← Chapters

ပြန်လာခြင်း

Vol. 49 Ch. 723

ပြန်လာခြင်း

Vol. 49 Ch. 723

ကျိုးဟောင်မှာမျက်လုံးများအားဖွင့်လိုက်ကာ အာကာသသားရဲ၏အာကာသအကာအကွယ်အောက်မှလမ်းလျှောက်ထွက်လာခဲ့သည်။

ထို့နောက်ခန္ဓာကိုယ်အားအကြောဆန့်လိုက်ပြီးနောက် မျက်လုံးများအားမှေးလိုက်မိသည်။ ဤခန္ဓာကိုယ်သည်သာမန်ထက်ထူးခြားကြောင်းခံစားလိုက်ရပြီး အလွန်ထိတ်လန့်သွားခဲ့သည်။

"ဒီခန္ဓာကိုယ်ကမဆိုးဘူး ငါ့ရဲ့မူလခန္ဓာကိုယ်ထက်အများကြီးပိုပြီးသန်မာတယ်"

ကျိုးဟောင်မှမနေနိုင်ဘဲထုတ်ပြောလိုက်သည်။

"သေချာတာပေါ့ ဒါတွေကအာကာသသားရဲရဲ့မျိုးရိုးဗီဇတွေပဲကို မင်းရဲ့ခန္ဓာကိုယ်ထဲကဆဲလ်တွေက လူသားဆဲလ်တွေဆိုပေမဲ့ အာကာသသားရဲရဲ့မျိုးရိုးဗီဇနဲ့ပေါင်းစပ်ထားတာ ဒါကြောင့်စွမ်းအားကြီးတာကသဘာဝပဲ"

ဖားမှပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်နားမလည်တာရှိတယ် ကျွန်တော်‌ရှေးဟောင်းခန္ဓာသိုင်းကိုလေ့ကျင့်ခဲ့တာကို ဘာလို့ကျွန်တော့်ခန္ဓာကိုယ်ကအာကာသသားရဲလောက်မသန်မာတာလဲ"

ကျိုးဟောင်မှာဤမေးခွန်းအားအမြဲတမ်းမေးချင်နေခဲ့ခြင်းဖြစ်သည်။

"ဟဟ မင်းကတော့တကယ်ကိုတဇောက်ကန်းပဲ ငါမင်းကိုဒါတော့ပြောနိုင်တယ် ရှေးဟောင်းခန္ဓာသိုင်းရဲ့ကျင့်ကြံရေးကအကန့်အသတ်မရှိဘူး ဒါပေမဲ့အစမှတ်တော့ရှိတယ် မင်းကစကြဝဠာထဲကအဆင့်နိမ့်ဆုံးအသက်ပုံစံနဲ့စခဲ့တယ် မင်းစကြဝဠာထဲရှိနေသရွေ့ အဲဒီဂုဏ်သိက္ခာသိပ်မကြီးတဲ့ဟာတွေကမင်းထက်ပိုပြီးသန်မာတဲ့ခန္ဓာကိုယ်တွေရှိတယ် မင်းသူတို့ကိုလိုက်မီဖို့ဆို အနည်းဆုံးရှေးဟောင်းခန္ဓာသိုင်းကိုနောက်ထပ်အကြိမ်အနည်းငယ်လောက်ထပ်ကျင့်ရဦးမှာပဲ"

ဖားမှာပြုံးကာဆက်ပြောလာသည်။

"ဒါပေမဲ့ တခြားလူတွေကမတူဘူး သူတို့ကအရှိန်အဝါတစ်ခုနဲ့မွေးဖွားလာတာ သူတို့ရဲ့မျိုးဗီဇတွေကစကြဝဠာထဲမှာအကြိမ်ပေါင်းများစွာမွမ်းမံလာတာ ခေတ်ပေါင်းများစွာဖြတ်ကျော်ပြီးတဲ့နောက်မှာငါတောင်သူတို့မျိုးရိုးဗီဇရဲ့ဇာစ်မြစ်ကိုမသိတော့ဘူး"

"သူုတို့ရဲ့ခန္ဓာကိုယ်တွေက အရင်ကတည်းကသန်မာကြတယ် ဒါပေမဲ့အခုမင်းမှာအာကာသသားရဲရဲ့ခန္ဓာကိုယ်ရှိနေပြီဆိုတော့ ရှေးဟောင်းခန္ဓာသိုင်းကိုကျင့်ကြံပြီးသွားရင် မင်းပိုပြီးတော့သန်မာလာမှာ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့စမှတ်ကအရမ်းမြင့်တယ် ငါမင်းကိုဥပမာတစ်ခုပေးပြမယ် ရှေးဟောင်းခန္ဓာသိုင်းကိုအနည်းဆုံးလေးကြိမ်ကျင့်ကြံပြီးသွားရင် မင်းကမွေးကင်းစအာကာသသားရဲတစ်ကောင်ရဲ့ခန္ဓာကိုယ်အဆင့်ကိုရောက်နိုင်လိမ့်မယ် ဒါပေမဲ့ ဒါကလည်းဒီလောက်မရိုးရှင်းဘူး အာကာသသားရဲရဲ့ ဒီသိုင်းကို ၄ကြိမ်ကျင့်ကြံမှုက မင်းရဲ့ ၈ကြိမ်ကျင့်ကြံမှုနဲ့မတူဘူး မင်းနားလည်လား"

ဖား၏ရှင်းပြချက်မှာနားလည်ရလွယ်ပေသည်။ ဤစကားအားကြားပြီးနောက် ၎င်းတို့မှာမြင့်မားသည့်စမှတ်ရှိကြောင်း ကျိုးဟောင်ချက်ချင်းနားလည်သွားခဲ့သည်။ အကယ်၍ထိုသူများအား အမီလိုက်လိုပါက သူသည်ဤကွာခြားချက်အားကျော်ဖြတ်ရမည်ဖြစ်သည်။

ကမ္ဘာဂြိုဟ်‌ပေါ်တွင် သူ့ခန္ဓာကိုယ်သည်အခြားကျင့်ကြံသြာများထက်များစွာပို၍သန်မာသည်။ အကြောင်းမှာ သူတို့သည်အားလုံးတူညီသောအဆင့်တွင်ရှိနေ၍ဖြစ်သည်။ သို့သော် ဤစကြဝဠာနှင့်နှိုင်းယှဥ်ပါက သူ့ခန္ဓာကိုယ်မှာအလွန်အားနည်းလှပေသည်။

"ကျွန်တော်နားလည်ပြီ..."

ကျိုးဟောင်မှာပြုံးကာအာကာသသားရဲ၏ကြီးမားသောခန္ဓာကိုယ်ကြီးအားကြည့်လိုက်သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်အားကြည့်ကာ ထပ်ပြုံးလိုက်ပြန်သည်။

"ပြောင်း"

ကျိုးဟောင်မှာနှုတ်မှအသံထွက်အော်ရင်း မျက်လုံးများအားမှိတ်လိုက်သည်။ ထို့နောက်သူ့မျက်လုံးများအားဖွင့်လိုက်ချိန်တွင် မျက်လုံးများထဲတွင်အလင်းတန်းတစ်ခုဖျက်ခနဲပေါ်လာခဲ့သည်။ အာကာသသားရဲ၏ပုံဆောင်ခဲအမြုတေမှာချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်ထဲတွင်ပေါ်လာခဲ့သည်။ ထိုအရာသည်အာကာသသားရဲ၏ စွမ်းအင်အနှစ်သာရဖြစ်ကာ အာကာသသားရဲ၏ပိုင်နက်အာကာသပါဝင်ပေသည်။

ကျိုးဟောင်မှာ သူ့ခန္ဓာကိုယ်ထဲမှအာကာသသားရဲနှင့်ပတ်သက်သည့်အရာအားလုံးအား ပြောင်းလဲလိုက်ပြီဖြစ်သည်။ လက်ရှိအချိန်တွင် အာကာသသားရဲမှာခန္ဓာကိုယ်သာကျန်တော့ပေသည်။

"အခုကျွန်တော်ကလူသားပုံစံနဲ့အာကာသသားရဲပဲ..."

ကျိုးဟောင်မှာပြုံးကာ အာကာသသားရဲ၏ကျင့်ကြံဆင့်အားတိုးမြှင့်ရန် ၎င်းအားထိန်းချုပ်ပြီး မြေကြီးထဲသို့ဝင်ရောက်သွားစေပြီးလပေါ်ရှိသတ္တုရိုင်းများအား ဆက်လက်စုပ်ယူစေလိုက်သည်။

သူ၏လက်ရှိကျင့်ကြံဆင့်မှာလည်း သူတော်စင်ဘုံအဆင့်တစ်ဝက်သို့ရောက်ရှိနေပြီဖြစ်ကာ ဤသည်မှာသူ၏ခန္ဓာကိုယ်အားထပ်မံဖန်တီးခြင်းမှရရှိလာသည့်အကျိုးအမြတ်ဖြစ်သည်။

သို့သော် အသန်မာဆုံးတိုက်ခိုက်ရေးစွမ်းအားမှာအာကာသသားရဲ၏အဓိကခန္ဓာကိုယ်ထဲတွင်ရှိနေဆဲပင်ဖြစ်ကာ ၎င်းမှာစစ်မှန်သောတတိယမြောက်သူတော်စင်ဘုံအဆင့်သာရှိသေးသည်။

"ငါကသူတော်စင်ဘုံအဆင့်တစ်ဝက်မှာပဲရှိသေးတယ်ဆိုပေမဲ့ ကမ္ဘာဂြိုဟ်ပေါ်မှာအသန်မာဆုံးတည်ရှိမှုဖြစ်နေတုန်းပဲ ပြန်သွားပြီးစာရင်းရှင်းရမဲ့အချိန်ရောက်ပြီ"

ပြောနေရင်း ကျိုးဟောင်၏မျက်လုံးများတွင်ရက်စက်မှုအရိပ်အယောင်များဖြတ်ပြေးသွားခဲ့သည်။ ကျိုးဟောင်သည်သူတို့အားဤမျှလောက်အလွယ်တကူလွှတ်ပေးမည်မဟုတ်ပေ။

လုံနတ်ဘုရားစစ်သင်္ဘောမှာပြင်ဆင်ထားပြီးပြီဖြစ်ပေရာ ကျိုးဟောင်မှာချက်ချင်းပင်၎င်းအားစီးကာကမ္ဘာဂြိုဟ်ပေါ်သို့ပြန်လာခဲ့သည်။

ကျိုးဟောင်မှာထွက်လာခဲ့စဥ်ကလုံနတ်ဘုရားစစ်သင်္ဘောအားလူမမြင်စေရန်ဖုံးကွယ်ထားခဲ့ပေရာ ယခုတစ်ကြိမ်ပြန်လာချိန်တွင်လည်းအတူတူပင်။

ကျိုးဟောင်ပထမဆုံးသွား‌ရောက်သည့်နေရာမှာ တစ်ရာမြို့ရှိ အနီရောင်မဟူရာချောက်ဖြစ်ပြီး မြို့သခင်အိမ်တော်ရှိ သူ၏မိဘများအားချက်ချင်းပင်သွားတွေ့ခဲ့သည်။

ကျိုးရွှယ်ကောနှင့် ဝမ်ရှုယွင်တို့မှာကျိုးဟောင်အားမြင်လိုက်ရချိန်တွင်နေရာမှာပင် ကြက်သေသေနေခဲ့ကြသည်။ သူတို့သည်သားဖြစ်သူအားအသက်ရှင်လျက်ထပ်တွေ့ရမည်ဟုမမျှော်လင့်ထားခဲ့ပေ။

"အဖေ အ‌မေ သားတာဝန်မကျေခဲ့ပါဘူး"

ကျိုးဟောင်မှာမြေပြင်ပေါ်ဒူးထောက်လိုက်ရင်း စိတ်ကောင်းဖြစ်နေခဲ့သည်။ အကယ်၍အာကာသသားရဲနှင့်တိုက်ပွဲ၏အဆုံးတွင် စိတ်ဝိဉာဥ်ကျောက်တုံးမှကာကွယ်ရေးလုပ်ဆောင်ချက်အားအသက်မသွင်းခဲ့ဘူးဆိုပါက သူသည်အစောကြီးကတည်းကမိဘများနှင့်ခွဲခွာခဲ့ရပြီးဖြစ်နိုင်သည်။

"သားအဆင်ပြေတာကောင်းတယ် သားအဆင်ပြေတာကောင်းတယ်...သားလေး အမေကမင်းကိုသေသွားပြီလို့ထင်နေခဲ့တာ...."

ဝမ်ရှုယွင်မှာကျိုးဟောင်အားဖက်ရင်း နာကျင်စွာငိုကြွေးနေခဲ့ပြီး ကျိုးရွှယ်ကောသည်လည်းဘေးမှရပ်ကြည့်ရင်းကျလာသောမျက်ရည်များအားသုတ်နေခဲ့သည်။

"အ‌ဖေ အမေ သားပြန်လာပြီ ဒီတစ်ခေါက်ထပ်ပြီးအန္တရာယ်မဖြစ်စေရပါဘူးလို့ သားကတိပေးပါတယ်"

ကျိုးဟောင်မှာချက်ချင်းပြောလိုက်သည်။ ဤကမ္ဘာဂြိုဟ်ပေါ်တွင်သေချာပေါက်အန္တရာယ်မရှိတော့သော်ငြား ကျယ်ပြောလှသောစကြဝဠာထဲတွင်တော့ ကျိုးဟောင်မှာဤစကားအားမပြောဝံ့ပေ။

"ကောင်းတယ် ကောင်းတယ် ကောင်းတယ်....သားလေး မင်းပြန်လာပြီးတော့ရှုလင်နဲ့တွေ့ပြီးပြီလား သူကမင်းကိုစောင့်နေခဲ့တာ"

ဝမ်ရှုယွင်မှာချက်ချင်းပင် ချွေးမဖြစ်သူအားသတိရလိုက်သည်။ မူလက ကျိုးဟောင်သေသွားပါက သူတို့သည်ရှုလင်၏အနာဂတ်အားနှောင့်နှေးစေမည်မဟုတ်သော်လည်း ယခုသူမသားသည်ပြန်လာပြီဖြစ်ပေရာ ဝမ်ရှုယွင်မှာယခုလိုချွေးမကောင်းလေးအား လက်လွှတ်မခံနိုင်ပေ။

"သားအခု အမေတို့ကိုအိမ်ပြန်ခေါ်သွားပေးမယ် ပြန်ရောက်ပြီးရင်သားတို့ရှုလင်ကိုသွားတွေ့ကြမယ်"

ကျိုးဟောင်မှာပြုံးကာပြောလိုက်ပြီးမိဘများအားခေါ်ကာ စစ်နတ်ဘုရားတပ်ရင်းရှိ သူ၏အိမ်တော်သို့ချက်ချင်းပြန်လာခဲ့သည်။

သူပြန်ရောက်လာသည်နှင့် အခန်းထဲရှိရှုလင်အားမြင်လိုက်ရ၍ကျိုးဟောင်မှာမှင်တက်သွားခဲ့သည်။ စင်စစ်တွင်သူမသည်ဤနေရာတွင်သာစောင့်နေခဲ့ခြင်းဖြစ်သည်။

ကျိုးဟောင်မသေမှန်းရှုလင်သိစဥ်ကတည်းက သူမသည်စစ်နတ်ဘုရားတပ်ရင်း၏နိုင်ငံတကာနေထိုင်ရေးဧရိယာထဲတွင်စောင့်နေခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာကျိုးဟောင်ပြန်လာသည်နှင့် ဤနေရာသို့သေချာပေါက်လာမည်ဖြစ်ကြောင်းသူမသိထား၍ဖြစ်သည်။

ကျိုးဟောင်မထိမခိုက်ပြန်လာသည်ကိုမြင်သောအခါ ရှုလင်သည်ချက်ချင်းပင်ကျိုးဟောင်၏ရင်ခွင်ထဲသို့ပြေးဝင်လိုက်ပြီး မျက်လုံးမှမျက်ရည်များစီးကျလာခဲ့သည်။

"ကိုယ်ပြန်လာပြီ...."

ဤရိုးရှင်းသောစကားလုံးများမှာ ရှုလင်အားလပေါင်းများစွာစောင့်ဆိုင်းရအောင်လုပ်ခဲ့ပေသည်။ သူမသည်အလွန်ဝမ်းနည်းစွာငိုကြွေးနေသာ်ငြား အလွန်ပျော်ရွှင်နေပေသည်။

ကျိုးဟောင်တို့မိသားစုမှာ ပျော်ရွှင်စွာဖြင့်ထမင်းတစ်နပ်အားအတူစားခဲ့ကြပြီး ကျန်းရိတို့မှာလည်းလမ်းတွင်ကျိုးဟောင်ပြန်လာကြောင်းကြားခဲ့ပြီးနောက် လျင်မြန်စွာရောက်လာခဲ့ကြသည်။

သူငယ်ချင်းညီနောင်များမှာအလွန်ပျော်ရွှင်နေခဲ့သည်။ ကျိုးဟောင်အသက်ရှင်လျက်ပြန်လာသည်ကိုသာ ပျော်သည်မဟုတ်ဘဲ ကျိုးဟောင်နှင့်ရှုလင်တို့အတွက်ဝမ်းသာတာလည်းပါပေသည်။

အိမ်ရှိကိစ္စအားဖြေရှင်းပြီးနောက် ကျိုးဟောင်၏အကြည့်မှာဥရောပသမဂ္ဂအဖွဲ့ထံသို့ရောက်ရှိသွားခဲ့သည်။ ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်းအားရောက်ရှိသွားချိန်တွင် ကျိုးဟောင်အားတွေ့လိုက်ရသူအားလုံးမှာထိတ်လန့်သွားခဲ့ကြသည်။ သူတို့သည်ကျိုးဟောင်အသက်ရှင်နေလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။

အထူးသဖြင့် ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့ဖြစ်သည်။

"စီနီယာတို့ တခြားဘာမှပြောစရာမလိုပါဘူး ဘာဖြစ်ခဲ့လဲဆိုတာကျွန်တော်သိထားပြီးသားပါ ကျွန်တော်စီနီယာတို့ကိုခေါ်သွားပြီး..ကျွန်တော်တို့ပိုင်တဲ့ပစ္စည်းတွေအားလုံးကိုပြန်ယူလာမယ်"

ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။ သူ့စကားများမှာဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့အား ပျော်ရွှင်သွားစေခဲ့သည်။

ကျိုးဟောင်မှာအချိန်မဖြုန်းတော့ဘဲ ချက်ချင်းပင်လုံနတ်ဘုရားစစ်သင်္ဘောဖြင့် ဥရောကသမဂ္ဂအဖွဲ့ထံသို့ထွက်ခွာလာခဲ့သည်။ အာကာသယာဥ်ထဲမှကျိုးဟောင်လမ်းလျှောက်ထွက်လိုက်သည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့်သူတော်စင်ဘုံအဆင့်တစ်ဝက်ဖိအားမှာ ဥရောပသမဂ္ဂအဖွဲ့၏အမြင့်ဆုံးတိုက်များအားလုံးအားလွှမ်းခြုံသွားခဲ့သည်။

ပေါလ်နှင့်အခြားလူများမှာ ချက်ချင်းပင်ကျိုးဟောင်၏ အငွေ့အသက်အားခံစားမိပြီး အပြင်သို့အလောတကြီးပြေးထွက်လာခဲ့ကြကာ ကောင်းကင်ပေါ်တွင်ရပ်နေသည့်ကျိုးဟောင်အားမြင်သောအခါ အားလုံးမှာကြောက်လန့်သွားခဲ့ကြသည်။

"ကျိုး....ကျိုးဟောင်....သူ...သူတကယ်အသက်ရှင်နေသေးတာပဲ..."

ပေါလ်မှာမိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး ခေါင်းထဲတွင်ဒိန်းခနဲမြည်ဟီးသွားကာ စိတ်ထဲတွင်ဗလာဖြစ်သွားခဲ့သည်။

ကျိုး‌ဟောင်မှာ သူတို့အဖွဲ့အားကြည့်ကာပြုံးရင်းပြောလာခဲ့သည်။

"လူကြီးမင်းပေါလ် ခင်ဗျားကျုပ်ကိုတွေ့ရတာအရမ်းမှအံ့သြသွားရဲ့လား"

ကျိုးဟောင်မှာပေါလ်အားစိုက်ကြည့်နေပေသည်။ ကျိုးဟောင်၏မျက်နှာမှာပြုံးနေသော်ငြား မျက်လုံးထဲရှိအေးစက်မှုအား အားလုံးမြင်နိုင်ပေသည်။

ကမ္ဘာဂြိုဟ်ပေါ်ရှိစွမ်းအားကြီးသောသိုင်းပညာရှင်များ သေဆုံးသွားခဲ့ပြီးနောက် ဤကဲ့သို့သောအမှိုက်များမှာဤအခြေအနေအားအခွင့်ကောင်းယူနေပေသည်။

အာကာသသားရဲနှင့်တိုက်ခိုက်စဥ်က ပညာရှင်များမှာမိမိကိုယ်ကိုစတေးကာ ချိပ်တံဆိပ်အားပြည့်စုံအောင်လုပ်ရန် ၎င်းတို့ဆန္ဒအလျောက်ပါဝင်ခဲ့စဥ်က ပေါလ်တို့သည်ရှေ့ထွက်လာခြင်းမရှိခဲ့ဘဲ ယခုအချိန်မှသာထွက်လာပြီးအကျိုးအမြတ်များအားရိတ်သိမ်းလိုခြင်းဖြစ်သည်။ ကျိုးဟောင်မှာ ဤအချက်အားလုံးဝသည်းမခံနိုင်ပေ။

....................................................................................

All Chapters