← Chapters

အခန်း (၇၄၀)

Vol. 53 Ch. 740

အခန်း (၇၄၀)

Vol. 53 Ch. 740

" ဒါ ... "

သူ့စကားကြောင့် ကျန့်ယွီ မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။

ကိုယ့်အားကိုယ် ကိုးရမယ်တဲ့လား ..

သူတို့သုံးယောက်ထဲတွင် မဲ့ချန်တစ်ယောက်တည်းကသာ မသေမျိုးဘုရင် အစစ်ဖြစ်ပြီး ကျန်နှစ်ယောက်မှာ မသေမျိုးဘုရင််အဆင့်နီးပါးသာ ရှိကြရာ သူတို့ မဲ့ချန်နှင့် မယှဥ်နိုင်ပါချေ။

" သခင်ကြီးမဲ့ချန် ၊ ကျွန်မတို့ကို အနိုင်ကျင့်နေတာလား ။ ကိုယ့်အားကိုယ်ကိုးရမယ်ဆို ကျွန်မတို့က သခင်ကြီးနဲ့ ဘယ်ယှဥ်နိုင်မှာလဲ "

မင်ယွိက တည့်တိုးပင် ပြောလိုက်သည်။

မသေမျိုးဘုရင် မဲ့ချန်က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ပြီး ပြော၏။

" ဒါဆိုရင်.. ငါတို့သုံးယောက်လုံး အတူတူတိုက်ခိုက်

လိုက်မယ်လေ.. ဘယ်လိုလဲ ။ ရလာမယ့်ဆုကိုလဲ သုံးယောက်လုံး အညီအမျှ ခွဲယူကြတာပေါ့ ။ ဘိုးဘေးဘက်ကလဲ ငါတို့သုံးယောက်လုံးကို တစ်ပြိုင်တည်းဆုပေးဖို့ စိတ်မရှိလောက်ပါဘူး ။ ဒါပေမယ့်... ဒီကောင်က ဘိုးဘေးကိုယ်တိုင် လိုချင်နေတဲ့သူဆိုတော့ သူ့ကို အရှင်ဖမ်းတာ အကောင်းဆုံးပဲလို့ ငါထင်တယ် "

ကျန့်ယွီ နှင့် မင်ယွိတို့ မျက်လုံးများ အရောင်လက်သွားကာ ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။

" ကောင်းပါပြီ "

ထို့နောက် သူတို့သုံးယောက်လုံး လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။

" ထျန်းယွမ်ကမ္ဘာက လူငယ်လေး... ငါ မင်းကို တိုက်ခိုက်ဖို့ ပျင်းလွန်းတယ်ကွ ။ အဲ့တော့ မင်းရဲ့ ကျင့်ကြံခြင်းကို ကိုယ်တိုင်ဖျက်ဆီးပြီး ကိုယ့်လက်ကိုယ် ပြန်ဖြတ်လိုက် ။ ပြီးရင် ဒီမှာပဲ ဒူးထောက်ပြီး စောင့်နေလိုက်ကွာ ။ ငါတို့ ထျန်းယွမ်ကမ္ဘာကို ရှင်းပစ်ပြီးရင် မင်းကိုပြန်လာခေါ်မယ် "

မင်ယွိက လောထျန်းအား အေးစက်စက်ကြည့်၍ ပြောလိုက်သည်။

လောထျန်းမှာ ကြားလိုက်ရသည့်စကားကြောင့် အံ့အားသင့်သွားရှာ၏။

" မင်း ဘာပြောလိုက်တယ်... "

သူ ရှေ့မှ ရယ်စရာကောင်းလှသူကြီးကို ကြည့်၍ ပြန်မေးလိုက်သည်။

သူ့အား ထိုစကားမျိုး ပြောသည့်သူ မရှိသည်မှာ မည်မျှပင် ကြာသွားခဲ့ပြီနည်း ။

" ငါ စကားကို နောက်တစ်ခေါက်ထပ်ပြောရတာ မကြိုက်ဘူး ။ မင်းက ငါပြောတာကို မကြားလိုက်ဘူးဆိုတော့.. ငါကိုယ်တိုင်ပဲ လုပ်လိုက်တော့မယ် ။ မင်းကြောင့်မို့ ခုလိုဖြစ်ရတယ်ဆိုတော့ မှတ်ထားပါ "

မင်ယွိ ပြန်ပြောပြီး လောထျန်းရှေ့ တိုးသွားလိုက်သည်။

" အရင်ဆုံး.. မင်းရဲ့ ဘယ်ဘက်လက်ကို ဖြတ်မယ် "

သူမ လောထျန်းအား ကောက်ကျစ်သည့် အပြုံးဖြင့်ကြည့်၍ လောထျန်း၏ လက်တစ်ဖက်ကို ဖမ်းဆုပ်ကာ ဆွဲလိုက်၏။

သို့သော်... လောထျန်းက လှုပ်မသွားခဲ့ပါ...

" ဟင်... "

မင်ယွိတစ်ယောက် ခဏတာမျှ မှင်သက်သွားရသည်။

ဘာတွေဖြစ်နေပါသလဲ...

လက်ကိုပင် ဆွဲမရဘူးတဲ့လား ..

ထိုစဥ်မှာပင် အေးစက်စက် အကြည့်တစ်ခုကို သူမ ခံစားမိလိုက်သဖြင့် ... ခေါင်းမော့ကြည့်လိုက်ရာ.. လောထျန်းက သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" ငါ့ရဲ့ ဘယ်လက်ကို အရင်ဖြတ်မယ်.. ဟုတ်လား "

လောထျန်း မေးလာ၏။

ထို့နောက်တွင် .

ဖြောင်း...

လောထျန်းက လက်ယမ်းလိုက်ရာ သူမ၏ လက်တစ်ဖက်က ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသည်ကို မင်ယွိ ခံစားလိုက်ရသည်။

" ဘယ်လိုဖြစ်ပြီး .... "

မင်ယွိ အံ့သြမှင်သက်နေစဥ်မှာပင် .... ဆိုးရွားလှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရတော့၏။

" ငါ့ရဲ့ ညာလက်ကို ထပ်ဖြတ်ဦးမလား "

လောထျန်းက အေးစက်စက် ပြောလာပြန်သည်။

ဖြောင်း...

မင်ယွိ၏ ညာလက် အဖြတ်ခံလိုက်ရပြန်၏။

" အား.... "

သူမ နာကျင်စွာအော်ဟစ်၍ နောက်သို့ အသည်းအသန် ဆုတ်သွားရတော့သည်။

ဝီ ...

ထိုစဥ်မှာပင် သူမကိုယ်မှ မသေမျိုးအလင်းတန်း လက်သွားပြီး ပြတ်သွားသော လက်နှစ်ဖက်လုံး ပြန်ရောက်လာကာ အလွန်လျင်မြန်လှသော နှုန်းဖြင့် အကောင်းတိုင်းပြန်ဖြစ်သွားကြသည်။

" အိုး.. အဲ့လိုပြန်ကောင်းတဲ့ အစွမ်းရှိတာလား "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

" သခင်ကြီးတို့ ဒီကောင်လေးက တစ်ခုခုတော့လွဲနေတယ် ။ အားလုံး အတူတူ တိုက်ခိုက်ကြရ.... "

မင်ယွိ ပြောလိုက်စဥ်မှာပင်... သူမ ကျောရိုးတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

ထို့နောက်တွင်ကား..

ဝုန်း ...

အသံကျယ် တစ်သံနှင့်အတူ လက်သီးချက်တစ်ခု

ရောက်လာပြီး... မင်ယွိတစ်ယောက် အပိုင်းပိုင်း ဖြစ်သွားရတော့၏။

" အဲ့လောက်ဆို ပြန်မကောင်းနိုင်တော့ဘူး မဟုတ်လား .. "

လောထျန်းက လေထဲပြန့်ကျဲသွားသော သွေးများကို ကြည့်ရင်း ပြောလာသည်။

တဖက်မှ မသေမျိုးဘုရင် မဲ့ချန် နှင့် ကျန့်ယွီ တို့မှာကား မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်မိနေကြတော့၏။

" ဒါ... မဖြစ်နိုင်ဘူး... "

ကျန့်ယွီ တုန်လှုပ်စွာ ပြောလိုက်သည်။

မသေမျိုးဘုရင် မဲ့ချန်မှာလည်း မျက်နှာကြီး မဲ့သွား၏။

ထိုတခဏ၌ ဝိဥာဥ်သခင်ကြီး ၊ ကွေ့ဖန် ပြောခဲ့သည့် စကားများကို သူ ပြန်တွေးမိသွားသည်။

" ကွေ့ဖန် ပြောခဲ့တာတွေက အမှန် ဖြစ်နေတာလား ။

ထျန်းယွမ်ကမ္ဘာက အဲ့လိုကြီး ထူးဆန်းနေတာလား "

သူ တွေးကာ ရင်ထဲ လေးလံသွားတော့သည်။

ထို့နောက်တွင်မူ... သူ လေထဲ လက်ဆန့်လိုက်၏။

" ထျန်းမင်ဓား... နေရပ်ကို ပြန်လာခဲ့ "

ဝုန်း ...

ချက်ချင်းမှာပင် လေထုပြိုကွဲသွားပြီး ဘယ်အရပ်မှန်း မသိသည့်ဘက်မှ ထူးခြားသောအစွမ်းတစ်ခု ရောက်လာသည် ။

" ကောင်လေး... မင်းက အစွမ်းထက်တော့ရော ဘာအရေးလဲ ။ ဒါ ထျန်းမင်ကမ္ဘာ ကွ ။ မင်းကတော့ မသိလောက်ပေမယ့်... ထျန်းမင်ကမ္ဘာ မျိုးနွယ်စုမှာ မသေမျိုးဘုရင်အဆင့်ကို ရောက်ထားတဲ့ ဘယ်သူမဆို ထျန်းမင်ဓားကို စိတ်တိုင်းကျ သုံးလို့ရတယ် ။ ထျန်းမင်ဓားနဲ့ဆို ကမ္ဘာတစ်ခုလုံးရဲ့ အစွမ်းကို သုံးလို့ ရသွားပြီ ... အဲ့ကျရင် မင်း ဘာလုပ်နိုင်ဦးမှာလဲကွာ "

မသေမျိုးဘုရင်ကြီး မဲ့ချန် စိတ်ထဲမှ ပြောလိုက်သည်။

ထိုစဥ် လောထျန်းနောက်တွင် ရှိနေကြသူများကြား၌ ...

" ဟင်.. ဒီအစွမ်းက. .. "

ထျန်းမင်ဓားကို ကိုင်ထားသော လောမိသားစုမှ လူငယ်မှာ သူ့လက်ထဲရှိ ထျန်းမင်ဓားက ရုတ်တရက် အထိန်းကွပ်မဲ့ ဖြစ်လာသည်ကို သတိထားမိလိုက်သည်။

ဝီ ....

ထိုစဥ်မှာပင် ထျန်းမင်ဓားက သူ့လက်ထဲမှ ပျောက်သွား၏။

အခြားတဖက် ... လေထဲသို့ လက်ဆန့်ထားသော မသေမျိုးဘုရင် မဲ့ချန်မှာ သူ့လက်ဝါးအား တစ်စုံတစ်ခု လာထိသည်ကို ခံစားမိပြီး... ဝမ်းသာသွားသည်။

" ဟား ဟား... ကောင်လေး ၊ အခုတော့ မင်း သေပြီ။ ဒီ ထျန်းမင်ဓားနဲ့ဆို ငါက ပြိုင်ဘက်ကင်း ဖြစ်သွားပြီကွ "

မသေမျိုးဘုရင် မဲ့ချန်က ထိုသို့ပြောကာ လက်ထဲမှ ဓားကို မကြည့်ဘဲ ခေါင်းပေါ်မြှောက်လိုက်၏။

" ကောင်လေး ၊ နောက်ဆုံးစကား အနေနဲ့ ဘာပြောချင်လဲ "

သူ လောထျန်းအား မေးလိုက်သည်။

သို့သော်.. တဖက်မှ လောထျန်းကမူ သူ့အား စိတ်မနှံ့သူ တစ်ယောက်ကို ကြည့်သည့်အကြည့်မျိုးဖြင့်သာ ကြည့်နေ၏။

" ဟင်... "

မဲ့ချန် အံ့သြသွားရသည်။

ထိုစဥ်မှာပင် ဘေးမှ ကျန့်ယွီက တံတွေးမြိုချပြီး ပြောလာ၏။

" သခင်ကြီးမဲ့ချန်... သခင်ကြီးလက်ထဲမှာ ကိုင်ထားတဲ့ဟာကို ကြည့်လိုက်ပါဦး "

" ငါ့လက်ထဲမှာ ဘာကိုင်ထားလို့လဲ... ထျန်းမင်ဓား

မဟုတ်ဘူးလား... ဟင် "

မသေမျိုးဘုရင် မဲ့ချန်မှာ ထိုစဥ်မှ မော့ကြည့်မိလိုက်ပြီး ... သူ့လက်ထဲ ရှိနေသည့်အရာက ထျန်းမင်ဓား မဟုတ်ဘဲ.. လက်ပြတ်ကြီးတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရတော့သည်။

ထို လက်ပြတ်ကြီးကသာ ထျန်းမင်ဓားအား ကိုင်ထားပါ၏။

ထို့အပြင်... ထျန်းမင်ဓားမှာလည်း အက်ရာများ ပြည့်နေပြီး အချိန်မရွေး ပျက်စီးတော့မည့်ပုံ ပေါက်နေသည်။

" ဘာတွေ ဖြစ်နေတာလဲ... ဘယ်လိုလုပ်ပြီး.. ခုလိုဖြစ်သွားရတာလဲ "

မသေမျိုးဘုရင် မဲ့ချန်တစ်ယောက် မှင်သက်သွားရတော့၏။

ယနေ့ အဘယ့်ကြောင့် ထူးဆန်းသောကိစ္စများ ဖြစ်နေပါသနည်း ။

ထိုစဥ် လောထျန်းက ဓားကိုကြည့်ကာ ပြောလာသည်။

" ဒီဓားကို မြင်ဖူးနေသလိုပဲ ... ။ အာ... မှတ်မိပြီ ၊ အဲ့ဒါ ခုနက ငါဖျက်ဆီးလိုက်တဲ့ ဓားပဲ ။ ဒီဓားက ဘယ်လိုလုပ်ပြီး မင်းလက်ထဲ ရောက်လာရတာလဲ "

သူ့စကားကြောင့် ရှေ့မှ မသေမျိုးဘုရင် မဲ့ချန်တစ်ယောက် တုန်လှုပ်သွားကာ ပြန်မေး၏။

" အဲ့ဓားကို ဖျက်ဆီးခဲ့တာ... မင်းလား ... "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ "

မသေမျိုးဘုရင် မဲ့ချန် ဒေါသူပုန်ထသွားတော့သည်။

" မဖြစ်နိုင်တာ ... ဒါ ငါတို့ထျန်းမင်ကမ္ဘာရဲ့ အစောင့်အကြပ် မသေမျိုးလက်နက်တစ်ခုကွ ။ ဒီဓားမှာ ထျန်းမင်ကမ္ဘာ တစ်ခုလုံးရဲ့ အစွမ်းတွေပါတယ် ။ မင်းက ဒါကို ဘယ်လိုလုပ် ဖျက်ဆီးနိုင်မှာလဲ "

သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားဟန်ပင် .

" ဘာပြောလိုက်တယ်... အဲ့ဒါ ထျန်းမင်ကမ္ဘာရဲ့ အစောင့်အကြပ်မသေမျိုးလက်နက်.. ဟုတ်လား "

ထို့နောက် သူ ဓားအား ခေါင်းစခြေဆုံး သေချာထပ်ကြည့်၍ ဆက်ပြော၏။

" အဲ့လောက် အစွမ်းနိမ့်တာလား "

" မင်း... "

တဖက်မှ မသေမျိုးဘုရင် မဲ့ချန်မှာ ဒေါသထွက်လွန်း၍ မူးနောက်နောက်ပင် ဖြစ်သွားရတော့သည်။

ထိုကောင်က ထျန်းမင်ဓားအား ဤအ​ခြေအနေထိရောက်အောင် ဖျက်ဆီးပစ်ပြီးမှ ဓားကို အစွမ်းနိမ့်တယ် တဲ့လား ..

" ကောင်လေး... ငရဲကို သွားလိုက်တော့ "

ချွှင် ...

သူ ပြောကာ ထျန်းမင်ဓားအား ထပ်မြှောက်လိုက်သည်။

" ထျန်းမင်ဓားကို ခုလိုဖြစ်အောင် မင်း ဘယ်လိုလုပ်လိုက်လဲ မသိပေမယ့်... ထျန်းမင်ဓားကို သုံးဖို့ဆို အချုပ်နှောင်အစွမ်းကို အသက်သွင်းဖို့ လိုတယ်ကွ ။

အချုပ်နှောင်အစွမ်း ... စုစည်းစေ "

မသေမျိုးဘုရင် မဲ့ချန် အော်ကာ ကမ္ဘာအစွမ်းကို စုစည်းရန် ကြိုးစားလိုက်သည်။

သို့သော်...

ဝီ ...

လေတစ်ချက်သာ တိုက်ခတ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပါ၏။

မသေမျိုးဘုရင်မဲ့ချန်မှာကား ထျန်းမင်ဓားကို ကိုင်ပြီး အူကြောင်ကြောင် ရပ်လျက် ....

သူ မျှော်လင့်ထားသော အချုပ်အနှောင်အစွမ်းကမူ ပေါ်မလာခဲ့ပါ ...

" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ကမ္ဘာရဲ့အစွမ်းကို ဘာလို့ စုစည်းလို့မရတာလဲ "

သူ တုန်လှုပ်စွာ ပြောလိုက်၏။

လောထျန်းက သူ့ကိုကြည့်ရင်း ပြန်ပြောသည်။

" မင်းပြောတဲ့ အချုပ်နှောင်အစွမ်းကို ငါ စောနက တွေ့ဖူးတယ်ထင်တာပဲ ။ ဟိုလူကြီး ဒီဓားကို သုံးခဲ့တုန်းက အဲ့အစွမ်းကိုပါ သုံးခဲ့သေးတယ် "

မသေမျိုးဘုရင် မဲ့ချန် အံ့အားသင့်သွားကာ ပြန်မေးလိုက်၏။

" ခုနကတောင် သုံးလို့ရသေးတာဆို... အခု ဘာလို့ သုံးလို့မရတာလဲ "

လောထျန်းက ခေတ္တမျှ စဥ်းစားပြီးမှ ဖြေလိုက်သည်။

" အဲ့အစွမ်းက ငါ့ကြောင့်မို့ ပြိုကွဲသွားတာလား မသိဘူး... ဒါ့ကြောင့်မို့ အခု ထပ်စုစည်းလို့ မရတော့တာထင်တယ် "

" မင်း... ဘာပြောလိုက််တယ် ... "

မသေမျိုးဘုရင် မဲ့ချန် အံ့သြမှင်သက်သွားရပြန်တော့သည်။

အချုပ်နှောင်အစွမ်းက ပြိုကွဲသွားသတဲ့လား ...

ထိုစဥ် လောထျန်းက သူ့ကိုကြည့်ကာ ထပ်ပြောလာ၏။

" ထျန်းမင်ကမ္ဘာမှာ လူတွေအများကြီး ရှိတဲ့ထဲကမှ မင်းက အစွမ်းအထက်ဆုံးပဲ ။ နတ်ဆိုးနတ်ဘုရားကြီးကို စက္ကန့်ပိုင်းလောက်အတွင်း သတ်နိုင်အောင် အစွမ်းထက်တာဆိုတော့ ... ကြည့်ရတာ မင်းက ထျန်းမင်ကမ္ဘာသခင်ကြီးနဲ့ တူတယ် ၊ ဟုတ်လား ။ အဲ့လိုဆိုရင်တော့ မင်းလဲ သေရလိမ့်မယ် "

All Chapters