှိုးကာ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ငါတို့ ဒီနေရာမှာ သိပ်ကြာကြာနေလို့ မရတော့ဘူး… ငါတို့ ဒီကနေ ချက်ချင်းထွက်ရမယ်”
မျောက်က ဆူဇီမို၏ တည်တံ့သော အမူအရာကို တွေ့မြင်သောအခါ သူက တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်သွားပြီး ချက်ချင်းပင် ကျုံးထလိုက်၏။
သူတို့နှစ်ယောက်က လိုဏ်ဂူခန်းဝါထဲကနေ ထွက်ပြီးနောက် ဆူဇီမိုက အပေါ်သို့မော့ကြည့်ကာ သူ၏ သူငယ်အိမ်က အနည်းငယ် တင်းကျပ်သွား၏။
ကြယ်၏ ဘေးပတ်လည်မှာ ပုန်းလျှိုးနေသော အနည်းဆုံး ဘုရင် ဆယ်ဦးရှိနေသည်ကို သူက အာရုံခံမိနိုင်၏။ ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ပြီး ယင်ယန်ကောင်းကင်လိုဏ်ဂူ၏ ပုံရိပ်ယောင်ကို ထုတ်ဖော်ကာ လေဟာနယ်ကို ချိုးဖျက်၍ မျောက်နှင့်အတူ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်လိုက်၏။
“ကောင်စုတ်နှစ်ကောင်… ထွက်ပြေးဖို့ ဘယ်လိုတောင် ကြံရဲတာလဲ”
ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံက ပဲ့တင်ထပ် ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် ရှည်လျားသော သားမွေးများဖြင့် ဖုံးလွှမ်းနေသည့် ဧရာမ လက်တစ်ဖက်က ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ကမ္ဘာဖျက်ကပ်ဘေးအော်ရာတစ်ခုကို ထုတ်ဖော်ကာ သူတို့နှစ်ယောက်အပေါ်သို့ လွှမ်းခြုံကျဆင်းလာ၏။