ကောင်းကင်ဘုံဓား
Vol. 53 Ch. 735
" မင်း ဘာပြောလိုက်တယ် ... "
သူ့စကားကြောင့် ထျန်းမင်ကမ္ဘာသခင်ကြီး တုန်လှုပ်သွားကြောင်း အသိသာပါပင် ။
ထျန်းမင်သခင်ကြီး ၆ ယောက် အသတ်ခံခဲ့ရရုံမက ၊ သူတို့၏ တပ်ဖွဲ့တစ်ဖွဲ့လုံးနီးပါးလည်း ပြောင်ခါနီးတဲ့လား..
သူတို့ တိုက်ခိုက်နေသည်မှာ အပေါ်ကမ္ဘာ မဟုတ်ပါ ။
ယခု ဘယ်လိုဖြစ်ပြီး ...
" ကမ္ဘာသခင်ကြီး ၊ ဘာတွေဖြစ်နေတယ်ဆိုတာ ကျုပ် အတိကျ မသိပေမယ့် ထျန်းယွမ်ကမ္ဘာက တစ်ခုခုတော့ လွဲနေတယ်ဗျ... "
ဝိဥာဥ်သခင်ကြီးမှာ ထိုစဥ် ကြောက်ရွံ့တုန်လှုပ်လွန်းနေ၍ ကောင်းကောင်းပင် မရှင်းပြနိုင်ရှာပါ ။
ထိုအချိန်မှာပင်...
" ထျန်းမင်ကမ္ဘာက ကောင်တွေ.. ထွက်ပြေးဖို့ စဥ်းတောင် မစဥ်းစားနဲ့နော် "
ဝိဥာဥ်သခင်ကြီးနောက်မှ အော်သံတစ်သံ ထွက်လာ၏။
ထို့နောက် လေကိုခွင်း၍လာနေသော အသံများကြားလိုက်ရပြီး... မူလမသေမျိုးလက်နက်ကို လက်ထဲကိုင်၍ လိုက်လာသည့် လောဖန်အား တွေ့လိုက်ရသည်။
" ဒီကောင်က... "
ဝိဥာဥ်သခင်ကြီး လန့်သွားကာ ထျန်းမင်ကမ္ဘာသခင်ကြီးဘက် လှည့်ကြည့်၍ ပြောလိုက်သည်။
" ကမ္ဘာသခင်ကြီး... သူတို့တွေ ရောက်လာကြပြီ "
ထိုစဥ်မှာပင် ခပ်လှမ်းလှမ်းမှ လောဖန်က ဓားဆွဲထုတ်၍ တိုက်ခိုက်လာ၏။
" ငရဲကို သွားစမ်းကွာ "
ချွှင် ...
ချက်ချင်းမှာပင် သာမာန်ဟုသာ ထင်ရသော ဓားအလင်းတန်းတစ်ခု ထွက်လာသည်။
သို့သော် ဝိဥာဥ်သခင်ကြီးမှာ ၎င်းကိုမြင်သည်နှင့် ပါးစပ်အဟောင်းသားဖြင့် နောက်သို့ အသည်းအသန် ဆုတ်လိုက်၏။
တဖက်မှ ထျန်းမင်ကမ္ဘာသခင်ကြီး အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
" ဒေါသထွက်စရာ ကောင်းလိုက်တာကွာ "
ဝုန်း ..
သူ ပြောပြီး လက်ဆန့်ထုတ်၍ ဓားကို ဖမ်းဆုပ်လိုက်၏။
" ကမ္ဘာသခင်ကြီး ... သတိထားပါ ... "
ဝိဥာဥ်သခင်ကြီး သတိလှမ်းပေးလိုက်သည်။
ထို့နောက်တွင်မူ..
ဝုန်း ...
ဓားအလင်းတန်း ပြိုကွဲသွား၏။ ထျန်းမင်ကမ္ဘာသခင်ကြီး သူ့လက်ဖဝါးကို ပြန်ငုံ့ကြည့်လိုက်ရာ အနည်းငယ် နာကျင်မှုကို ခံစားလိုက်ရသည်။
" ဟင် ... "
တဖက်မှ လောဖန်မှာလည်း တဖက်ရန်သူက သူ့ဓားချက်အား အလွယ်တကူ တားလိုက်နိုင်သည်ကို ကြည့်ပြီး စိတ်ဓာတ်ကျသွားပါ၏။
" ဒီ ထျန်းမင်ကမ္ဘာမှာ ပုန်းနေတဲ့ နဂါးတွေနဲ့ ကျားကြီးတွေ အများကြီးရှိသေးတာပဲ "
သူ့စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချလိုက်သည်။
ထိုစဥ် ထျန်းမင်ကမ္ဘာသခင်ကြီးမှာကား လောဖန်ကိုတစ်လှည့် ၊ သူ့လက်ထဲမှ မူလမသေမျိုးလက်နက်ကိုတစ်လှည့် ကြည့်နေရင်း မျက်လုံးများ ရုတ်ချည်း
အရောင်လက်သွားကြသည်။
" ငါ သဘောပေါက်ပြီ... ဒါ့ကြောင့်ကိုး "
သူ လှောင်ပြုံးဖြင့် ပြောလိုက်၏။
" ဟင် ... ကမ္ဘာသခင်ကြီးက ချက်ချင်း သဘောပေါက်သွားတာလား ။ ကမ္ဘာသခင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ် "
ဝိဥာဥ်သခင်ကြီး စိတ်ထဲမှ ကြိတ်ပြောမိလိုက်သည်။
ထိုစဥ် ထျန်းမင်ကမ္ဘာသခင်ကြီးက လောဖန်ကိုကြည့်ကာ ပြော၏။
" ကမ္ဘာငယ်လေးတွေမှာ.. ရုတ်တရက် ကံကောင်းတာမျိုးတို့ ၊ တခြားထူးခြားတဲ့ အကြောင်းရင်းမျိုးတို့ကြောင့် ကောင်းကင်ဘုံရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့သူတွေ တစ်ခါတလေ ပေါ်လာတတ်တယ် ။ သူတို့တွေက ထူးခြားတဲ့ မှော်လက်နက်တွေနဲ့ တခြားပစ္စည်းတွေကို အားကိုးပြီးတော့ အစွမ်းကို အံ့မခန်းတိုးလာအောင် လုပ်တတ်ကြတယ်ကွ ။ အဲ့လိုကနေမှ ကမ္ဘာငယ်ကလဲ တိုးတက်လာတာပေါ့ကွာ "
" အဲ့လိုဟာမျိုးတွေကို ကံတရားသားတော်၊သမီး
တော် လို့ ခေါ်လေ့ရှိတယ် "
" အခု မင်းက မူလမသေမျိုးလက်နက်ကို ပိုင်ထားရုံတင် မကဘူး ၊ သန့်တောင် သန့်စင်ထားပြီးသွားပြီ ။ ဆိုတော့ ကြည့်ရတာ မင်းက ထျန်းယွမ်ကမ္ဘာရဲ့ ကံတရားသားတော် နဲ့တူတယ် ။ မင်းလက်ချက်နဲ့ ငါ့လူတွေ သေသွားရတာ မဆန်းတော့ပါဘူး "
လောဖန်မှာကား သူ့စကားကို နားလည်ဟန်မတူဘဲ မျက်မှောင်ကြုံ့၍ ပြန်မေးလာ၏။
" ခင်ဗျားကြီး ဘာတွေပြောနေတာလဲ "
ကံတရားသားတော် က ဘာအဓိပ္ပါယ်ဖြစ်ပြီး ကံကောင်းခြင်းကို ရုတ်တရက်ရသည်က ဘာမှန်း သူ အမှန်တကယ် နားမလည်ပါ ။
ထိုစဥ် ထျန်းမင်ကမ္ဘာသခင်ကြီး စကားဆက်သည်။
" ဒါပေမယ့်.. အဲ့လို ကံတရားသားတော်တွေက နှစ်ပေါင်းသန်းချီတဲ့ အမွေအနှစ်တွေနဲ့ ယှဥ်ရင် ဘာမှမပြောပလောက်တာ မင်း ကံဆိုးတာပဲ ။ ငါ့ဘဝတလျှောက်မှာ မင်းလို ကံတရားသားတော် ၊ သမီးတော်တွေရဲ့ အသက်တွေ အများကြီးကို ခြွေယူခဲ့ဖူးတယ်ကွ ။ ဒီနေ့တော့ မင်းကိုပါ အဲ့စာရင်းထဲ ထပ်ပေါင်းထ
ည့်ရတော့မှာပေါ့ "
ဝုန်း ...
သူ ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ လေထုတစ်ခုလုံး မငြိမ်မသက် ဖြစ်လာ၏။
" ထျန်းမင် လက်ချောင်း "
ထို့နောက်တွင်... စကားသံနှင့်အတူ အဆုံးမဲ့သော ထျန်းမင်အစွမ်းများ သူ့လက်ချောင်းထိပ်၌ စုစည်းလာပြီး ပေါက်ကွဲထွက်သွားတော့သည်။
ထို ကြောက်မက်ဖွယ် လက်ချောင်းအစွမ်းက အလွန်လျင်မြန်သော အရှိန်ဖြင့် လောဖန်ဆီသို့ တိုးဝင်လာ၏။
" ဟင် ... "
လောဖန် လန့်သွားသည်။ သို့သော် ရှောင်တိမ်းရန်လည်း နောက်ကျသွားခဲ့လေပြီ ။
ထို့နောက်တွင် .
ဝုန်း ..
ကောင်းကင်နှင့်မြေကြီး ပြိုကွဲသွားကာ စည်းမျဥ်းများပင် မငြိမ်မသက် ဖြစ်သွားကြသည်။
" သနားစရာပါလား "
ထျန်းမင်ကမ္ဘာသခင်ကြီး လှောင်ပြုံးဖြင့် ပြောလိုက်၏။
သို့သော် ထိုအချိန်မှာပင် ...
" ကမ္ဘာ... ကမ္ဘာသခင်ကြီး ... "
ဝိဥာဥ်သခင်ကြီးက တုန်တုန်ယင်ယင်ဖြင့် လက်ဆန့်ထုတ်၍ တစ်နေရာသို့ ညွှန်ပြသည်။
" ဟင် ... "
ထျန်းမင်ကမ္ဘာသခင်ကြီး အံ့အားသင့်ကာ သူညွှန်ပြသည့်ဘက် လှည့်ကြည့်လိုက်၏။
ထိုစဥ် ... ခပ်လှမ်းလှမ်းရှိ လေထဲတွင် အလင်းတန်းများ တစ်ကိုယ်လုံး လွှမ်းခြုံထားသော လောဖန်က ပျံထွက်လာသည်။
" ဟင်... ဒီကောင် မသေသေးဘူးလား "
ထျန်းမင်ကမ္ဘာသခင်ကြီး အံ့သြသွားရ၏။
သို့သော် မကြာခင်မှာပင် လောဖန်၏ ရင်ဘတ်ရှေ့တွင် ရှိနေသော ဒိုင်းကာပုံစံ မူလမသေမျိုးလက်နက်ကို သူ တွေ့လိုက်ရပြီး ၎င်းဒိုင်းကာပေါ်မှ တာအိုထွင်းစာများက လောဖန်အား ကာကွယ်ပေးထားသည်ကို မြင်လိုက်ရသည်။
၎င်းက လောဖန်အား သူ့ တိုက်ခိုက်မှုမှ ကာကွယ်ပေးထားသည့် ပစ္စည်းပင် ။
သို့သော်... လောဖန်မှာ အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့သည့်တိုင် အနည်းငယ် ဒဏ်ရာရသွားခဲ့ပုံပေါ်ကာ .. သူ့နှုတ်ခမ်းထောင့်တွင်လည်း သွေးစက်အချို့ ရှိနေပါ၏။
အစောက လက်ချောင်းအစွမ်းအချို့မှာ မူလမသေ
မျိုးလက်နက်ကို ထိုးဖောက်၍ သူ့အား ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါသည်။
" မူလမသေမျိုးလက်နက် နှစ်ခုတောင်ပါလား... ။ ငါ သတ်ခဲ့ဖူးသမျှ ကံတရားသားတော်တွေထဲမှာတော့ မင်းက အစွမ်းအထက်ဆုံးပဲကွ ။ အဲ့ဒါကိုတော့ ငါ ဝန်ခံလိုက်မယ် ။ ဒါပေမယ့်... မင်း သေရမှာက သေရမှာပဲ "
ထျန်းမင်ကမ္ဘာသခင်ကြီး ပြောလိုက်သည်။ သူ့မျက်နှာထားလည်း ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သည့်အသွင် ပြောင်းသွားကာ လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လာသည်။
ဝုန်း ....
ထို့နောက်တွင် သူ့နောက်မှလေထု အက်ကွဲသွားပြီး ကြောက်မက်ဖွယ် အတွင်းကမ္ဘာငယ်တစ်ခု ပေါ်လာ၏။
ထိုအတွင်းကမ္ဘာငယ်ထဲမှ မည်းနက်နေသော ဓားရှည်တစ်လက် တဖြည်းဖြည်း မျောလွင့်လာသည်။
ဝုန်း ...
ထျန်းမင်ကမ္ဘာသခင်ကြီးက ဓားအား လက်ဖြင့် ဖမ်းဆုပ်လိုက်၏။
တစ်ချိန်တည်းမှာပင်...
ဝုန်း ...
ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ကောင်းကင်ယံမှ ကျလာသည်။
ဘုတ် ..
ခပ်လှမ်းလှမ်းရှိ ဝိဥာဥ်သခင်ကြီးမှာ ထိုဖိအားကြောင့် မြေပြင်သို့ ဒူးထောက်ကျသွားသည်။
" ထျန်း... ထျန်းမင်ဓား ... ထျန်းမင်ကမ္ဘာရဲ့ အစောင့်အကြပ် မသေမျိုးလက်နက်လား "
ဝိဥာဥ်သခင်ကြီး အလန့်တကြားဖြင့် ခေါင်းကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်သည်။
ဓားကို လက်တစ်ဖက်တွင် ကိုင်ထားသော ထျန်းမင်ကမ္ဘာသခင်ကြီးက လောဖန်အား ရက်စက်သည့် မျက်နှာဖြင့် ကြည့်ကာ ပြော၏။
" ကောင်လေး ၊ မူလမသေမျိုးလက်နက် ပိုင်တဲ့သူက မင်းတစ်ယောက်တည်း ရှိတယ်လို့ ထင်တာလား "
ချွှင်...
သူ ပြောကာ ဓားကို ခပ်ကြမ်းကြမ်း ယမ်းလိုက်သည်။
လေထဲ၌ ကြောက်မက်ဖွယ် အမည်းရောင်စွမ်းအင်တစ်ခု တမဟုတ်ချင်း စုစည်းလာကာ လောဖန်ဆီသို့ တိုးဝင်လာ၏။
ဝီ ...
ထိုအချိန်တွင် လောဖန်ရှေ့ရှိ ဒိုင်းကာငယ်လေးဆီမှလည်း မသေမျိုးအလင်းတန်းတစ်ခု ရုတ်တရက် ထုတ်လွှတ်လာပြီး အမည်းရောင်အစွမ်းကို ခုခံရန် ကြိုးစားလာသည်။
သို့သော် ...
ဝုန်း ....
မသေမျိုးအလင်းတန်းက မကြာခင်မှာပင် ပြိုကွဲသွားကာ လောဖန်တစ်ယောက် နောက်သို့ လွင့်ထွက်သွားတော့သည်။
အွတ်...
သူ သွေးအန်သွားပြီး မေ့လဲကျခါနီး ဖြစ်သွား၏။
" အစွမ်းထက်လိုက်တာ ... "
လောဖန် အမှန်တကယ်ပင် တုန်လှုပ်သွားရသည်။
တဖက်မှ ထျန်းမင်ကမ္ဘာသခင်ကြီးက လှောင်ပြုံးဖြင့် ပြောလာ၏။
" ကောင်လေး... မင်းကို ပြောပြလိုက်မယ် ။ နှစ်ခုလုံးက မူလမသေမျိုးလက်နက်တွေ ဆိုပေမယ့် အစွမ်းက လုံးဝ ကွာတယ်ကွ "
" ငါ့လက်ထဲက ထျန်းမင်ဓားက ထျန်းမင်ကမ္ဘာကို စ
ပြီးတည်ထောင်ခဲ့တဲ့ ထျန်းမင်ဧကရာဇ်ရဲ့ ဓားပဲ ။ ပြီးတော့ ဒီဓားက ထျန်းမင်ကမ္ဘာရဲ့ အစွမ်းတွေ ပါဝင်နေတဲ့ အစောင့်အကြပ် မသေမျိုးလက်နက်ပဲကွ ။ မင်းရဲ့ မူလမသေမျိုးလက်နက်လောက်နဲ့ ဒီဓားရဲ့ ဖိအားကို ခုခံဖို့ကြိုးစားတာတော့ ရယ်စရာ ကောင်းလွန်းပါတယ် "
" တကယ်လို့ ထျန်းမင်ကမ္ဘာထဲမှာ ဒီထျန်းမင်ဓားရဲ့ ဖိအားကို ဖိနှိပ်ချင်ရင် မင်းဘက်က သန့်စင်ပြီးသား မူလမသေမျိုးလက်နက် အခုသုံးဆယ်လောက် ထုတ်မှရမှာ "
သူ ပြောပြီး အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။
တဖက်မှ လောဖန်မှာ သူ့စကားကို နားထောင်ရင်း အံ့သြနေပုံ ပေါ်ပါ၏။
" မူလမသေမျိုးလက်နက် အခု ၃၀ နဲ့ဆို ဖိနှိပ်နိုင်ပြီလား "
သူ တီးတိုးရေရွတ်လိုက်သည်။
ထျန်းမင်ကမ္ဘာသခင်ကြီး ခေါင်းညိတ်ပြ၏။
" အမှန်ပဲကွ ။ ဒါပေမယ့်.. ကမ္ဘာကြီးမှာ အဲ့လောက်များတဲ့ မူလမသေမျိုး လက်နက်တွေ မရှိတာတော့ မင်းအတွက် စိတ်မကောင်းစရာပဲကွာ ။ ကဲ... မင်းနဲ့ ဆက်ကစားရမှာ ပျင်းလာပြီကွာ ၊ ငရဲကို သွားလိုက်တော့ "
သူ ပြောပြီး ထျန်းမင်ဓားကို ထပ်မြှောက်လိုက်သည်။
ဝုန်း ...
ကောင်းကင်နှင့်မြေကြီး ကြား၌ အမည်းရောင်စွမ်းအင်များ ထပ်စုစည်းလာကာ ထျန်းမင်ဓားဆီသို့ ရွေ့လျားလာသည်။
" ဖြတ်ပစ် "
ထျန်းမင်ကမ္ဘာသခင်ကြီး ပြောပြီး ဓားကိုယမ်းလိုက်၏။
" ချီး... ငါ ဒီမှာပဲ သေရတော့မှာလား မသိပါဘူးကွာ ။ ငါ အဆင်အခြင်မဲ့သွားတယ် "
လောဖန်တစ်ယောက် မျက်နှာဖြူရော်သွားကာ အစွမ်းကုန်သုံး ခုခံရန် ကြိုးစားလိုက်သည်။
သို့သော် ထိုအချိန်တွင်..
" ကျုပ်အကိုကြီး လောဖန်ကို မထိနဲ့ "
" ဟိုကောင်ကြီး ၊ ရပ်လိုက်စမ်း "
အော်သံနှစ်သံနှင့်အတူ လောဖန်ရှေ့သို့ လူနှစ်ယောက် ရောက်လာကြ၏။
" ဟား ဟား... မျိုးမစစ်ကောင်တွေ.... မင်းတို့ရဲ့ ကံတရားသားတော်ကို ကယ်ချင်တယ်ပေါ့လေ ။ အတူတူ သေလိုက်ကြကွာ "
ထျန်းမင်ကမ္ဘာသခင်ကြီး လှောင်ပြုံးဖြင့်ပြောကာ ဓားကိုဆက်ယမ်းလိုက်သည်။