အခန်း (၇၃၃)
Vol. 53 Ch. 733
" အားလုံး အသင့်ပြင်ကြဟေ့ "
လောထျန်း အော်ပြောလိုက်သည်။
ဝုန်း...
နတ်ဆိုးဘုရင်ကိုးယောက်လုံး သူတို့၏ အသွင်မှန်သို့ ချက်ချင်းပြောင်းကာ လူသတ်အရိပ်အငွေ့ အပြည့်ဖြင့် လောထျန်းနောက်၌ ရပ်လိုက်ကြ၏။
ချွှင် ..
ကျူးကဲ့ကျန့်ကလည်း မသေမျိုးအရောင်အဝါများ ခြံရံလျက် ဓားဆွဲထုတ်၍ ရပ်နေသည်။
လောရုံနှင့် လောရှောင်ရှောင်း တို့ကလည်း အရှုပ်အထွေးခန္ဓာကိုယ် နှင့် ထူးခြားစိတ်စွမ်းအင်ပင်လယ်ကို ကိုယ်စီအသက်သွင်းကာ ကောင်းကင်နှင့်မြေကြီးကိုပင် ဖိနှိပ်နိုင်သော အစွမ်းများ ထုတ်လွှတ်လိုက်ကြသည်။
လောဖုန်း ၊ လီမိုဟွမ် ၊ ပထမအကြီးအကဲ နှင့် အခြားသူများ အားလုံးလည်း အရောင်အဝါကိုယ်စီ ထုတ်လွှတ်၍ ကမ္ဘာနှစ်ခုကြား တံခါးပေါက်သို့ မျက်နှာထားတင်းတင်း ကြည့်လိုက်ကြ၏။
ဂလု ...
တဖက်မှ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင် ရှိနေသော ဝိဥာဥ်သခင်ကြီးမှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။
အားလုံးကို ကြည့်ရင်း သူ့ရင်ထဲ ဗြောင်းဆန်နေပါတော့၏။
" ဒီကောင်တွေက... ဘာတွေ ဖြစ်နေတာလဲ ။ သူတို့ဆီကနေ အန္တရာယ်များတဲ့ အငွေ့အသက်တွေ အများကြီး အာရုံခံမိနေတယ် "
သူ တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
ထိုစဥ်မှာပင် လောထျန်းက လက်ယမ်းပြီး ဝိဥာဥ်တစ်ရာ ကားချပ်လိပ်ကို ဖွင့်လိုက်၏။
ဝုန်း ....ဝုန်း ...
ဧရာမ မိစ္ဆာဝိဥာဥ် နှစ်ကောင် ချက်ချင်း ပေါ်လာသည်။
၎င်းထဲမှ တစ်ကောင်မှာ ပုဆိန်ကြီးတစ်ခုကို ကိုင်ထားပြီး အမည်းရောင်အစွမ်းများ တစ်ကိုယ်လုံး လွှမ်းခြုံနေ၏။
ကျန်တစ်ကောင်မှာကား နောက်ကျောဘက်တွင် မရေမတွက်နိုင်သည့် အရိုးစုလက်များ ရှိနေသည်။
၎င်း မိစ္ဆာဝိဥာဥ်ကြီး နှစ်ကောင်က ပျောင်ပိုင်မြို့ တပ်ဖွဲ့၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်လိုက်ကြသည်။ သူတို့အသွင်များမှာလည်း သာမာန် မိစ္ဆာဝိဥာဥ်များနှင့် မခြားသလိုပါပင် ။
သို့သော် .. ဝိဥာဥ်သခင်ကြီးမှာ ထိုနှစ်ကောင်ကို မြင်လိုက်သည်နှင့် နှလုံးပင် ရပ်လုမတတ် ဖြစ်သွားပါ၏။
" အဲ့ဒါ... ဘာတွေလဲ ၊ အရောင်အဝါက ဘာလို့ အဲ့လောက်အစွမ်းထက်နေရတာလဲ "
သူ အံ့သြမှင်သက်ပြီး အသိပြန်မဝင်ခင်မှာပင် ...
ဝုန်း ...
သူ့ရှေ့၌ ရာနှင့်ချီသော လူများ ထပ်ပေါ်လာကာ အစီစဥ်တကျ ရပ်လိုက်ကြသည်။
ဝိဥာဥ်သခင်ကြီး စိတ်အနည်းငယ် အေးသွား၏။
" ဒီလူတွေကတော့ သာမာန်လောက်ပဲဆိုတော့.. တော်သေးတာပေါ့ "
သူ့စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်သည်။
သို့သော် ... ထိုစဥ်မှာပင် တဖက်လူစုက လက်နက်ကိုယ်စီ ထုတ်လိုက်ကြပါ၏။
ဝုန်း ... ဝုန်း .. ဝုန်း ...
ရာပေါင်းများစွာသော ကြောက်မက်ဖွယ်
အရောင်အဝါများ တမဟုတ်ချင်း ရောယှက်လာတော့သည်။
" ဟင်... ဒါ... မူလမသေမျိုးလက်နက်တွေလား ...တစ်ယောက်ကို လက်နက်နှစ်ခုစီတောင်ပါလား ။ နောက်များ နေသလားကွာ ။ ငါဆို အခုထိ မူလမသေမျိုးလက်နက် တစ်ခုတောင် မရဖူးသေးဘူး ။ သူတို့က တစ်ယောက်ကို နှစ်ခုစီတောင် ရှိနေကြတယ် ... "
ဝိဥာဥ်သခင်ကြီး အနည်းငယ် မူးနောက်သွားသလိုပါပင်...
ထိုလူစုမှာ မကြာသေးခင်မှ လောထျန်း စုစည်းထားခဲ့သော ထိပ်သီးတပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။
ထိုစဥ် လူအုပ်ထဲမှ လူငယ်လေးတစ်ယောက်က စိုးရိမ်နေဟန်ဖြင့် သူ၏ ခြောက်ကပ်နေသော နှုတ်ခမ်းအစုံကို လျှာဖြင့်သပ်၏။
" အကို လောဖန် ၊ ကျုပ်တို့ နိုင်ပါ့မလား "
လူငယ်က အသံတုန်တုန်ဖြင့် မေးသည်။
သူ့ဘေးရှိ လောဖန်ဆိုသော လူငယ်က မျက်မှောင်
ကြုံ့၍ ပြန်ပြော၏။
" ငါလဲ မသိဘူးကွ ။ တဖက်ရန်သူက ထျန်းမင်ကမ္ဘာလေ ။ ခုနက မင်းလဲ မြင်လိုက်တယ်မဟုတ်လား ... သူတို့ရဲ့ လူခုနစ်ယောက်လုံး အစွမ်းမနိမ့်ကြဘူး ။ တကယ်လို့ ပြိုင်ဘက်အားလုံးသာ အဲ့လိုအဆင့်မျိုး ရှိထားကြရင်တော့ စိုးရိမ်စရာပဲ .... "
ထိုသို့ပြောနေရင်း သူ့မျက်နှာကြီးလည်း သုန်မှုန်သွားသည်။
ပထမလူငယ်က သူ့အား ပြန်နှစ်သိမ့်ရှာ၏။
"အကိုလောဖန် ၊ အများကြီးတွေ မစဥ်းစားပါနဲ့ဗျာ ။ ကျုပ်တို့သာ အစွမ်းကုန်သုံးပြီး တိုက်ခိုက်ရင် သေချာပေါက် နိုင်မှာပါ "
" ဒါပေါ့ကွ ၊ နိုင်မှာပါ ။ ပြီးရင် ငါ တစ်ယောက်တည်း ကျင့်ကြံနေတာလဲ ကြာပြီဆိုတော့ ကိစ္စတွေအများကြီးကို နောက်ဆုတ်ထားခဲ့ရတယ် ။ ဒီတိုက်ပွဲကြီး ပြီးသွားရင်တော့ အိမ်ပြန်ပြီး မိန်းမယူမယ်ကွာ "
လောဖန်၏ မျက်လုံးများမှာ တစ်စုံတစ်ရာကို လွမ်းဆွတ်နေသယောင် ...
သူ့ကိုကြည့်ရင်း ဘေးမှလူငယ် လန့်သွားဟန်တူကာ ပြောလာသည်။
" အကိုလောဖန် ၊ အဲ့လိုပြောရင် ကံ မကောင်းတတ်ဘူးနော် "
လောဖန်က အပြုံးဖြင့်သာ ပြန်ပြော၏။
" ဘာကို ကံမကောင်းစရာ ရှိလို့လဲကွာ ။ ငါတို့ရဲ့ မိသားစုဖြစ်တဲ့ ပျောင်ပိုင်မြို့နဲ့ သခင်လေးအတွက် အသက်ပေးရတာကလဲ ဂုဏ်ယူစရာ ကိစ္စကြီး မဟုတ်ဘူးလားကွ ။ ဒီနေ့ တိုက်ပွဲမှာ ငါ သေမင်းကို ရင်ဆိုင်ဖို့အသင့်ပဲ "
သူ့ဘေးမှ လူငယ်ကလည်း ချက်ချင်းပြန်ပြောသည်။
" ဟုတ်သားပဲ... ကျုပ်လဲ သေဖို့အသင့်ပဲဗျာ "
သူတို့နှစ်ယောက်၏ စကားသံက ဘေးလူများဆီသို့ ချက်ချင်းကူးစက်သွားပါ၏။
ထို့နောက် မကြာခင်မှာပင်.. အားလုံး၏ သံပြိုင်အော်သံကြီး ထွက်လာသည်။
" သေဖို့ အသင့်ပဲ ... သေဖို့ အသင့်ပဲ "
ထိုအသံကြီးမှာ ကျောချမ်းဖွယ် ကောင်းလှသလို စိတ်လည်း မကောင်းစရာပါပင် ..
သူတို့လူစုမှာ ရဲရဲဝံ့ဝံ့ သေရန်အသင့်ဖြစ်နေသည့် စစ်သားကောင်းများနှင့် တူပါ၏။
တဖက်ရှိ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့၌ ...
" ဘာတွေလဲဟ "
ဝိဥာဥ်သခင်ကြီးမှာ ထိုလူများကိုကြည့်ရင်း ဆွံ့အသွားရတော့သည်။
ထိုလူများက ယခုလို အခြေအနေမှာပင် သေဖို့အသင့် တဲ့လား ...
ဘယ်ဘက်က အစွမ်းထက်ပြီး ဘယ်ဘက်က အစွမ်းနိမ့်ပါသနည်း ...
သူ ထိုသို့ အံ့သြမှင်သက်နေစဥ်မှာပင် ..
ဝုန်း ...
ကမ္ဘာနှစ်ခုကြား တံခါးပေါက် တဖက်ခြမ်းမှ စိတ်စွမ်းအင်အလင်းတန်းများ လက်လာပြီး ..
ထျန်းမင်ကမ္ဘာ၏ ဧရာမ တပ်ဖွဲ့ကြီး ထွက်လာကြတော့သည်။
" ဟား ဟား... ဒါ ထျန်းယွမ်ကမ္ဘာ လား ။ ဒီကို ခုမှ ရောက်ဖူးတာဆိုတော့.. စိတ်တိုင်းကျကို သတ်ပစ်ဦးမယ် "
" ဟမ့်. .. အမှိုက်ကောင် ၊ မင်းက သတ်ဖို့လောက်ပဲ သိတာလား ။ တခြားဘာအသုံးဝင်တာမှ မလုပ်တတ်တော့ဘူးလား ။ ငါကတော့ နတ်မိမယ်လေး နှစ်ယောက်လောက်ကို ငါနဲ့အတူ ပျော်ပါးဖို့ ပြန်ခေါ်သွားမှာ "
" ဟားဟား.. ငါကတော့ စိတ်စွမ်းအင်သွေးကြောတွေ နည်းနည်းလောက် ပြန်ယူသွားမယ်ကွာ "
လူတစ်စုက အပြုံးကိုယ်စီဖြင့် ပြောလိုက်ကြသည်။
ထိုစဥ် ဝိဥာဥ်သခင်ကြီးမှာ အားလုံးကိုကြည့်ရင်း မျက်မှောင်ကြုံ့သွား၏။
" ကမ္ဘာသခင်ကြီး ဘယ်မှာလဲ ... "
" ဟင်... အရိုအသေပေးပါတယ် ဝိဥာဥ်သခင်ကြီး ။ ကမ္ဘာသခင်ကြီးက အခု အစောင့်အကြပ် မသေမျိုးလက်နက်ကို အသက်သွင်းနေတာမို့ မကြာခင် ရောက်လာပါလိမ့်မယ် ။ ဒါနဲ့.. ကျုပ်ရဲ့ သခင်ကြီး ၊ နဂါးမည်းသခင်ကြီးရော ဘယ်မှာလဲဗျ "
အဘိုးအိုတစ်ယောက်က ဝိဥာဥ်သခင်ကြီးအား မေးလိုက်သည်။
ဝိဥာဥ်သခင်ကြီးမှာ သူ့အမေးကို မည်သို့မှ ပြန်မဖြေနိုင်ဘဲ ပျောင်ပိုင်မြို့မှ လူစုဘက် လှည့်ကြည့်လိုက်၏။
အဘိုးအိုကလည်း သူကြည့်သည့်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
" ဟင်.. ထျန်းယွမ်ကမ္ဘာက ပြန်တိုက်ခိုက်ဖို့အတွက် တပ်ဖွဲ့တောင် အသင့်ပြင်ထားတာပါလား ။ ရယ်စရာပါလားကွာ ... အားလုံး ၊ ထျန်းမင်သခင်ကြီးတွေက
ထျန်းယွမ်ကမ္ဘာထဲကို ဝင်သွားကြပြီကွ ။ ငါတို့လဲ သူတို့နောက်ကိုလိုက်ပြီး ထျန်းယွမ်ကမ္ဘာက အမှိုက်တွေကို ဖျက်ဆီးပစ်ရမယ် ။ အားလုံး ငါနဲ့လိုက်ပြီး သူတို့ကို သတ်ကြဟေ့ "
" သတ်ကြမယ်ဟေ့ "
သူတို့လူစုမှာ ထျန်းယွမ်ကမ္ဘာအား ဖျက်ဆီးသတ်ဖြတ်ပြီး ၊ ပစ္စည်းများလုရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ကြခြင်း ဖြစ်ပါသည်။
ထို့ကြောင့် သူတို့ လှုပ်ရှားမှု နှေးသွားပါက.. ဘာပစ္စည်းမှ မရတော့မည်ကို စိုးရိမ်နေကြပါ၏။
ထို့ကြောင့်လည်း အဘိုးအို၏ စကားကို ကြားသည်နှင့် အထိန်းအကွပ်မဲ့သွားပြီး ပျောင်ပိုင်မြို့မှ လူများဆီသို့ ပြေးဝင်သွားလိုက်ကြသည်။
" ခဏနေဦး ၊ ပြန်လာခဲ့ "
ဝိဥာဥ်သခင်ကြီး လန့်သွားကာ အားလုံးကို တားရန်ကြိုးစားလိုက်၏။
သို့သော်... လူများစွာပင် ရှေ့သို့ ပြေးထွက်သွားကြပြီဖြစ်ကာ ... သူ နောက်ကျသွားခဲ့ပါသည်။
ထိုအချိန်တွင် ပျောင်ပိုင်မြို့သားများမှာလည်း ရှေ့မှလူများကိုကြည့်ရင်း အံ့အားသင့်နေကြပါ၏။
" တိုက်တောင် စတိုက်နေပြီလား ။ အားလုံး မူလမသေမျိုးလက်နက်တွေကို သုံးပြီး အကာအကွယ် အစီအမံတစ်ခု ဖော်ဆောင်ကြဟေ့ "
လူအုပ်ထဲမှ လောဖန်က အသံကျယ်ဖြင့် အော်ပြောလိုက်သည်။
" ဟုတ်ကဲ့ .. "
မူလမသေမျိုးလက်နက် ကိုင်ထားသူများအားလုံး ချက်ချင်းလှုပ်ရှားသွားကာ အကာအကွယ် အစီအမံတစ်ခုကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ကြသည်။
ဝီ ....
မသေမျိုးအလင်းတန်းများ ကောင်းကင်ယံသို့ ထိုး
တက်သွားပြီး .. မူလမသေမျိုးလက်နက် ထွင်းစာများ တစ်ခုနှင့်တစ်ခု ရောယှက်သွားကာ ဧရာမ ဒိုင်းကာကြီးတစ်ခု ပုံပေါ်လာသည်။
" ဟား ဟား ... ခုခံချင်သေးတယ်ပေါ့လေ ။ ချိုးဖျက်စေ ... "
တဖက်ရှိ ရှေ့ဆုံးမှ ပြေးဝင်လာသော အဘိုးအိုက အပြုံးဖြင့်ပြောကာ ဓားကို လွှဲခုတ်လိုက်သည်။
သူ့ဓားချက်ဖြင့် အစီအမံက ပြိုကွဲသွားလိမ့်မည်ဟုလည်း သူ ထင်ထားပါ၏။
ထျန်းယွမ်ကမ္ဘာတွင် သူ့အား ယှဥ်တိုက်နိုင်သည့်သူ မည်သူမှ မရှိဟုသာ သူသိထားသည် မဟုတ်ပါလား ။
တဖက်လူစု အားလုံးပေါင်းပြီး တိုက်ခိုက်လျှင်ပင် အလုပ်မဖြစ်နိုင်ပါချေ။
သို့သော် ...
သူ့ဓား ကျလာသည်နှင့် ဓားစွမ်းအင် ပြိုကွဲသွားကာ ဓားမှာလည်း အပိုင်းပိုင်းပြတ်သွားတော့သည်။
သူ့လက်တစ်ခုလုံးလည်း ထုံကျင်သွား၏။
သူ့ရှေ့မှ အကာအကွယ်အစီအမံ မှာကား နည်းနည်းလေးပင် လှုပ်မသွားခဲ့ပါ ။
" ဟင်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
အဘိုးအို တုန်လှုပ်သွားတော့သည်။
" ဘာမှမလုပ်နဲ့ ၊ ဒီကို ပြန်လာခဲ့ "
ထိုစဥ် ဝိဥာဥ်သခင်ကြီးက လေသံမာဖြင့် လှမ်းအော်၏။
အဘိုးအို မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" ဘာလို့လဲ ဝိဥာဥ်သခင်ကြီး ၊ ကျုပ်တို့တွေ နာမည်ကောင်းရသွားမှာ စိုးရိမ်လို့လား ။ စိတ်မပူပါနဲ့ဗျာ.. ကျုပ်တို့က ဒီလူတွေအားလုံးကို သတ်လိုက်နိုင်ရင်တောင်... သခင်ကြီးလဲ နာမည်ရမှာပါ "
သူ ပြောပြီး လူအုပ်ဘက်လှည့်ကာ ဆက်ပြောလိုက်၏။
" အားလုံး ၊ ငါ့နောက် လိုက်ခဲ့ကြ "
" ဟုတ်ကဲ့ "
ချက်ချင်းမှာပင် ထောင်ပေါင်းများစွာသော ထျန်းမင်ကမ္ဘာ တပ်ဖွဲ့ဝင်များက ရှေ့မှ မူလမသေမျိုးလက်နက် အစီအမံအား တိုက်ခိုက်လိုက်ကြတော့သည်။
၎င်းကို မြင်လိုက်ရသော လောဖန် မျက်နှာထားချက်ချင်းပြောင်းသွား၏။
" မဖြစ်ဘူး... အဲ့လောက် လူတွေအများကြီးကို ကျုပ်တို့ ထိန်းနိုင်ပါ့မလား "
" မရရင်တောင် လုပ်ရမှာပဲကွ ။ ငါတို့နောက်မှာ ပျောင်ပိုင်မြို့နဲ့ သခင်လေးရှိတယ်လေ ။ ငါတို့ နောက်ဆုတ်လို့ မဖြစ်ဘူး "
တစ်ယောက်၏ ဒေါသတကြီး အော်သံနှင့်အတူ ကျန်
လူများအားလုံးလည်း အံကြိတ်၍ ညာသံပေး အော်လိုက်ကြသည်။ သူတို့၏ မျက်နှာများကလည်း သေရန်အသင့် ဖြစ်နေပုံက အထင်းသား ...
ထိုအချိန်မှာပင် ..
ဝုန်း ..
ထျန်းမင်ကမ္ဘာသား၏ တိုက်ခိုက်မှု ရောက်လာသည်။