ဘယ်သူ ပိုချောလဲ ... ။
Vol. 10 Ch. 122
ရှားဟဲရွာမှ ထွက်ခွာလာပြီးနောက် ချင်းဖန်တစ်ယောက် အနီးဝန်းကျင်တွင်ရှိသော တာအိုဘုံကျောင်းထံ ဦးတည်သွားခဲ့သည်။
ဤကာလအတွင်း အပြင်ထွက်ချိန်တိုင်း ပထမဆုံးလုပ်ခဲ့သည်မှာ စာတစ်စောင်ပေးပို့ခြင်း ဖြစ်သည်။
ထို့နောက် ကောင်းကောင်းစားကာ ကောင်းကောင်းအနားယူရန် တည်ခိုးခန်းရှာခြင်း ပေပင်။ ယခုအချိန်တွင် ဟဲရှလမ်းပေါ်ရှိ မြို့ငယ်များသည် စားသောက်ကုန်များ ပြတ်လပ်နေပြီဖြစ်သည်။
နေရာအနှံ့ စိုက်ပျိုးရေးလုပ်ငန်းများ မလည်ပတ်နိုင်သေးသောကြောင့် ပြည်သူများ၏ နေ့စဉ်လိုအပ်ချက်ကို များပြားနေဆဲဖြစ်၏။
လမ်းတလျှောက် စားသောက်ဆိုင်ပင် မရှိတော့ချေ။ ချင်းဖန်မှ စာတိုက်သို့ တည့်တည့် သွားပြီးနောက် မြို့အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်ကို ရှာတွေ့ခဲ့သည်။
“ စားပွဲထိုး၊ ဒီဆိုင်ရဲ့ အရသာရှိတဲ့ အစားအသောက်တွေအားလုံးကို ငါ့ဆီ မြန်မြန် ယူလာပေး။ ”
ချင်းဖန်က သူ့ဝန်းကျင်၌ မြင့်မြတ်သောလေထုကို ဖော်ဆောင်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကြည့်ကောင်းပြီး ဝင့်ကြွားသော အသွင်အပြင်ကြောင့် စားပွဲထိုးကပြုံးရွှင်လာပြီး သူ့ပခုံးပေါ်ရှိ ဆီစွန်းနေသော အဝတ်ဖြင့် လက်သုတ်လိုက်ကာ အပြေးထွက်လာ၏။
“ တာအိုလူငယ် ငါဘာကူညီပေးရမလဲ ... ငါတို့ဆိုင်မှာ ဝက်လက်စွပ်ပြုတ်က နာမည်ကြီး စားဖွယ်ပါပဲ ... ။ ”
“ ဟမ့် မင်းမကြားဖူးလား ... အရသာရှိတဲ့ ဟင်းလျာတွေနဲ့ သောက်စရာတွေ မြန်မြန်ရှိတာ ယူလာပေးစမ်း ... ။ ”
“ နားလည်ပါပြီ ... တာအိုလူငယ် ခဏစောင့်ပေးပါ။ ”
စားပွဲထိုးလူငယ်မှ ဦးညွှတ်ပြကာ လှည့်ထွက်တော့မည့် အချိန်တွင် ချင်းဖန်က ဟန့်တားလိုက်၏။
“ နေဦး ... အမဲသား၊ ငါးပေါင်းနဲ့ အသားကင်တွေကို ချပေးဖို့လည်း ... မမေ့နဲ့ မှတ်မိလား။ ”
ဤတစ်ကြိမ်၌ စားပွဲထိုး လူငယ်သည် သံသယဖြင့် ပြန်ကြည့်၏။ တာအိုလူငယ်သည် သူ့ဆိုင်၏ စျေးအကြီးဆုံး ဟင်းလျာများသာ မှာကြားနေသည်။
စားပြီးနောက် ထွက်ပြေးသွားမည့် လူလိမ်တစ်ယောက်ကဲ့သို့ ခံစားလာရစေ၏။ ယင်းကို နားလည်လိုက်သော ချင်းဖန်က ချက်ချင်းငွေများထုတ်ပေးလိုက်သည်။
“ ချွင် ... ချွင် ... ။ ”
ဒင်္ဂါးပြားများ စားပွဲပေါ်ကျသံ ထွက်ပေါ်လာသည်။
“ ဒီမှာ တရားဝင်ဒင်္ဂါးလား ... ဘုံဒင်္ဂါးလား ... ကိုက်ကြည့်လိုက်ပါ။ ”
“ ဟိုက်ရား ... တာအိုလူငယ် မင်းဘာတွေပြောနေတာလဲ ... ဒီအစေခံလေးက မင်းလိုမြင့်မြတ်တဲ့ သခင်ငယ်ကို မယုံသင်္ကာဖြစ်စရာလား ...
... ကျေးဇူးပြုပြီး ဒီမှာ ခဏထိုင်ပါ မင်းအတွက် အကောင်းဆုံး ဟင်းလျာတွေ စီမံပေးပါမယ်။ ”
စကားဆုံးသည်နှင့် စားပွဲထိုးသည် ငွေစများကို သိမ်းယူလျက် ချင်ချင်း ပြေးထွက် သွားတော့၏။ ဖူစုနိုင်ငံတွင် ရုံတော်မှ တရားဝင် ငွေဒင်္ဂါးများ ထုတ်လုပ်ထားသည်။
ထိုငွေဒင်္ဂါးများသည် သန့်စင်လွန်းသဖြင့် အချင်းချင်းတိုက်မိသံသည်ပင် ကြည်လင်သော နွေဦးရေသံကဲ့သို့ တချွင်ချွင်မြည်ပေမည်။
ဤသည်မှာ တရားဝင်ဒင်္ဂါးဖြစ်၏။ ဘုံဒင်္ဂါးဟူသည် ငွေများကို အခြားသတ္တုများနှင့် ရောစပ်ထားသည့် ဒင်္ဂါးပေပင်။ ထိုဒင်္ဂါးအသံမှာ ထုံထိုင်းပြီး မှိုင်းကျချေပြီ။
လူတိုင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် လက်တွေ့ဆန်သော အခြေအနေများအပေါ် အလေးပေးကြသည်။ ထို့ကြောင့် ဤစားပွဲထိုး လူငယ်ကို အပြစ်တင်၍ မရချေ။
စားပွဲထိုးလူငယ် ပြေးထွက်သွားသည်ကို ကြည့်ပြီး ချင်းဖန်တစ်ယောက် ပြုံးလိုက်သည်။ ဤကမ္ဘာတွင် ငွေမကြိုက်သော လူမရှိချေ။
“ သေစမ်း ... ။ ”
ရုတ်တရက် စီနီယာအစ်ကိုသည် ငွေမကြိုက်သကဲ့သို့ အမျိုးသမီးများကိုလည်း စိတ်မဝင်စားကြောင်း သတိရလာသည်။
အစ်မမုသည် အရမ်းချောကာ ချမ်းသာ၏။ ကြင်နာတတ်ပြီး၊ သဘောကောင်းချေပြီ။ ထို့ပြင် သစ္စာတရားသည်လည်း ကြီးမား၏။
တစ်ချိန်က သူ့စီနီယာအစ်ကိုသည် အိမ်ထောင်ပြုရန် စိတ်မဝင်စားကြောင်း အစ်မမု အပေါ် တစ်ကြိမ်ထက်မက ရှင်းပြဖူးသည်။
အစ်မမုအနေဖြင့် ထိုပန်းတိုင်ကို ပြောင်းလဲလိုက်ရုံဖြင့် သူမအပါအဝင် လူအချို့ ပျော်ရွှင်ရပေမည်။ ဥပမာအားဖြင့် သူ ... ။
ထို့နောက် ချင်းဖန်တစ်ယောက် ရေနွေးကြမ်းခွက်ကို ကောက်ကိုင်လိုက်ပြီး အတွေးများဖြင့် ပြုံးရယ်ပြကာ၊
“ အစ်မမု ... ငါလည်း အရမ်းချောပါတယ် ... မင်းဘာလို့ ငါ့ကိုမစဉ်းစားကြည့်တာလဲ ... ။ ”
-ဟု ရေရွတ်လိုက်သည်။
“ ခစ် ခစ် ခစ် ... ။ ”
ရုတ်တရက် အမျိုးသမီးတစ်ယောက် ကျယ်လောင်စွာ ရယ်မောသံကို ကြားလိုက်ရ၏။ ချင်းဖန်မှ လှည့်ကြည့်လိုက်ရာ မိန်းကလေး တစ်ယောက် ဘေးချင်းကပ်ဝိုင်းတွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။
မိန်းကလေးက သူ့အကြည့်ကြောင့် ပါးပြင်နှစ်ဖက်လုံးနီရဲလျက် ကျောက်စိမ်းရောင် ဝတ်လုံဖြင့် လှပစွာ ကွယ်သွား၏။
“ ဟမ့် ... မင်းဘာလို့ ရယ်တာလဲ ... ငါပြောတာတစ်ခုခု မှားနေလို့လား ဒါမှမဟုတ် ငါရုပ်က မချောလို့လား။ ”
ချင်းဖန်မှ မကျေမနပ်ဖြင့် စိုက်ကြည့်ကာ မေးမြန်းသည်။ မိန်းကလေးခမျာ ရှက်ရွံ့လျက် အဆုံးတွင် အံကြိတ်လိုက်ပြီး၊
“ မှန်ပါတယ် ... တာအိုလူငယ်က ကြည့်ကောင်းပါတယ်။ ”
-ဟု တိုးညှင်းစွာ ဝန်ခံတော့သည်။
သို့မှသာ ချင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက်၊
“ ဒါဆို စီနီယာအစ်ကိုနဲ့ ... ငါ ဘယ်သူပိုချောလဲ။ ”
-ဟု ထပ်မေးသည်။
ဤတစ်ကြိမ်တွင် မိန်းကလေးသည် အံ့ဩသွားပြီး၊
“ မင်းရဲ့စီနီယာအစ်ကိုက ဘယ်သူလဲ။ ”
-ဟု ပြန်မေးတော့၏။
ဤတစ်ကြိမ်တွင် ချင်းဖန်တစ်ယောက် ရုတ်တရက် သတိဝင်လာပြီး မျက်နှာအမူအရာ ပြောင်းသွားလေသည်။
“ သူက တော်တော်နာမည်ကြီးတယ် သူ့နာမည်ကို ဖူစုနိုင်ငံကလူတိုင်း ကြားဖူးတယ် မင်းတောင်သိနိုင်တယ်။ ”
“ ဒါဆို တာအိုလူငယ်ရဲ့ စီနီယာအစ်ကိုက ပိုချောရမယ်။ ”
သူ့စကားဆုံးသည်နှင့် မိန်းကလေးမှ ရဲဝံ့ပြတ်သားစွာ ချက်ချင်းပြော၏။ ချင်းဖန်က မှုန်ကုပ်ကုပ်ဖြစ်လာပြီး။
“ ဟမ့် ... ဘာလို့လဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဘာလို့လဲဆို ... တာအိုလူငယ်က အရမ်းချောပေမယ့် ... ဖူစုနိုင်ငံတစ်ခုလုံး မင်းကို မသိဘူး ... ငါလည်းမသိဘူး ...
... ဒါပေမယ့် မင်းရဲ့စီနီယာအစ်ကိုက ရုပ်ချောပြီး ဖူစုတစ်နိုင်လုံးက သိတယ်ဆိုတော့ သန်မာမှာ သေချာတယ် ...
... ဖူစုနိုင်ငံမှာ ရုပ်ရည်ချောမောရုံနဲ့ ကျော်ကြားမှာမဟုတ်ဘူး သန်မာထက်မြက်တဲ့ လူငယ်မျိုးကိုသာ တစ်နိုင်ငံလုံးသိနိုင်တယ်။ ”
တစ်ဖက်မိန်းကလေးထံမှ ရှည်လျားလွန်းလှသော သုံးသပ်ချက်များကို နားထောင်ပြီး စိတ်ရှုပ်ထွေးသွား၏။
“ မင်း ... အချစ်ဝတ္ထုတွေအများကြီး ဖတ်ပုံရတယ်။ ”
ချင်းဖန်မှ မှတ်ချက်ပေးလိုက်သည်။ မိန်းကလေးက ပြုံးလျက် သူ့မှတ်ချက်အပေါ် လျစ်လျူရှုခဲ့၏။
“ ဒါဆို မင်းရဲ့စီနီယာအစ်ကိုက အရမ်းကြည့်ကောင်းလား ... ။ ”
ချင်းဖန်တစ်ယောက် ပြန်၍ တုန့်ပြန် ဖြေကြားခြင်း မပြုတော့သဖြင့် မိန်းကလေးမှ မျက်ဝန်းများ တောက်ပလာပြီး၊
“ တွေ့လား ... ငါပြောသားပဲ အရည်အချင်းရှိတဲ့လူက ပိုကြည့်ကောင်းတယ် ဆိုတာ ... ။ ”
-ဟု ပြောကြားလိုက်သည်။
“ မဟုတ်ဘူး ... ဒါက အမြဲတမ်း မမှန်ဘူး။ ”
ချင်းဖန်မှ ချက်ချင်းငြင်း၏။
“ ဒါဆို တာအိုလူငယ် ... မင်းက မင်းကိုယ်မင်းသန်မာတယ်လို့ ထင်လား။ ”
ချင်းဖန်ခမျာ အနည်းငယ် တွေးတောလျက် အဆုံးတွင်၊
“ အိုက်ရား ... ကောင်းပြီ ငါကသာမန်ပါပဲ။ ”
-ဟု ပြန်ဖြေကာ စကားဝိုင်းကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။ သို့သော် မိန်းကလေးမှ ခွင့်မပြုချေ။ လှောင်ပြုံးဖြင့်၊
“ မင်းက နှိမ့်ချတယ်လို့ ထင်ရပေမယ် အရမ်းမာနကြီးတာမြင်သာတယ် မင်းကိုယ်မင်း သန်မာတယ်လို့ တကယ်ထင်နေတာလား။ ”
-ဟု ပြန်၍မေးမြန်းလာ၏။
“ ငါ့စီနီယာအစ်ကိုက ငါ့ထက် အသက်ကြီးတယ် ... ဒါဆို ငါတို့ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ ... ။ ”
ချင်းဖန်၏ မကျေမနပ်လေသံကြောင့် မိန်းကလေးက မျက်ခုံးပင့်သွားလေသည်။ ပြီး ပြုံးရယ်လျက်ဖြင့်၊
“ ဒါဆို မင်းအသက်အရွယ်မှာ သူက မင်းလောက် မသန်မာဘူးလား။ ”
ချင်းဖန်တစ်ယောက် ချက်ချင်း ပြန်မဖြေနိုင်ချေ။ သူ့အရွယ်၌ စီနီယာအစ်ကို ကျင့်ကြံမှုသည် မည်သည့်နယ်ပယ်နည်း။
စီနီယာအစ်ကို၏ အသက်အရွယ်တွင် သူသည် ယွမ်ဖူနယ်ပယ် ရောက်နိုင်မည်လော။ သူ့အမူအရာကို မြင်ချိန်တွင် မိန်းကလေးက၊
“ ကြည့်စမ်း၊ မင်းရဲ့စီနီယာအစ်ကိုက မင်းအသက်အရွယ်မှာ မင်းထက်ပိုသန်မာတယ်၊ ဒါကြောင့် သူ ... မင်းထက်ပိုချောတယ်ဆိုတာ လက်ခံပြီ မဟုတ်လား ...။ ”
-ဟု အတည်ပြုလိုက်သည်။
ချင်းဖန်ခမျာ တစ်ခုခုမှားနေသည်ဟု ယောင်ဝါးဝါးခံစားနေရသော်လည်း အနည်းငယ် ရှုပ်ထွေးနေသဖြင့် ထပ်မံရှင်းပြရန် ဆန္ဒမရှိတော့ချေ။ ယင်းအစား။
“ စားပွဲထိုး ... ငါ့အတွက်ဘယ်မှာလဲဝိုင် ...။ ”
***