ငါ့အစ်ကိုက လူယုတ်မာ ... ။
Vol. 10 Ch. 119
ဟဲရှလမ်းတွင် နှစ်အတော်ကြာ မိုးခေါင်ရေရှားမှုများကြောင့် စည်းကားခဲ့သော မြို့နှင့်ရွာများသည် ယခုအခါတွင် စွန့်ပစ်မြေများ ကဲ့သို့ သွေ့ခြောက်နေ၏။
မိုးခေါင်ရေရှားမှုဖြစ်စဉ် ပြီးဆုံးသည့်တိုင် ယခင်ကဲ့သို့ ပြန်လည် စည်ကားလာခြင်းမရှိချေ။ သို့သော် လူများဆက်၍ နေထိုင်နေကြသော ကျေးရွာအချို့ ရှိသေးသည်။
ကမ္ဘာကြီးသည် ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို အဖန်တလဲလဲ ဆောင်ကျဉ်း ပေးနေသည်မှာ ရှေးခေတ်မှသည် ယနေ့တိုင် ပေပင်။ ထို့ကြောင့် ဟဲရှလမ်းတွင် လူသစ်များ အခြေချနေထိုင်မှုများ ပြုလုပ်လာကြ၏။
ထိုသူများသည် မြေပိုင်ရှင်များစွာ၏ သည်းမခံနိုင်သည့်အထိ တိုးတောင်းလာသည့် ငှားရမ်းခကြောင့် ရွေ့ပြောင်းနေထိုင်လာသူများ ဖြစ်၏။
ထိုသူများအနက် အချို့သည် ရာဇ၀တ်မှု ကျူးလွန်ထားသည့် မွေးရပ်မြေကိုစွန့်ခွာသူများ ဖြစ်သည်။
အစာရေစာခေါင်းပါးခြင်း ဖြစ်စဉ်ပြီးနောက် ပိုင်ရှင်များ စွန့်ခွာကုန်ကာ မြေလွတ်မြေရိုင်းများ ပေါများလာ၏။
ထို့ကြောင့် ထွန်ယက်စိုက်ပျိုးရန် အထက်ပါလူများသည် မြေကွက်များ သိမ်းယူခဲ့ ကြတော့သည်။
ဤဒေသကြီးသည် မြေသြဇာ အထူးကောင်းမွန်၏။ များမကြာခင် ဖူစုနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး ပြည်နယ်ကြီး ပြန်ဖြစ်လာနိုင်မည်။
လက်ရှိအချိန်၌ပင် မြေယာလုပွဲများ မကြာမကြာဖြစ်ပျက်နေကြသည်။ ထို့ကြောင့် ယခင်ပိုင်ရှင်များ ပြန်ရောက်လာလျှင်ပင် လက်လွှတ်ရပေမည်။
***
ရှားဟဲကျေးရွာ၊ ဟဲရှလမ်း။ ရှားဟဲကျေးရွာသည် မြေပြန့်လွင်ပြင်အရပ်၌ တည်ရှိသော ကျေးရွာဖြစ်သည်။
မြစ်လက်တက်တစ်ခုသည် ထိုရွာကို နှစ်ခြမ်းခွဲကာ ရစ်ခွေစီးဆင်း၏။ အထက်ပိုင်းရှိ ကျေးရွာကို အထက်ရှားဟဲရွာဟုခေါ်ဆိုကြပြီး ကျန်ရွာကို အောက်ရှားဟဲရွာဟုခေါ်သည်။
ကပ်ဘေးမတိုင်ခင် ရွာရှိလူဦးရေသည် သုံးရာခန့်သာရှိသော်လည်း လက်ရှိအချိန်တွင် လူ(၄၀)ခန့်သာ ကျန်ရှိတော့၏။
ပတ်ဝန်းကျင်တွင် ဓားပြများ၊ ရာဇဝတ်သားများ ရှင်သန်ကျက်စားကြသည်။ ထို့ကြောင့် လူ(၄၀)ဖြင့် မလုံခြုံတော့ချေ။ လူအင်အား လိုအပ်လေသည်။
ဤနည်းဖြင့် ရွာသားများမှ လူစိမ်းများကို ရှားဟဲကျေးရွာ၌ အခြေချနေထိုင်ရန် ဖိတ်ခေါ် ခဲ့ကြ၏။
ကျေးရွာအတွင်း လူများစွာသည် ကျေးရွာ ပြန်တည်ဆောက်ရန် အလုပ်ရှုပ်နေခဲ့ကြသည်။ ဤကျေးရွာများသည် မြေမျက်နှာသွင်ပြင်နှင့် ရေအရင်းအမြစ် အလွန်ကောင်းမွန်၏။
ပြောင်းရွေ့နေထိုင်သူများမှာ နေ့စဉ်မပြတ် တိုးပွားနေတော့သည်။ ထွားကြိုင်းသန်မာသော အမျိုးသားတစ်ဦးက ချင်းဖန်ထံလျှောက်လာပြီး ပေါက်စီတစ်လုံးကမ်းပေး၏။
“ ညီလေးကူ ... အနားယူပါ ငါတို့စကားပြောရအောင် ... ။ ”
ချင်းဖန်မှ ပေါက်ပြားကို ချလိုက်ပြီး သက်ပြင်းချလိုက်သည်။ တောင်ယာလုပ်ငန်း ဟူသည် ကိုယ်ခံပညာလေ့ကျင့်သည်ထက် များစွာပိုပင်ပန်းချေပြီ။
“ ကျေးဇူးတင်ပါတယ် ဦးလေးပိုင် ... ၊ အဟွတ် ... အဟွတ် ... ဦးလေးပိုင် မင်းမှာ ရေရှိလား။ ”
ချင်းဖန်မှ ပေါင်မုန့်ကို ကိုက်လိုက်ကာ မေးမြန်းလိုက်သည်။ ပေါင်စီအပိုင်းအစသည် ကျောက်တုံးတစ်တုံးကဲ့သို့ လည်မျိုအတွင်း ပိတ်ဆို့နေ၏။
ဤဒေသရှိ ပေါက်စီများသည် နတ်နဂါးမြို့တော်ရှိ လမ်းဘေးပေါက်စီများကဲ့သို့ နူးညံ့ပြီးအရသာမရှိချေ။ သို့သော် အစားအစာ စားချင်စိတ်ကို ကြာရှည်ခံ၏။
“ ခဏစောင့် ... ငါရေသွားယူလိုက်မယ်။ ”
သန်မာထွားကြိုင်းသောလူက လျင်မြန်စွာ ထွက်ခွာသွားသည်။ ချင်းဖန်မှ လည်ချောင်းကို ပွတ်သက်ကာ နေရခက်လာ၏။
“ အဟွတ် အဟွတ် ... ။ ”
ဦးလေးပိုင်သည် ရှားဟဲရွာ၏ ယခင်ရွာသူကြီးဟောင်း၏ သားဖြစ်လေသည်။ သူ့နာမည် အပြည့်အစုံမှာ ပိုင်ရှန်းဖြစ်၏။
အချိန်ကြာမြင့်လှသော အစာရေစာ ခေါင်းပါးခြင်းသည် ရှားဟဲရွာ၏ လက်ကျန်အချို့ ကိုပင် ထွက်ခွာသွားစေသည်။
ထို့ကြောင့် ပိုင်ရှန်းသည် လက်ရှိရွာသူကြီးဖြစ်လာပြီး ချင်းဖန်ကဲ့သို့သော လူစိမ်းများကို ရွာတွင် အခြေချနေထိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် ချင်းဖန်သည် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်နေရန် ဆုံးဖြတ်လိုက်သည်။
ဟဲရှလမ်းတွင် ပန်းတိုင်မဲ့ လျှောက်လှမ်း သွားနေခြင်းထက် တစ်နေရာ၌ အခြေချနေကာ လေ့လာခြင်းသည် ကောင်းသောအကြံပေပင်။
ထို့ကြောင့် တောင်ယာလုပ်ငန်း၊ အိမ်ဆောက်ခြင်း၊ လမ်းတံတားဖောက်လုပ်ခြင်း စသည်တို့အပေါ် သင်ယူနေခြင်းဖြစ်၏။
“ ဒီမှာ ရေလာပြီ ... ။ ”
ပိုင်ရှန်းက နှုတ်ခမ်းပဲ့နေသော ပန်းကန်လုံးငယ်တစ်လုံးကို ကိုင်ဆောင်လာပြီး ချင်းဖန်ထံ ပေးအပ်လာသည်။
ချင်းဖန်က ချက်ချင်း နှစ်ကျိုက်ခန့် မျိုးချလိုက်၏။ သို့မှသာ သက်တောင့်သက်သာ ရှိသွားပြီး အနည်းငယ် အဆင်ပြေသွားသည်။
“ ဟား ဟား ဟား ... ။ ”
ထိုမြင်ကွင်းကြောင့် ပိုင်ရှန်းတစ်ယောက် မထိန်းနိုင်တော့ဘဲ ရယ်လျက်၊
“ ညီလေးကူ ... မင်းဒီအရာတွေနဲ့ အသားကျနေပုံမရဘူး ... ဒါနဲ့များ မင်းဘာလို့ ရောက်လာတာလဲ ငါစဉ်းစားမရဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
သူ့မျက်နှာပေါ်တွင် အမှန်ပင် စဉ်းစားရခက်သော အကြည့်တစ်ခု ဖြစ်ပေါ် နေတော့သည်။
ဤလူငယ်သည် တောင်ယာ လုပ်ငန်းကိုင်သည့် လူတန်းစားမဟုတ်ကြောင်း မြင်သာနေ၏။ သို့တိုင် လူတစ်စုနှင့် ရောနှောပြီး ဤဒေသကြီးသို့ ရောက်လာခဲ့သေးသည်။
ချင်းဖန်သည် ထိုမေးခွန်းအတွက် ကြိုတင်ကာအဖြေတစ်ခု စဉ်းစားထားပြီးဖြစ်၏။ ထို့ကြောင့် ခေါင်းယမ်းလျက်၊
“ ဦးလေးပိုင် ... ငါ့အစ်ကိုက မိသားစု ခေါင်းဆောင်ရာထူးအတွက် ငါ့ကိုသတ်ပစ်ဖို့ ကြိုးစားခဲ့တာမို့ ငါထွက်လာတာပါ။ ”
-ဟု ရှင်းပြလိုက်၏။ ထို့နောက် စိတ်ပျက်အားငယ်သွားပြီး၊
“ ငါက နုံဖျင်းတဲ့လူယုတ်မာပဲ ... ငါသူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ... ကံကောင်းတာက ငါ့အမေ့အပေါ်သစ္စာရှိတဲ့ ... လူယုံတစ်ယောက် အကူအညီကြောင့် လွတ်မြောက်နိုင်ခဲ့တယ် ...
... အမေက ... ငါငယ်ငယ်တည်းက ဆုံးပါးခဲ့ပြီးတော့ ငါ့အဖေကလည်း ငါ့အပေါ် လုံးဝ ဂရုမစိုက်ဘူး ...
... အသက်ရှင်ဖို့အတွက် ... အိမ်ကနေ ထွက်သွားဖို့ကလွဲပြီး အခြားရွေးစရာ မရှိတာ သဘာဝပါပဲ။ ”
“ မင်းအစ်ကိုကူချန်က တကယ့်ကို လူယုတ်မာပဲ။ ”
“ အဟွတ်အဟွတ် ... ဟုတ် ... ဟုတ်တယ်ဦးလေးပိုင် ... သူက တကယ့် ... အဟွတ် ... အဟွတ် ... ။”
ချင်းဖန်စကားကြောင့် ပိုင်ရှန်းမှ အံကြိတ်လျက် မှတ်ချက်ပေးလိုက်တော့၏။ ချင်းဖန်ခမျာ ချက်ချင်း ရေသီးသွားချေပြီ။
ထိုအချိန် ကူချန်သည်လည်း ရုတ်တရက် နှာခေါင်းများယားယံလာသဖြင့် ပဟေဠိဆန်လာ တော့သည်။
“ ဟမ့် ... အအေးမိသွားတာလား၊ ဟပ် ... ဟပ်ချိုး ... ။ ”
“ ဘာပဲဖြစ်ဖြစ် ... မင်းဆုံးဖြတ်ချက် မှန်ပါတယ် ... ဟဲရှလမ်းဟာ ကပ်ဘေးအပြီးမှာ ပြန်လည်တည်ဆောက်ဖို့ အကောင်းဆုံး ဒေသကြီးပါပဲ ... ။ ”
“ ဒါတော့ အမှန်ပဲ ... ။ ”
ဦးလေးပိုင်မှ ပခုံးပုတ်ကာ ချင်းဖုန်းကို နှစ်သိမ့်လိုက်သည်။ ချင်းဖန်မှ ဆုံးဖြတ်ထားပြီး အသွင်ဖြင့် စိတ်လှုပ်ရှားခြင်းနှင့် မျှော်လင့်ခြင်း စသည့် အမူအရာများဖြင့် ရှိနေသည်။
ထို့နောက် ပိုင်ရှန်းက အဝေးရှိ အဆုံးမဲ့မြေပြန့်ကွင်းပြင်ကြီးကို မျှော်ကြည့်ကာ၊
“ အခု ... ငါတို့မှာ လယ်မြေတွေ အများကြီးရှိပေမယ့် လူဦးရေနည်းလွန်းနေတယ် မင်းမှာ လယ်မြေဘယ်လောက် ပိုင်ဆိုင်နိုင်မလဲ ဆိုတာ မင်းရဲ့အရည်အချင်းပေါ်မှာ ...
... မူတည်တယ် ... ဟိုတုန်းက မြေရှင်တွေအကုန်လုံး ... ဒီမှာသေကုန်ကြပြီ အားလုံးက မြေလွတ်မြေရိုင်းတွေပဲ ... ။ ”
“ ဦးလေးပိုင် တကယ်ပဲ မြေပိုင်ရှင် တစ်ယောက်မှ မကျန်တော့ဘူးလား ... ။ ”
“ မှန်တယ် ငါတို့ရွာမှာ တစ်ယောက်မှ မရှိတော့ဘူး ဒါပေမယ့် ... အထက်ရွာမှာတော့ တစ်ယောက် ကျန်ခဲ့တယ် ... အဲဒီလူက ပြည်နယ်အရာရှိတွေနဲ့ ...
... အထက်ရွာရဲ့ လယ်မြေတွေအပြင် တောအုပ်ကြီးကိုတောင် သိမ်းယူလိုက်တယ် ငါတို့ထင်းတောင် မကောက်နိုင်ဘူး။ ”
“ မြေရှင်တွေက ဘယ်လိုလုပ် သေကုန်တာလဲ ... ။ ”
ချင်းဖန်တစ်ယောက် ချက်ချင်း စိတ်ဝင်စားလာခဲ့သည်။ ဤသည်မှာ သူ ခရီး ထွက်လာရသည့် ရည်ရွယ်ချက်ပေပင်။
ငတ်မွတ်ခေါင်းပါးဘေးဖြစ်စဉ်အတွင်း မည်သို့ဖြစ်ပျက်သွားသနည်း။ ဖူစုနိုင်ငံတဝှမ်းသို့ ပျံ့နှံ့ခဲ့သော ကောလဟာလများသည် ထိုစဉ်က အမှန်ဖြစ်ခဲ့သည်လော။
***