အထက်ရွာ ... ။
Vol. 10 Ch. 126
သူ့ပစ္စည်းများ မည်သည့်အရပ်သို့ ရောက်ရှိသွားသနည်း။ သာမန်ရွာလေးအတွင်း အဘယ့်ကြောင့် ဤမျှသော လျှို့ဝှက်ချက်များ များပြားနေရသနည်း။
လရောင်အောက်တွင် ရပ်ကာ အသက် ပြင်းပြင်းရှူလျက် တည်ငြိမ်အောင် ဖြေလျော့ လိုက်သည်။ ထို့နောက်အဝေးသို့ မျှော်ကြည့်ကာ ရိပ်ခနဲပျောက်ကွယ်သွား၏။
( မရှိဘူးလား ... ။)
အမှောင်ရိပ်အတွင်း လူရိပ်တစ်ရိပ် ဖျတ်ခနဲဖျပ်ခနဲ ရွေ့လျားနေသည်။ ခြံဝင်းတစ်ခု အတွင်း ခဏမျှသာ ရပ်လျက် ဆက်လက် ရွေ့လျားတော့သည်။
( ဒီမှာလည်း မရှိဘူး။)
( ဒီမှာလည်း မရှိတော့ဘူး။ )
သူနှင့်ရင်းနှီးခဲ့သော အိမ်များအတွင်း ရွာသားများ နေထိုင်ခြင်းမရှိတော့ချေ။ အိမ်တိုင်း သူ့အိမ်ကဲ့သို့ သန့်ရှင်းသပ်ရပ်နေ၏။
( ဒီလူတွေ ဘယ်ရောက်ကုန်တာလဲ။)
အဆုံးတွင် ဆီးပင်ကြီး တစ်ပင်အောက် ရပ်နားကာ အိမ်ကြီးတစ်အိမ်ထံ မျက်မှောင်ကျုံ့ ကြည့်မိလေသည်။ ဤသည်မှာ ပိုင်ရှန်းနှင့် ပိုင်လျန်းတို့ နေထိုင်ရာအိမ်ဖြစ်၏။
အိမ်အတွင်း မီးအိမ်များ လင်းလက်နေသေးသည်။ ချက်ချင်းရွေ့လျားရန် ပြင်လိုက်သော်လည်း သူ့ခြေထောက်မှာ လိုက်ပါမလာချေ။
( ဘာဖြစ်တာလဲ ... ။ )
ရှုပ်ထွေးစွာဖြင့် ထပ်မံရွေ့လျားရန် ပြင်လိုက်တော့သည်။ သို့တိုင် လိုက်မလာချေ။ ချင်းဖန်မှ ငုံ့ကြည့်၏။
“ မင်းလည်း မယုံဘူးလား။ ”
ထို့နောက်ပြုံးလျက်၊
“ လာပါ သွားကြည့်ရအောင် ... မင်း တစ်ခုခုကိုသံသယဖြစ်နေတယ် မဟုတ်လား ဒါဆိုအမှန်တရားက ဘာလဲရှာရအောင်။ ”
သူ့စကားဆုံးသည်နှင့် ခြေထောက်များ ကြွတက်လာသည်။ အဆုံးတွင် အိမ်နံရံအနားသို့ တိုးကပ်လျက် အတွင်းမှစကားပြောသံများကို နားထောင်လိုက်၏။
“ ဒီတစ်ခေါက် လူအုပ်က တော်တော် အဆင်ပြေတယ်။ ”
“ ဟီးဟီး၊ ငါတို့ဒီကိုရောက်လာဖို့ ဘယ်လောက် အားစိုက်ခဲ့ရလဲ မင်းသိလား။ ”
“ ငါနားလည်ပါတယ် ... ဒီနှစ်တော့ ငါတို့အတွက် လုံလောက်တဲ့ ပမာဏရနေပါပြီ ... ။ ”
“ ဟားဟားဟား ... ဒါနဲ့ မင်းဒီမှာ ကျော့ကွင်းထောင်ပြီး သားကောင်တွေ ရှာတွေ့ နိုင်မယ်လို့ ငါမမျှော်လင့်ထားဘူး ... ။ ”
“ ငါလည်း မမျှော်လင့်ပါဘူး။ ”
“ ဟားဟားဟား ... ။ ”
“ ဒါပေမယ့် ... ဒီလူတွေက တော်တော် အသုံးဝင်တယ် ...သူတို့က ငါတို့ကို တဲအိမ်တွေ အများကြီးဆောက်ပေးပြီး ဒီရွာကို ပိုမို သပ်ရပ်လာအောင် ဖန်တီးပေးတယ်။ ”
“ ကောင်းတယ် ဒါက သူတို့အတွက် လှောင်အိမ်ကို သူတို့ကိုယ်တိုင် ဖန်တီးခဲ့တာနဲ့ အတူတူပါပဲ ... လူမိုက်တွေ ။ ”
“ ဘယ်တတ်နိုင်မလဲ ဒီမှာလူတွေ အရမ်းများလာရင် ရုန်းရင်းဆန်ခတ်ဖြစ်လိမ့်မယ် ပြီးတော့ မင်းဆီကနေလာမဲ့ လူတွေလည်း ရှိနေသေးတယ် ... ရွာသားတွေကို နောက်မှ ဖြေရှင်းရင် အရမ်းဒုက္ခပေးလိမ့်မယ်။ ”
“ အခု ဘာဆက်လုပ်မလဲ။ ”
“ မနက်ဖြန် သူတို့အားလုံးကို အထက်ခေါ်သွားလိုက်မယ် ... ။ ”
“ ကောင်းပြီ ... ။ ”
များမကြာခင် စကားသံများ တိုးတိတ်သွားကာ ဖယောင်းတိုင်မီးအလင်း ငြိမ်းသွားလေသည်။ ချင်းဖန်မှ ဖြည်းညှင်းစွာ ဆုတ်ခွာလျက် သူ့ခြံထဲလှည့်လာ၏။
ကျောက်ခုံတန်းလျားအတွင်း ခဏထိုင်ချလိုက်ကာ ကြားခဲ့ရသောစကားသံကို ပြန်ပြောင်းသုံးသပ်နေမိသည်။
“ သေစမ်း ... ဒီတစ်ခါတော့ ငါတကယ် လူမိုက်ဖြစ်သွားပုံရတယ် ငါ့အတွက် လှောင်အိမ် တစ်လုံးကို ဖန်တီးမိတာပဲ ... ။ ”
အတွေးဖြင့် တဲအိမ်ထံ ပြန်လှည့်ကြည့်၏။ ဆရာနှင့် စီနီယာအစ်ကိုသည်သာ ဤအဖြစ်ကို သိသော် ရှက်စရာကောင်းပေမည်။
ရှားဟဲရွာနှင့် မိုင်နှစ်ဆယ်အတွင်း ကျေးရွာများအားလုံး မိုးခေါင်ရေရှားဒဏ်ကြောင့် လူသူကင်းမဲ့နေပြီဖြစ်သည်။
ထိုကာလအတွင်း ပိုင်ရှန်းသည် အမဲလိုက်ခြင်းဖြင့် အသက်ရှင် ကျန်ရစ်သည်ဟု ဆို၏။
မိုးခေါင်ရေရှားခြင်းဖြစ်စဉ်သည် လူသားများ အတွက်သာမက တိရစ္ဆာန်များပင် သောက်စရာ ရေမရှိအောင် ကြုံရခြင်းပေပင်။
ထို့ကြောင့် ပိုရှန်းသည် အမဲလိုက်ရန် တိရစ္ဆာန်များ မည်သို့ရှာဖွေသနည်း။ မြေရှင်များ အသတ်ခံရကာ ရွာသားများမှ စားသုံးခဲ့သည် ဟူသော ဖြစ်စဉ်များပင်လော။ ထိုအတွေးက နှလုံးသား အတွင်း အေးစက်လာစေ၏။
တစ်ဆက်တည်းမှာပင် လျန်းအား၏ ရိုးသားသော မျက်ဝန်းများ ထွက်ပေါ်လာပြန်၏။ ရှုပ်ထွေးသော အကြည့်ဖြင့်၊
“ ဒါတွေကို မင်းလည်းသိနေတာလား။ ”
-ဟု ညည်းတွားလိုက်သည်။
“ နေဦး အထက် ... ဆိုတာ ဘာလဲ။ ”
ရုတ်တရက် ထရပ်ကာ ရွာအထက်ပိုင်းကို မျှော်ကြည့်၏။ ရှားဟဲရွာ အခြားတစ်ဖက်သည် မြစ်အထက်ပိုင်းကို ဦးတည်သည်။
ထိုဒေသနှင့် ပတ်သက်၍ ပိုင်ရှန်းကို သူမေးမြန်းခဲ့ဖူးသည်။ သို့သော် ပိုင်ရှန်းသည် စိတ်ဝင်စားစရာ မရှိဟု ပြန်ဖြေ၏။
တစ်ရွာလုံးသေဆုံးကာ ဆိတ်သုဉ်းသွားသည်ဟု ပြောကြားလာသည်။ ထိုရွာသို့ ရောက်ရှိရန် တောင်ကြားလမ်းကို ဖြတ်သန်းရမည် ဖြစ်သည်။
ဆိုလိုသည်မှာ အထက်ရှားဟဲရွာသည် အောက်ရွာနှင့် နှိုင်းယှဉ်သော် ပို၍အတွင်းပိုင်း ကျရောက်ပြီး ဝင်ထွက်ရန် တစ်လမ်း တည်းသာရှိ၏။
လူရိပ်တစ်ရိပ်သည် သစ်ရိပ်များကြား ထိုတောင်ကြားလမ်းထံ ဦးတည်နေတော့သည်။ မြစ်ကြောင်းတလျှောက် ဆယ်မိုင်ခန့် ပြေးလွှား ပြီးနောက် တောင်များကို မြင်လာရ၏။
“ အထက်ရွာ ... ။ ”
တောင်တန်းများအလယ် ပြန့်ပြူးသော လွင်ပြင်တစ်ခုရှိနေကာ ရွာကောက်ကြောင်းကို မြင်လိုက်ရသည်။
ဤနေရာသည် လောကကြီးနှင့် အဆက်ပြတ်နေသော သုခဘုံတစ်ခုနှင့်တူသည့် ခံစားချက်မျိုးရရှိစေ၏။
အမှောင်ထဲ ဆိတ်ငြိမ်လျက် အလင်းရောင်မှိန်ဖျော့ဖျော့များ ပြန့်ကျဲနေ တော့သည်။
ချင်းဖန်မှ အသက်ပြင်းပြင်းရှူပြီး အမြန်ရွေ့လျားလိုက်သည်။ လက်ရှိ ကျင့်ကြံမှု အဆင့်သည် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။
ချီစုစည်းခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှလိုသည်။ ဖူစုနိုင်ငံ ကျေးလက် ပြည်နယ်များတွင် အသန်မာဆုံး စစ်သည်တော် အဆင့်ဝင်၏။
ရှန်ရှင်းအဆင့် ကျွမ်းကျင်သူသည် လူတစ်ထောင်ကို တစ်ယောက်တည်း သတ်နိုင် ချေ၏။ ချစုစည်းခြင်းအတွက်မူ လူတစ်ရာကို သတ်နိုင်မည်။
သူ့ကဲ့သို့ ပထမအုပ်စုအဆင့် စစ်သည်တော်တစ်ဦးသည် လူလေးဆယ် သို့မဟုတ် ငါးဆယ်နှင့် ရင်ဆိုင်ရလျှင် ပြဿနာမရှိနိုင်ချေ။
ထို့ကြောင့် သူ့၌ယုံကြည်ချက်ရှိ၏။ အရေးအကြီးဆုံးမှာ စီနီယာအစ်ကိုပေးခဲ့သည့် အစီရင်များသည် အစွမ်းထက်လှချေ၏။
စီနီယာအစ်ကိုသည် အဂ္ဂိရတ်ထိုးခြင်း၊ အစီရင်ခင်းခြင်းနှင့် လက်နက်သန့်စင်ခြင်းတို့ကို အထူးကျွမ်းကျင်သည်။
သို့သော် ဖန်တီးသမျှ အရာတိုင်းသည် သူ့အတွက် အသုံးမဝင်လှသောကြောင့် အခြား သူများအပေါ် ပေးကမ်းလိုက်၏။
“ ဝှစ် ... ။ ”
အလင်းရောင် ပျပျလေးမြင်ရသည့် အိမ်ကြီးတစ်လုံးဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ချည်းကပ်လာခဲ့သည်။
များမကြာမီ မီးတောက်အလင်းကို မြင်လာရ၏။ ခြံဝင်းအတွင်း တစ်နေရာ၌ မီးအိမ် ချိတ်ဆွဲထားကာ သွေးဝိညာဉ်ဂိုဏ်းသား နှစ်ယောက် ထိုင်နေသည်။
သူတို့အနားတွင် အပြာရောင် ကျောက်တုံးများခင်းထားသော လမ်းတစ်ခုရှိပြီး အဆုံး၌ လှိုဏ်ဂူတစ်လုံးရှိနေ၏။
ချင်းဖန်က ခဏမျှစဉ်းစားပြီးနောက် သူ့မျက်ဝန်းထဲ ရက်စက်သော အကြည့်များဖြင့် ဓားမြှောင်တစ်လက် ထုတ်ယူလိုက်သည်။
“ ရွှပ် ... ။ ”
“ မင်း ... ။ ”
“ ရွှပ် ... ။ ”
လူနှစ်ယောက် မတုံ့ပြန်နိုင်ခင်မှာပင် ဓားမြှောင်ဖြင့် လည်ပင်းကို လှီးဖြတ်လိုက်၏။ သွေးများ မြေပြင်အနှံ့ ပြန့်ကျဲသွားသည်။
သူသည် လူသတ်ခြင်းကို မကြိုက်ချေ။ သို့သော် ဟဲရှလမ်းတွင်နေထိုင်စဉ် မြင်းစီးဓားပြ များနှင့် ကြုံရသဖြင့် သတ်ခဲ့ရ၏။
“ ဟမ့် ... ။ ”
သွေးဝိညာဉ်ဂိုဏ်း၏ အစောင့် နှစ်ယောက်ကိုသတ်ပြီးနောက် လိုဏ်ဂူထံသို့ ချက်ချင်းတိုးကပ်သွားရာ လှိုဏ်ဂူအတွင်းမှ သွေးညှီရနံ့များ ရရှိလိုက်ချေပြီ။
***
Book-10