← Chapters

တစ်ယောက်ချင်း တိုက်ချင်တာလား ...

Vol. 53 Ch. 737

တစ်ယောက်ချင်း တိုက်ချင်တာလား ...

Vol. 53 Ch. 737

လောထျန်း တအံ့တသြ ပြန်မေးလိုက်၏။

" ဘယ်လို.. ကံတရားသားတော်.. ဟုတ်လား "

လောဖန်တို့ လူအုပ်မှာလည်း ထိုအချိန်မှ လောထျန်း ရောက်နေသည်ကို သတိထားမိသွားပြီး..

ဝှစ်...

လောထျန်းဘေးသို့ ချက်ချင်း ဆုတ်သွားလိုက်ကြ၏။

" သခင်လေး ၊ အဲ့ကောင်ကြီးက အစွမ်းထက်လွန်းတယ်ဗျ ။ ကျုပ်တို့ သူ့ကို ဘာမှမလုပ်နိုင်ဘူး "

လောဖန်က ဖြူရော်နေသော မျက်နှာလေးဖြင့် ပြောလိုက်သည်။

လောထျန်း ဘာမှ ပြန်မပြောနိုင်ခင်မှာပင် တဖက်မှ ထျန်းမင်ကမ္ဘာသခင်ကြီးက အံ့သြသွားဟန်ဖြင့် လောထျန်းအား ကြည့်လာသည်။

" သခင်လေး ... ဟုတ်လား ၊ မင်းတို့က သူ့ကို သခင်လေးလို့ ခေါ်နေတာလား "

အစောက သူ့အား တိုက်ခိုက်ခဲ့သည့် လူများက ကံတရားသားတော်များ မဟုတ်ဘူးလား ...

ထိုကံတရားသားတော်များက အခြားတစ်ယောက်ကို သခင်လေးဟု ဘာ့ကြောင့် သတ်မှတ်ထားကြပါသနည်း ။

" ဘာတွေပြောနေတာလဲ... သူက ကျုပ်တို့ လောမိသားစုရဲ့ သခင်လေးလေ ။ သူ့ကို သခင်လေးလို့ မခေါ်ဘဲ ဘာခေါ်ရမှာလဲ "

လောဖန် နှာခေါင်းရှုံ့၍ ပြောလိုက်၏။

ထျန်းမင်ကမ္ဘာသခင်ကြီး ပိုအံ့သြသွားရပြီး... တုကျဲ့အဆင့်တွင်သာ ရှိသေးသော လောထျန်းကိုကြည့်ကာ ပိုပို၍ နားမလည်နိုင် ဖြစ်သွားရတော့သည်။

သူ လောထျန်းကို စိုက်ကြည့်ရင်း မေးလိုက်၏။

" ကံတရားသားတော်တွေ မင်းအမိန့်ကို နားထောင်

အောင်... မင်း ဘယ်လိုနည်းတွေ သုံးထားတာလဲ "

လောထျန်း ထိုစဥ်မှ အသိဝင်လာကာ ပြန်မေးလိုက်သည်။

" မင်းပြောတဲ့ ကံတရားသားတော်ဆိုတာ သူတို့တွေကို ပြောတာလား "

ထျန်းမင်ကမ္ဘာသခင်ကြီး မျက်မှောင်ကြုံ့သွား၏။

" ဒီလူနှစ်ဆယ်လောက်က ငါ့ကို သရေကျအောင် တိုက်နိုင်ကြတာလေ ။ ဒါ ကံတရားသားတော် မဟုတ်လို့ ဘာလဲ "

လောထျန်းက အားလုံးဘက် လှည့်ကြည့်၍ ပြောသည်။

" မင်းက အဲ့လိုပြောနေမှတော့လဲ ထားပါလေ ။ ဒါပေမယ့်.. ငါတို့ ပျောင်ပိုင်မြို့မှာ အဲ့လိုအစွမ်းမျိုး ရှိတဲ့သူတွေ သုံးရာကျော်တောင် ရှိတယ် ။ ကံတရားသားတော် သုံးရာကျော်က... နည်းနည်း မများလွန်းဘူးလား "

သူ့စကားကြောင့် ထျန်းမင်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်သွားရပြန်၏။

သူ နားကြားများ လွဲသွားလေသလား...

သူ့ရှေ့မှ ဘီလူးနှစ််ဆယ်ကျော်ကပင် လွန်လွန်းလှလေပြီ ။

ယခု ထိုသို့သော ဘီလူးမျိုး သုံးရာကျော်ပင် ရှိသတဲ့လား...

" မင်း နောက်နေတာလား "

ထျန်းမင်ကမ္ဘာသခင်ကြီး ဒေါသတကြီး အော်လိုက်တော့သည်။

" မင်း ငါ့ကို အရူးများ ထင်နေလား ။ သူတို့လက်ထဲမှ ရှိတဲ့ဟာတွေက မူလမသေမျိုးလက်နက်တွေကွ ။ မူလမသေမျိုးလက်နက်ဆိုတာ ဘာမှန်းရော မင်း သိရဲ့လား ။ အဲ့လက်နက်တွေက ဘယ်လောက်အဖိုးတန်တယ်ဆိုတာရော မင်းသိမယ် မထင်ပါဘူး ။ မင်းတို့ ထျန်းယွမ်ကမ္ဘာမှာ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိရင်တောင်.. မူလမသေမျိုးလက်နက်တွေ အဲ့လောက်အများကြီး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ "

သို့သော်... ထိုစဥ်မှာပင် ..

ဝုန်း ...

အရပ်မျက်နှာပေါင်းစုံမှ လေကိုခွင်း၍ လာနေသောအသံများ ထွက်လာပါ၏။

" သခင်လေး ၊ ဘာတွေ ဖြစ်သွားတာလဲ... "

" အကိုလောဖန် ၊ ခုနက အကူညီတောင်းလိုက်တာလား... "

" ဒီမှာ အစွမ်းထက်တဲ့ရန်သူ ရှိတယ်နဲ့တူတယ် "

...

မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် လူတစ်ရာကျော် ရောက်လာကြသည်။

ထိုလူများအားလုံး လောထျန်းရှေ့ ရောက်သည်နှင့် ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။

" အရိုအသေ ပေးပါတယ် သခင်လေး "

တဖက်မှ ထျန်းမင်ကမ္ဘာသခင်ကြီးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ခန္ဓာကိုယ် သိသိသာသာပင် တုန်သွားသည်။

အဘယ့်ကြောင့်ဆိုသော် အသစ်ရောက်လာသော လူတစ်ရာကျော်၏ လက်များထဲ၌ မူလမသေမျိုးလက်နက် နှစ်ခုစီ ကိုင်ထားကြသည်ကို သူ သေချာမြင်လိုက်ရသောကြောင့်ပင် ။

အားလုံးပေါင်းလိုက်ပါက မူလမသေမျိုးလက်နက် နှစ်ရာကျော် သွားလေပြီ ။

ထိုသူများက လူသားရော ဟုတ်ပါသေးရဲ့လား...

" မဖြစ်နိုင်ဘူး... တစ်ခုခု လွဲနေတာပဲ ဖြစ်ရမယ် ။ အဲ့လို လုံးဝ မဖြစ်သင့်ဘူးလေ "

ထျန်းမင်ကမ္ဘာသခင်ကြီး ခေါင်းယမ်းရင်း ပြောလိုက်သည်။

တဖက်မှ လောဖန်က လူအုပ်ကိုကြည့်ကာ အော်ပြော

လိုက်၏။

" အားလုံး.. ဒီကောင်ကြီးက တော်တော်အစွမ်းထက်တယ်ကွ ။ အားလုံး အတူတူပေါင်းပြီး သူ့ကို သတ်ရအောင် "

သူ့စကားကို ကြားသည်နှင့် အားလုံးက ထျန်းမင်ကမ္ဘာသခင်ကြီးအား ကြည့်လာကြသည်။

ထျန်းမင်ကမ္ဘာသခင်ကြီးမှာလည်း ၎င်းကိုကြည့်ရင်း တစ်ကိုယ်လုံး တုန်သွား၏။

" မင်းတို့... ဘာလုပ်ကြမလို့လဲ "

သူ့အသံများပင် တုန်နေတော့သည်။

အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် .... မည်သူကမှ ဦးမဆောင်ရဘဲ သူတို့၏ မူလမသေမျိုးလက်နက်များကို မြှောက်၍ ရှေ့သို့ ပြေးသွားလိုက်ကြသည်။

" သတ်ကြဟေ့ "

အားလုံး ညာသံပေး အော်ဟစ်ကာ တစ်ပြိုင်နက်

တည်း တိုက်ခိုက်လိုက်ကြ၏။

ဘုန်း ... ဘုန်း ... ဘုန်း ...

မူလမသေမျိုးလက်နက် တစ်ရာကျော်၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် ထျန်းမင်ကမ္ဘာသခင်ကြီး ဖိနှိပ်ခံနေရတော့သည်။

သူ့ကိုယ်ပေါ်တွင်လည်း များစွာသော ဒဏ်ရာများ ချက်ချင်းပေါ်လာကာ သွေးများ လေထဲပြန့်ကျဲသွားတော့၏။

" မင်းတို့ ထျန်းယွမ်ကမ္ဘာက ကောင်တွေက တော်တော်အရှက်မဲ့တာပဲ ။ လူအုပ်နဲ့မှ အားနည်းနဲ့သူကို အနိုင်ကျင့်ရဲတဲ့ကောင်တွေ ။ တစ်ယောက်ချင်းသာ တိုက်ခိုက်ရရင် ငါ ရှုံးစရာအကြောင်း လုံးဝမရှိဘူး "

ထျန်းမင်ကမ္ဘာသခင်ကြီးက ဒဏ်ရာပြင်းထန်စွာ ရနေသည့်ကြားထဲမှ ဒေါသတကြီး အော်လိုက်သည်။

ထိုစကားကို ကြားသောအခါ လောထျန်း အားလုံးကို လက်ပြ၍ ရပ်ကြရန် အချက်ပေးလိုက်၏။

ဝှစ်...

တဖက်မှ လူများအားလုံး တုန့်ခနဲ ရပ်သွားကြသည်။

ထိုစဥ် လောထျန်းက ဒဏ်ရာရထားသော ထျန်းမင်ကမ္ဘာသခင်ကြီးကိုကြည့်ကာ ပြော၏။

" မင်းက တစ်ယောက်ချင်း တိုက်ခိုက်ချင်တာလား "

ထျန်းမင်ကမ္ဘာသခင်ကြီး သွေးချောင်းဆိုးနေရင်း လောထျန်းအား စူးစူးရဲရဲ ပြန်ကြည့်လိုက်သည်။

" ဟုတ်တယ် ။ မင်းနဲ့ငါနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ကြမယ် ။ မင်း သတ္တိရှိလား "

လောထျန်း ခေါင်းညိတ်လိုက်၏။

" ကောင်းပြီလေ ၊ နောက်လာမယ့် တိုက်ပွဲအတွက် သွေးပူလေ့ကျင့်ခန်း သဘောမျိုး လုပ်ကြတာပေါ့ "

နောက်လာမယ့် တိုက်ပွဲတဲ့လား ..

ထျန်းမင်ကမ္ဘာသခင်ကြီးမှာ လောထျန်းပြောသည့် အဓိပ္ပါယ်ကို နားမလည်ဘဲ အံ့သြသွားရသည်။

သို့သော် လောထျန်းက အလွယ်တကူ သဘောတူလာသဖြင့် သူ ဘာမှ ဆက်ပြောမနေတော့ပါ ။

ထို့နောက် သူ ကျန်လူများလက် လှည့်ကြည့်၍ ပြောလိုက်၏။

" ကောင်းပြီ ။ ပြီးတော့... အဲ့လူတွေ မူလမသေမျိုးလက်နက် သုံးပြီး ငါ့ကို မဖိနှိပ်အောင်ရော မင်း ပြောရဲလား "

လက်ရှိတွင် သူသည် မူလမသေမျိုးလက်နက် နှစ်ရာကျော်၏ ဖိနှိပ်ခြင်း ခံထားရသည့်အတွက် အစွမ်းပြည့်ကို ထုတ်မသုံးနိုင်ပါ ။

လောထျန်းက စဥ်းပင်မစဥ်းစားဘဲ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ "

ထို့နောက် သူ အားလုံးဘက် လှည့်ကြည့်ကာ ပြောလိုက်၏။

" မူလမသေမျိုးလက်နက်တွေကို ပြန်သိမ်းပြီး နောက်ဆုတ်နေကြ "

" ဟုတ်ကဲ့ပါ သခင်လေး "

အားလုံးကလည်း သူ့စကားအတိုင်း ချက်ချင်းလုပ်လိုက်ကြသည်။

ဝှစ် ...

လူတစ်ရာကျော်က အနောက်ဘက် ခပ်ဝေးဝေးသို့ ဆုတ်သွားကြသဖြင့် ထျန်းမင်ကမ္ဘာသခင်ကြီးအား ဖိနှိပ်ထားသော အရောင်အဝါလည်း ပျောက်ကွယ်သွားတော့သည်။

" ဒါ... "

ထျန်းမင်ကမ္ဘာသခင်ကြီးမှာ ၎င်းကိုကြည့်ရင်း မှင်သက်နေမိတော့၏။

ဤမျှ အစွမ်းထက်လှသော ထိုလူစုက ယခုလို အမိန့်နာခံလိမ့်မည်ဟု သူ ထင်မထားခဲ့ပါချေ ။

စကားတစ်ခွန်း ပြောလိုက်ရုံဖြင့်ပင် ထိုသူများက အမှန်တကယ် နောက်ဆုတ်သွားပေသည်။

ထျန်းမင်ကမ္ဘာသခင်ကြီး ဖြစ်သော သူသည်ပင် သူ့တပည့်များအား ယခုလိုစကားနားထောင်အောင် မလုပ်နိုင်ပါ ။

ထိုအချိန်မှာပင် သူ့လက်ထဲရှိ ထျန်းမင်ဓားမှ ​ကြောက်မက်ဖွယ် အစွမ်းတစ်ခု ထွက်လာပါ၏။

ထျန်းမင်ဓားက ဖိနှိပ်မှုမှ ကင်းလွတ်သွားခဲ့လေပြီ ။

" ဒါ အခွင့်ကောင်းပဲ ။ ဟိုကောင်တွေကို အချိန်ထပ်ပေးလိုက်ရင် ငါ့ရဲ့ ထျန်းမင်ဓားကို ပြန်ဖိနှိပ်လာကြမှာ ။ ငါ့ရဲ့ သွေးအစွမ်းကို လောင်ကျွမ်းပစ်ပြီးတော့ အဆုံးမဲ့အစွမ်းအားလုံး ထုတ်သုံးပြီး အဲ့ကောင်တွေကို ရှင်းပစ်ရမယ် "

ထျန်းမင်ကမ္ဘာသခင်ကြီး ဆုံးဖြတ်ချက်ကို ချက်ချင်းချကာ သူ့သွေးအစွမ်းကို လောင်ကျွမ်းပစ်လိုက်တော့သည်။

ဝုန်း ...

သူ့ခန္ဓာကိုယ် အများစုက သွေးမှုန်များအဖြစ် ပေါက်ကွဲထွက်ပြီး ထျန်းမင်ဓားပေါ်သို့ ကျလာ၏။

ချွှင် ...

မည်းနက်နေသော ထျန်းမင်ဓား လောင်ကျွမ်းသွားကာ ကြောက်စရာအကောင်းဆုံး အရောင်အဝါတစ်ခု ထုတ်လွှတ်လာတော့သည်။

" ကောင်လေး... မင်းက တုံးအလွန်းတော့ အခု ရှုံးနိမ့်ရတော့မယ် ။ မင်းက ငါ့ကို ကမ္ဘာအစွမ်း ထုတ်သုံးနိုင်အောင် အခွင့်ရေး ပေးလိုက်တာပဲကွ ။ ငါ့ရဲ့ အစွမ်းအထက်ဆုံး ဓားကွက်ကို ကြည့်ထား "

ထျန်းမင်ကမ္ဘာသခင်ကြီး အော်ကာ ဓားဖြင့် တိုက်ခိုက်လိုက်သည်။

ဝုန်း ...

ထျန်းမင်ဓား လှုပ်ရှားသွားသည်နှင့် ထျန်းမင်ကမ္ဘာသခင်ကြီး၏ အနောက်ဘက်တွင် ကြောက်မက်ဖွယ် အရောင်အဝါနှင့် အရိပ်တစ်ခု ပေါ်လာ၏။

ထိုအရိပ်မှာလည်း သူ့ပုံစံအတိုင်း ထျန်းမင်ဓားကို ကိုင်ထားကာ ကမ္ဘာတစ်ခုလုံး၏ အစွမ်းဖြင့် လောထျန်းအား တိုက်ခိုက်လာသည်။

တဖက်မှ လောထျန်းမှာကား ထိုအရာများကို သတိပင်ထားမိပုံ မရပါချေ ။

သူ ခေါင်းငုံ့နေပြီး တစ်ကိုယ်တည်း တီးတိုးရေရွတ်၏။

" ဒီနေ့တိုက်ပွဲမှာ အစွမ်းထက်ကျင့်ကြံသူကြီးတွေ ဘယ်နှယောက်နဲ့ တွေ့ရမလဲ မပြောနိုင်ဘူးဆိုတော့ .. သေချာ သွေးပူအောင်လုပ်ထားမှ ရမယ် "

စကားဆုံးသည်နှင့် သူ့ကိုယ်မှ အရှုပ်အထွေး မသေမျိုးအလင်းတန်း ပေါက်ထွက်လာသည်။

ဝုန်း..

သူ့နောက်တွင်လည်း ခေါင်းသုံးလုံး လက်ခြောက်ဖက် အရိပ်ကြီး တမဟုတ်ချင်း စုစည်းလာ၏။

ဝုန်း ...

သူ့ခေါင်းပေါ်တွင်လည်း ကြယ်ပင်လယ်တစ်ခု ပေါ်လာသည်။

ထိုသို့ပေါ်လာသည်နှင့် သူ့ကိုယ်မှ အရောင်အဝါကလည်း အံ့မခန်း ပမာဏအထိ တိုးသွား၏။

" ကောင်းကင်ဘုံလက်သီး... ပထမအကွက် .. "

လောထျန်းပြောကာ ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။

" ဟင် ... "

ပြီးခဲ့သော တစ်စက္ကန့်လောက်ကပင် မာထန်နေခဲ့သော ထျန်းမင်ကမ္ဘာသခင်ကြီး ရုတ်တရက် ကြက်သေသေသွားရတော့သည်။

ထိုအချိန်တွင်... အစွမ်းပြည့် နဂါးကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသော ခြင်လေးတစ်ကောင်လို သူ့ကိုယ်သူ ခံစားလိုက်ရပါ၏။

သူ့ခေါင်းထဲတွင်လည်း သူ ကျင့်ကြံခြင်းလမ်းပေါ်သို့ ရောက်သည့်နေ့မှ စ၍ ယနေ့အထိ ကြုံခဲ့ရသော အဖြစ်ပျက်များ၏ မှတ်ဉာဏ်များ ဖြတ်ပြေးသွားကြသည်။

ထိုအချိန်မှာပင် လောထျန်း၏ လက်သီးက သူ့ထံရောက်လာခဲ့ပါ၏။

" မြက်ပင်တွေ .... "

၎င်းမှာ ထျန်းမင်ကမ္ဘာသခင်ကြီး၏ နောက်ဆုံးစကားများပင် ...

ထို့နောက်တွင်မူ...

ဝုန်း ...

လောထျန်း၏ လက်သီးချက်ဖြင့် သူ သေသွားရတော့၏။

All Chapters