ထပ်မံ မြင့်တက်လာသော လှိုင်းလုံးများ၊ ရန်သူရောက်ရှိလာခြင်း
Vol. 83 Ch. 1235
တိုက်ပွဲကို ကြည့်ရှုနေသူတိုင်း အံ့ဩမှင်သက်သွားကြသည်။ ဝေ့တိုင်းပြည်ရှိ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဝမ်ဟွမ်သည် တိုက်ခိုက်နေစဥ်အတွင်း ထွက်ပြေးသွားခဲ့သည်။ ၎င်းတို့သာ ကိုယ်တိုင် မမြင်တွေ့ခဲ့ပါက၊ ယုံကြည်ကြမည် မဟုတ်ပေ။ ချူးယွင်ဖန်းလျှင်ပင် အနည်းငယ် အံ့ဩသွားခဲ့သည်။ ဝမ်ဟွမ်သည် ဤမျှလျင်မြန်စွာ ထွက်ပြေးသွားမည်ဟု သူ မမျှော်လင့်ထားသည့်အတွက် လိုက်ဖမ်းရန်ပင် အခွင့်အရေးမရှိခဲ့ပေ။
သို့သော် ဝမ်ဟွမ်ကို သတ်ဖြတ်ရန် အကြောင်းအရင်းမရှိသောကြောင့် သူ့အနောက်သို့ မလိုက်သွားခဲ့ပေ။ ဝမ်ဟွမ်သည် ထွက်ပြေးသွားပြီဖြစ်သောကြောင့် ချူးယွင်ဖန်းသည် သူ့ကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ တိုက်ပွဲသည် ဝမ်ဟွမ် လွတ်မြောက်သွားခြင်းနှင့်အတူ ပြီးဆုံးသွားသော်လည်း ၎င်းဖြစ်စဥ်ကြောင့် သက်ရောက်လာသော လှိုင်းလုံးများသည် ထိုအချိန်မှ စတင်ပျံ့နှံ့လာခဲ့သည်။
ချူးယွင်ဖန်းသည် ဤကိစ္စကို မနှိုးဆော်ခဲ့လျှင် ဆေးရောင်းဝယ်ရေးလမ်းမရှိ လူများသာမကဘဲ၊ ခုန်းလုံမြို့ရှိ လူတိုင်းပင် သိရှိသွားကြပေလိမ့်မည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သည် ကြီးမြတ်သော ဝေ့တိုင်းပြည်တွင် ဩဇာအာဏာကြီးမားသော အင်အားစုတစ်စုဖြစ်ကြသည်။ ရွှေအမတေအဆင့် အနည်းငယ်အပြင် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူများကို မည်သူမျှ ယှဥ်နိုင်ကြမည် မဟုတ်ပေ။
ဤလူများကို ကြီးမြတ်သော ဝေ့တိုင်းပြည်၏အစိုးရတွင် စာရင်းထည့်သွင်းထားကြသည်။ ၎င်းတို့အနက် တစ်ဦးချင်းစီသည် အန္တရာယ်များသူများဖြစ်ကြသည်။ ယခုအခါ နောက်တစ်ဦးဖြစ်သည့် ရှန်ဟဲဆေးပညာရိပ်မြုံ၏ပိုင်ရှင် ချူးယွင်ဖန်းသည် ထိုစာရင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည် များသောအားဖြင့် သီးသန့်ကျင်ကြံ၍ သိုသိပ်စွာ နေထိုင်လေ့ရှိသည်။ သူသည် ယခင်အချိန်က မပေါ်ပေါက်လာခြင်း မဟုတ်ဘဲ လူအနည်းငယ်ကသာ သူ့ကို မြင်တွေ့ဖူးခြင်းဖြစ်သည်။ လူအနည်းငယ်သည် သူ၏နောက်ကြောင်းရာဇဝင်ကို သိထားသော်လည်း အများစုက မသိခဲ့ကြပေ။ သို့မဟုတ်ပါက၊ ၎င်းတို့သည် သူ့ကို ဤမျှတိုတောင်းသော အချိန်အတွင်း ရှာတွေ့နိုင်ကြမည် မဟုတ်ပေ။
သူသည် နောက်ဆုံးတွင် ပေါ်ပေါက်လာပြီဖြစ်သည်။ ဆေးရောင်းဝယ်ရေးလမ်းမတစ်ခုလုံးကို ထိတ်လန့်စေသည်ဟု ဆိုနိုင်သော်လည်း သူသည် သိသာထင်ရှားသော အင်အားစုများ၏ အာရုံစိုက်မှုကို မရရှိခဲ့ပေ။ ယခုအခါ သူသည် ဝမ်ဟွမ်ကို အနိုင်ယူခဲ့လေသည်။ ဤတိုက်ပွဲသည် ခုန်းလုံမြို့နှင့် ကြီးမြတ်သော ဝေ့တိုင်းပြည်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည်။
ချူးယွင်ဖန်း၏ နောက်ခံအထောက်အထားကို မကြာမီတွင် သိရှိသွားကြမည်ဖြစ်သောကြောင့် သူသည် သိုသိပ်စွာ နေထိုင်နိုင်တော့မည်မဟုတ်ပေ။ သူသည် အချိန်တစ်ခုသာ လိုအပ်သည်။ ဤကိစ္စသည် စစ်ဝံပုလွေဂိုဏ်းကိုလည်း ထိတ်လန့်စေခဲ့သည်။ အခြားလူများသည် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းစွာ မသိထားသော်လည်း ဝမ်ဟွမ်၏ ချူးယွင်ဖန်းအပေါ် ရုတ်တရက် တိုက်ခိုက်လာရသည့် ဖြစ်ရပ်မှန်ကို စစ်ဝံပုလွေဂိုဏ်းရှိ အထက်ပိုင်း အရာရှိများသာ သိထားကြသည်။ လျောင်သာ့ယီလျှင်ပင် ချူးယွင်ဖန်းက ဝမ်ဟွမ်ကို သင်ခန်းစာသင်ပေးရန် မျှော်လင့်ခဲ့သော်လည်း ထိုကဲ့သို့ထွက်ပြေးသွားရသည်အထိ ရိုက်နှက်လိုက်သောအခါ စစ်ဝံပုလွေဂိုဏ်း၏ အထက်ပိုင်း အရာရှိများ ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ကြသည်။
ထိုသတင်းကို ကြားပြီးနောက် စစ်ဝံပုလွေဂိုဏ်း၏ခေါင်းဆောင်က ပြောလိုက်သည်။
"ကျုပ်တို့တွေ ဆေးဆရာချူးကို လျှော့တွက်ခဲ့ကြတာပဲ။ သူ့ခွန်အားကို ခုန်းလုံမြို့မှာရှိတဲ့ ဘယ်ကျွမ်းကျင်သူကမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ဟုတ်တယ်။ ဆေးဆရာချူးရဲ့ အကာအကွယ်နဲ့ဆိုရင် ပုရှန်ရဲ့ဂိုဏ်းတောင် အဲ့လောက်မောက်မာနိုင်မှာ မဟုတ်တော့ဘူး" လျောင်သာ့ယီက ပြောလိုက်သည်။
တိုက်ပွဲအပြီးတွင် ရှန်ဟဲဆေးပညာရိပ်မြုံအပြင်ဘက်တွင် သူလျှိုအများအပြား ပေါ်လာခဲ့ကြသည်။ သို့သော် ထိုနေရာကို မည်သူမျှ ပေါ့ပေါ့ဆဆ မချဉ်းကပ်ရဲကြပေ။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်၏ အထွတ်အထိပ်တွင်ရှိနေသာ ကျွမ်းကျင်သူသည် ထိုနေရာကို စောင့်ကြပ်နေကြောင်း လူတိုင်းသိကြသည်။
ချူးယွင်ဖန်းသည် ဤသူလျှိုများကို ဂရုမစိုက်ခဲ့ပေ။ ဤသူလျှိုများသည် သူကြောင့် ရောက်ရှိလာကြသော်လည်း သူသည် ၎င်းတို့ကို ဂရုမစိုက်ပေ။ ချူးယွင်ဖန်းသည် ဆက်လက်၍ သီးသန့်ကျင့်ကြံတော့မည်အချိန်တွင် ချူးဟုန်ချိုင်က သူ့ထံ သတင်းတစ်ခု ယူဆောင်လာခဲ့သည်။ သခင်မကြီးသည် သူမ၏ အသက်တစ်ရာငါးဆယ်ပြည့်မွေးနေ့ကို သုံးရက်အကြာတွင် ကျင်းပလိမ့်မည်ဖြစ်ရာ၊ ချူးယွင်ဖန်းသည် ၎င်းအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။
သခင်မကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်တစ်ရာငါးဆယ်ပြည့်သွားပြီဖြစ်ကြောင်း ချူးယွင်ဖန်း သတိရသွားသည်။ မှန်သည်၊ သူမသည်လည်း နတ်အဆင့်ကျွမ်းကျင်သူဖြစ်သည်။ သူမသည် ကျင့်ကြံမှုအဆင့်ကို မဖော်ပြခဲ့သည့်အပြင် သိပ်ထက်မြက်လွန်းခြင်း မရှိသော်လည်း ဤအဆင့်သို့ ဝင်ရောက်ပြီးနောက် လူအများစုထက် ပို၍အသက်ရှည်လာခဲ့သည်။
အနည်းငယ် စဉ်းစားပြီးနောက် ချူးယွင်ဖန်းတွင် အစီအစဉ်တစ်ခုရှိလာသည်။ သခင်မကြီးအတွက် အကောင်းဆုံးလက်ဆောင်သည် လူတစ်ဦး၏ သက်တမ်းကို မြှင့်တင်ပေးနိုင်မည့် သက်ရှည်ဆေးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် ဤဆေးလုံးမျိုးကို နတ်နဂါးအကြီးအကဲအတွက် တစ်ကြိမ်ပြုလုပ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် သူသည် ထိုဆေးလုံးအများအပြား ဖော်စပ်ကာ သူ၏မိဘများအတွက် ချန်ရစ်ထားခဲ့သည်။ ယခုအခါ သူသည် ထိုဆေးကို ထပ်မံဖော်စပ်ရပေလိမ့်မည်။ ချူးယွင်ဖန်းတွင် အချိန်သုံးရက်သာရှိသော်လည်း စစ်ဝံပုလွေဂိုဏ်းသည် သူ၏ညွှန်ကြားချက်များကို ပေါ့ဆစွာ မပြုမူဝံ့ကြပေ။
ချူးယွင်ဖန်းသည် တစ်ရက်အတွင်း အသက်ရှည်ဆေးအတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်နိုင်ခဲ့သည်။ ဤဆေးဖက်ဝင်ပစ္စည်းများသည် ထူးခြားလှသော်လည်း ရှားပါးလွန်းသည့် အရာများမဟုတ်ပေ။
ချူးယွင်ဖန်းသည် အသက်ရှည်ဆေးကို သီးသန့်ကျင့်ကြံ၍ ဖော်စပ်နေစဉ်တွင် စစ်ဝံပုလွေဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုတွင် လူသေအလောင်းများ တောင်တန်းတစ်ခုကဲ့သို့ ပြန့်ကျဲနေခဲ့သည်။ ယင်းတို့သည် စစ်ဝံပုလွေဂိုဏ်းသားများ၏ ရာနှင့်ချီသော အလောင်းများဖြစ်ကြသည်။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထား၍ ဆံပင်ဖြူများရှိနေသော်လည်း ငယ်ရွယ်နုပျိုသော မျက်နှာနှင့် အမျိုးသားတစ်ဦးသည် စစ်ဝံပုလွေဂိုဏ်းခွဲခေါင်းဆောင်၏ လည်ပင်းကို လက်ဖြင့် ဖမ်းဆုပ်ထားစဥ် ရုတ်တရက် လိမ်ချိုးလိုက်သည်။
"ချူးယွင်ဖန်းတဲ့လား။ ကျုံးရှင်မြို့ဝန်ရဲ့ ချူးမိသားစု ပေါ့ ဟုတ်လား။ ကျုပ်တပည့်ကိုများ သတ်ရဲရတယ်လို့။ မင်းတို့တွေ ပြန်ပေးဆပ်စေရမယ်" အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် ရက်စက်ကြမ်းကြုတ်သောအပြုံးဖြင့် ပြောလိုက်သည်။ သူသည် ဤဂိုဏ်းခွဲတစ်ခုလုံးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အဖြူရောင်၀တ်ဆင်ထားသည့် မျက်နှာလေးထောင့်နှင့် အဘိုးအိုတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာကာ ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်က စစ်ဆင်ရေးမအောင်မြင်တာနဲ့ပတ်သက်ပြီး စိတ်မကျေနပ်ဘူးဖြစ်နေတယ်။ မျောက်တွေကို ခြောက်လှန့်ဖို့ မြို့ဝန်မိသားစုကို ဖျက်ဆီးလိုက်ဖို့ ပြောထားတယ်"
"ဟမ်း၊ ကျုပ်စီစဉ်ပြီးသားပါ။ ကျုပ် ကျုံးရှင်မြို့ဝန်ကို သက်ညှာလိုက်မယ်” အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက အေးစက်စွာ ကြိမ်းဝါးလိုက်သည်။
"ကျုံးရှင်မြို့ဝန်ရဲ့ သခင်မကြီးအတွက် တစ်ရာငါးဆယ်နှစ်မြောက် မွေးနေ့ကျင်းပတော့မယ်လို့ ကျုပ် ကြားထားတယ်။ သူတို့ရဲ့မွေးနေ့ပွဲတစ်ခုလုံး စျာပနပွဲအဖြစ် ပြောင်းသွားစေရမယ်"
အဖြူရောင်၀တ်ဆင်ထားသည့် မျက်နှာလေးထောင့်နှင့် အမျိုးသားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒီချူးယွင်ဖန်းက ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ကူလောက်မှာကို ကျုပ် စိုးရိမ်မိတယ်။ သူက အမွေခံဓားစံအိမ်ရဲ့ ဝမ်ဟွမ်ကိုတောင် အနိုင်ယူခဲ့တာတဲ့"
အနက်ရောင်ဝတ်စုံနှင့် အမျိုးသား၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီးနောက် အေးစက်စွာ ပြောလာသည်။
"ဝမ်ဟွမ်က ဘာကောင်မှ မဟုတ်ဘူး၊ လူသား စပါးခွံအဆင့်သာသာပဲရှိတာ၊ ကျုပ်တို့ထဲက ဘယ်သူမဆို သူ့ကို အလွယ်တကူ သတ်နိုင်တယ်။ ကျုပ်တို့သာ ပေါင်းလိုက်ရင် ချူးယွင်ဖန်းမှာ ထူးခြားတဲ့ အစွမ်းအစမျိုးရှိရင်တောင် သေရမှာပဲ"
"အဲဒါဆိုရင် ကျုပ် သွားပြင်ဆင်လိုက်မယ်။ ဒါပေမယ့် စစ်ဝံပုလွေဂိုဏ်းကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ" အဖြူရောင်ဝတ်ဆင်ထားသည့် မျက်နှာလေးထောင့်နှင့် အမျိုးသားက အေးစက်စွာ မေးမြန်းလိုက်သည်။
"အခုလောလောဆယ်ထားလိုက်ဦး။ ချူးယွင်ဖန်းက ကျုပ်တို့အကြောင်း သိသွားပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။ ဒင်းကို သင်္ချိုင်းနေရာတောင်မရှိဘဲ သေရအောင် သေချာလုပ်ပစ်ရမယ်။ ရန်သူကို နှိုးဆော်သလို မဖြစ်မိစေနဲ့" အနက်ရောင်ဝတ်ဝုံနှင့် အမျိုးသားက အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် ခေတ္တရပ်တန့်ပြီးနောက် ဆက်ပြောလိုက်သည်။
"ချူးယွင်ဖန်းကို ရှင်းပြီးရင် စစ်ဝံပုလွေဂိုဏ်းကို အမြစ်ဖြတ်ပစ်ရမယ်။ သူတို့တွေက သာမန်လူမိုက်တွေဆိုတော့ အဲ့ဒီ့အချိန်မှရှင်းလည်း နောက်ကျမှာ မဟုတ်ပါဘူး"
၎င်းတို့နှစ်ဦးသည် တစ်ဦးကို တစ်ဦး အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အတားအဆီးတစ်ခုသည် ထိုဂိုဏ်းခွဲကို လွှမ်းခြုံသွားခဲ့သည်။ ထိုအတားအဆီး၏ အတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ခြင်းမရှိသည့်အပြင် ငရဲပြည်တစ်ခုဖြစ်နေခြင်းကို မည်သူမျှ မသိခဲ့ပေ။
******