လွတ်မြောက်ခြင်း ၁
Vol. 16 Ch. 231
ဖျတ် ဖျတ်
လင်းရှန်၏ ခြေသံသည် မှောင်မည်းသော စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်လျက်ရှိသည်။ သူသည် ရှေ့သို့ ထိုးထွက်နေသော မီးရောင်ကို လိုက်၍ ခဏမျှ လျှောက်သွားခဲ့သော်လည်း လမ်းတစ်လျှောက်လုံး အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။ တစ်ခုခုတော့ မှားယွင်းနေသည်၊ ဤအရာသည် သူမျှော်လင့်ထားသည့် အရာမဟုတ်ပေ။ ရှေ့သို့ ဆက်လျှောက်သွားနေစဥ် ကြမ်းပြင်ပေါ်တွင် ရေကွက်များ စတင်ပေါ်လာသည်။ ဆက်လျှောက်လေလေ ရေပိုများလေလေ ဖြစ်သည်။ မူလ စကျင်ကျောက်ကြမ်းပြင်သည် တဖြည်းဖြည်း အဖြူရောင် ကြွေပြားများအဖြစ် ပြောင်းလဲသွားခဲ့ပြီ။
ဗွမ်း ဗွမ်း
ရေသံသည် သူ့ခြေလှမ်းများနှင့်အတူ လိုက်ပါလာခဲ့သည်။ လင်းရှန်သည် သူ့ခြေထောက်အောက်ရှိ အဖြူရောင် ကြွေပြားများကို ငုံ့ကြည့်လိုက်ရာ ရေကူးကန်ထဲသို့ ဝင်လိုက်သလို ထူးဆန်းသော ခံစားချက်ကို မဖယ်ရှားနိုင်ခဲ့ပေ။ သူဆက်သွားခဲ့ရာ တိမ်သော ရေအိုင်ငယ်များသည် စင်တီမီတာအနည်းငယ်မှ သူ့ခြေထောက်များကို အပြည့်အဝ ဖုံးလွှမ်းသွားသည်အထိ မြင့်တက်လာသည်။
ထိုအချိန်တွင် ရှေ့ရှိ စင်္ကြံနံရံများသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
သူသည် လမ်းဆုံးသို့ ရောက်ရှိခဲ့ပြီ။
လင်းရှန်သည် နဖူးကြောများ ရှုံ့သွားပြီး ရှေ့ဧရိယာကို စစ်ဆေးရန် သူ့မီးကို မြှင့်တင်လိုက်သည်။ သူမြင်တွေ့လိုက်ရသည့် အရာက သူ့မျက်နှာအမူအရာကို မှောင်မိုက်သွားစေခဲ့သည်။ သူ့ရှေ့တွင် အလွန်ကြီးမားပြီး အလုံပိတ်ထားသည့် ရေကူးကန်ကြီးတစ်ခု ရှိနေသည်။ အရွယ်အစားမှာ စတုရန်းမီတာ တစ်ထောင်ကျော် အနည်းဆုံး ရှိနိုင်သည်။ သန့်ရှင်းကြည်လင်သော အဖြူရောင်ကြွေပြားများက ပတ်လည်နံရံများကို ဖုံးလွှမ်းထားကာ ထိုနေရာကို ထူးဆန်းစွာ သန့်ရှင်းသပ်ရပ်စေသည်။
ရှေ့သို့ မီတာအနည်းငယ်သာ လိုတော့သည့်နေရာတွင် ရေအောက်ရှိ ကြမ်းပြင်သည် ရုတ်တရက် ပျောက်ကွယ်သွားကာ သံမဏိ ရေကူးကန်လှေကားတစ်ခုဖြင့် အစားထိုးထားသည်။ ထိုလှေကား၏ အဆုံးတွင် တစ်ချိန်က ကြည်လင်ခဲ့သည့် ရေတို့သည် ထိတ်လန့်ဖွယ်ကောင်းအောင် အနက်ရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် နက်ရှိုင်းသည်၊ မမှန်းဆနိုင်လောက်အောင် နက်ရှိုင်းနေသည်။
သူ၏ မီးအလင်းရောင်အောက်တွင် အဝါရောင်ရေကူးဘောကွင်းတစ်ခုသည် မှောင်မည်းသော ရေမျက်နှာပြင်ပေါ်တွင် လှိုင်းများဖြင့် ဖြည်းညှင်းစွာ ရွေ့လျားမျောပါနေသည်။ လင်းရှန်သည် ထိုဧရိယာကို စစ်ဆေးလိုက်သည်။ သူရပ်နေသည့်နေရာမှလွဲ၍ ထွက်ပေါက်တစ်ခုမျှ မမြင်ရဘဲ ထိုနေရာတစ်ခုလုံးကို ဝန်းရံထားသည့် မြင့်မားသော ကြွေပြားနံရံများသာ ရှိနေသည်။
အေးစက်သောရေသည် သူ့ခြေချင်းဝတ်ကို ရိုက်ခတ်နေသည်။ အောက်ခြေရှိ တစ်စုံတစ်ရာက သူ့ကို ဆွဲသွင်းရန် ကြိုးစားနေသကဲ့သို့ ရှင်းပြ၍မရသော ဖိအားတစ်ခုကို ခံစားနေရသည်၊၊
“ဒီဟာ ဘယ်လို အိပ်မက်ဆိုးမျိုးလဲ...”
သူမဝင်မီကပင် လမ်းတစ်လျှောက်လုံးကို စစ်ဆေးကြည့်ပြီးပြီ၊ ရှုပ်ထွေးသည့် ယန္တရားတည်ဆောက်ပုံများ မရှိခဲ့ပေ။ သူ တစ်စုံတစ်ခုကို ရှာတွေ့ရန် မျှော်လင့်ခဲ့သော်လည်း အကြာကြီး လျှောက်ပြီးနောက် ဘာကိုမှ မကြုံတွေ့ခဲ့ရပေ။ ယခု စင်္ကြံလမ်းဆုံးတွင် သူ့ကို စောင့်ကြိုနေသည်မှာ ဤကြီးမားသည့် အောက်ခြေမမြင်ရသော ရေကန်ကြီးသာ ဖြစ်သည်။
၎င်းသည် ငရဲဘုံသို့ တိုက်ရိုက်ဝင်ပေါက်တစ်ခုလို ခံစားရသည်။
သုတေသနစက်ရုံ - စောင့်ကြည့်ခန်းမ
စောင့်ကြည့်ခန်းအတွင်း၌ သုတေသနဝန်ထမ်းများသည် ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် ရှိနေသည်။ လူအနည်းငယ်သည် လုံခြုံရေးမှူး ဖုန်းချွမ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူသည် လေးလံသော မျက်နှာအမူအရာဖြင့် ထိုင်နေပြီး စောင့်ကြည့်မျက်နှာပြင်များကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။
“အကြီးအကဲဖုန်း၊ ပစ်မှတ်က အနက်ရောင်ရေကန်ဧရိယာထဲကို ဝင်သွားပါပြီ”
ဖုန်းချွမ်၏ အကြည့်များ ထက်မြက်လာသည်။
“ဇီဝနမူနာ အမှောင်ဒီရေ အမှတ် ၁ ကို လွှတ်လိုက်ပါ။ ရေသွင်းခြင်းကို စတင်ပါ။ စင်္ကြံလမ်းကို ရေလွှမ်းမိုးလိုက်”
“ဟမ်”
သုတေသနပညာရှင်များ အံ့အားသင့်သွားကြသည်။
“ဒါ... ဒါဆိုရင်...”
“အမိန့်ကို လိုက်နာပါ။ ဒီနေ့ ပစ်မှတ်ဆီကနေ အဖိုးတန်တဲ့ အချက်အလက်တွေကို ငါတို့ ရယူရမယ်”
“...နားလည်ပါပြီ”
သုတေသနပညာရှင်များသည် တင်းမာနေသော်လည်း ထိုရက်စက်သည့် အမိန့်ကို စတင်လုပ်ဆောင်ခဲ့ကြသည်။
ရေကန်ဧရိယာ...
လင်းရှန်သည် သတ္တုတိုင်တစ်ခုကို လမ်းဆုံးအစွန်းတွင် နေရာချထားပြီး ပိုမိုကြီးမားသော ဧရိယာကို လင်းစေရန် သူ၏ မီးကို အပေါ်တွင် ချိတ်ထားလိုက်သည်၊၊ သူသည် ငွေရောင် ရေကူးကန်လှေကားဆီသို့ သတိထား၍ ရွေ့လျားသွားပြီး မျက်နှာပြင်အောက်ကို စူးစိုက်ကြည့်ရန် ရှေ့သို့ ကိုင်းညွှတ်လိုက်သည်။
ဝှစ်
ကြီးမားပြီး အရိပ်မည်းပုံသဏ္ဌာန်တစ်ခုသည် ရေအောက်တွင် ခွေလိမ်နေသော မြွေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားသည်။ ၎င်း၏ ပုံသဏ္ဌာန်သည် မဲနက်နေပြီး ခနချင်းပင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ထိုရုတ်တရက် လှုပ်ရှားမှုသည် လင်းရှန်၏ ရေစိမ်ခံထားသော ခြေထောက်များဆီသို့ ရေလှိုင်းတစ်ခုကို ပြေးဝင်လာစေပြီး သူ့ကို ဆွဲသွင်းရန် ကြိုးစားနေသကဲ့သို့ပင်။
“ဖာ့ခ်”
လင်းရှန်သည် အလိုအလျောက် နောက်သို့ ယိုင်လဲသွားခဲ့ပြီး သူ့ခြေလှမ်းများ၏ ဖရိုဖရဲ ရေသံများသည် ထူးဆန်းအေးစက်သောတိတ်ဆိတ်မှုထဲတွင် ပဲ့တင်ထပ်သွားသည်။
အထဲမှာ တစ်ခုခုရှိနေသည်။
ပတ်ဝန်းကျင်ကို ကြည့်ရင်း သူ၏ မျက်နှာအမူအရာသည် မည်းမှောင်သွားသည်။ စက္ကန့်များသည် နာရီများလို ကုန်လွန်သွားသည်။ သူ ထွက်ပေါက်တစ်ခု ရှာဖွေရန် လိုအပ်သည်။ မော့ကြည့်လိုက်ရာ နောက်ဆုံးတွင် တစ်ခုခုကို သူသတိပြုမိသည်။ ရေကူးကန်အပေါ် ပေဒါဇင်ချီသော အကွာအဝေးတွင် နံရံမြင့်မှ ခုန်ဆင်းစင်ငယ်တစ်ခု ထိုးထွက်နေပြီး ၎င်းနောက်တွင် မှောင်မည်းသော တံခါးတစ်ခု ရှိနေသည်။
ထို့နောက် သူ၏ မီးတိုင်မြင့်သည် ရေမျက်နှာပြင်ပေါ်သို့ မှိတ်တုတ်မှိတ်တုတ် ကျရောက်သွားသောအခါ အခြားအရာတစ်ခုကို သူ သတိပြုမိခဲ့သည်။ ရေကူးကန်အောက်တွင် မြုပ်နေသော လမ်းတစ်ခု ဖြစ်သည်။
သို့မဟုတ် ပို၍ပြောရလျှင် တိုင်များဖြစ်သည်။ ခြေတစ်ဖက်နင်းရန်ပင် မလောက်အောင် ကျဉ်းမြောင်းသည့် အဖြူရောင် ကြွေပြားတိုင်များ။ ၎င်းတို့သည် ရေကူးကန်၏ တစ်ဖက်ဆီသို့ တစ်မီတာခန့် အကွာအဝေးဖြင့် တန်းစီလျက်ရှိပြီး ကြွေပြားနံရံမှ ထိုးထွက်နေသော နံရံကပ်လှေကားဆီသို့ ရောက်ရှိနေသည်။
သူထွက်ပြေးလိုပါက တိုင်တစ်ခုမှ တစ်ခုသို့ ခြေချလှမ်းရမည်။ အနက်ရောင်ရေကန် အပေါ်တွင် ဟန်ချက်ညီအောင် လှမ်းပြီး နံရံဆီသို့ ရောက်အောင်သွားကာ အပေါ်သို့ တက်ရမည်။
သူ့မီးတိုင်မြင့်မရှိပါက အောက်ခြေတွင် ဘုရားသခင်သာသိနိုင်သည့်အရာများ ချောင်းမြောင်းနေသည့် မမြင်နိုင်သော ရေကန်ကို မျက်စိမှိတ် ခုန်ကူးနေရမည်။
ထိုတိုင်များကရော။ ၎င်းတို့သည် အနက်ရောင်ရေထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေသည်။ ၎င်းတို့ပတ်လည်ရေထဲတွင် ဘာတွေ ရှိနေသည်ကို မည်သူမျှ မပြောနိုင်ပေ။
“ဒီလိုအိပ်မက်ဆိုးကို ဘယ်သူကများ ဒီဇိုင်းဆွဲခဲ့တာလဲ”
လင်းရှန်၏ အူများ လိမ့်သွားသည်။ သူ့ကျောရိုးတစ်လျှောက် အေးစိမ့်တတ်လာသည်ကို ခံစားလိုက်ရသည်။
မှောင်မည်းအေးစက်ပြီး အလုံပိတ်ထားသည့် နေရာတစ်ခု။
အောက်ခြေမသိရသော ကြီးမားသည့် ရေကန်ကြီးတစ်ခု။
လှိုင်းထနေသော အနက်ရောင်ရေများ။
အောက်ဘက်တွင် ချောင်းမြောင်းနေသည့် အမည်မသိသတ္တဝါများ။
မည်သူမဆို၏ အလွန်တုန်လှုပ်သွားနိုင်သည်။
ထိုအချိန်တွင် ရုတ်တရက်...
သူ့ခြေချင်းဝတ်တွင် ရှိနေသည့် ရေသည် ယခုအခါ ခြေသလုံးအထိ ရောက်ရှိနေပြီ။
ရေသည် မြင့်တက်လာသည်။
သုတေသနစက်ရုံ - စောင့်ကြည့်ခန်းမ
စောင့်ကြည့်မျက်နှာပြင်များက ထောင့်တိုင်းကို ပြသနေသည်။ ရေကန်မျက်နှာပြင်၊ လှေကားများ၊ တိုင်များနှင့် အပေါ်ရှိ ခုန်ဆင်းစင်။
“အနက်ရောင်ရေဟာ အဆင့် ၃ အမြန်နှုန်းနဲ့ မြင့်တက်နေပါတယ်။ ပစ်မှတ်က အဆင့် ၅ ရေလွှမ်းမိုးမှုကို မလုပ်ဆောင်ခင် နံရံဆီကို ရောက်ဖို့ သုံးမိနစ်ခန့်သာ အချိန်ရှိပါတော့တယ်။”
“ရှင်သန်ခြင်း အချက်အလက်သစ် - ပစ်မှတ်- နှလုံးခုန်နှုန်း ၁၀၅ မှာရှိပြီး ၁၁၀ ကို ချဉ်းကပ်နေပါပြီ”
ဖုန်းချွမ်သည် စောင့်ကြည့်မျက်နှာပြင်ကို စိတ်ဝင်တစား ကြည့်နေရင်း ပြုံးလိုက်သည်။
“သူ ကြောက်လန့်နေပြီ”
သုံးမိနစ်တွင် ရေအဆင့်သည် မတ်တပ်ရပ်ရန် မဖြစ်နိုင်တော့ဘဲ သူသည် ရေကူးရန် အတင်းအကျပ် ခိုင်းစေခံရမည်။
စင်္ကြံလမ်းကိုယ်တိုင်က တွင်းနက်ရေကန်၏ အလယ်ဗဟိုကို ဖြတ်ကျော်နေသည့် ကြီးမားသော ပိုက်လိုင်းတစ်ခုသဖွယ် ဖြစ်နေသည်။
ဖုန်းချွမ်၏ အကြည့်များသည် စင်္ကြံလမ်းထွက်ပေါက်တွင် စွဲမြဲနေသည်။ သူသည် လင်းရှန်ကို အသေအလဲ ကြိုးပမ်းကာ ထွက်ပြေးရန်အတွက် တိုင်တစ်ခုမှ တစ်ခုသို့ ရူးသွပ်စွာ ခုန်ကူးနေသည်ကို မြင်တွေ့ရန် မျှော်လင့်နေသည်။
သို့သော်...
လင်းရှန်သည် ထိုနေရာတွင် မရှိတော့ပေ။
ဖုန်းချွမ်၏ မျက်နှာအမူအရာ မည်းမှောင်သွားသည်။
“ဘာတွေဖြစ်နေတာလဲ...ဘာလို့ သူ မလှုပ်ရှားတာလဲ..ရေတွေက မြင့်တက်လာပြီမဟုတ်လား”
“မသိဘူး။ စင်္ကြံလမ်းထဲမှာ ကင်မရာတွေ မရှိဘူး”
“သူ နောက်ဆုတ်သွားတာလား”
“မဟုတ်ဘူး။ သူ့ရဲ့ အသက်ဓာတ်ထုတ်လွှတ်မှုက စမ်းသပ်ဧရိယာထဲမှာပဲ ရှိနေသေးတယ်”
ဖုန်းချွမ် အံကြိတ်လိုက်သည်၊၊
“နှစ်မိနစ်ပဲ ကျန်တော့တယ်။ သူ အခု မလှုပ်ရှားရင် ဘယ်တော့မှ မလုပ်နိုင်တော့ဘူး”
သုတေသနပညာရှင်တစ်ဦးက တုံ့ဆိုင်းစွာ မှတ်ချက်ချလိုက်သည်၊၊ “...ဖြစ်နိုင်တာက... သူ ရေတွေတက်လာပြီး အပေါ်သို့ မျောပါသွားအောင် စောင့်နေတာလား”
“မဖြစ်နိုင်ဘူး”
ဖုန်းချွမ်က စူးရှစွာ ပြောလိုက်သည်။
“အနက်ရောင်ရေထဲမှာ တစ်မိနစ်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ အမှောင်ဒီရေ အမှတ် ၁ က သူ့ကို ချက်ချင်း ဝါးမျိုပစ်လိမ့်မယ်”
“အကြီးအကဲ! တစ်မိနစ်ပဲ ကျန်တော့တယ်။ စင်္ကြံလမ်း တစ်ခုလုံး ရေလွှမ်းမိုးတော့မယ်”
ဖုန်းချွမ်၏ လက်သီးများသည် တင်းကျပ်သွားသည်။ အနက်ရောင်ရေက လမ်းတစ်လျှောက်လုံးကို မြင့်တတ်နေသည်ကို စောင့်ကြည့်ရင်း သူ၏ အကြည့်သည် ဝေခွဲမရဖြစ်လာသည်၊၊
သို့သော်လည်း... လင်းရှန် ပေါ်မလာသေးပေ။
“အစီရင်ခံစာ - ပစ်မှတ်ရဲ့ ခန္ဓာကိုယ်အပူချိန် ကျဆင်းနေပါတယ်။ နှလုံးခုန်နှုန်းက ယခုအခါ ၈၀ မှာ ရှိနေပါတယ်”
“သူ ဘာတွေလုပ်နေတာလဲ”
ဖုန်းချွမ်က အော်လိုက်သည်။
ထို့နောက် သုတေသနပညာရှင်တစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်၊
“သူ... သူ ထွက်လာပြီ”
“ဘယ်မှာလဲ”
ဖုန်းချွမ်အပါအဝင် လူတိုင်း စင်္ကြံလမ်းထွက်ပေါက်ကို လှည့်ကြည့်လိုက်ကြသည်။
သို့သော်...
လင်းရှန်သည် ထိုနေရာတွင် မရှိပေ။