← Chapters

လူသားစားသော ရွာ ... ။

Vol. 10 Ch. 125

လူသားစားသော ရွာ ... ။

Vol. 10 Ch. 125

ရှားဟဲရွာဟူသော စကားသုံးလုံးသည် ချင်းဖန်ကို စိတ်ရှုပ်ထွေးစေခဲ့သည်။ သို့သော် ကျန်ရှိနေသော ကျိုးကြောင်းဆီလျော်မှုသည် သူ့ကိုတည်ငြိမ်အောင် လုပ်ယူပေး၏။

“ မဟုတ်ဘူး ... ကျင်းရှမြို့ကိုသွားဖို့ လုပ်နေတာပါ။ ”

ကျင်းရှမြို့သည် ရှားဟဲရွာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်၏။ မင်ချွမ် ပြည်နယ်၏ အရှေ့မြောက်ဘက်နှင့် အနောက် မြောက်ဘက်၌ ဖြစ်ချေပြီ။

“ ဟိုမှာ ဘာကိစ္စရှိလဲ မိတ်ဆွေ။ ”

“ ငါရဲ့ စီနီယာအစ်ကိုတစ်ယောက်က ကျင်းရှမြို့မှာ ဘုံကျောင်းတစ်ခု ဆောက်ဖို့ဆိုပြီး သွားခဲ့တယ် အခုဆို နှစ်အနည်းငယ်ကြာ နေပါပြီ ဒါပေမယ့် သတင်းမရခဲ့ဘူး။ ”

“ ဟုတ်လား ... ။ ”

သွေးဝိညာဉ်ဂိုဏ်း၏ အဖွဲ့ခေါင်းဆောင် အမျိုးသားက တစ်ခုခုကို နားလည်သွားသလို ခေါင်းညိတ်လိုက်၏။

“ ဒါဆို ငါတို့တူတူသွားလို့ မရတော့ဘူး ဒါပေမယ့် မင်းပြဿနာတစ်ခုခု ကြုံလာရရင် ရှားဟဲရွာမှာ ငါတို့ကိုလာရှာနိုင်တယ် မင်းကို ကူညီဖို့ ငါတို့အစွမ်းကုန် ကြိုးစားမယ်။ ”

“ ကောင်းပြီ ... သွေးဝိညာဉ်ဂိုဏ်းက အခြားသူတွေကိုကူညီဖို့ အမြဲအသင့်ရှိနေတယ် ဆိုတာကို ကြားဖူးခဲ့ပေမယ့် ...

... ငါ မယုံနိုင်ဘူး ... ကြည့်ရတာ အခုအမြင်အရ ဒီလိုကောလဟာလတွေက အမှန်ဖြစ်နေပုံရတယ်။ ”

“ ဟားဟားဟား ... ယဉ်ကျေးလွန်းပါပြီ။ ”

“ ဒါဆို ငါတို့သွားချင်တဲ့လမ်း မတူတော့တဲ့အတွက် ငါအရင်သွားနှင့်မယ် ငါ့မှာ ပြဿနာတစ်ခုခုကြုံလာရင် မင်းဆီလာမယ်။ ”

“ မိတ်ဆွေ ဆန္ဒအတိုင်းပါပဲ။ ”

ချင်းဖန်မှ ပြုံးလျက် ခေါင်းညိတ်ကာ ချက်ချင်းထွက်ခွာသွား၏။ အထုပ်အပိုးများနှင့် ကြက်မနှစ်ကောင်ကို ခါးတွင် ချိတ်ထားသော ချင်းဖန်ရုပ်သွင် ပျောက်ကွယ်သည်အထိ အမျိုးသားက ငေးကြည့်နေသည်။

“ တတိယညီ ... ဒီကောင်လေး ... ။ ”

သွေးဝိညာဉ်ဂိုဏ်းသား တစ်ယောက်က မျက်မှောင်ကြုတ်ပြီး ခေါင်းဆောင်အမျိုးသားထံ လှမ်းကြည့်လိုက်သည်။

“ ငါ ... သူ့ကို မမြင်နိုင်ဘူး။ ”

ခေါင်းဆောင်အမျိုးသားမှ ပြန်ဖြေ၏။ လမ်းတစ်လျှောက် ချင်းဖန်နှင့် ဆက်သွယ်သော သွေးဝိညာဉ်ဂိုဏ်းဝင်များသည်လည်း ခေါင်းယမ်းပြလာကြသည်။

“ ဒါပေမယ့် သူကြောင့် ငါတို့တွေ မနှောင့်နှေးဘူးဆိုတော့ ထားလိုက်ရအောင် ဒီလအတွက် မစ်ရှင်ပြီးအောင်လုပ်ရမယ်။ ”

“ နားလည်ပါပြီ ... ။ ”

သွေးဝိညာဉ်ဂိုဏ်းသားတိုင်း ခေါင်းညိတ်လိုက်ကြပြီး မျှော်လင့်ချက်များဖြင့် ရွှင်မြူးနေသော လူအုပ်ထံ ပြန်လှည့်ကြည့် လိုက်သည်။

တစ်ဆက်တည်းမှာ သူတို့မျက်နှာ၌ လှောင်ပြောင် ရယ်မောလိုသော အပြုံးများ ကိုယ်စီဖြစ်ပေါ်လာ၏။

***

ချင်းဖန်တစ်ယောက် မျက်ကွယ်အရပ်သို့ ရောက်သည်နှင့် သူ့ကျောပေါ်ရှိ အရာအားလုံး မြေပြင်ပေါ်ချလိုက်ကာ အဝတ်အစားကို ပြောင်းလဲလိုက်သည်။

“ ရှားဟဲရွာ ... ။ ”

ထို့နောက် ခပ်တိုးတိုးရေရွတ်ပြီး နားမလည်မှုအရိပ်အမြွက်များဖြင့် နောက်သို့ ပြန်လှည့်ကြည့်မိ၏။

ဤလူများသည် အဘယ့်ကြောင့် ထိုအရပ်သို့ဦးတည်နေသနည်း။ ဟဲရှလမ်းတွင် ရွာငယ်ပေါင်းများစွာ ရှိသည်။ ရှားဟဲရွာကဲ့သို့ ရွာငယ်လေးကို အပြင်လူများရှာတွေ့ရန် မလွယ်ကူချေ။

ထို့ပြင် သူသည် ထိုရွာတွင် လအနည်းငယ်ကြာအောင် အခြေချနေထိုင်ခဲ့ပြီး သွေးဝိညာဉ်ဂိုဏ်းအကြောင်း မကြားဖူးသည်မှာ သေချာ၏။

ယင်းအတွက် ဖြစ်နိုင်ခြေ နှစ်ခုရှိသည်။ ပထမအချက်သည် ရွာသူကြီးသည် သွေးဝိညာဉ် ဂိုဏ်းအကြောင်း အမှန်ပင်မသိချေ။ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်နေခြင်းပေပင်။

“ ကတော် ... ကတော့ ... ။ ”

အတွေးဖြင့် ကြက်မနှစ်ကောင်ကို ကြိုးဖြည်ချလိုက်သည်။ ကြက်မနှစ်ကောင်မှာ ခြေထောက်မှ ကြိုးပြေသွားသည်နှင့် ချက်ချင်း တောအုပ်အတွင်း ဝင်ပြေးတော့၏။

“ ဝှစ် ... ။ ”

ချင်းဖန်က ထိုမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်လျက် ရှားဟဲရွာဘက်သို့ ပြန်လှည့်ကာ ချက်ချင်း ပြေးလွှားလိုက်တော့သည်။

သစ်တောအတွင်း လျင်မြန်စွာ ရွေ့လျားနေသော အရိပ်တစ်ရိပ်ကို မြင်နိုင်၏။ တစ်နာရီခန့်ကြာသော် သွေးဝိညာဉ်ဂိုဏ်း အဖွဲ့ကို မြင်လိုက်ရပြီဖြစ်သည်။

ထိုအဖွဲ့သည် ဖြည်းညှင်းစွာ ခရီးဆက်နေတော့၏။ သစ်ပင်အကွယ်တွင် ရပ်နားကာ အနည်းငယ်စဉ်းစားပြီးနောက် ပုန်းကွယ်လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။

ကံကောင်းစွာဖြင့် ဤဒေသသည် မြက်ရိုင်းများနှင့် သစ်ပင်ကြီးများ ထူထပ်နေ၏။ ပုန်းအောင်းရန် အကောင်းဆုံး ပေပင်။

တစ်နာရီခန့် ထပ်မံ ကုန်လွန်ပြီးနောက် ကောင်းကင်ပေါ် မီးခိုးလုံးများ တိုးထွက်နေသည့် ရွာကောက်ကြောင်းကို မြင်လိုက်ရ၏။

ရွာအဝင်လမ်းသည် သပ်ရပ်ပြီး ဘေးဘီဝဲယာ၌ ကျယ်ပြန့်သော လယ်ကွင်းများ စိမ်းစိုနေချေ၏။ လူအချို့သည် စပါးများကိုပင် ရိတ်သိမ်းနေကြသည်။

ရွာဦးထိပ်ရှိ အရိပ်ကောင်းသော သစ်ပင်ကြီးတစ်ပင်အောက်၌ လူတစ်စုသည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေ၏။

ထိုလူစုက သွေးဝိညာဉ်ဂိုဏ်း ရောက်ရှိလာသည်ကိုမြင်သောအခါ နှုတ်ဆက် စကားဆိုရန် လှမ်းတက်လာခဲ့ကြသည်။

ခေါင်းဆောင်မှာ ပိုင်ရှန်းနှင့် ပိုင်လျန်းတို့ဖြစ်၏။ ချင်းဖန်က ထိုမြင်ကွင်းကို အမှောင်ရိပ်ထဲမှ စောင့်ကြည့်နေသည်။

ပိုင်ရှန်းနှင့် ပိုင်လျန်းနောက်တွင် ရွာသားများလိုက်ပါလာသည်။ ထိုရွာသားများ အားလုံးသည် မျက်နှာစိမ်းများဖြစ်၏။

ထိုစဉ်က သူထွက်ခွာလာချိန်တွင် ဤလူများမရှိသေးချေ။ ထို့ပြင် ကောင်းကင်ရှိ မီးခိုးငွေ့များသည်လည်း ထိုစဉ်ကထက် နှစ်ဆပိုများနေသည်။

အချိန်ကာလအရ ညစာစားချိန် ဖြစ်သော်လည်း လူတိုင်းချက်ပြုတ်နေလျှင်ပင် ရှားဟဲရွာတွင် ထိုမျှ လူသူ မရှိသင့်ချေ။

“ ဒီလူတွေ ... လူသားအချင်းချင်း သတ်စားနေတာလား။ ”

အတွေးများဖြင့် ထိတ်လန့်တကြား ကြောက်ရွံ့စေသော ခံစားချက်များ ဝင်ရောက် လာသည်။ ဤရွာသည် လူသားများကို စားရန် ကြိုးစားနေသည်လော။

ထိုအချိန်တွင် ပိုင်ကျန်းမှ သွေးဝိညာဉ် အဖွဲ့ခေါင်းဆောင်အမျိုးသားကို နှုတ်ဆက်ကာ ရွာထဲ ခေါ်ဆောင်ပျောက်ကွယ်သွား၏။

ချင်းဖန်တစ်ယောက် သစ်တောအတွင်း မလှုပ်ဝံ့ချေ။ အလင်းရောင်များ ပျောက်ကွယ်ပြီး အမှောင် ဝင်ရောက်လာချိန်အထိ ငြိမ်သက်စွာ ရပ်နေခဲ့၏။

ကောင်းကင်၌ လမင်းထွက်ပေါ်လာပြီး ကျေးရွာအပေါ် အလင်းများ လွှမ်းခြုံပေးချေပြီ။ ကြယ်‌ရောင်များ အားဖြည့်ထားသောကြောင့် ညည့်ငှက်များက အစာရှာထွက်လာကြ၏။

“ ဘုတ် ... ။ ”

“ ကျလိ ကျိကျိ ... ။ ”

လင်းနို့တစ်‌ကောင်မှ ချင်းဖန်မျက်နှာကို ဝင်တိုက်မိကာ ထိတ်လန့်တကြား အော်ဟစ် လေသည်။

ထို့နောက်တွင် ချင်းဖန်တစ်ယောက် အသက်ဝင်လာပြီး ကောင်းကင်ပေါ် တစ်ချက် မော့ကြည့်ကာ ရှားဟဲရွာထဲသို့ ပုန်းကွယ် ဝင်ရောက်သွားတော့၏။

“ ကျွီ ... ။ ”

ဦးတည်ရာသည် ရွာအစွန်တစ်နေရာရှိ သူကိုယ်တိုင် ဖန်တီးထားသော တဲအိမ်အတွင်း ဖြစ်သည်။ ခြံဝင်းအတွင်း ပြောင်းလဲမှု မရှိချေ။ တဲတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အသံ အနည်းငယ်မျှ ထွက်ပေါ်လာသည်။

အခန်းအတွင်း ချောင်းကြည့်လျက် ခြေတစ်လှမ်း ပြန်ဆုတ်လိုက်ကာ တိတ်ဆိတ်စွာ လှည့်ပတ်ကြည့်၏။ အခန်းအတွင်း သူ့ပိုင်သည့် ပစ္စည်းများ ပျောက်ကွယ်နေပြီဖြစ်သည်။

နေ့စဉ်သုံးပရိဘောဂအချို့၊ စားပွဲ၊ ကုလားထိုင်နှင့် စားပွဲပေါ်၌ ထူးဆန်းသော ကျောက်တုံးအချို့သာ ရှိနေသည်။ အိပ်ယာနှင့် အခြားအရာများ မရှိတော့ချေ။

ကောင်းကင်ပေါ်ရှိ လမင်းကြီးကို မော့ကြည့်ကာ အတွေးများ နစ်မျောလျက် ငြိမ်သက်သွားသည်။

ကောင်းကင်၌ တိမ်မြူကင်းစင်ကာ အေးမြလွန်းသော ဆောင်းဦးလေပြေများက ညင်သာစွာ တိုက်ခတ်နေ၏။

( နေဦး ... ဘာလို့ ဒီလောက် အေးနေရတာလဲ။)

ရုတ်တရက် အရိုးထိတိုင် အေးစိမ့်လာနေသော ခံစားချက်ကို သတိထားမိ လာခဲ့သည်။

***

All Chapters