တစ်ခုပြီးတစ်ခုသော ထိတ်လန့်မှုများ(၂)
Vol. 83 Ch. 1238
ကုန်းပုယီ၏ စကားများကြောင့် လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။ ကုန်းပုယီသည် မည်သို့ကြောင့် ချူးယွင်ဖန်းနှင့် သိကျွမ်းဝင်ထားပုံပေါ်ခြင်းဖြစ်သနည်း။ ထို့အပြင် ကုန်းပုယီသည် ချူးယွင်ဖန်းကို "မိတ်ဆွေလေး" ဟု ခေါ်ဆိုခဲ့သည်။ ဤသည်မှာ သူ့အဆင့်အတန်းကို ချူးယွင်ဖန်းနှင့် တန်းတူနှိမ့်ချလိုက်သည့် လက္ခဏာတစ်ခုဖြစ်သည်။ ချူးယောင်ဝေ့သည် ကုန်းပုယီ၏ မျက်နှာပေါ်ရှိိ ခယမှုနှင့် စိတ်လှုပ်ရှားမှုတစ်ချို့ကိုပင် မြင်တွေ့နိုင်သည်။ သူသည် ချူးယွင်ဖန်းက ငြင်းဆန်လာမည်ကို ထိတ်လန့်နေပုံပေါ်သည်။
'ချူးယွင်ဖန်း ငြင်းမှာကို ကုန်းပုယီက ကြောက်နေတာတဲ့လား။ ဒါက တကယ်ပဲ ဘယ်လိုအခြေအနေမျိုးလဲ' ချူးယောင်ဝေ့သည် လုံးလုံးလျားလျား အံ့အားသင့်နေမိသည်။ သူသည် အခြေအနေများကို နားမလည်နိုင်တော့ပေ။
'ကမ္ဘာကြီးမှာ ဘာတွေများဖြစ်နေတာပါလိမ့်။ ဘာလို့ပိုပိုပြီး နားမလည်ရခက်ခဲလာရတာလဲ’
'ကျုပ် တစ်နည်းနည်းနဲ့ အမြင်မှားသွားတာပဲဖြစ်ရမယ်'
ချူးယောင်ဝေ့သည် မကြာမီတွင် အခြေအနေများကို ကောက်ချက်ချနိုင်ခဲ့သည်။ သူ၏ အမြင်အာရုံများ မှားယွင်းနေခြင်းဖြစ်ပေလိမ့်မည်။ ကုန်းပုယီသည် ဆေးပညာအဖွဲ့အစည်း၏ဥက္ကဋ္ဌတစ်ဦးဖြစ်၍ သူနှင့် စကားပြောနေချိန်၌ပင် ခယခြင်း သို့မဟုတ် အထက်စီးဆန်သည့် အပြုအမူဟူ၍ မရှိခဲ့ပေ။ ချူးယွင်ဖန်းအပေါ် ဖော်လံဖားနေသည့် လက္ခဏာမျိုး မည်သို့မျှ ပြုလုပ်နိုင်မည်နည်း။ ၎င်းသည် လုံးလုံးလျားလျား ယုတ္တိမရှိလှပေ။
ဤအခိုက်အတန့်တွင် လူတိုင်း၏မျက်လုံးများသည် ချူးယွင်ဖန်းနှင့် ကုန်းပုယီတို့ကို အာရုံစိုက်နေကြ၍ အထူးသဖြင့် ချန်ရှန်းဟုန်နှင့် ချူးရှို့ကျဲတို့သည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့နေသကဲ့သို့ စိုက်ကြည့်နေကြ၏။ ကုန်းပုယီသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သနည်း။ သူသည် မြို့ဝန်များစွာဖြင့် တန်းတူညီတူရပ်တည်နိုင်သည့် အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဤလူငယ်မျိုးဆက်များသည် ကုန်းပုယီနှင့် တွေ့ဆုံချင်ကြလျှင်ပင် သူ ဂရုစိုက်မည် မဟုတ်ပေ။
ချန်ရှန်းဟုန်သည် မြို့စားနင်နှင့် ပတ်သက်နေသော်လည်း ကုန်းပုယီအရှေ့တွင် အရေးပါမည် မဟုတ်ပေ။ သူသည် မြို့ကြီးတစ်ခုရှိ ဆေးပညာအဖွဲ့အစည်း၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။ ယခုမူ သူသည် ချူးယွင်ဖန်း၏အဆင့်အတန်းတူသည်အထိ နှိမ့်ချဆက်ဆံနေခဲ့သည်။ ၎င်းဖြစ်စဥ်ကို မည်သို့ပင် ကြည့်နေပါစေ၊ အလွန်ထူးဆန်းနေသည်။
ချူးယွင်ဖန်းနံဘေးတွင် ထိုင်နေသော ချူးဟုန်ချိုင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းနေသည်။ ကုန်းပုယီသည် သူ မတွေ့ဆုံဝံ့သော အင်အားကြီးပုဂ္ဂိုလ်မျိုးဖြစ်သည်။ ယခုအခါ ကုန်းပုယီသည် မိမိနှင့် မျိုးဆက်တူညီသော ချူးယွင်ဖန်းကို ခင်မင်ရင်းနှီးစွာဆက်ဆံနေခဲ့သည်။
‘အစ်ကိုဖန်းက အရမ်းမိုက်တာပဲ’
ချူးယွင်ဖန်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ ကုန်းပုယီသည် လူအများအရှေ့တွင် အဘယ်ကြောင့် ဤမျှနှိမ့်ချနေသည်ကို သူ ချက်ချင်းနားလည်သွားခဲ့သည်၊ ဤသည်မှာ သူသည် စီနီယာအဆင့် ဆေးပညာရှင်တစ်ဦးဖြစ်နေသောကြောင့် မဟုတ်ပေ။
စီနီယာအဆင့် ဆေးပညာရှင်တစ်ဦးအနေနှင့်ပင် သူသည် ကုန်းပုယီနှင့် အဆင့်အတန်း တူညီပေသည်။ ကုန်းပုယီသည် သူနှင့် ဆက်ဆံရေးကောင်းမွန်ရန် ကြိုးစားချင်လျှင်ပင် ထိုသို့ ပြုလုပ်ရန် မလိုအပ်ပေ။ ကုန်းပုယီသည် သူနှင့် ဝမ်ဟွမ်တို့ကြားရှိ တိုက်ပွဲဖြစ်စဥ်ကို ကြားသိခဲ့ခြင်းကြောင့်ဖြစ်ပေလိမ့်မည်။
စီနီယာအဆင့်ဆေးပညာရှင်တစ်ဦး၏ အထောက်အထားဖြင့်သာဆိုလျှင် ကုန်းပုယီသည် ဤသို့ပြုမူနေမည် မဟုတ်သော်လည်း ချူးယွင်ဖန်းသာ ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့မည်ဆိုပါက၊ အခြေအနေသည် လုံးလုံးလျားလျား ကွဲပြားသွားပေလိမ့်မည်။
သာမာန်လူတစ်ဦးသာ ဤအရာများအနက် တစ်ခုကို လုပ်ဆောင်နိုင်ခဲ့လျှင် ဘဝတစ်သက်လုံး ကြွားလုံးထုတ်ထိုက်သည့် အရာတစ်ခုဟု ဆိုနိုင်သည်။ ၎င်းတို့သည် ဝေ့တိုင်းပြည်တစ်ခုလုံးတွင် အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်လာပေလိမ့်မည်။
ထို့အပြင် ချူးယွင်ဖန်းသည် ၎င်းကို အချိန်တိုလေးအတွင်း ပြုလုပ်နိုင်ခဲ့သည်။ သူ၏အသက်အရွယ်အရကြည့်လျှင် သူသည် နောင်တွင် ဆေးပညာကျွမ်းကျင်ရှင်တစ်ဦး သို့မဟုတ် အဓိကအချက်အချာ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည်ဟုပင် ဆိုနိုင်သည်။ ယခုအချိန်တွင် ကုန်းပုယီသည် မိတ်ဆွေဖွဲ့ရန် ကြိုးစားနေသည်ဟု လူအများက ထင်မြင်နေကြသော်လည်း တကယ်တမ်းတွင် သူသည် တစ်စုံတစ်ယောက်ကို ကြိုတင်၍ နွေးထွေးစွာ ဆက်ဆံနေခြင်းဖြစ်သည်။
ချူးယွင်ဖန်းက မအံ့ဩတော့သောကြောင့် ထိုသို့ ထပြောလိုက်သည်။
"ဥက္ကဋ္ဌကုန်းပုယီက ဒီလိုကြင်နာတဲ့ ရည်ရွယ်ချက်မျိိုးရှိနေမှတော့ လက်ခံလိုက်ပါ၊ သခင်မကြီး။ ဆေးက အဖိုးတန်ပုံရပေမယ့် ဆေးပညာရှင်တစ်ယောက်အတွက်တော့ အရမ်းစျေးပေါပါတယ်"
ချူးယွင်ဖန်း၏ စကားကိုကြားသောအခါ ကုန်းပုယီ၏ မျက်နှာတွင် ပျော်ရွှင်မှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ တကယ်က လုပ်အားပဲ ဈေးကြီးတာပါ။ ကျုပ်အတွက်တော့ အချိန်နည်းနည်းပဲ ကုန်သွားတာလို့ ဆိုလို့ရတယ်။ သခင်မကြီး နှစ်သက်တယ်ဆိုရင် ဒါကို ထည့်ပြောဖို့တောင် မတန်ပါဘူး "
ချူးယွင်ဖန်းက မငြင်းဆိုခဲ့ကြောင်း မြင်တွေ့လိုက်ရသည့်အတွက် ကုန်းပုယီက သက်ပြင်းတစ်ချက်ချလိုက်သည်။ ချူးယွင်ဖန်း မှန်းဆထားသည့်အတိုင်း၊ ကုန်းပုယီသည် ချူးယွင်ဖန်းနှင့်ပတ်သက်၍ ဌာနချုပ်သို့ အသေးစိတ်အစီရင်ခံရန် တော်ဝန်မြို့တော်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူသည် ချူးယွင်ဖန်းကို သိပ်အလေးအနက်မထားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူသည်လည်း စီနီယာအဆင့် ဆေးပညာရှင်တစ်ဦးဖြစ်သည့်အတွက် အိန္ဒြေသိက္ခာများရှိနေဆဲဖြစ်သည်။ သို့သော် သူသည် မြို့သို့ ပြန်ရောက်လာသောအခါ ချူးယွင်ဖန်းနှင့်ပတ်သက်၍ ဆက်တိုက်ကြားသိလိုက်ရသည်။ အခြားလူများသည် ရှန်ဟဲဆေးပညာရိပ်မြုံ၏ပိုင်ရှင်ကို မည်သူဖြစ်ကြောင်း မသိကြသော်လည်း ဆေးပညာအဖွဲ့အစည်းက သိထားကြသည်။ ထိုပုဂ္ဂိုလ်သည် ချူးယွင်ဖန်းဖြစ်ကြောင်း ၎င်းတို့အားလုံး အစကတည်းကပင် သိထားခဲ့ကြသည်။
သို့သော် သူသည် ထိုအချိန်တွင် ချူးယွင်ဖန်း အဆင်ပြေစေရန်အတွက် အကူအညီအနည်းငယ်မျှသာ ပေးအပ်ချင်ခဲ့သည်။ သို့သော်လည်း ချူးယွင်ဖန်းက ပိုပို၍ ကြောက်မက်ဖွယ်ကောင်းလာမည်ဟု မည်သူသိမည်နည်း။ အထူးသဖြင့် သူသည် အမွေခံဓားစံအိမ်ပိုင်ရှင် ဝမ်ဟွမ်ကို တိုက်ပွဲတွင် အနိုင်ယူခဲ့သည်။ အတိအကျပြောရလျှင် ဝမ်ဟွမ်သည် ချူးယွင်ဖန်း၏ ရိုက်နှက်မှုကို ခံခဲ့ရကာ ဆိုးရွားသော အခြေအနေဖြင့် ထွက်ပြေးခဲ့ရသည်။ သူသည် ချူးယွင်ဖန်းထံတွင် အသတ်ခံရလုနီးပါးဖြစ်ခဲ့ရသည်။
ထိုအကြောင်းအရာများ ထွက်ပေါ်လာသောအခါ ခုန်းလုံမြို့၏ဆေးပညာအဖွဲ့အစည်းတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ဆေးပညာရှင်များအနက် သိုင်းပညာကျွမ်းကျင်သူများ မကြာခဏ ပေါ်ပေါက်လေ့ရှိသော်လည်း၊ ၎င်းတို့သည် သာမန်ကျွမ်းကျင်သူများသာဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏အသက်အရွယ်တွင်၊ ဆေးပညာကျွမ်းကျင်နေသည့်အပြင် သိုင်းပညာပင် တစ်ပြိုင်နက်တည်း ကျွမ်းကျင်နေသောကြောင့် နယ်ပယ်နှစ်ခုစလုံးတွင် အလွန်တုန်လှုပ်ဖွယ် အောင်မြင်မှုများရရှိခဲ့ခြင်းဟု ဆိုနိုင်သည်။
ဤသို့ဆက်သွားပါက၊ ချူးယွင်ဖန်းသည် နောင်တွင် ဆေးပညာကျွမ်းကျင်ရှင်တစ်ဦးဖြစ်လာနိုင်ဖွယ်ရှိသည်။ ၎င်းအနက် မည်သည့်နယ်ပယ်တွင် ဖြစ်ထွန်းခဲ့ပါစေ၊ သူသည် ကြီးမြတ်သော ဝေ့တိုင်းပြည်တစ်ခုလုံးတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပေလိမ့်မည်။ သူ၏ခြေထောက်ကို ဆောင့်နင်းလိုက်ရုံဖြင့် ဝေ့တိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားပေလိမ့်မည်။ ထိုနှစ်ခုစလုံးကို လုပ်ဆောင်နိုင်ခဲ့ပါက၊ သူသည် မကြုံစဖူးသော ဖြစ်တည်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ယခုတစ်ကြိမ်တွင် ကုန်းပုယီသည် အိန္ဒြေကို ဆက်လက်ထိန်းသိမ်းရန် အာရုံမစိုက်နိုင်ဘဲ သူ၏စိတ်ကောင်းစေတနာကို ဖော်ပြရန်အတွက် ဤအခြေအနေကို အလျင်အမြန် အသုံးချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် သူ၏ရည်ရွယ်ချက်များကို မြင်တွေ့ခဲ့သော်လည်း သူ၏စိတ်ကောင်းစေတနာကို မငြင်းပယ်ခဲ့ပေ။ ချူးယွင်ဖန်းသည် သဘောတူလက်ခံထားဟန်ရှိသည်။ ဤအခြေအနေသည် ကုန်းပုယီကို သက်ပြင်းချစေခဲ့သည်။
ချူးယွင်ဖန်းက အမှန်တကယ် သဘောတူလိုက်ကြောင်း မြင်တွေ့လိုက်သောအခါ ချူးယောင်ဝေ့နှင့် သခင်မကြီးသည် တစ်စုံတစ်ခုမှားယွင်းကြောင်း ခံစားလိုက်ရသည်။ ၎င်းတို့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု မည်သို့ကြောင့် ခံစားနေရခြင်းဖြစ်သနည်း။
‘သူတို့ကို ကြည့်ရတာ၊ ကုန်းပုယီက တစ်ခုခုပြင်ဆင်လာပြီး ချူးယွင်ဖန်း စိတ်ဆိုးမှာကို ဘာလို့စိုးရိမ်နေတဲ့ပုံပေါက်နေရတာလဲ’
ချူးယွင်ဖန်းကမူ၊ မြှောက်ပင့်ခံနေရသူဖြစ်သော်လည်း သူသည် တုံ့ဆိုင်း၍ တွေးတောနေခဲ့သည်။ မည်သို့ပင် ကြည့်နေပါစေ၊ အလွန်ထူးဆန်းလှသည်။ သို့သော် ၎င်းတို့နှစ်ဦးသည်လည်း တုံးအသူများ မဟုတ်ကြပေ။ ကုန်းပုယီသည် ချူးယွင်ဖန်းအတွက် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းတို့မြင်တွေ့နိုင်၍ သခင်မကြီး၏ မွေးနေ့ပွဲသည် အကြောင်းပြချက်တစ်ခုမျှသာဖြစ်သည်။ ထိုသို့တွေးမိသောအခါ၊ သခင်မကြီးသည် အရာအားလုံးကို သင့်လျော်စွာ ပြုမူတတ်သော ချူးယွင်ဖန်းကို ယုံကြည်သောကြောင့် လက်ဆောင်ကို မငြင်းဆိုခဲ့ပေ။
"ဒါဆိုရင် ကျွန်မလည်း မူမနေတော့ပါဘူး။ ကဲ ဥက္ကဋ္ဌကုန်းပုယီရဲ့ လက်ဆောင်ကို ယူလိုက်ပါဦး။ ဥက္ကဋ္ဌကုန်း၊ ကျေးဇူးပြုပြီး ထိုင်ပါ" သခင်မကြီးက ပြောလိုက်သည်။
ကုန်းပုယီသည် နောက်ဆုံးတွင် ထိုင်ခုံ၌ ထိုင်လိုက်သည်။ ချန်ရှန်းဟုန်သည် အနည်းငယ် စိတ်ရှုပ်နေဆဲဖြစ်သည်။ သူသည် မကြာသေးမီကပင် ချူးယွင်ဖန်းကို ခြိမ်းခြောက်နေခဲ့သော်လည်း ယခုအခါ အခြေအနေများသည် မည်သို့ကြောင့် ရုတ်တရက် ပြောင်းလဲသွားရသနည်း။ မည်သို့ပင်ကြည့်ပါစေ၊ လူအများ၏ အာရုံသည် ချူးယွင်ဖန်းအပေါ် သိသိသာသာ ကျရောက်သွားခဲ့သည်။ သူသည် အခြေအနေများကို နားမလည်သော်လည်း ချူးယွင်ဖန်း၏ ဘာသိဘာသာ အမူအရာကို မြင်လိုက်သောအခါ နာကျည်းစွာ အံကြိတ်နေမိသည်။
"ချူး…” ချန်ရှန်းဟုန်သည် ချူးယွင်ဖန်းကို ဆက်လက်၍ ပြဿနာရှာရန် ဟန်ပြင်လိုက်ချိန်တွင် ကြေငြာသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။
"စီတုကုန်သည်အဖွဲ့အစည်းဥက္ကဋ္ဌနှင့် သူ၏ချစ်သမီး စီတုမြောင်ယီတို့ ကြွရောက်လာပါတယ်"
လူအုပ်ကြီးအနက် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်များ ထပ်မံပေါ်ပေါက်သွားပြန်၏။ အခြားသော အင်အားကြီးပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြန်သည်။ အားလုံးသည် အနည်းငယ် အံ့အားသင့်သွားကြသည်။ ယနေ့တွင် မည်သည့်အကြောင်းအရာများ ဖြစ်ပွားနေခြင်းဖြစ်သလော။ သာမာန်အားဖြင့် ဤအင်အားကြီး ပုဂ္ဂိုလ်များသည် ဤမျှ အလွယ်တကူ ထွက်ပေါ်လာလေ့မရှိသော်လည်း ၎င်းတို့သည် ယနေ့တွင် တစ်ဦးပြီး တစ်ဦး ကြွရောက်လာကြသည်။
******