လျှို့ဝှက်ဆန်းကြယ်သောလူ
Vol. 49 Ch. 727
ကျိယောင်ယွဲ့နှင့်လင်းထျန်မှာအစီရင်ခံစာအားလုံးအားမြင်ပြီးနောက် အလွန်ထိတ်လန့်သွားခဲ့ကြသည်။ ဤကာလအတောအတွင်း ယခုလိုကြီးမားသည့်ကိစ္စတစ်ခုဖြစ်ပျက်ခဲ့မည်ဟု သူတို့မထင်ထားခဲ့ကြပေ။
မယုံကြည်နိုင်ဆုံးအရာမှာ ကျိုးဟောင်မှာတကယ်ပင် အာကာသသားရဲအားဖြေရှင်းခဲ့သည့်ကိစ္စဖြစ်ကာ ထိုကိစ္စမှာသူတို့အားအလွန်အံ့သြစေပေသည်။
"ကျိုးဟောင် ဒါဘယ်လိုဖြစ်တာလဲ မင်းတကယ်အာကာသသားရဲကိုဖြေရှင်းလိုက်တာကိုငါမယုံနိုင်ဘူး"
ကျိယောင်ယွဲ့မှပြောလိုက်ရာ ကျိုးဟောင်မှာသက်ပြင်းချလိုက်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူလည်းမည်သို့ဖြေရမည်မှန်းမသိပေ။
"တကယ်တော့ ကျွန်တော်လည်းမသိဘူး ကျွန်တော်အစကကျွန်တော့်အသက်ကိုစတေးပြီး စီနီယာတို့နှစ်ယောက်ကျွန်တော့်ကိုသင်ပေးခဲ့တဲ့ချိပ်ပိတ်သိုင်းကိုသုံးဖို့စီစဥ်ခဲ့တာ ဒါပေမဲ့သေရေးရှင်ရေးအခြေအနေမှာ ကျွန်တော့်ရဲ့ကြိုးစားမှုတွေက အလကားဖြစ်သွားခဲ့တယ် အဆုံးကျကျွန်တော်ကံကောင်းပြီး စိတ်ဝိဉာဥ်ကျောက်တုံးကြောင့်အသက်ရှင်ခဲ့တာ"
ကျိုးဟောင်မှာအဓိကအကြောင်းအရာအားရှောင်ဖယ်ကာ ဤစကားကိုသာပြောနိုင်သည်။ ထိုစကားအားကြားပြီးနောက် ကျိယောင်ယွဲ့နှင့်လင်းထျန်သည်လည်း မည်သည့်အရာကိုမျှသံသယမဝင်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည်ကျိုးဟောင်အားအကြွင်းမဲ့ယုံကြည်ပြီး ကျိုးဟောင်သည်သူတို့အားလိမ်ပြောမည်မဟုတ်မှန်လည်း သိပေသည်။
သူတို့နှစ်ယောက်မှာ ယခုမှနိုးလာခြင်းဖြစ်ပြီးခံယူရမည့်စစ်ဆေးမှုမှာများစွာကျန်ရှိနေသေးပေသည်။ ထို့အပြင် လုပ်စရာကိစ္စများစွာလည်းရှိပေရာ ကျိုးဟောင်မှာထွက်လာခဲ့သည်။
အိမ်သို့ပြန်ရောက်လာပြီးနောက်ကျိုးဟောင်မှာအိပ်ရာထဲတွင်လှဲကာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားဖွင့်လိုက်သည်။
သူကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်သို့မဝင်ဖြစ်သည်မှာကြာလှပြီဖြစ်ပြီး ယနေ့ဝင်လိုက်ချိန်တွင် ကြီးမားသောလှုပ်ရှားမှုအားဖြစ်စေဆဲပင်ဖြစ်သည်။
"သခင်ကြီးနောက်ဆုံးတော့ရောက်လာပြီ"
"မတွေ့တာကြာပြီ သခင်ကြီး ဘယ်ရောက်နေတာလဲ"
"သခင်ကြီး အင်အားကြီးတယ်ဟေ့ "
ကျိုးဟောင်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲသို့ဝင်လာသည်ကိုမြင်သောအခါ ဤလူများမှာချက်ချင်းပင် သူ့အားဝန်းရံလာခဲ့သည်။ ပုံရိပ်ယောင်ဖန်တီးရေးစနစ်အားရရှိပြီးနောက်ပိုင်းမှစ ကျိုးဟောင်မှာအလွန်ကူကယ်ရာမဲ့နေခဲ့သည်။ သူပေါ်လာချိန်တိုင်း လူများစွာ၏ဝန်းရံခြင်းအားခံရပေသည်။
မတတ်နိုင်ပေ။ ကျိုးဟောင်မှာသူ၏သီးသန့်ပိုင်နက်ထဲသို့ဝင်သွားရုံသာတတ်နိုင်ပေသည်။
"ဟင်း....လူသိများလာရင်အမြဲတမ်းပြဿနာရှိတာပဲ"
ကျိုးဟောင်မှာ ဘဝင်မြင့်စွာပြောလိုက်သည်။ ထိုအချိန်တွင်နတ်မိမယ်ယွဲ့လင်ထံမှစာဝင်လာခဲ့သည်။
"သခင်ကြီး နောက်ဆုံးတော့ရောက်လာပြီပေါ့ မကောင်းတော့ဘူး လူတစ်ယောက်ကရှင့်ကိုနေရာတိုင်းမှာရှာနေတယ်"
ဤသတင်းအားမြင်သောအခါ ကျိုးဟောင်မှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။ သူသည်အလွန်ရှုပ်ထွေးနေပြီး အလျင်အမြန်ပင်ဆော့ဖ်ဝဲလ်အားဖွင့်ကာ တစ်ဖက်လူ၏ပိုင်နက်ထဲသို့ဝင်ခွင့်တောင်းလိုက်သည်။
မကြာမီနတ်မိမယ်ယွဲ့လင်ဘက်မှလက်ခံလိုက်ပေရာ ကျိုးဟောင်မှာချက်ချင်းပင်နတ်မိမယ်ယွဲ့လင်၏ပိုင်နက်ထဲသို့ရောက်ရှိသွားခဲ့သည်။ သူမ၏သီးသန့်ပိုင်နက်ထဲရှိပတ်ဝန်းကျင်မှာရှေးကျကာအလွန်လှပနေဆဲပင်ဖြစ်သည်။
နတ်မိမယ်ယွဲ့လင်၏မျက်နှာပေါ်တွင် ဇာစပါးပါးလေးရှိနေပြီး အဖြူရောင်ဝတ်စုံအားဝတ်ဆင်ထားပေရာ သူမသည်အလွန်လှပနေခဲ့သည်။
"နတ်မိမယ်ယွဲ့လင် ဘာဖြစ်တာလဲ"
ကျိုးဟောင်မှာလှပသောရှုခင်းအားခံစားချိန်မရှိဘဲ အလျင်အမြန်ပင်မေးလိုက်သည်။
"ကျွန်မလည်းမသိဘူး ဒါပေမဲ့ခုတစ်လောသခင်ကြီးတစ်ယောက်ပေါ်လာတယ် သူ့ရဲ့နာမည်က 'ငါကချမ်းသာတယ်' တဲ့ သူကမကြာခဏကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုထဲဝင်လာပြီး ကွန်းမန့်ထဲမှာရှင့်အကြောင်းတွေမေးလေ့ရှိတယ်"
"အစကတော့ သူကရှင့်သူငယ်ချင်းလို့ကျွန်မထင်ပြီး ရှင့်အကြောင်းမေးဖို့သူ့ကိုကျွန်မရဲ့သူငယ်ချင်းစာရင်းထဲတောင်ထည့်ထားတာ ဒါပေမဲ့အဲဒီလူကကျွန်မကိုလုံးဝစာမပြန်ဘူး ကျွန်မလည်းအစကဂရုမစိုက်ခဲ့ဘူး ဒါပေမဲ့နောက်ကျ ကျွန်မသူ့ကိုလေ့လာကြည့်ခဲ့တယ် သူကကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာပေါ်လာရုံတင်မဟုတ်ဘူး အများစကားပြောတဲ့နေရာမှာပါပေါ်လာတာ ဒီလူဘာလုပ်ချင်လဲဆိုတာကျွန်မမသိဘူး ဒါကြောင့်ကျွန်မသူ့ကိုစပြီးသတိထားခဲ့တယ်"
နတ်မိမယ်ယွဲ့လင်၏စကာများမှာ ကျိုးဟောင်အားအလွန်ပဟေဠိဖြစ်စေပေသည်။ သူသည်ဤလူနှင့်လုံးဝမရင်းနှီးပေ။ တစ်ဖက်လူသည်ဘာကြောင့်သူ့အားရုတ်တရက်ရှာချင်နေရပါသနည်း။
ဤကိစ္စသည်သေချာပေါက် ထိုမျှမရိုးရှင်းကြောင်း ကျိုးဟောင်သေချာပေါက်ခံစားရပေသည်။
"သိပြီ ကျေးဇူးတင်ပါတယ် နတ်မိမယ်ယွဲ့လင်"
ကျိုးဟောင်မှာပြုံးကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
"ဘာလို့ဒီလောက်အားနာနေတာလဲ ဒါနဲ့ရှင်ကောင်မလေးနဲ့သွားချိန်းတွေ့နေတာလား"
ပုံရိပ်ယောင်လောကတွင် ကျိုးဟောင်နှင့်အကြာကြီးအတူရှိနေပြီးနောက်ပိုင်း နတ်မိမယ်ယွဲ့လင်မှာကျိုးဟောင်အားမစဘဲမနေနိုင်ပေ။
ကျိုးဟောင်မှာဤစကားအားကြားသောအခါ ချက်ချင်းပင်ပြုံးလိုက်သည်။
"ဟဟဟ ငါခုတစ်လောလုပ်စရာကိစ္စရှိလို့ပါ"
"ကောင်းပြီ ဒီနေ့ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကခုနကတင်မှပြီးသွားတာ မဟုတ်ရင်သေချာပေါက်ရှင့်လိုသခင်ကြီးတစ်ယောက်ဆီကနေလက်ဆောင်ရဦးမှာ"
နတ်မိမယ်ယွဲ့လင်မှာ ပြုံးကာပြောလိုက်သည်။
ကျိုးဟောင်မှာပြုံးလိုက်သည်။ သူသည်နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင်လက်ဆောင်များပေးခြင်းဖြင့် ဆုံးရှုံးလိုက်ရတာမျိုးတစ်ခါမှမရှိခဲ့ဖူးပေ။ မည်သို့ပင်ဖြစ်စေ သူသည်သူမအတွက်ပိုက်ဆံအကုန်ကျခံခဲ့ရတာမျိုးမရှိဘဲ သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုမှ ပိုက်ဆံပင်ရခဲ့သေးပေသည်။
"ကောင်းပြီလေ ဒါဆိုနောက်တစ်ခါကျငါသေချာပေါက် ဒီအတွက်ပြန်လျော်ပေးပါ့မယ်"
ကျိုးဟောင်မှာ သူ၏ကံကြမ္မာအမှတ်များအားကြည့်လိုက်သည်။ စုစုပေါင်း သန်း ၅၀၀ရှိနေပြီး ကံကြမ္မာအမှတ်၏အဆင့်မှာ 'ကံကြမ္မာဘုရင်မ' အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ဤမျှလောက်များပြားသည့်ကံကြမ္မာအမှတ်များအားမည်သည့်နေရာမှရလာကြောင်းကျိုးဟောင်းလည်းသိပေသည်။
သူသည်ဤမျှလောက်များပြားသည့်ကံကြမ္မာအမှတ်များအား အာကာသသားရဲအားသတ်ပြီးနောက်ရလာခြင်းဖြစ်ပေသည်။
"ကံကြမ္မာအမှတ်တွေဒီလောက်များတာ ဟမ့် ငါတော့ဒါတွေကိုကောင်းကောင်းသုံးရဦးမှာပဲ"
ကျိုးဟောင်မှာစိတ်ထဲမှတွေးလိုက်သည်။
နတ်မိမယ်ယွဲ့လင်၏နေရာမှထွက်လာပြီးနောက် ကျိုးဟောင်မှာစျေးဆိုင်သို့သွားလိုက်သည်။ ဤနေရာတွင်ရောင်းချရန်ပစ္စည်းများစွာရှိနေသေးပြီး ကျိုးဟောင်၏ အဓိကရည်ရွယ်ချက်မှာ ထိုရှားပါးသတ္တုရိုင်းများဖြစ်သည်။
အာကာသသားရဲမှာ သူ၏ကျင့်ကြံဆင့်အားတိုးမြင့်လာရန် အရာအားလုံးကိုဝါးမျိုပေသည်။ သာမန်ပစ္စည်းများမှာ ကျိုးဟောင်အာရုံစိုက်ရန်လုံးဝမထိုက်တန်ပေ။
ထို့အပြင် ကျိုးဟောင်မှာရှေးဟောင်းခန္ဓာသိုင်းအားကျင့်ကြံရန်လည်း ဤအရည်အသွေးမြင့်သည့်ပစ္စည်းများလိုအပ်ပေသည်။ အာကာသသားရဲရှိနေပါက သူ၏လက်ရှိကိုယ်ပွား၏အဆင့်အားတိုးမြှင့်ရန်မှာ ကျိုးဟောင်အတွက်ပို၍ပင်လွယ်ကူပေသည်။
"ငါ့ရဲ့တကယ့်ခန္ဓာကိုယ်ကအာကာသသားရဲရဲ့ခန္ဓာကိုယ် ပြီးတော့ငါကရှေးဟောင်းခန္ဓာသိုင်းကိုကျင့်ကြံတာ ငါ့ရဲ့ဒီလူသားကိုယ်ပွားကလည်းရှေးဟောင်းခန္ဓာသိုင်းကိုကျင့်ကြံတယ် ဒါကပိုပြီးခက်သထက်ခက်လာမယ်ဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ခန္ဓာကိုယ်ကအာကာသသားရဲနဲ့အဆင့်တူသွားရင် ငါကသေချာပေါက်ပြိုင်ဘက်ကင်းဖြစ်လာမှာပဲ"
ကျိုးဟောင်မှာအလွန်ပျော်ရွှင်နေခဲ့သည်။ ဤလုပ်ရပ်သည်ကျင့်ကြံရေးအားပိုမိုခက်ခဲစေသော်လည်း တိုက်ခိုက်ရေးစွမ်းအားအားအတိုင်းအတာတစ်ခုအထိတိုးလာစေမည်မှာ ငြင်းပယ်၍မရပေ။
အချိန်တစ်ခုကြာသည်အထိ ဆိုင်ထဲတွင်လှည့်ပတ်ကြည့်ကာ ပစ္စည်းအနည်းငယ်အားရွေးပြီးနောက် ကျိုးဟောင်မှာထွက်လာခဲ့သည်။
အိမ်သို့ပြန်ရောက်ကာ မိသားစုနှင့်ညစာစားပြီးနောက် ကျိုးဟောင်မှာလုံနတ်ဘုရားစစ်သင်္ဘောအားယူပြီး စစ်နတ်ဘုရားတပ်ရင်ဌာနချုပ်သို့ထွက်လာခဲ့သည်။
အာကာသသားရဲကိစ္စပြီးကတည်းက ကမ္ဘာပေါ်ရှိအထွတ်အထိပ်အဆင့်သိုင်းပညာရှင်အရေအတွက်မှာ သိသိသာသာလျော့နည်းသွားခဲ့သည်။ ကျိယောင်ယွဲ့နှင့်လင်းထျန်နိုးလာခဲ့၍ စစ်နတ်ဘုရားတပ်ရင်းမှာ အသန်မာဆုံးအဖွဲ့အစည်းဖြစ်လာခဲ့သည်။
စီရင်စု ၉ခုလုံးမှာ စစ်နတ်ဘုရားတပ်ရင်း၏ စစ်သေနာပတိချုပ်လက်အောက်ရှိ စည်းမျဥ်းများအတိုင်းလုပ်ဆောင်ကြသည်။
ကျိုးဟောင်အခန်းသို့ပြန်ရောက်လာပြီးနောက် ဖားနှင့်ဂျယ်လီဖြူတို့မှာအိတ်ထဲမှခုန်ထွက်လာခဲ့ကြသည်။
"ကျိုးဟောင် ငါတို့မှာအချိန်ရှိတယ် စကားပြောကြစို့"
ဖား၏အလွန်လေးနက်သောအသံအားကြားလိုက်ရသောအခါ ကျိုးဟောင်မှာအနည်းငယ်စိတ်မသက်မသာဖြစ်သွားခဲ့သော်ငြား မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ငါတို့စကြဝဠာကြီးကိုသိမ်းပိုက်သင့်တယ်"
ဖား၏စကားများမှာကျိုးဟောင်အားမှင်တက်သွားစေခဲ့သည်။
"စကြဝဠာကြီးကိုသိမ်းပိုက်မယ်"
"ဟုတ်တယ် ကျိုးဟောင်မင်းလက်ရှိအခြေအနေနဲ့ကျေနပ်နေတယ်လို့တော့ ငါ့ကိုမပြောနဲ့နော်"
ဖားမှမေးလိုက်သည်။
ကျိုးဟောင်မှာခေါင်းယမ်းပြလိုက်သည်။ သူသည်လက်ရှိအခြေအနေအားကျေနပ်နေခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ အာကာသသားရဲ၏ဖြစ်ရပ်မှာ ကျိုးဟောင်အားသတိပေးခဲ့ပေသည်။
ကမ္ဘာဂြိုဟ်သည် တကယ်ပင်အလွန်အားနည်းလှပေသည်။
"မင်းရဲ့အမူအရာအရ မင်းလက်ရှိအခြေအနေနဲ့သေချာပေါက်ကျေနပ်မနေဘူးဆိုတာငါပြောရဲတယ် အဲဒီလိုဆိုမှတော့ ငါတို့ဘာလုပ်ရမလဲဆိုတာရှင်းနေတာပဲ စွန့်စားဖို့စကြဝဠာဆီကိုသွားကြရအောင် အဲဒီမှာမင်းကိုစောင့်နေတဲ့ အခွင့်အရေးတွေနဲ့ ကံကောင်းမှုတွေမှအများကြီးပဲ မင်းအတွက်ပြောရရင် မင်းဒီထက်ပိုပြီးသန်မာလာနိုင်တယ် တကယ့်ကိုပိုပြီးသန်မာလာမှာ"
"မဟုတ်ရင် မင်းစိတ်ပူနေတာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူး ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ကမ္ဘာဂြိုဟ်ကအခုစကြဝဠာတစ်ခုလုံးနဲ့ရင်ဆိုင်နေရတာ ခြိမ်းခြောက်မှုတွေက ကမ္ဘာဂြိုဟ်ပေါ်ကအရာတွေသက်သက်ပဲမဟုတ်တော့ဘူး ပိုပြီးသန်မာလာတဲ့နည်းလမ်းတစ်ခုတည်းကပဲ မင်းရဲ့အိမ်ကိုကာကွယ်ဖို့အခွင့်အရေးရှိမှာ နောက်ထပ်သေရေးရှင်ရေးအခြေအနေနဲ့ကြုံလာရင် မင်းရဲ့ကံကိုပဲအားကိုးချင်နေတာတော့မဟုတ်ဘူးမလား"
....................................................................................