တစ်ခုပြီးတစ်ခုသော ထိတ်လန့်မှုများ(၁)
Vol. 83 Ch. 1237
ချန်ရှန်းဟုန်သည် ချူးယွင်ဖန်း၏မျက်နှာကို ရိုက်နှက်ရန် ယနေ့အထိ စောင့်ဆိုင်းကာ သူ၏ဒေါသကို မျိုသိပ်နေခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းက သူ့ကို သင်ခန်းစာပေးခဲ့ကတည်းက သူသည် ယနေ့အချိန်အတွက် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ယခင်က သူ့ကို လွယ်တကူ အနိုင်ယူခဲ့၍ ၎င်းတို့နှစ်ဦးကြားရှိ မယှဉ်နိုင်သော အင်အားကွာခြားမှုကို ပြသခဲ့သည်။ ချန်ရှန်းဟုန်သည် ချူးယွင်ဖန်းကို လက်စားချေနိုင်မည် မဟုတ်ကြောင်း သိထားသည်။ ယခုအချိိန်သည်သာ ချူးယွင်ဖန်း၏ မျက်နှာကို ရိုက်နှက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။
ဤဖြစ်စဥ်၌ မည်သည့်အမှားအယွင်းမျှ ဖြစ်ပွားနိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် ဆင်းရဲသော လူငယ်တစ်ယောက်မျှသာဖြစ်သည်။ သူသည် အမွေဆက်ခံသူရာထူးအတွက် အရွေးမခံရမီတွင် ချူးမိသားစု၏ သာမန်မိသားစုဝင်တစ်ဦးသာဖြစ်သည်။
'ချူးယွင်ဖန်းမှာ ဘယ်လိုပြီး ပစ္စည်းဥစ္စာတွေရှိနိုင်မှာလဲ။ ငါ ပေးခဲ့တဲ့ ထူးမြတ်တဲ့ လက်ဆောင်မျိုးကို မပြောနဲ့၊ သာမာန်လူတွေရဲ့ မွေးနေ့လက်ဆောင်တွေနဲ့ နှိုင်းယှဥ်ရုံလောက်ပဲရှိမှာ’
ထိုသို့တွေးမိသောအခါ ချန်ရှန်းဟုန်သည် နောက်တစ်စက္ကန့်ရှိ ချူးယွင်ဖန်း၏ အရှက်တကွဲအကျိုးနည်းဖြစ်မှုကို မြင်နေရဟန်ဖြင့် ဘဝင်ခိုက်စွာ လှည့်ကြည့်လာသည်။
ယခုအချိန်တွင် ချူးဟုန်ချိုင်က စက်ဆုပ်စွာ ပြောလိုက်သည်။
"ချန်ရှန်းဟုန်၊ ခင်ဗျား ဘာတွေလာပြီး ဘဝင်ခိုက်နေတာလဲ၊ ဒီမွေးနေ့လက်ဆောင်က မြို့စားနင် ပြင်ပေးတဲ့ လက်ဆောင်ပါ။ ခင်ဗျားကိုယ်တိုင်ပြင်ဆင်လာတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ မသိရင် ခင်ဗျားပြင်ဆင်လာတဲ့ပုံစံနဲ့ လာလုပ်နေတာလဲ’’
ချူးယောင်ဝေ့၏ မျက်နှာအမူအရာ မည်းမှောင်သွားလေသည်။ ချန်ရှန်းဟုန်သည် နောက်ဆုံးအချိန် ထိုးနှက်ခံရပြီးနောက် သင်ခန်းစာရရှိသွားပြီဟု သူ ထင်မှတ်ထားခဲ့သည်။ သိုသော် ထိုသို့ လုံးလုံးလျားလျား သန်ခန်းစာမရခဲ့သည့်အပြင် ချန်ရှန်းဟုန်သည် ထပ်မံ၍ ပြသနာရှာချင်နေသေးပုံပေါ်သည်။
အကယ်၍ ယနေ့သာ သာမန်နေ့တစ်နေ့ဖြစ်ခဲ့လျှင် သူသည် ၎င်းဖြစ်စဥ်ကို ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော် ယနေ့သည် သူ့မိခင်၏ နှစ်တစ်ရာငါးဆယ်ပြည့် မွေးနေ့ပွဲဖြစ်နေသည်။ ချန်ရှန်းဟုန်သည် ယခုအချိန်တွင် ပြဿနာရှာချင်နေပါက၊ သူ၏မျက်နှာကို လူရှေ့သူရှေ့ ဖြတ်ရိုက်လိုက်ခြင်းနှင့် ညီမျှပေသည်။ ဤသည်မှာ ချူးမိသားစုကို လူသိရှင်ကြား အရှက်ခွဲခြင်းမဟုတ်လေသလော။ သခင်မကြီး၏ မျက်နှာပေါ်ရှိ ကြင်နာသော အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ သူမသည် တုံးအသူမဟုတ်သောကြောင့် ချန်ရှန်းဟုန်၏ ရည်ရွယ်ချက်ကို နားလည်နိုင်ခဲ့သည်။
'သူက ဒီမွေးနေ့လက်ဆောင်ကို အသုံးချပြီး ချူးယွင်ဖန်းကို အရှက်ရအောင်လုပ်ချင်နေတာပဲ’
ချန်ရှန်းဟုန်သည် သင်ခန်းစာရရှိပြီးနောက် စိတ်အနေအထားများ ပြောင်းလဲသွားပြီဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုအခါ သူမသည် သူကို အထင်အမြင်ကြီးခဲ့မိကြောင်း သိလိုက်ရသည်။ သူမ၏ဘဝတစ်လျှောက်လုံး အရေးကြီးဆုံးအရာသည် သူမ၏ ဂုဏ်သတင်းအရှိန်အဝါများဖြစ်ခဲ့သော်လည်း ချန်ရှန်းဟုန်သည် ၎င်းတို့ကို ညှိုးနွမ်းအောင် ပြုလုပ်ချင်ပုံပေါ်သည်။ သူမသည် ဤဖြစ်စဥ်ကို မည်သို့မျှ ခွင့်လွှတ်ပေးနိုင်မည်နည်း။
သူမ၏ဒေါသစိတ်များ မြင့်တက်လာချိန်၌ အပြင်ဘက်မှ အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။ "ခုန်းလုံမြို့ဆေးပညာအဖွဲ့အစည်းရဲ့ဌာနခွဲမှ ဥက္ကဋ္ဌကုန်းပုယီ ကြွရောက်လာပါတယ်"
ထိုကြေငြာမှုသည် လူတိုင်းကို ထိတ်လန့်သွားစေရာ၊ အထူးသဖြင့် ချူးယောင်ဝေ့သည် ထိုင်ခုံမှပင် ရုတ်တရက် မတ်တပ်ထရပ်လာသည်။ ဤနေ့သည် ချူးမိသားစု သခင်မကြီး၏ မွေးနေ့ဖြစ်သောကြောင့် ချူးမိသားစုနှင့် သက်ဆိုင်သည့် ဆွေမျိုးများနှင့် အကျိုးတူစီးပွားရှိသော ပါတနာများသာ တက်ရောက်လာကြသည်။ အခြားသော ထင်ရှားကျော်ကြားသည့် မိသားစုများသည် ကိုယ်စားလှယ်များနှင့် လက်ဆောင်များသာ ပေးအပ်လာကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤသည်မှာ ချူးယောင်ဝေ့၏ မွေးနေ့မဟုတ်ဘဲ သခင်မကြီး၏မွေးနေ့သာဖြစ်သည်။
ခုန်းလုံမြို့ဆေးပညာအဖွဲ့အစည်း ဌာနခွဲ၏ ဥက္ကဋ္ဌဆိုလျှင် ဤနေရာသို့ ပို၍ပင် ကြွရောက်လာနိုင်ခြေရှိမည်မဟုတ်ပေ။ သူသည် ဆေးပညာအဖွဲ့အစည်းတစ်ခုလုံးကို တာဝန်ယူထားသူဖြစ်သည်။ သူသည် အဆင့်အတန်းအရ၊ တစ်မြို့လုံးတွင် ထူးခြားသော ဖြစ်တည်မှုဟု ဆိုနိုင်ရာ၊ ချူးယောင်ဝေ့နှင့် နှိုင်းယှဥ်လျှင် နိမ့်ကျမည် မဟုတ်ဘဲ ပို၍သာမြင့်မားပေလိမ့်မည်။
ဆေးပညာအဖွဲ့အစည်းသည် ၎င်းတို့ကို ဂုဏ်ပြုရန်အတွက် ၎င်းတို့၏အကြီးအကဲတစ်ဦးသာ စေလွှတ်ခဲ့လျှင်ပင် လောကဝတ်အရ ယဥ်ကျေးပျူငှာနေပြီဖြစ်သည်။ ယခုမူ ကုန်းပုယီသည် ကိုယ်တိုင်ကိုယ်ကျရောက်လာခဲ့သောကြောင့် လူတိုင်းကို ချက်ချင်းပင် ပင့်သက်ရှိုက်မိသွားစေသည်။ ဤသည်မှာ လေးစားမှု လွန်ကဲစွာ ပြသလာခြင်းဖြစ်သည်။
ချူးယောင်ဝေ့သည် အလျင်အမြန် မတ်တပ်ထရပ်လိုက်သည်။ သူသည် ကုန်းပုယီအရှေ့တွင် မောက်မာစွာ မပြုမူဝံ့သည့်အတွက် ကမန်းကတန်း ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ"
မကြာမီတွင် ကုန်းပုယီသည် လူတိုင်းအရှေ့တွင် ပေါ်ပေါက်လာသည်။
"ဥက္ကဋ္ဌကုန်း လူကိုယ်တိုင် ကြွလာလို့ပါလား။ ကျုပ်တို့ ချူးမိသားစုတစ်ခုလုံး ဂုဏ်ပြုမိပါတယ်" ချူးယောင်ဝေ့က ပြောလိုက်သည်။
သူသည် ကုန်းပုယီကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အမှန်တကယ် မိတ်ဆွေဖွဲ့ချင်မိသည်။ သို့သော် ကုန်းပုယီသည် အမြဲတစေ ဘာသိဘာသာ ပြုမူလေ့ရှိသည်။ ခုန်းလုံမြို့တွင် မိမိကဲ့သို့ မြို့ဝန်များစွာရှိသော်လည်း ဆေးပညာအဖွဲ့အစည်း၏ ဥက္ကဋ္ဌ ကုန်းပုယီသည် တစ်ဦးတည်းသာ တည်ရှိခဲ့သည်။ နှစ်ဦးနှစ်ဖက်စလုံးသည် သဘာဝအတိုင်း နှိုင်းယှဉ်ရန်ပင် မလိုအပ်ပေ။
"ဘာမှမဖြစ်ပါဘူး။ ကျုပ် ဒီနေ့ပဲ မြို့တော်က ပြန်လာတာ။ သခင်မကြီး မွေးနေ့ပွဲ ကျင်းပနေတယ်ဆိုတဲ့ သတင်းကို ကြားပေမယ့် ကျုပ် ဘာမှအများကြီး မပြင်ဆင်ဖြစ်ခဲ့ဘူး။ ကျုပ်မှာ ဒါပဲရှိလို့၊ မစော်ကားတယ်လို့ မမြင်လိုက်ပါနဲ့" ကုန်းပုယီက အလျင်အမြန် ပြန်ပြောလိုက်သည်။
ပြီးနောက် သူသည် ကျောက်စိမ်းသေတ္တာတစ်ခုကို ဆွဲထုတ်၍ ဖွင့်ပြလိုက်သည်။ ၎င်းသေတ္တာထဲတွင် ဆေးပုလင်းတစ်ဘူး တည်ရှိနေသည်။
"ဒါတွေက ကျုပ် ကိုယ်တိုင် ဖော်စပ်ထားတဲ့ ရာချီဆေးဖက်ဝင်အပင် ဝိညာဉ်ပြန်လည်စုဆောင်းဆေးတွေပါ။ စိတ်ဝိညာဥ်ဒဏ်ရာတွေကို ကုသရာမှာ အတော်လေးကို ထိရောက်မှုရှိတဲ့ ဆေးမျိုးပါ။ ကျုပ်လည်း အလျင်လိုနေတော့ ဒါက ကျုပ် ပြင်ဆင်ပေးနိုင်တဲ့တစ်ခုတည်းသော အရာပါ" ကုန်းပုယီက ဆိုသည်။
ကုန်းပုယီ၏ စကားများ ပြီးဆုံးသွားသည်နှင့် လူတိုင်း ပင့်သက်ရှိုက်လိုက်ကြလေသည်။ ၎င်းတို့သည် အသိပညာကြွယ်ဝသူများဖြစ်ကြသည်။ ရာချီသော ဆေးဖက်ဝင်အပင်များစွာဖြင့် ကုန်းပုယီ ဖော်စပ်ခဲ့သည့် ဝိညာဉ်ပြန်လည်စုဆောင်းရေးဆေးလုံးများအကြောင်း ၎င်းတို့သည်လည်း ကြားသိဖူးသည်။ ထို့အပြင် ထိုသို့သောအရာမျိုးသည် မည်သည့်နေရာတွင်မဆို ရှာဖွေရခက်ခဲမှန်း ၎င်းတို့ သိကြပေသည်။
ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများသည် နတ်အဆင့်ကျွမ်းကျင်သူများအတွက် မပြောပါ့လောက်သော ဒဏ်ရာများဖြစ်ကြသည်။ ၎င်းတို့သည် ပြတ်တောက်နေသော ခြေလက်များကိုပင် ပြန်လည်ချိတ်ဆက်နိုင်၍ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်ကြသည်။ စိတ်ဝိညာဥ်ဆိုင်ရာဒဏ်ရာများသည် အနည်းငယ်မျှသာ သက်ရောက်ခဲ့လျှင်ပင် ကုသရန်ခက်ခဲပေသည်။ ဤသည်မှာ လူတိုင်းအတွက် ပြဿနာအဖြစ်စေဆုံး အကြောင်းအရာဖြစ်သည်။
သို့သော် ဤရာချီဆေးဖက်ဝင်အပင် ဝိညာဉ်ပြန်လည်စုဆောင်းရေးဆေးသည် စိတ်ဝိညာဥ်ဆိုင်ရာဒဏ်ရာများအတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ သာမာန်အားဖြင့်၊ နတ်အဆင့်ကျွမ်းကျင်သူများသည် ရွှေငွေများ ထောင်ချီစွာ ကုန်ကျခဲ့လျှင်ပင် ထိုသို့သော ဆေးတစ်လုံးပင် ရရှိနိုင်မည် မဟုတ်ပေ။
သို့သော် ကုန်းပုယီသည် ၎င်းဆေး ပုလင်းတစ်ခုလုံးကို လက်ဆောင်အဖြစ် ယူဆောင်လာခဲ့သည်။ ဤသည်မှာ မည်သို့မှ ကုန်းပုယီပြောသည့် လက်ဆောင်လေးတစ်ခုဖြစ်နိုင်မည်နည်း။ မည်သို့ပင်ဆိုစေကာမူ၊ ဤရာချီဆေးဖက်ဝင်အပင် ဝိညာဉ်ပြန်လည်စုဆောင်းရေးဆေးများသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်မျှ တန်ကြေးရှိပေသည်။
၎င်းသည် မြို့စားနင် ပေးအပ်ခဲ့သည့် မွေးနေ့လက်ဆောင်များထက်ပင် ပို၍တန်ဖိုးကြီးမားသည်ဟု ဆိုနိုင်သည်။ နောက်ဆုံးတွင် မြို့စားနင် ပေးအပ်ခဲ့သော လက်ဆောင်များသည် တန်ဖိုးကြီးမားသော်လည်း ဤဆေးလုံးများသည် ငွေနှင့် ပေးဝယ်၍ မရနိုင်သောအရာများဖြစ်ကြသည်။ ၎င်းသည် အရေးကြီးသော အခိုက်အတန့်တွင် အသက်ကယ်ဆေးတစ်ခုဖြစ်ပေသည်။
ထို့အပြင် သခင်မကြီးသည် မြို့စားနင်မိသားစုမှ ဆင်းသက်လာသူဖြစ်သည်၊ ထို့ကြောင့် မြို့စားနင်၏ သူမအပေါ် ရက်ရောမှုသည် ထုံးစံသာဖြစ်သည်။ ကုန်းပုယီသည် ကျုံးရှင်မြို့ဝန်မိသားစုနှင့် မည်သည့် ဆက်ဆံရေးမှမရှိသော်လည်း ဤမျှတန်ကြေးရှိသော ပစ္စည်းများကိုပေးအပ်ရန် ဆန္ဒရှိခဲ့သည်။ ဤဖြစ်စဥ်သည် လူတိုင်းကို မယုံသင်္ကာဖြစ်သွားစေ၏။ ၎င်းတို့သည် ထိုအပြုအမူများ၏ နောက်ကွယ်ရှိ အကြောင်းအရင်းအစစ်အမှန်ကို သိချင်နေကြသည်။
“ကျုပ်ရဲ့ လက်ဆောင်လေးကြောင့် သခင်မကြီးကို စော်ကားသလိုမဖြစ်သွားစေဖို့ ကျုပ် မျှော်လင့်ပါတယ်" ကုန်းပုယီက ပြောလိုက်သည်။
"ဥက္ကဋ္ဌကုန်း၊ ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်" ချူးယောင်ဝေ့က ကမန်းကတန်း ပြောလိုက်သည်။
မြို့စားနင်နှင့် ၎င်းတို့သည် ဆွေမျိုးများဖြစ်သောကြောင့် မြို့စားနင်ထံမှ လက်ဆောင်များကို သူ လက်ခံနိုင်ခဲ့သည်။ သို့သော် ဤအခြေအနေသည် လုံးလုံးလျားလျား ကွဲပြားခြားနားပေသည်။ ၎င်းတို့သည် ကုန်းပုယီနှင့် မည်သည့် ဆက်စပ်မှုမျှ မရှိခဲ့ပေ။ သူသာ ဤလက်ဆောင်ကို လက်ခံခဲ့ပါက၊ ကုန်းပုယီထံတွင် ကျေးဇူးကြွေးများစွာ တင်သွားပေလိမ့်မည်။
သခင်မကြီးသည် အခြေအနေနှင့် ပတ်သက်၍ အလွန်ရှင်းလင်းစွာ မြင်တွေ့နိုင်သောကြောင့် သူမက ထိုသို့ပြောလိုက်သည်။
"ဟုတ်ပါတယ်။ ဒီနေ့က ကျွန်မရဲ့ မွေးနေ့ပွဲပါ၊ လက်ဆောင်က အရမ်းခမ်းနားလွန်းတယ် မဟုတ်ဘူးလား ဥက္ကဋ္ဌကုန်း"
"သခင်မကြီးက ယဉ်ကျေးပျူငှာလွန်းပါတယ်။ ဒါက လက်ဆောင်လေးတစ်ခုပါ။ မြို့ဝန်ရော သခင်မကြီးရော နှစ်ယောက်လုံး စိတ်ထဲမထားဘူးဆိုရင် ကျုပ် တကယ် ဝမ်းသာမိမှာပါ" ကုန်းပုယီက ခပ်မြန်မြန် ပြောလိုက်သည်။
သူသည် ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်းထံ လှည့်ကြည့်၍ ပြောလာသည်။
"မိတ်ဆွေလေးချူး၊ ဒီအတိုင်း ကျုပ်ကိုပဲ ကြည့်မနေဘဲ၊ တစ်ခုခု ဝင်ပြောပါဦး"
ဤဖြစ်စဥ်သည် ချူးယွင်ဖန်းနှင့် မည်သို့သက်ဆိုင်နေသည်ကို မသိကြသောကြောင့် ကုန်းပုယီ၏ စကားများသည် လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေသည်။ ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး သိကျွမ်းဝင်ထားကြသူများဖြစ်သလော။
******