သွေးဝိညာဉ်ဂိုဏ်း ... ။
Vol. 10 Ch. 123
ချင်းဖန်သည် ရုတ်တရက် သူ့စိတ်ထဲ ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။ ခွန်းအားအရာ၌ ကူချန်ထက်နိမ့်ကျရုံသာမက ရုပ်ရည်တွင်လည်း သာလွန်ခြင်းမရှိချေ။
စားပွဲထိုးလူငယ် ယူလာသောဝိုင်အိုးကို ကောက်ယူပြီး တကျိုက်တည်းမောချလိုက်၏။
“ ကောင်းလိုက်တဲ့ ဝိုင် ... ။ ”
ထို့နောက် အကြောင်းအရာများကို မေ့လျော့သွားကာ ဝမ်းသာအားရ ဟင်းလျာများ မြည်းစမ်းလျက် သဘောကျသွားတော့၏။
ရှားဟဲရွာတွင် လွန်ခဲ့သော နှစ်လလုံးလုံး ဆန်ပြုတ်ကိုသာ သောက်ခဲ့ရသည်။ ထို့ကြောင့် ဟင်းလျာများ၏ အရသာမှာ များစွာ ထူးခြားနေခဲ့၏။
များမကြာခင် ဝမ်းဗိုက်ပြည့်လာသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူနှင့် စကားပြောခဲ့သော မိန်းကလေးမှာ မရှိတော့ချေ။
အခြားသော စားသုံးသူအနည်းငယ်နှင့် သူ့ကိုစောင့်ကြည့်နေသော စားပွဲထိုးလူငယ်ကို မြင်လိုက်ရ၏။
ထိုစားပွဲထိုးလူငယ်၏ မျက်ဝန်းများသည် စားပွဲခုံပေါ်ရှိ ဟင်းလျာများထံ အံ့အားသင့်ဟန် ပြန်ကြည့်သည်။ တစ်ဖက်လူငယ်သည် ဤမျှ စားသုံးနိုင်မည်ဟု သူ မထင်ထားခဲ့ချေ။
( ဒီကောင် လူ မမြင်ဖူးဘူးလား ... ။ )
ချင်းဖန်က စားပွဲထိုးလူငယ် မကျ်ဝန်းမှေးစင်းကာ စိုက်ကြည့်ပြီး ဆိုင်ထဲမှ လှမ်းထွက်လာခဲ့သည်။
ထို့နောက် စျေးသို့ သွားကာ ကြက်မနှစ်ကောင်ကို ဝယ်ယူလိုက်တော့သည်။ ရှားဟဲရွာအတွက် ဤကြက်မနှစ်ကောင်သည် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်၏။
မြို့ငယ်နှင့် ရှားဟဲရွာသည် မိုင်သုံးရာခန့်ဝေးသည်။ ချင်းဖန်အတွက်မှု ထိုခရီးမှာ တစ်ရက်သာ ကြာ၏။
သာမန်လူတစ်ယောက် အတွက်မှု၊ တောင်တန်းများကို ဖြတ်ကျော်ရန် အနည်းဆုံး ဆယ်ရက်ခန့် အချိန်ယူရပေလိမ့်မည်။
ထို့ပြင် လမ်းခရီးတွင် မြင်းစီးဓားပြနှင့် လှည့်လည်သွားလာနေသော လမ်းဓားပြများ ရှိနေသေး၏။
ချင်းဖန်တစ်ယောက် မြို့အတွင်း လိုအပ်သည်များ ဝယ်ရန် လျှောက်လှမ်းနေစဉ် မြင်ကွင်းတစ်ခုကြောင့် မျက်မှောင်ကြုတ် သွားသည်။
မြို့အတွင်းတစ်နေရာရှိ မိုးမခပင်ကြီး အောက်တွင် သူတောင်းစားများ စုရုံးထိုင်နေ၏။ ထိုသူတောင်းစားများအတွင်း အဖိုးအိုတစ်ဦးက ဒူးထောက်လျက် ဖုန်မှုန့်များ ပေကျံနေသော အဝတ်အစားများဖြင့် တောင်းဆိုနေသည်။
သူ့လက်ထဲတွင် ကလေးငယ် တစ်ယောက်ပွေ့ချီထားပြီး ရှေ့တွင်ရပ်နေသော အမျိုးသားထံ မော့ကြည့်နေ၏။
အခြားသော အိမ်ရာမဲ့များ၊ သူတောင်းစားများ စသည့် ဒုက္ခသည်များမှာ ထိုမြင်ကွင်းထံ ငဲ့စောင်းအကဲခတ်ကြသည်။
ဤမြင်ကွင်းမျိုးသည် ဟဲရှလမ်းတလျှောက် သာမန်မြင်ကွင်းများပေပင်။ အငတ်ဘေးကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များစွာမှာ ဒုက္ခသည်များ ဖြစ်လာကြသည်။
ထို့ကြောင့် ချင်းဖန်စိတ်ဝင်စားသည်မှာ ထိုသူတောင်းစားများ မဟုတ်ချေ။ သူတို့ရှေ့၌ ရပ်နေသော အမျိုးသားနှင့် အဖွဲ့ဖြစ်၏။
ထိုအဖွဲ့သည် အနီရောင်၀တ်စုံများကို သပ်ရပ်စွာ ၀တ်ဆင်လျက် သန့်ရှင်းတောက်ပ နေချေပြီ။
သူတို့၏ ရင်ဘတ်ပေါ်တွင် သွေးစက် တစ်စက်စီးကျနေသောပုံစံမျိုးကို ထင်ရှားစွာ ရေးထိုးထားလေသည်။
“ ဝှစ် ... ။ ”
ခေါင်းဆောင် အမျိုးသားက သက်ပြင်းချလိုက်ကာ လက်ဝှေ့ယမ်းလျက် ပန်းကန်လုံးတစ်လုံး ထုတ်ယူသည်။
ထို့နောက် ဆေးပြားတစ်ပြားကို ပစ်ထည့်ကာရေဖြင့်ဖျော်ချပြီး သူတောင်းစား အဖိုးအိုထံ ကမ်းပေးတော့၏။
သူတောင်းစား အဖိုးအိုမှ ခေါင်းညိတ်ပြီး ပန်ကန်လုံးယူကာ ကလေးငယ်ထံ တိုက်ကျွေး လိုက်သည်။ ကလေးငယ်မျက်နှာသည် သာမန် မျက်စိဖြင့် မြင်သာသည်အထိ နီမြန်းလာ၏။
“ ကျေးဇူးတင်ပါတယ် သန့်ရှင်းသောသခင် ... ကျေးဇူးတင်ပါတယ်။ ”
သူတောင်းစား အဖိုးအိုမှ ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲ ပြောကြား တော့သည်။
“ သွေးဝိညာဉ်ဂိုဏ်း ... ။ ”
ချင်းဖန်က ထိုသူများ၏ရင်ဘတ်ပေါ်ရှိ သွေးစက်ပုံစံသင်္ကေတထံမှ အကြည့်ရွေ့ကာ ပန်းကန်လုံးထံ ရောက်ရှိသွားသည်။
“ သွေးသန့်စင်ခြင်းဆေးပြား ... ။ ”
ဤသည်မှာ သွေးသားစွမ်းအင်ကို နှိုးဆွပေးသော ဆေးပြားဖြစ်၏။ အဆုံးတွင် အခြားသော သူတောင်းစားများနှင့် ဒုက္ခသည် များက ချက်ချင်းဒူးထောက်လာကာ၊
“ သန့်ရှင်းသောသခင် ကျေးဇူးပြုပြီး ... ။ ”
-ဟု စိတ်အားတတ်ကြွစွာဖြင့် အော်ဟစ်လိုက်ကြသည်။
အမျိုးသားမှ ခေါင်းညိတ်ကာ ထိုသူတောင်းစားများကို ဖော်ရွေစွာ ဆက်ဆံ၏။ သူ့ဘေးနားရှိဂိုဏ်းဝင်များသည် သူ့ကိုကူညီကာ သူတောင်းစားများထံ အစားအစာအချို့ ဝေမျှပေးတော့သည်။
များမကြာခင် သူတောင်းစားများကို စကားအချို့မှာကြားပြီး သွေးဝိညာဉ် ဂိုဏ်းမှာ ထွက်ခွာသွားကြ၏။ ထိုမြင်ကွင်းကြောင့် ချင်းဖန်မှ စိတ်ဝင်စားသွားသည်။
“ ဒီလူတွေ ဘာလုပ်နေတာလဲ။ ”
အသက်ပြင်းပြင်းရှူလျက် နားမလည်နိုင်စွာဖြင့် သွေးဝိညာဉ်ဂိုဏ်းသား များထံ ငေးကြည့်နေမိ၏။
ထို့နောက် ခဏမျှစဉ်းစားကာ သူတောင်းစားများထံ ချဉ်းကပ်သွားလိုက်၏။ မည်သည့်အချင်းအရာများ ဖြစ်နေမည်ကို သိလိုချေပြီ။
“ ဟဲရှလမ်းက တကယ်ပဲ ငါတို့အတွက် သုခဘုံတစ်ခု ဖြစ်လာနိုင်ပါ့မလား။ ”
“ ဟမ့် ... သန့်ရှင်းသောသခင် ပြောတာ ဘာများမှားနေလို့လဲ ဟဲရှလမ်းမှာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုဖြစ်ပွားခဲ့တယ် ... အခု မြို့ရွာတွေမှာ လူသူကင်းမဲ့ပြီး ...
... မြေသြဇာကောင်းမွန်တဲ့ လယ်ကွက်တွေကျန်ရစ်ပြီ ... ဒါက ငါတို့လို လူတွေအတွက် တကယ့်ကို အခွင့်ရေးတစ်ခု မဟုတ်ဘူးလား ... ။ ”
“ မှန်တယ် ... အဲဒီဒေသကြီးရဲ့ လယ်မြေတွေက အခုဆိုပိုင်ရှင်မရှိတော့ဘူး ... ငါတို့ စိတ်ကြိုက်ယူနိုင်ပြီ။ ”
“ ဒါပေမယ့် ဟဲရှလမ်းမှာ ဓားပြတွေနဲ့ ပြည့်နေတယ်လို့ ငါကြားတယ် နည်းနည်းတော့ စိုးရိမ်စရာပဲ မဟုတ်လား ... ။ ”
“ ဘာတွေကြောက်နေတာလဲ မင်းလို သူတောင်းစားကို ဘယ်ဓားပြက ရန်ရှာမှာလဲ ပြီးတော့ သန့်ရှင်းသောသခင်လို ကျွမ်းကျင်သူ တွေက ရပ်ကြည့်နေပါ့မလား။ ”
“ ဟုတ်တယ် ... ငါတို့အဲဒီကိုသွားရင် ကာကွယ်ပေးမယ်လို့ သန့်ရှင်းသောသခင်က ကတိပေးထားတယ် ... ။ ”
“ ကောင်းပြီ ... အဲဒီဓားပြတွေက သန့်ရှင်းသောဂိုဏ်းသားတွေကို ထိဝံ့သလားလို့ ကြည့်ရအောင် ... ။ ”
“ ဟုတ်တယ်၊ သန့်ရှင်းသောဂိုဏ်းမှာ ရှန်ရှင်းနယ်ပယ်သခင်တွေတောင် ရှိတယ်လို့ ငါလည်းကြားတယ်။ ”
“ ဒါပေမယ့် ... မင်းတို့စဉ်းစားမိလား ဒီသန့်ရှင်းသောဂိုဏ်းက ငါတို့ကိုဘာကြောင့် ဒီလောက် ကြင်နာနေရတာလဲ။ ”
လူအချို့သည် ၎င်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှု အနည်းငယ်ရှိနေဆဲ ဖြစ်သည်။ သူတို့သည် သွေးဝိညာဉ်ဂိုဏ်းကို အလုံးစုံ မယုံကြည်ဝံ့ချေ။
“ ဟမ့် ... မင်းဘဝက ဘယ်လောက်တန်လို့လဲ မင်းဆီက ဘာများ တန်ဖိုးရှိတာရှိလို့လဲ။ ”
သို့သော် တစ်စုံတစ်ယောက်မှ ထိုလူများအပေါ် လှောင်ပြောင်၏။ သူ့စကားကို အခြားသူများက ခေါင်းညိတ်ထောက်ခံသည်။
“ မှန်တယ် ... ငါတို့မှာ စားစရာတောင် မရှိတာ သန့်ရှင်းသောသခင်က ဘာလို့လိမ်ညာ ခေါ်နေရမှာလဲ။ ”
မည်သူမျှ ပြန်မဖြေ နိုင်တော့ဘဲ တိတ်ဆိတ်သွား၏။ ဤသည်ပင် အနည်းငယ် မှားယွင်းနေချေပြီ။
ဤကမ္ဘာကြီးတွင် အလကားရသော ညနေစာ ရှိသည်လော။
“ သူတို့က မင်းတို့ရဲ့သွေးကို လိုချင်နေတာဆိုရင်ရော ... ။ ”
ရုတ်တရက် အသံကြောင့် လူအုပ်ကြီးက ချက်ချင်းလှည့်ကြည့်၏။ ခါးတွင် ကြက်မကြီး(၂) ကောင်ကို ကြိုးဖြင့်ချည်လျက် အထုပ်အပိုးများ ထမ်းကာ လူငယ်တစ်ယောက် လျှောက်လှမ်းလာနေသည်။
ဟောင်းနွမ်းနေသော တာအိုဝတ်လုံသည် လေထဲတဖျပ်ဖျပ်ခတ်လျက် အသွင်မှာ ရယ်စရာ ကောင်းနေသည်။
ထို့ကြောင့် လူအချို့သည် ပြုံးလျက် သူ့စကားကို အလေးအနက် မထားတော့ချေ။ ချင်းဖန်မှ ဂရုမစိုက်ဘဲ၊
“ သွေးဝိညာဉ်ဂိုဏ်းက ဆေးပြား သန့်စင်ဖို့အတွက် လူ့သွေးကို အသုံးပြုတယ်လို့ ငါကြားဖူးတယ် သူအခုသုံးသွားတဲ့ ဆေးလုံးက လူ့သွေးအနှစ်သာရနဲ့ သန့်စင်ထားတာ။ ”
-ဟု ရှင်းပြလိုက်သည်။
လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် ချင်းဖန်ကို စူးရဲစွာစိုက်ကြည့်၏။ တစ်ချိန်တည်း မှာပင် သူ့ဘေးရှိ အခြားတစ်ယောက်က၊
“ ဆေးပြားအတွက် လူ့သွေးလိုလား ... လူ့သွေးကဘာမို့လဲ ဒီလောက်တောင် မှော်ဆန် နေတယ်ဆိုရင် ... ငါတို့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ဆေးကုစရာလိုပါဦးမလား။ ”
-ဟု အော်ဟစ်လာ၏။
ချင်းဖန်ကို စူးစိုက်ကြည့်နေသော လူသည်လည်း ခေါင်းညိတ်ကာ၊
“ မှန်ပါတယ် ... ဒီတာအိုလူငယ်က ငါတို့အခွင့်အရေးကို လုယူချင်နေတာဖြစ်မယ် ဟားဟားဟား ... ဘယ်သူသိမှာလဲ ငါတို့လို လူတွေကြွယ်လာတာက လူအချို့အတွက် စိတ်မချမ်းမသာ ဖြစ်စေလိမ့်မယ်လို့။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
ထိုစကားများကို ကြားသောအခါ လူအုပ်အတွင်းရှိ လူတစ်ယောက်သည်လည်း မျက်ဝန်းများနီမြန်းလျက်၊
“ အသွေးအသားရှိတဲ့ ငါတို့အားလုံးက တစ်သားတည်းဖြစ်တယ် ... ကရုဏာတရားနဲ့ ကမ္ဘာကြီးကို ကယ်တင်ပါ ...
... သန့်ရှင်းသော ဝိညာဉ်တော် ... ငါတို့ကို ဘုန်းတန်ခိုးပေးတော်မူပါ အနာရောဂါအပေါင်း ကင်းရှင်းပြီး ထာဝရအသက်ရှည်ပါစေ။ ”
သူ့အသံသည် စိတ်အားတက်ကြွနေပြီး တစ်စုံတစ်ရာအပေါ် အချက်ပြနေသလို ပေပင်။ များမကြာခင် လူအုပ်ကြီးအတွင်း ထိုသို့သော ကြွေးကြော်သံများ ညံလာတော့သည်။
“ အသွေးအသားရှိနေသရွေ့ ငါတို့အားလုံး တစ်သားတည်း ... ။ ”
“ အသွေးအသားရှိနေသရွေ့ ငါတို့အားလုံး တစ်သားတည်း ... ။ ”
“ အသွေးအသားရှိနေသရွေ့ ငါတို့အားလုံး တစ်သားတည်း ... ။ ”
ချင်းဖန်တစ်ယောက် သူ့ရှေ့မှ မြင်ကွင်းကြောင့် အပြုံးများ အေးခဲသွားချေပြီ။ ဤလူများသည် အမှန်ပင် စိတ်အားတက်ကြွ လွန်းနေတော့၏။
***