ချူးယွင်ဖန်းက အရှင်သခင်တစ်ဦးဖြစ်နေပြီးသား
Vol. 83 Ch. 1232
စစ်ဝံပုလွေဂိုဏ်းတွင် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့် ကျွမ်းကျင်သူဟူ၍ မရှိသော်လည်း ၎င်းတို့သည် နှစ်တစ်ရာကျော် ဖြစ်တည်ခဲ့သော ဂိုဏ်းတစ်ခုဖြစ်သည်။ ၎င်းတို့တွင် ဝှက်ဖဲအနည်းငယ်ပင် မရှိပါက အခြားလူများက ၎င်းတို့ကို ဖိနှိပ်သွားပေလိမ့်မည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကို အနိုင်ယူရန် မဖြစ်နိုင်သော်လည်း ၎င်းတို့နှင့်အတူ ကျဆုံးအောင်ပြုလုပ်နိုင်သည့် နည်းလမ်းများရှိနေဆဲဖြစ်သည်။ ယင်းဖြစ်စဥ်သည် ၎င်းတို့၏ဂိုဏ်းသားများကို တစ်ဖက်လူနှင့်အတူ သေဆုံးစေမည်ဖြစ်သည့်အတွက် လွန်စွာဝမ်းနည်းပူဆွေးစေပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် မည်မျှပင် ကူကယ်ရာမဲ့စေမည်နည်း။
ဤသို့ဆိုလျှင်ပင် ၎င်းတို့သည် မည်သည်ကိုမှ ပြုလုပ်နိုင်မည် မဟုတ်ပေ။ နည်းပညာနှင့် သိုင်းပညာများ အညီအမျှ အရေးပါ၍ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်များကိုပင် သတ်ဖြတ်နိုင်သည့် ပြည်ထောင်စုနှင့် မတူညီဘဲ၊ ဝိညာဉ်နယ်မြေသည် ၎င်းတို့ကဲ့သို့ပြုလုပ်ရန် အဖိုးအခအမြောက်အများ ပေးဆပ်ရပေလိမ့်မည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့် ကျွမ်းကျင်သူကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းသည် ရွှေအမတေအဆင့်ကျွမ်းကျင်သူနှင့် တိုက်ခိုက်ရန်ဖြစ်သည်။ ဤသည်မှာ စစ်ဝံပုလွေဂိုဏ်း၏ကန့်သတ်ချက်ဖြစ်သည်။ တိုက်ခိုက်လာသူသည် ရွှေအမတေအဆင့်ကျွမ်းကျင်သူဖြစ်ခဲ့ပါက၊ လက်နက်ချရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
၎င်းတို့သည် အသေခံတိုက်ခိုက်ခဲ့လျှင်ပင် ရွှေအမတေအဆင့်ကျွမ်းကျင်သူကို ထိခိုက်နိုင်မည် မဟုတ်ပေ။ ရွှေအမတေအဆင့်ကျွမ်းကျင်သူ၏ လက်ဖဝါးချက်တစ်ချက်သည် ၎င်းတို့၏ လူအရေအတွက် ထက်ဝက်ခန့်ကို သေဆုံးသွားနိုင်သည်။ နောက်ထပ် လက်ဖဝါးချက်သည် စစ်ဝံပုလွေဂိုဏ်းတစ်ခုလုံးကို သုတ်သင်သွားပေလိမ့်မည်။
စစ်ဝံပုလွေဂိုဏ်းရှိ လူအများသည် ဝမ်ဟွမ်ကို စူးစိုက်၍ ကြည့်နေကြသည်။ ၎င်းတို့သည် အမွေခံဓားစံအိမ်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူ၏သားဖြစ်သူကို စည်းတံဆိပ်ဖြင့် ချိပ်ပိတ်ကာ ဒူးထောက်ခိုင်းခဲ့သူများ မဟုတ်ကြပေ။ သို့တိုင် ဝမ်ဟွမ်သည် ၎င်းတို့ကို ထိုကိစ္စနှင့်ပတ်သက်၍ တာဝန်ယူခိုင်းနေသည်။ ဤသည်မှာ အလွန်ဗိုလ်ကျလွန်းခြင်း မဟုတ်လေသလော။
"ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်ရဲတယ်ပေါ့" ဝမ်ဟွမ်သည် စစ်ဝံပုလွေဂိုဏ်း၏ခေါင်းဆောင်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"သခင်ကြီးဝမ်၊ ကျုပ် ခင်ဗျားကို မခြိမ်းခြောက်ပါဘူး။ ဒါက မဖြစ်နိုင်တဲ့နောက်ဆုံးအခြေအနေမှာ ကျုပ်တို့ လုပ်မယ့်ဟာကို ပြောနေတယ်ဆိုတာ ခင်ဗျား သိပါတယ်။ အဲ့လိုအခြေအနေအထိ ရောက်လာရင် ကျုပ်တို့မှာ အစွမ်းကုန်တိုက်ခိုက်တာကလွဲရင် တခြားရွေးချယ်စရာရှိမှာ မဟုတ်ဘူး’’ စစ်ဝံပုလွေဂိုဏ်း၏ခေါင်းဆောင်က ပြောလိုက်သည်။
"ကျုပ်တို့လည်း အဲ့လိုအခြေအနေထိ မသွားချင်ပေမယ့် ဖြစ်လာမယ်ဆိုရင်တော့ ဘယ်တတ်နိုင်မှာလဲ။ စစ်ဝံပုလွေဂိုဏ်းက ကျုပ်တည်ဆောက်ထားတဲ့ အခြေခံအုတ်မြစ်ပဲ။ ကျုပ် မကြောက်ဘူး"
ဝမ်ဟွမ်၏ မျက်လုံးများသည် တိုက်ခိုက်မှု၏ ရလဒ်များ ထိုက်တန်ခြင်း မထိုက်တန်ခြင်းကို အကဲဖြတ်နေသကဲ့သို့ အလင်းရောင်များဖြင့် လင်းလက်သွားသည်။ သူသည် အချိန်အတော်အတန်ကြာပြီးနောက် ပြောလိုက်သည်။
“ကျုပ်သားနဲ့ အရင်တွေ့ချင်တယ်”
ဝမ်ဟွမ်၏စကားကို ကြားပြီးနောက် စစ်ဝံပုလွေဂိုဏ်းရှိ ကျွမ်းကျင်သူများအားလုံး သက်ပြင်းတစ်ချက်ချလိုက်ကြသည်။ ဝမ်ဟွမ်သည် ၎င်းတို့နှင့်အတူ သေကျေပျက်စီးရန် မရည်ရွယ်ထားပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူ၏သားဖြစ်သူသည် ချိပ်ပိတ်ခံရရုံမျှသာဖြစ်၍ အမှန်တကယ် မသေဆုံးခဲ့ပေ။ အကယ်၍ ဝမ်ဟွမ်သာ ထိုကဲ့သို့သော အသေးအဖွဲကိစ္စများအတွက် သေသည်အထိ တိုက်ခိုက်မည်ဆိုလျှင် အမွေခံဓားစံအိမ်သည် ဟိုးယခင်ကတည်းက ပျက်စီးသွားပြီဖြစ်သည်။
“ကျုပ်နောက်ကို လိုက်ခဲ့ပါ သခင်ကြီးဝမ်" ဂိုဏ်းခေါင်းဆောင်က အလျင်အမြန် ပြောလိုက်သည်။
ဝမ်ဟွမ်သည် ဂိုဏ်းခေါင်းဆောင်၏ လမ်းညွှန်မှုအောက်တွင် ဧည့်ခန်းထဲသို့ ဝင်သွားခဲ့သည်။ သူ၏သားဖြစ်သူသည် ချိပ်ပိတ်ခံရကာ ဒူးထောက်ခိုင်းခံထားရကြောင်း မြင်လိုက်ရသောအခါ ဝမ်ဟွမ် အလွန်ဒေါသထွက်သွားသည်။ သူ၏ကိုယ်ခန္ဓာရှိ နတ်စွမ်းအင်များ တစ်ဟုန်းဟုန်းတောက်လောက်ကာ သူ၏အရောင်အဝါသည် ဓားအိမ်မပါရှိသော ဓားတစ်ချောင်းနှင့်ပင် ဆင်တူသည်။
"အတင့်ရဲလို့" ဝမ်ဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏အရောင်အဝါများ စစ်ဝံပုလွေဂိုဏ်း၏ အထက်ပိုင်းအရာရှိများကို ဖိနှိပ်လာသောကြောင့် ၎င်းတို့သည် လှုပ်ရှားရန်ပင် ခက်ခဲနေသည်ဟု ခံစားလိုက်ရသည်။ ဂိုဏ်းခေါင်းဆောင်လျှင်ပင် ကိုယ့်ကိုယ်ကို ကာကွယ်ရုံမျှသာ ပြုလုပ်နိုင်ခဲ့သည်။ ထိုအရောင်အဝါများသည် သူ့ကို အချိန်မရွေး လွှမ်းခြုံရန် ခြိမ်းခြောက်နေသည်။
"ခင်ဗျားတို့အားလုံး သေကြောင်းကြံစည်နေကြတာပဲ" ဝမ်ဟွမ်က ဟိန်းဟောက်လိုက်သည်။
ထိုအချိန်တွင် ဒူးထောက်နေသော ဝမ်ဖေးဟုန်သည် သူ၏ဖခင်ကို မြင်လိုက်ရသည်နှင့် မျက်ရည်များ ဝဲလာခဲ့သည်။ နောက်ဆုံးတွင် သူသည် မျှော်လင့်ချက်ကို မြင်နိုင်ပြီဖြစ်သည်။
"သခင်ကြီးဝမ်၊ ဒါက ကျုပ်တို့ လုပ်တာ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျား ကျုပ်တို့နဲ့အတူ သေဖို့စီစဥ်ထားရင်လည်း ကျုပ်တို့က ကြောက်နေမှာ မဟုတ်ပါဘူး" ခေါင်းဆောင်က တောင့်တင်းစွာ ပြောလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ဝမ်ဟွမ်သည် သူ၏ အရောင်အဝါများကို ထိန်းချုပ်နိုင်သွားသည်။ အဆုံးတွင် သူသည် ဤနေရာတွင် မသေချင်ပေ။ ပြီးနောက် သူ၏နောက်ကျောမှ ဓားအလင်းတစ်ခု ထွက်ပေါ်လာကာ ဧည့်ခန်း၏ခေါင်မိုးကို ချက်ခြင်း ပေါက်ထွက်သွားခဲ့သည်။ ဓားအလင်းရောင်သည် လျှပ်စီးကြောင်းကဲ့သို့သော အရှိန်အဟုန်ဖြင့် ဆင်းသက်လာ၍ ဝမ်ဖေးဟုန်၏ ခန္ဓာကိုယ်ပေါ်ရှိ စည်းတံဆိပ်ပေါ် ကျရောက်လာသည်။
ဘန်း
ပြီးနောက် ဓာအလင်းရောင်သည် တွန်းအားတစ်ခုကြောင့် လွင့်ထွက်သွားခဲ့ရာ၊ ၎င်းနှင့်အတူ ပေါက်ကွဲသံများ လိုက်ပါသွားလေသည်။ ဝမ်ဟွမ်၏ မျက်နှာအမူအရာသည် နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့သည်။ သူသည် ကနဦးတွင် စည်းတံဆိပ်မန္တန်ကို သိပ်အထင်မကြီးခဲ့သောကြောင့် ချိုးဖျက်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ထိုသို့မဟုတ်ကြောင်း သူ သိရှိသွားခဲ့သည်။ ဤစည်းတံဆိပ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ သူ၏ဓားသည် သာမန်စည်းတံဆိပ်မန္တန်တစ်ခုကို အလွယ်တကူ ချိုးဖျက်နိုင်ပေလိမ့်မည်။ ဤသည်မှာ အရာအားလုံးကို ချိုးဖျက်နိုင်သည့် သိုင်းပညာတစ်ခုကြောင့်ဖြစ်သည်။ တစ်ဖက်လူတွင် မည်သို့သော သိုင်းပညာမျိုးရှိနေပါစေ၊ အကြွင်းမဲ့အင်အား၏ ဖိနှိပ်မှုအောက်တွင် ပျက်စီးရပေလိမ့်မည်။
သို့သော် ဤစည်းတံဆိပ်သည် သဘာဝတရားနှင့် ပေါင်းစပ်နေ၍ စဉ်ဆက်မပြတ် အားကောင်းစေရန်အတွက် နေရာအရပ်ရပ်မှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေပုံပေါ်သည်။ ပြီးနောက် သူ၏တိုက်ခိုက်မှုသည် စည်းတံဆိပ်ကို အသက်သွင်းမိသွားသောကြောင့် ၎င်းကို ပို၍ပင် ခိုင်မာသွားစေသည်။ နာကျင်မှုများ တိုးမြင့်လာသောကြောင့် ဝမ်ဖေးဟုန်သည် စူးရှစွာ အော်ဟစ်လိုက်လေသည်။
"ဒီစည်းတံဆိပ်ကို ပြန်ဖျက်ချင်ရင်၊ ချိပ်ပိတ်ခဲ့တဲ့လူကိုပဲ ပြန်ဖျက်ခိုင်းလို့ရမယ် ထင်တယ်" စစ်ဝံပုလွေဂိုဏ်း၏ ခေါင်းဆောင်က ပြောလိုက်သည်။
သူသည် ချူးယွင်ဖန်း၏ စကားများကို သတိရသွားသည်။ ဝမ်ဟွမ် ရောက်လာခဲ့လျှင် ချူးယွင်ဖန်းကို သွားရှာရန် ပြောပြသင့်သည်။
"ဒီစည်းတံဆိပ်ကို ဘယ်သူ လုပ်ထားတာလဲ။ ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လိုက်သလဲလို့" ဝမ်ဟွမ်သည် အလွန်ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် သူသည် အနည်းငယ် တည်ငြိမ်သွားပြီဖြစ်သည်။ သူသာ စည်းတံဆိပ်ကို ဆက်လက်ဖျက်ဆီးနေပါက၊ သူ၏သားဖြစ်သူကို ဖိကြိတ်မိသွားမည်ဖြစ်ကြောင်း သူ သိရှိသွားသည်။
လျောင်သာ့ယီသည် ထိုစကားကို ကြားလိုက်သောအခါ မျက်စောင်းထိုးလုနီးပါး ခံစားလိုက်ရသည်။
'ဒီမှာ တကယ်ရက်စက်ကြမ်းကြုတ်တဲ့သူက ဘယ်သူလဲ။ ခင်ဗျားရဲ့သားက ဆေးဆရာချူးကို ပထမဆုံးတွေ့တဲ့နေ့မှာပဲ သတ်ဖို့ ကြိုစားခဲ့တာ။ ဘယ်လောက်တောင် ဥပဒေမဲ့လိုက်သလဲလို့'
ဂိုဏ်းခေါင်းဆောင်သည် မကြာမီ အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။ သူသည် မည်သည်ကိုမျှ ချဲ့ကားမနေဘဲ ဇာတ်လမ်းတစ်ခုလုံးကိုသာ ပြောပြလိုက်သည်။ ဝမ်ဟွမ်သည် အရာအားလုံးကို ကြားလိုက်ရသောအခါ အလွန် ဒေါသထွက်သွားလေ၏။ သူသည် ဝမ်ဖေးဟုန်၏ ချူးယွင်ဖန်းကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်ဟူသော အပိုင်းကို လျစ်လျူရှုလိုက်သည်။ ချူးယွင်ဖန်း၏ ဝမ်ဖေးဟုန်ကို ဖိနှိပ်ခဲ့သော အပြုအမူကိုသာ သူ အာရုံစိုက်ခဲ့သည်။
"တော်တော့၊ ဒီချူးယွင်ဖန်းဆိုတဲ့လူက ဘယ်မှာလဲ၊ ကျုပ် ဒင်းကို အပိုင်းပိုင်း လှီးဖြတ်ပစ်လိုက်ချင်တယ်" ဝမ်ဟွမ်က ကြိမ်းဝါးလိုက်သည်။
လျောင်သာ့ယီသည် ချူးယွင်ဖန်းရှိနေသော ရှန်ဟဲဆေးပညာရိပ်မြုံ၏ တည်နေရာကို ပြောပြလိုက်ပြီးနောက်၊ ဝမ်ဟွမ်သည် ကောင်းကင်ယံသို့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချူးယွင်ဖန်းဆီ ဦးတည့်သွားနေပြီဖြစ်ကြောင်း ၎င်းတို့အားလုံး မြင်တွေ့လိုက်ရသည်။
"ဝမ်ဟွမ်က ဒဏ္ဍာရီတွေထက်တောင် ပိုပြီးအစွမ်းထက်နေတာပဲ။ ဆေးဆရာချူးက သူ့ကို ကိုင်တွယ်နိုင်ပါ့မလား" လျောင်သာ့ယီက စိုးရိမ်စွာ ပြောလိုက်သည်။
"စိတ်မပူနဲ့။ ဆေးဆရာချူးက ငယ်ရွှယ်သေးပေမယ့် သူဘာတွေလုပ်နေတယ်ဆိုတာ သူ သိပါတယ်။ ဝမ်ဖေးဟုန်ကို ဒီလိုလုပ်ရဲတယ်ဆိုမှတော့ သူ့မှာ အကြံကောင်းတစ်ခုတော့ ရှိမှာပါ" ခေါင်းဆောင်က ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သို့ ဝင်ရောက်လုနီးပါးဖြစ်နေသော ပုရှန်ကို လျင်မြန်စွာ နှိမ်နင်းနိုင်ခဲ့သည့် ချူးယွင်ဖန်း၏လှုပ်ရှားမှုများကို သူ စဉ်းစားမိသွားသည်။ ထိုအခါ သူ၏စိတ်ထဲတွင် ကြောက်မက်ဖွယ် အတွေးတစ်ခုပေါ်ပေါက်လာသည်။
'ဆေးဆရာချူးက ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကို ရောက်နေတာများလား'
ဤဖြစ်နိုင်ခြေသည် တုန်လှုပ်ဖွယ်ကောင်းလှသောကြောင့် သူသည် ယခင်က တစ်ကြိမ်တစ်ခါပင် မစဉ်းစားဝံ့ခဲ့ပေ။ သူ၏ထင်မြင်ယူဆချက်များ မှန်ကန်နေပါက၊ ၎င်းတို့၏ ယခင်ခန့်မှန်းချက်များအားလုံး မှားယွင်းသွားပေလိမ့်မည်။ ချူးယွင်ဖန်းသည် အနာဂတ်တွင် အရှင်သခင်ဖြစ်လာမည့်သူမဟုတ်ဘဲ ယခုအချိန်တွင် အရှင်သခင်တစ်ဦးဖြစ်နေပြီဖြစ်သည်။
'ဒီလိုသာဆိုရင် သိပ်ကောင်းတာပဲ။ ဆေးဆရာချူးက ဝမ်ဟွမ်ကို သင်ခန်းစာတစ်ခု ပေးလိုက်ပါစေ' လျောင်သာ့ယီက ထိုသို့တွေးလိုက်သည်။
******