← Chapters

ခရီးထွက်ခြင်း ... ။

Vol. 10 Ch. 121

ခရီးထွက်ခြင်း ... ။

Vol. 10 Ch. 121

နတ်နဂါးမြို့တော်သည် ယခုအချိန်၌ အစည်ကားဆုံး ဖြစ်နေမည်မှာ သေချာသည်။ လက်ထဲမှ ကောက်ညှင်းမုန့်ကို ကိုက်ဝါးလျက် သူ့လုပ်ရပ်အတွက် နောင်တရနေမိ၏။

ဤနေရာသည် လူအများနေရန် အမှန်တကယ်ဖြစ်နိုင်သည်လော။ သုံးနှစ်ခန့် ကုန်လွန်သည့်တိုင် စပါးအထွက်နှုန်းမှာ အလွန်နည်းပါးနေသေးသည်။

ထို့ကြောင့် ပေါက်စီများသည် ရှားဟဲကျေးရွာ၌ ရှားပါးဇိမ်ခံအစားအသောက် ဖြစ်နေဆဲဖြစ်ပြီး တစ်နှစ်လျှင် အနည်းငယ်သာ စားသုံးနိုင်ကြသည်။

အများစုသည် ကောက်ညှင်းမုန့်များသာ စားကြရ၏။ ထိုမုန့်များသည် ဆာလောင်မှုကို သက်သာစေသည်။

တောင်သူများအတွက် အရသာသည် အဓိကမကျချေ။ ဆာလောင်မှုကို ခံနိုင်သော စျေးနှုန်းသက်သာသည့် အစာများအပေါ်သာ အခြေပြုစားသောက်ကြ၏။

“ အစ်ကိုချင်းဖန် ဖြည်းဖြည်း ... ။ ”

ဘေးတွင်ထိုင်နေသော လျန်းအာက ချင်းဖန်ထံရေတစ်ခွက် အမြန်ကမ်းပေးလိုက်ပြီး စိုးရိမ်တကြီး ကြည့်လိုက်သည်။

ချင်းဖန် နှစ်ကျိုက်မော့သောက်ကာ ကောက်ညှင်းမုန့်ကို မျိုချလိုက်ရ၏။ သူ့တွင် ရိက္ခာခြောက်များ မပါရှိသဖြင့် ရွာသူကြီးမှ ထောက်ပံ့ပေးသော ဤမုန့်များကိုသာ နေ့စဉ်စားသုံးနေရ၏။

အောက်ရွာကို ပြန်လည် တည်ဆောက်ခဲ့သည်မှာ သုံးနှစ်တိုင်ပြီဖြစ်သဖြင့် ရွာသူကြီးသည် လူအချို့အတွက် စားနပ်ရိက္ခာ ထောက်ပံ့ရန် ပြဿနာမဟုတ်ချေ။

လျန်းအာက ချင်းဖန်ကို မဝံ့မရဲ ခိုးကြည့်လိုက်ကာ တိုးလျသောလေသံဖြင့်၊

“ အစ်ကိုချင်းဖန် မင်းထွက်သွားချင်ပြီလား။”

-ဟု မေးမြန်းလိုက်သည်။

“ အင်း ... ။ ”

“ ဖေဖေရဲ့ အပြုအမူတွေက မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာ ငါသိတယ် ဒါပေမယ့် ... ကျေးဇူးပြုပြီး မင်းထွက်မသွားလို့ မရဘူးလား။ ”

လျန်းအာက ရုတ်တရက် ချင်းဖန်ကို ပြန်မော့ကြည့်ပြီး တုန်တုန်ယင်ယင်အသံဖြင့် တောင်းပန်သည်။ ထို့‌နောက် မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပလျက်၊

“ ဒီအကြောင်း ... ဖေဖေ့ကို ငါပြောပြလိုက်ပါမယ် အစ်ကိုချင်ဖန် မပျော်တာ ငါ့ကြောင့်သာဆိုရင် ... ။ ”

လျန်အာအသံမှာ တိုးလျသွား‌တော့၏။ ချင်းဖန်မှ ရုတ်တရက် သတိရလာပြီး သူမကို ပြန်ကြည့်လိုက်သည်။

ဤမိန်းကလေး၏ ရုပ်ရည်သည် သာမန်မျှသာသော်လည်း အတွေးအခေါ်မှာ ပါးနပ်လိမ္မာချေပြီ။ ချင်းဖန်က မျက်ခုံးကို ကုတ်ခြစ်လျက်၊

“ မင်းဘာတွေပြောနေတာလဲ ... ငါလုပ်စရာရှိတာကို သတိရသွားလို့ပါ ဒါက မင်းနဲ့မဆိုင်ပါဘူး ... ။ ”

-ဟု ငြင်းဆန်လိုက်၏။

လျန်းအာက ခေါင်းညိတ်လျက်၊

“ ငါနားလည်ပါတယ် တကယ်တော့ ဖေဖေဆန္ဒတွေကြောင့် ... မင်းထွက်သွားဖို့ ရွေးချယ်လိုက်တာကို ... ။ ”

-ဟု ထပ်မံ အတည်ပြုသည်။ အဆုံးတွင် ချင်းဖန်ခမျာ သက်ပြင်းချတော့၏။ ထို့နောက် သူ့ကို လက်လျော့စေရန်၊

“ ပိုင်လျန်း ... မင်းမှာ အပြစ်မရှိပါဘူး တစ်ယောက်ယောက်ကို သဘောကျဖို့ဆိုတာ စကားလုံးအနည်းငယ်နဲ့ ရှင်းပြလို့မရဘူး ...

... ပြီးတော့ ... အဲဒီခံစားချက်တွေက အချိန်အကြာကြီး အတူတူ ရှင်သန်ပြီးနောက်မှ ဖြည်းဖြည်းမွေးဖွားနိုင်တာပါ ... မြင်မြင်ခြင်း ချစ်တယ်ဆိုတာ အချစ်မဟုတ်ဘူး ... ဒါက တပ်မက်ခြင်းပဲ နားလည်လား။ ”

-ဟု ရှင်းပြလိုက်သည်။ ထိုကားကြောင့် ပိုင်လျန်းတစ်ယောက် အနည်းငယ်မျှ စိတ်ပျက် ဟန်ဖြင့်၊

“ အဲဒီလိုဆိုရင် ငါက လုံလောက်အောင် စွဲဆောင်မှု မရှိသေးလို့ပေါ့ ... ။ ”

-ဟု ညည်းတွားလိုက်တော့သည်။

ဤတစ်ကြိမ်တွင် ချင်းဖန်သည်ပင် ပြောစရာစကားလုံး မဲ့သွား၏။

“ မေ့လိုက်ပါ ... အခြားအကြောင်းအရာ ပြောရအောင် ... ငါခရီးထွက်ရမယ် နည်းနည်း ရက်ကြာနိုင်မယ်။ ”

“ အစ်ကိုချင်းဖန် မင်းတကယ် ထွက်သွားတော့မို့လား။ ”

“ ဟုတ်တယ် ငါ့မှာလုပ်စရာရှိသေးတယ် ... ရက်အနည်းငယ်လောက် ခရီးထွက်ရမယ်။ ”

ဤရွာသို့ သူရောက်ရှိနေသည်မှာ နှစ်လတိုင်ပြီဖြစ်၏။ ထို့ကြောင့် စာတစ်စောင် ပေးပို့ရပေဦးမည်။ များမကြာခင် နှင်းများကျ လာပေတော့မည်။

ထို့ကြောင့် သူ့ထံမှ အဆက်အသွယ် တစ်စုံတစ်ရာ မရသော် သေဆုံးသွားသည်ဟု ယူဆလျက် နေအိမ်ကို ဖျက်သိမ်းခဲ့ပါက ပြန်ချိန်တွင် အိမ်ယာမဲ့ဖြစ်သွားနိုင်၏။

“ တကယ်လား ... ။ ”

“ အင်း ... ။ ”

“ ဒါဆို ဖေဖေ့ကို ပြောရအောင် ... ။ ”

“ ကောင်းပြီ ... ။ ”

လျန်းအာစကားကို ချင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။ ဤရွာသူကြီးသည် သူ့အပေါ် ကောင်းကောင်းဂရုစိုက်ခဲ့သဖြင့် မထွက်ခွာခင် နှုတ်ဆက်သင့်ချေပြီ။

***

“ မင်း ခရီးထွက်တော့မို့လား ... ။ ”

စမ်းချောင်းငယ်အတွင်း ပစ္စည်းများ ဆေးနေသောပိုင်ရှန်းမှ ချင်းဖန်စကားကြောင့် အံ့အားသင့်စွာ ပြန်မော့ကြည့်သည်။

“ ငါစာတစ်စောင်လောက် ပို့စရာရှိတယ်။ ”

“ စာတစ်စောင် ... ။ ”

ပိုင်ရှန်းမှ မျက်ခုံးပင့်ကာ စိုက်ကြည့်၏။

“ အင်း ... ဟုတ်တယ် ... ငါ့မှာ သူငယ်ချင်းတချို့ရှိသေးတယ် ... သူတို့ကိုငါဒီမှာ အခြေချနေပြီဆိုတာ ပြောရမယ်။ ”

ကပ်ဘေးနှင့် ဆူပူမှုများကြောင့် ဟဲရှလမ်းတစ်လျှောက် ရုံးတော်အချို့သည်သာ ပျက်စီးခဲ့သည်။ စာတိုက်ကဲ့သို့ ရုံးများမှာ ဆက်လက် လည်ပတ်နေဆဲဖြစ်၏။

ဥပမာအားဖြင့် ကူမိသားစုသည် ရှန်နန်လမ်းတစ်ခုလုံးကို သိမ်းပိုက်ထားသော်မှ အောက်ခြေဝန်ထမ်းများအပေါ် အပြောင်းအလဲ မလုပ်ခဲ့ဘဲ အုပ်ချုပ်ရေးယန္တရားအပေါ် ဆက်သွားနေခဲ့သည်။

ပြည်နယ်သခင်ကဲ့သို့ အရာရှိများကိုသာ အစားထိုးပစ်၏။ ဆိုလိုသည်မှာ မင်းဆက်တစ်ခု အပြောင်းအလဲ၌ အန္တရာယ်အရှိဆုံးသည် အရာရှိများပေပင်။

အုပ်ချုပ်ရေးယန္တရားအတွက် အောက်ခြေလူတန်းစားသည် အရေးမပါဟု ထင်ရသော်လည်း အကြီးမားဆုံးသော အသုံးဝင်နေဆဲဖြစ်သည်။

စစ်သူကြီးတစ်ယောက်သည် ကမ္ဘာကြီးကို အောင်နိုင်သော်လည်း ကမ္ဘာကြီးကို အုပ်စိုးရန် သူ တစ်ယောက်တည်း မဖြစ်နိုင်သည်မှာ သဘာဝပေပင်။

ထို့ကြောင့် ပြည်နယ်အသီးသီးကို မတူညီသောအင်အားစုများက သိမ်းပိုက်ထားပြီး ခေါင်းဆောင်များကို အစားထိုးခြင်းမှလွဲ၍ လုပ်နိုင်စရာမရှိချေ။

စာတိုက်များသည်လည်း ထိုသို့သော အခြေခံရုံးများအတွင်း ပါဝင်သည်။ ၎င်းတို့သည် သူဌေးပြောင်းသွားသော အလုပ်သမားကဲ့သို့ လုပ်ငန်းဆောင်တာများကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်၏။

“ အပြင်မှာ ကမ္ဘာကြီးက မငြိမ်းချမ်းဘူး မင်းတစ်ယောက်တည်းသွားလို့ ဖြစ်ရဲ့လား ... ။ ”

ပိုင်ရှန်းမှ စိတ်မချဟန်ဖြင့် မေးသည်။

“ စိတ်မပူပါနဲ့ ... လူသုံးလေး ... ငါးယောက်လောက်ဆိုရင် ငါ့အတွက်ကာကွယ်ဖို့ ပြဿနာရှိလာမှာ မဟုတ်ပါဘူး။ ”

ချင်းဖန်မှ သူ့ရင်ဘတ်ကို ပုတ်ကာ တုန့်ပြန်လိုက်သည်။ ပိုင်ရှန်းက မျက်ဝန်းများ မှေးစင်းလျက် တားဆီးခြင်းမပြုတော့ချေ။

“ ကောင်းပြီ ... လမ်းခရီးမှာ ဂရုစိုက်ပါ။ ”

“ နားလည်ပါပြီ။ ”

ထို့နောက် ပိုင်ရှန်းနှင့် ပိုင်လျန်းတို့သည် ချင်းဖန်ကို ရွာအဝင်ဝသို့တိုင် လိုက်ပို့ပေးကြ၏။ ပိုင်ရှန်းက တရွေ့ရွေ့ ဝေးကွာသွားခဲ့သော ချင်းဖန်ထံစိုက်ကြည့်ကာ၊

“ တစ်ခုခုကို ရှာတွေ့ခဲ့တာ ဖြစ်နိုင်မလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ မသိဘူး ... ။ ”

သူ့မေးခွန်းကို ပိုင်လျန်းမှ ပြန်ဖြေ၏။ ယခုအချိန်၌ သူမမျက်နှာသည် ထူးထူးခြားခြား အေးစက်ပြီး တည်ငြိမ်နေချေပြီ။

ထို့နောက် တည်ငြိမ်သောအသွင်ဖြင့် ပျောက်ကွယ်သွားသော ချင်းဖန်ကိုကျောခိုင်းပြီး ရွာထဲလှည့်ဝင်လာခဲ့သည်။ လေထုအလယ် သူမအသံသည်သာ ပဲ့တင်ကျန်ရစ်၏။

“ စိတ်ထဲမထားနဲ့ ... သူ တစ်ခုခုကို ရှာတွေ့ခဲ့ရင်တောင် ... တစ်ယောက်တည်းမို့ အများကြီးလုပ်နိုင်စရာ မရှိပါဘူး။ ”

***

All Chapters