အခန်း (၇၃၄)
Vol. 53 Ch. 734
ကောင်းကင်ကြီးကိုပင် နှစ်ခြမ်းခွဲပစ်နိုင်မည့် ဓားစွမ်းအင် ...
ဟင်းလင်းပြင်လေထု တစ်ခုလုံးကိုပင် ပြိုကွဲနိုင်လောက်အောင် အားပြင်းသော ဓားစိတ်ဆန္ဒ တစ်ခု ..
တောင်တစ်လုံးကိုပင် ထိုးဖောက်နိုင်စွမ်းရှိသော လက်ချောင်းအစွမ်း ...
ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော... မသေမျိုးလက်နက် ပေါင်းစုံ ...
အဆုံးမဲ့သော အစွမ်းများ ကောင်းကင်ယံမှ ကျလာ၏။
ရာ၊ထောင်ချီသော ထိပ်တန်းအဆင့် တပ်ဖွဲ့ဝင်များ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည့် အစွမ်းမှာ ကြောက်စရာ ကောင်းလှပါသည်။
အစီအမံအောက်တွင် ရှိနေကြသော ပျောင်ပိုင်မြို့သားများမှာ .. သူတို့၏ အကာအကွယ် အစီအမံက ဘယ်အချိန် ထိုးဖောက်ခံရမည်ကို မသိဘဲ စိုးရိမ်စိတ်ကိုယ်စီ ဝင်နေကြတော့သည်။
တဖက်ရန်သူ၏ တိုက်ခိုက်မှုက အားပြင်းလွန်းဟန် တူနေသည် မဟုတ်ပါလား ။
သို့သော်... ရန်သူများ၏ စုပေါင်းတိုက်ခိုက်မှုကို စက္ကန့်တစ်ရာကျော်ခန့် ခံလိုက်ရပြီး နောက်တွင်မူ... လောဖန်က ရုတ်တရက် ခေါင်းလှည့်၍ သူ့ဘေးမှ လူငယ်အား မေးလိုက်သည်။
" ညီလေး ၊ မင်း ဘယ်လိုခံစားရလဲ "
လူငယ်မှာ ခေတ္တမျှ အံ့အားသင့်နေဟန်တူပြီးမှ လောဖန်ဆိုလိုသည်ကို သဘောပေါက်သွားဟန်ဖြင့် မျက်လုံးမှိတ်၍ သေချာခံစားကြည့်လိုက်သည်။ ထို့နောက်မှ ပြော၏။
" ကျုပ် ဘာဖိအားကိုမှ မခံစားမိဘူး "
လောဖန် ခေါင်းညိတ်လိုက်သည်။
" ငါရောပဲကွ ၊ ဒါပေမယ့်.. အဲ့လိုမဖြစ်သင့်ဘူးလေ ။ ဒီလောက်ကြီးတဲ့ တိုက်ခိုက်မှုကြီးက... အနည်းဆုံးတော့ ခုခံဖို့ခက်ရမှာပေါ့ "
" သူတို့တွေက.... အစွမ်းနိမ့်လို့များလား "
တဖက်မှ လူငယ်ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ သို့သော် ထိုအတွေးကို သူကိုယ်တိုင်ပင် မယုံရဲပါ ။
လောဖန်က သူ့စကားကို ကြားပြီးနောက် ခဏတာမျှ စဥ်းစားကာ ပြောလိုက်၏ ။
" ငါ လုပ်ကြည့်ချင်တာ တစ်ခုရှိတယ်ကွာ ။ မင်းက ငါ့ကို ကာကွယ်ထားပေး "
ဘေးမှလူငယ် ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ "
သူ ပြောပြီး လောဖန်ကို ကာကွယ်ရန်အတွက် အကာအကွယ် မူလမသေမျိုးလက်နက်ကို အသင့်ပြင်လိုက်၏။
လောဖန် အသက်ပြင်းပြင်းရှိုက်ကာ ဓားနှင့်တူသော
အလွန်ရုပ်ဆိုးသည့် လက်နက်တစ်ကို ကောက်ကိုင်၍ ရှေ့သို့ အစွမ်းကုန်သုံး လွှဲခုတ်လိုက်သည်။
" ကောင်းကင်ဘုံဓားသိုင်း ၊ ပထမဓားကွက် "
ချွှင် ...
ရိုးရိုးသာမာန် အသွင်ရှိသော ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ တက်သွား၏။
ထိုဓားကွက်မှာ တဖက်မှ အရောင်တလက်လက် တောက်နေသော တိုက်ခိုက်မှုများကြား မထင်မရှား ဖြစ်နေသဖြင့် ...
ထျန်းမင်ကမ္ဘာမှ လူအများစုမှာ ၎င်းကို သတိပင် မထားမိလိုက်ပါချေ။
သို့သော် မကြာခင်မှာပင် သူတို့အားလုံး အံ့သြမှင်သက်သွားရသည်။
အဘယ့်ကြောင့်ဆိုသော် ထိုဓားအလင်းတန်းက လေထုကိုခွင်းပြီး ထျန်းမင်ကမ္ဘာ တပ်ဖွဲ့ဆီသို့
ရောက်လာသောကြောင့်ပင် ။
သွေးများနှင့် အသားစများ ချက်ချင်း နေရာအနှံ့ ပြန့်ကျဲသွားကာ ထျန်းမင်ကမ္ဘာမှ အစွမ်းထက်တပ်သားများစွာပင် အသတ်ခံလိုက်ကြရတော့၏။
ရာနှင့်ချီသော တပ်သားများလည်း ဒဏ်ရာဆိုးရွားစွာ ရသွားခဲ့ပြီး သူတို့၏ သွေးများ လေထဲပြန့်ကျဲသွားတော့သည်။
ထိုတခဏ၌ ထျန်းမင်ကမ္ဘာ၏ တိုက်ခိုက်မှုလည်း ရပ်သွားပါ၏။
ပျောင်ပိုင်မြို့မှ လူများမှာလည်း အံ့သြမှင်သက်လျက်...
ထိုတခဏ၌ ကမ္ဘာတစ်ခုလုံး ရပ်သွားသလိုပါပင်..
" ဘာတွေ ဖြစ်သွားတာလဲ "
တစ်ယောက်က အံ့သြတကြီး မေးလိုက်သည်။
" ပျောင်ပိုင်မြို့သား တစ်ယောက်က ဓားနဲ့ တိုက်ခိုက်
လိုက်တဲ့ပုံပဲ "
" ဓားတစ်ချက်တည်းနဲ့ ထျန်းမင်ကမ္ဘာက အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးကို သတ်လိုက်နိုင်တာလား ။ မြက်ပင်တွေကို ရှင်းရင်တောင် အဲ့လောက်မလွယ်ဘူးလေ "
ထိုမြင်ကွင်းကို ဘေးမှ ကြည့်နေကြသူများပါ မှင်သက်ကုန်ကြတော့သည်။
ထိုစဥ် လောဖန်တစ်ယောက်မှာလည်း နားမလည်နိုင် ဖြစ်နေရှာပါ၏။
သူ ရှေ့မှ ရန်သူများကိုတစ်လှည့် ၊ သူ့လက်ထဲမှ ဓားကိုတစ်လှည့် အပြန်အလှန် ကြည့်လိုက်ပြီးနောက်... ရုတ်တရက် တစ်ခုကို အတွေးဝင်သွားသည်။
" ငါ့ကောင်တို့ ... ဟိုကောင်တွေက တော်တော်လေး အစွမ်းနိမ့်တဲ့ ပုံပဲကွ "
" တော်တော်လေး အစွမ်းနိမ့်တယ် .. ဟုတ်လား "
သူ့ဘေးရှိ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် အံ့သြသွားဟန်တူသည်။ သူ ခဏတာမျှ စ
ဥ်းစားနေပြီးနောက် သူ့နောက်ကျောရှိ အလွန်ရုပ်ဆိုးလှသော လေးတစ်ခုကို ထုတ်၍ လေးကြိုးအား ဆွဲလိုက်၏။
လေးကြိုးအဖြစ် သုံးထားသော တာအိုအစွမ်း အဆောင်တစ်ခုမှ စွမ်းအင်တန်းတစ်ခု ချက်ချင်းထွက်လာသည်။
ထို အစွမ်းထက်လှသော စွမ်းအင်တန်းက ထျန်းမင်ကမ္ဘာ တပ်ဖွဲ့ဆီသို့ တိုးဝင်သွားသည်ကို အားလုံး ကြည့်နေကြ၏။
" ဟင်... ဖြိုခွဲစေ "
ထိုစဥ် ထျန်းမင်ကမ္ဘာမှ အဘိုးအိုတစ်ယောက်က အေးစက်စက် နှာခေါင်းရှုံ့ပြီး လေးအစွမ်းနှင့် ထိပ်တိုက်ရင်ဆိုင်ကာ ၎င်းကို ဖြိုခွင်းရန် ကြိုးစားလိုက်သည်။
သို့သော် ..
ဇွပ် ...
လေးအစွမ်းက သူ့ကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားသည့်အတွက် သူ့ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာ၏။
ထို့နောက်တွင်မူ... လေးအစွမ်းက အနောက်ဘက်ရှိ ထျန်းမင်ကမ္ဘာ တပ်ဖွဲ့ထံသို့ ကျကာ ပေါက်ကွဲထွက်သွားတော့သည်။
ဝုန်း ...
မရှောင်လိုက်နိုင်သော လူများမှာလည်း ပေါက်ကွဲမှုကြောင့် ချက်ချင်း အသက်ဆုံးသွားတော့၏။
ထိုစဥ် လေထဲရှိနေသော အဘိုးအိုမှာလည်း အကြိမ်အနည်းငယ် တုန်သွားပြီးနောက် အောက်ပြုတ်ကျလာသည်။
လေးအစွမ်းက သူ့အသက်အစွမ်းအား ဖျက်ဆီးပစ်နိုင်သည်မှာ အသိသာပင် ။
သို့သော် လက်ရှိတွင် သူ့အား မည်သူမှ ဂရုမစိုက်နိုင်
ကြပါချေ။
ပျောင်ပိုင်မြို့မှ လူများမှာလည်း ထိုမြင်ကွင်းကို မြင်ပြီးနောက်မှသာ မည်သို့ဖြစ်နေသည်ကို နောက်ဆုံး နားလည်သွားကြတော့သည်။
" ဒီကောင်တွေက... တကယ်အစွမ်းနိမ့်တာပဲကွ "
" ချီး .... ဘာမဟုတ်တဲ့ အစွမ်းနိမ့်ခွေးလေးတွေက ငါတို့ကို အချိန်အကြာကြီး ဖိနှိပ်ထားခဲ့တာလား "
" ဒေါသထွက်လိုက်တာကွာ ။ သူတို့က ငါတို့ကို တိုက်ခိုက်ဖို့ အမှိုက်ကောင်တွေကို တကယ်ကြီး လွှတ်ခဲ့တာပေါ့ ။ ဒီကောင်တွေက ငါတို့ ပျောင်ပိုင်မြို့ကို အထင်သေးတာလား "
" အားလုံးကို သတ်ပစ်ဟေ့ "
သူတို့လူစု ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ.. မူလမသေမျိုးလက်နက်ကိုယ်စီ ကိုင်၍ လေထဲ ပျံတက်လိုက်ပြီး ရန်သူများအား တိုက်ခိုက်လိုက်ကြတော့သည်။
" မဖြစ်ဘူး... တားကြဟေ့ "
ထျန်းမင်ကမ္ဘာမှ လူများလည်း ညာသံပေးအော်ဟစ်ပြီး ပြန်တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
သို့သော်... တိုက်ပွဲစစချင်း ပထမအကွက်မှာပင်... ထျန်းမင်ကမ္ဘာ တပ်ဖွဲ့ကြီး ရှုံးနိမ့်လုနီး ဖြစ်သွားရတော့သည်။
ပျောင်ပိုင်မြို့သားတစ်ယောက်က လက်နက်ကို တစ်ချက်ယမ်းလိုက်တိုင်း ထျန်းမင်ကမ္ဘာမှ လူများစွာပင် သေကုန်ကြပါ၏။
သူတို့ ပြန်တိုက်ခိုက်ချင်သော်လည်း မူလမသေမျိုးလက်နက်၏ အကာအကွယ်ကို မထိုးဖောက်နိုင်ပါချေ။
၎င်းမှာ နှစ်ဖက်တိုက်ခိုက်သည့် စစ်ပွဲကြီးတစ်ခုနှင့် မတူဘဲ တစ်ဖက်သတ် လူသတ်ပွဲကြီးနှင့်ပင် တူနေပါတော့သည်။
ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့မှ ဝိဥာဥ်သခင်ကြီး
မှာလည်း ၎င်းကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် မှင်သက်မိနေပါ၏။
" ဘာတွေဖြစ်နေတာလဲ ... အားလုံးက မူလမသေမျိုးလက်နက် တွေလား.. ။ ပြီးတော့ အားလုံးကလဲ သန့်စင်ပြီးသား မူလမသေမျိုးလက်နက် တွေ "
" ဒီကောင်တွေထဲက အများစုက စိတ်ဝိဥာဥ်မသေမျိုး အဆင့်ပဲ ရှိကြသေးတာ ။ ဒါပေမယ့် သန့်စင်ပြီးသား မူလမသေမျိုးလက်နက် နှစ်ခုနဲ့ ပေါင်းလိုက်တော့ သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်က ကောင်းကင်ဘုံမသေမျိုး အဆင့်လောက် ရှိသွားကြတယ် "
" ဒါ.. ဘယ်လို ဘီလူးမျိုးတွေလဲကွာ "
သူ တွေးပြီး သက်ပြင်းချနေစဥ်မှာပင် ... ထျန်းမင်ကမ္ဘာ တပ်ဖွဲ့ကြီး အသတ်ခံလိုက်ကြရလေပြီ ။
ကျန်လူ အနည်းစုလေးမှာလည်း ထိုစဥ်မှ တစ်စုံတစ်ခု လွဲနေသည်ကို ရိပ်မိကာ နောက်လှည့်၍ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ ပြန်ပြေးလာကြသည်။
တဖက် ပျောင်ပိုင်မြို့မှ လူများကလည်း ဒေါသတကြီးဖြင့် သူတို့နောက်မှ ပြေးလိုက်လာကြ၏။
" ဘာလဲဟ.... "
သတ်ဖြတ်ရန် အပြေးလာနေကြသော ပျောင်ပိုင်မြို့သားများကို တွေ့သောအခါ ဝိဥာဥ်သခင်ကြီး လန့်သွားပြီး နောက်လှည့်ထွက်ပြေးရန် ပြင်လိုက်တော့သည်။
မပြေး၍လည်း ရပါမည်လား ...
ကောင်းကင်ဘုံမသေမျိုးအဆင့် တိုက်ခိုက်စွမ်းရည် ရှိထားသော ရာနှင့်ချီသည့် ဘီလူးကောင်များက သတ်ဖြတ်ရန် လာနေကြချိန်တွင်မှ မပြေးလျှင်... သေရပေလိမ့်မည်။
ထိုစဥ် တဖက်မှ ကျူးကဲ့ကျန့်က ရှေ့သို့ ပြေးသွားကြသော လူများကို ကြည့်လိုက်ပြီးနောက်... လောထျန်းဘက်လှည့်၍ ပြော၏။
" သခင်လေးလောထျန်း ၊ အခု ဘာဆက်လုပ်ကြမလဲ "
လောထျန်း လန့်သွားကာ ပြန်ပြောသည်။
" အဲ့ ထျန်းမင်ကမ္ဘာက ကောင်တွေက ရန်သူကို သူတို့ပိုင်နက်ထဲထိ လိုက်လာအောင် မျှားနေတာလား မသိဘူး ။ မဖြစ်ဘူး... ငါ လိုက်သွားပြီး ကြည့်မှဖြစ်မယ် "
" ကျုပ်လဲ လိုက်ခဲ့မယ် "
ကျူးကဲ့ကျန့် ပြောလိုက်သည်။
" ကျုပ်လဲ လိုက်ခဲ့မယ် "
" ကျွန်မလဲ လိုက်ခဲ့ပါရစေ သခင်လေး "
အားလုံးကလည်း လိုလိုလားလားပင် ပြောလာကြ၏။
လောထျန်း ခေတ္တမျှ စဥ်းစားနေပြီးမှ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ ။ ဒါဆို ထျန်းမင်ကမ္ဘာထဲကို ဝင်ကြတာပေါ့ ။ ဒါပေမယ့် အရမ်းကြီး ရှေ့ကိုဇွတ်မတိုးကြနဲ့နော် ။ တစ်ခုခု လွဲနေတာ သတိထားမိတာနဲ့
ချက်ချင်းနောက်ဆုတ်ကြ "
" ဟုတ်ကဲ့ပါ သခင်လေး "
အားလုံး သံပြိုင်ပြန်ဖြေလိုက်ကြသည်။
ထို့နောက်တွင်မူ... ပျောင်ပိုင်မြို့သားများအားလုံး ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ ပြေးဝင်သွားကြတော့၏။
ထျန်းယွမ်ကမ္ဘာဘက်မှ ကျန်လူများမှာမူ... သူတို့ရှေ့မှ မြင်ကွင်းကို နားမလည်နိုင်စွာ ကြည့်၍ ကျန်နေခဲ့ကြသည်။
" ဘာတွေ ဖြစ်နေတာလဲ ။ ကျွန်မတို့ ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုကို ကျော်ဖြတ်နိုင်ခဲ့တာလား "
ယောင်ချီမှ အကြီးအကဲတစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် မေးလာသည်။
" ကျုပ်လဲ မသိဘူး ။ ကြည့်ရတာတော့ ကျုပ်တို့တွေ နိုင်တော့မယ်နဲ့တူတယ် "
ထျန်းယွမ်ကျောင်းတော်မှ တာအိုဘုန်းတော်ကြီး တစ်ပါးက ခေါင်းယမ်း၍ ပြန်ပြော၏။
အခြားတဖက် ထျန်းမင်ကမ္ဘာ၌ ...
ဝုန်း..
ဝိဥာဥ်သခင်ကြီးမှာ ထျန်းမင်ကမ္ဘာထဲ ပြန်ရောက်သည်နှင့် နည်းနည်းလေးပင် အချိန်မဆွဲရဲဘဲ ထျန်းမင်ကမ္ဘာ အတွင်းပိုင်းထဲသို့ ပြေးဝင်သွားသည်။
သူ့နောက်တွင်ကား အော်ဟစ်ငိုကြွေးသံများနှင့် သတ်ဖြတ်နေသံများ အဆက်မပြတ်ပင် ထွက်နေပြီး ... ပျောင်ပိုင်မြို့သားများက သူတို့နောက်မှ လိုက်လာနေကြကြောင်း သိသာလှပါ၏။
" မဟုတ်သေးဘူး... တစ်ခုခု လွဲနေတာပဲ ဖြစ်ရမယ်။ ထျန်းယွမ်ကမ္ဘာက အဲ့လို မဟုတ်ဘူးလေ... "
ဝိဥာဥ်သခင်ကြီး ထွက်ပြေးနေရင်း ရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် ..
" ဝိဥာဥ်သခင်ကြီး.. မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ "
ခပ်သြသြ အသံတစ်သံ ရုတ်တရက် ထွက်လာ၏။
ထိုအသံကို ကြားသည်နှင့် ဝိဥာဥ်သခင်ကြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
သူ ချက်ချင်းပင် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။
" ကမ္ဘာသခင်ကြီး ၊ အခြေအနေတော့ ဆိုးကုန်ပြီဗျ ။ ကျုပ်တို့တွေ ရှုံးသွားခဲ့ပြီ ။ ကျန်တဲ့ ထျန်းမင်သခင်ကြီးတွေအားလုံး ထျန်းယွမ်ကမ္ဘာက လူတွေလက်ချက်နဲ့ သေကုန်ကြပြီ ။ ကျုပ်တို့ရဲ့ တပ်ဖွဲ့ကလဲ ရှုံးပြီးတော့ အားလုံးနီးပါး အသတ်ခံလိုက်ရပြီဗျ ။ ပြီးတော့... ထျန်းယွမ်ကမ္ဘာက လူတွေက ကျုပ်တို့ကိုသတ်ဖို့ ဆက်လိုက်လာကြတယ် "
ဝိဥာဥ်သခင်ကြီးက ငိုတော့မလို အသံဖြင့် ပြောလိုက်သည်။