← Chapters

တစ်ခုပြီးတစ်ခုသော ထိတ်လန့်မှုများ (၃)

Vol. 83 Ch. 1239

တစ်ခုပြီးတစ်ခုသော ထိတ်လန့်မှုများ (၃)

Vol. 83 Ch. 1239

‘စီတုကုန်သည်အဖွဲ့အစည်း၏ဥက္ကဋ္ဌ စီတုယဲ့’

သူသည် ခုန်းလုံမြို့တွင် ဩဇာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည့်အပြင် တစ်မြို့လုံးတွင် ဩဇာအာဏာကြီးမားသူဖြစ်သည်။

ခုန်းလုံမြို့ ကုန်သည်အဖွဲ့အစည်း၏ နောက်တက်မည့်ဥက္ကဋ္ဌအဖြစ် ပြိုင်ပွဲဝင်ကောင်းတစ်ဦးဟုပင် လူအချို့က ပြောနေကြသည်။ သူသည် ထိုရာထူးသို့ တက်ရောက်ရန် သေချာသလောက်ရှိနေပြီဟုပင် ဆိုနိုင်သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် ခုန်းလုံမြို့တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည် ကျုံးရှင်မြို့ဝန်နှင့် နှိုင်းယှဉ်လျှင်ပင် တန်းတူညီတူ ဆက်ဆံနိုင်သည့် ဩဇာအာဏာကြီးမားသူဖြစ်သည်။

စီတုယဲ့သည် ကျုံးရှင်မြို့ဝန် သခင်မကြီး၏ မွေးနေ့ပွဲကို ကိုယ်တိုင်လာရောက် ဆင်နွှဲမည်ဆိုပါက၊ ဤသည်မှာ ဂုဏ်ယူဖွယ်ရာအကြောင်းအရာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ မြို့ထဲရှိ ဩဇာအာဏာကြီးသူများ၏ အရေအတွက်သည် အလွန်များပြားလှသည်။ သူသာ လူတိုင်း၏ မွေးနေ့ပွဲကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆင်နွှဲမည်ဆိုလျှင် တစ်နှစ်ပတ်လုံး မည်သည့်လုပ်ငန်းဆောင်တာကိုမျှ ပြလုပ်နိုင်မည် မဟုတ်ပေ။ မွေးနေ့ပွဲတက်ရောက်ခြင်းနှင့် လက်ဆောင်များ ပေးအပ်ရုံဖြင့် ပင်ပန်းနေပြီဖြစ်သည်။

ထို့ကြောင့် ကျုံးရှင်မြို့ဝန်သည် ဖိတ်စာများကို ထုံးစံအတိုင်း ပေးပို့ခဲ့သော်လည်း ဤအရေးကြီးပုဂ္ဂိုလ်များ အမှန်တကယ် ရောက်ရှိလာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။ ၎င်းပုဂ္ဂိုလ်များသည် ကိုယ်စားလှယ် စေလွှတ်လာကြလျှင်ပင် အလွန် ကောင်းမွန်မည်ဖြစ်သည်။ သို့သော် စီတုယဲ့သည် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည့်အပြင် သူ၏သမီးဖြစ်သူကိုပင် ခေါ်ဆောင်လာခဲ့သည်။

လူတိုင်းသည် ကုန်းပုယီကို ပြန်လှည့်ကြည့်ပြီးနောက် ယနေ့တွင် တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ဤအင်အားကြီးပုဂ္ဂိုလ်များသည် အမှန်တကယ်ပင် တစ်ဦးပြီးတစ်ဦး ရောက်ရှိလာခဲ့သည်။ ကုန်းပုယီသည် ခေတ္တမျှ အံ့ဩမှင်သက်သွားသည်။ စီတုယဲ့သည် ယနေ့တွင် ဤနေရာသို့ တက်ရောက်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူသည် တစ်စုံတစ်ခုကို ချက်ခြင်း တွေးတောမိသွားသည့်အတွက် ချူးယွင်ဖန်းဆီ လှည့်ကြည့်လိုက်ချိန်တွင် သူ အရာအားလုံးကို နားလည်သွားခဲ့သည်။

စီတုယဲ့သည်လည်း သူနှင့် အတွေးအမြင်ဆင်တူပုံပေါ်သည်။ သူသည် ချူးယွင်ဖန်းအတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ မြို့ဝန်ကြောင့်သာဆိုလျှင် ၎င်းတို့၏ များပြားလှသော အချိန်ဇယားများကြားမှ လူကိုယ်တိုင်လာရောက်ရသည်အထိ မြို့ဝန်တွင် ကြီးကျယ်သော ဂုဏ်သတင်းများရှိမည်မဟုတ်ပေ။ သို့သော် စီတုယဲ့သည် ချူးယွင်ဖန်းနှင့်ပတ်သက်၍ မည်သို့သိရှိခဲ့သည်ကို သူ နားမလည်ပေ။

ကုန်းပုယီသည် ဤအရာအားလုံးကို နားလည်သွားပြီးနောက် မအံ့ဩတော့ပေ။ သူသည် ထိုင်ခုံတွင် စိမ်ပြေနပြေထိုင်ချကာ အရာအားလုံးသည် သူနှင့် အနည်းငယ်မျှ မသက်ဆိုင်သကဲ့သို့ ကောင်းကင်သို့ မော့ကြည့်လိုက်လေသည်။ မကြာမီတွင် တောက်ပသော မျက်လုံးများ ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အလွန်လှပသော ၀တ်စုံရှည်ကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦးနှင့်အတူ လူတိုင်းအရှေ့တွင် ပေါ်ပေါက်လာသည်။

"မင်္ဂလာပါ ဥက္ကဋ္ဌစီတု"

"ဥက္ကဋ္ဌစီတု မတွေ့ရတာကြာပြီနော်"

"မင်္ဂလာပါ ဥက္ကဋ္ဌစီတု၊ တွေ့ရတာဝမ်းသာပါတယ်"

လမ်းတစ်လျှောက်တွင် လူများစွာသည် စီတုယဲ့ကို လိုလားတောင့်တစွာ ဖော်လံဖားနေကြသည်။ အချို့သော ရှုထောင့်မှကြည့်လျှင် စီတုယဲ့သည် ကျုံးရှင်မြို့ဝန်ထက်ပင် ပို၍ထင်ပေါ်ကျော်ကြားသူဖြစ်သည်။ ကျုံးရှင်မြို့ဝန်သည် ရာထူးမြင့်မား၍ အခွင့်အာဏာရှိသော်လည်း သူသည် စီတုယဲ့ကဲ့သို့ တိုက်ရိုက်သက်ရောက်နိုင်သူ မဟုတ်ပေ။ စီတုယဲ့သည် ရွှေငန်းဟု လူသိများခဲ့ရာ၊ သူ၏ လမ်းညွှန်မှု အနည်းငယ်ကို ရရှိလာသရွေ့ ၎င်းတို့သည် ချက်ချင်း ချမ်းသာကြွယ်ဝလာမည်ဖြစ်သည်။ သို့သော်လည်း စီတုယဲ့သည် ၎င်းတို့ကို ယဉ်ကျေးပျူငှာစွာ ပြုံးပြပြီးနောက် ခေါင်းညိတ်ကာ ဖြတ်လျှောက်သွားခဲ့သည်။

"မင်္ဂလာပါ သခင်မကြီး။ မင်္ဂလာပါ ကျုံးရှင်မြို့ဝန်" စီတုယဲ့က နှုတ်ခွန်းဆက်လိုက်သည်။

"မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ ကျုံးရှင်မြို့ဝန်၊ ကျန်းမာ ပျော်ရွှင်ရှိပါစေ သခင်မကြီး" စီတုမြောင်ယီသည်လည်း ချိုသာစွာ နှုတ်ခွန်းဆက်လိုက်သည်။

"ကောင်းပါ့၊ ကောင်းပါ့"

သခင်မကြီးသည် စီတုမြောင်ယီကိုမြင်သောအခါ ဝမ်းသာအားရ ပြုံးလိုက်သည်။ သူမသည် စီတုမြောင်ယီကို အလွန်နှစ်သက်မိသည်။ မဟုတ်ပါက၊ စီတုမြောင်ယီနှင့် ချူးယွင်ဖန်းတို့ကို ကြင်ဖက်တွေ့ဆုံရန် ထိုမျှတိုက်တွန်းခဲ့မည်မဟုတ်ပေ။ သူမသည် စီတုမြောင်ယီကို ကြည့်ပြီးနောက် ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်သည်။ ၎င်းတို့နှစ်ဦးသည် ပြီးပြည့်စုံသော စုံတွဲဟု သူမ ခံစားနေရသည်။

စီတုမြောင်ယီ၏ အပြုံးများသည် ပန်းတစ်ပွင့်ကဲ့သို့ အလွန်လှပနေ၍ မည်သည့်အခါမျှ ရပ်တန့်မသွားခဲ့ပေ။ တစ်ဖက်တွင် ချူးယွင်ဖန်းသည် သခင်မကြီး၏ နားမလည်နိုင်ဖွယ် အပြုံးကြောင့် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူသည် တုံးအသူမဟုတ်သည့်အလျောက် သခင်မကြီး၏ အတွေးများကို လျင်မြန်စွာ နားလည်သွားခဲ့သည်။ သူနှင့် သခင်မကြီးကြားတွင် အသက်အရွယ်ကြီးမားစွာ ကွာခြားသော်လည်း သူမသည် ချူးယွင်ဖန်းကို သားအဖြစ် ပျိုးထောင်နေခြင်းဖြစ်ကြောင်း အိမ်တော်ရှိလူတိုင်း သိကြသည်။

ကမ္ဘာပေါ်ရှိ မိခင်တိုင်းတွင် တူညီသော အတွေးအမြင်များရှိကြသည်။ ၎င်းတို့သည် ၎င်းတို့၏ သားသမီးများကို လက်ထပ်ထိမ်းမြားပေးပြီးနောက် အမြန်ဆန်ဆုံး ကလေးယူခိုင်းရန်ပင် မစောင့်ဆိုင်းနိုင်တော့သည်။ ချူးယွင်ဖန်းသည် ၎င်းကို ကမ္ဘာမြေပေါ်တွင် တွေ့ကြုံခံစားဖူးသည့်အပြင် နားမလည်နိုင်ခဲ့သော်လည်း ထိုဖြစ်စဥ်ကို ဖော်ထုတ်ပြောရန် ရည်ရွယ်ချက်မရှိပေ။ ယနေ့သည် သခင်မကြီး၏ မွေးနေ့ပွဲဖြစ်သည့်အတွက် သူမကို ပျော်ရွှင်စေသရွေ့ မိမိသည်လည်း လိုက်လျောညီထွေစွာ ပြုမူမည်ဖြစ်သည်။

"အစ်ကိုစီတု၊ ဒီနေ့ အမေ့မွေးနေ့ကို တကူးတက တက်ရောက်လာရတော့ အလုပ်ပိုရှုပ်စေခဲ့ရင် ကျုပ် တောင်းပန်ပါတယ်"

စီတုယဲ့တွင် မြင့်မြတ်သော ရာထူးဂုဏ်များ မရှိသော်လည်း ချူးယောင်ဝေ့သည် စီတုယဲ့အရှေ့တွင် မောက်မာစွာပြုမူဝံ့ခြင်းမရှိပေ။ ကျုံးရှင်မြို့ဝန်အိမ်တော်နှင့် စီတုကုန်သည်အဖွဲ့အစည်းတို့တွင် စီးပွားရေး အဆက်အသွယ်များ ရှိထားသောကြောင့် ၎င်းတို့သည်လည်း သူ့ဘက်မှ ချည်နှောင်ထားချင်သော ပုဂ္ဂိုလ်များဖြစ်ပေသည်။

"အစ်ကိုချူး၊ ဘာလို့ ဒီလိုပြောရတာလဲ၊ ကျုပ်တို့ကြားက ခင်မင်မှုနဲ့ ဒီလိုတွေ ပြောဖို့လိုသေးလို့လား" စီတုယဲ့က မြန်ဆန်စွာ ခွန်းတုံ့ပြောလိုက်သည်။

ဆန့်ကျင်ဘက်တွင် ချူးယောင်ဝေ့သည် အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ ၎င်းတို့ကြားရှိ ဆက်ဆံရေးအခြေအနေသည် သာမန်မျှသာဖြစ်သည်။ သို့သော် စီတုယဲ့ ပြောခဲ့သောစကားများအရ ၎င်းတို့သည် အလွန်ရင်းနှီးကျွမ်းဝင်ကြသည်ဟု လူအများက ထင်မှတ်ကြပေလိမ့်မည်။

"ကျုပ် ဒီနေ့ အမြန်အမြန် လာခဲ့ရတော့ ခမ်းနားတဲ့ လက်ဆောင်မျိုး မယူလာခဲ့ရဘူး။ ပန်းချီကားတစ်ချပ်ပဲ ယူလာခဲ့ရတယ်။ အစ်ကိုချူး စိတ်အနှောင့်အယှက်မဖြစ်ဖို့ ကျုပ် မျှော်လင့်ပါတယ်"

စီတုယဲ့သည် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်နှင့် လေထုတစ်ခုလုံး တောက်ပလာခဲ့သည်။ ပြီးနောက် သူ၏လက်ထဲတွင် ပန်းချီကားတစ်ချပ် ပေါ်ပေါက်လာခဲ့ရာ၊ ၎င်းသည် အဝါရောင်ပြောင်းနေသော ရှေးဟောင်းပန်းချီကားတစ်ချပ်ဖြစ်သည်။ ဤရှေးဟောင်းပန်းချီကားတွင် လက်သီးထိုးလေ့ကျင့်နေသည့် လူတစ်ဦး၏ပုံရိပ်သာ ပါဝင်ခဲ့သည်။ လူတိုင်း၏ မျက်လုံးများ ဝေဝါးသွားလေသည်။ ဤပုံရိပ်သည် အမှန်တကယ် အသက်ရှင်လာခဲ့သည်ဟု ၎င်းတို့ခံစားလိုက်ရသည်။ ၎င်းသည် လူတိုင်း၏မျက်စိရှေ့တွင် အသွင်ပြောင်းလဲလာကာ လက်ရှိတွင် လက်သီးဖြင့် ထိုးနှက်နေခဲ့သည်။ ဤလက်သီးသိုင်းပညာသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှရာ၊ လက်သီးစွမ်းအင်များ ၎င်းတို့ထံ ပျံ့နှံ့လာလေသည်။

လူအများသည် အလွန်တုန်လှုပ်သွားသောကြောင့် အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။ ထိုမှသာ ၎င်းတို့အရှေ့ရှိ ပုံရိပ်ယောင်များ ရုတ်ချည်း ပျောက်ကွယ်သွားကြောင်း သဘောပေါက်သွားလေ၏။ ပန်းချီကားသည် မည်သည်မျှ ပိုမို တိုးပွားလာခြင်းမရှိဘဲ ကနဦးပန်းချီကားဖြစ်နေဆဲဖြစ်သည်။ သို့သော်လည်း ထိုအချိန်တွင် ၎င်းတို့၏ မျက်လုံးများ တောက်လောင်လာခဲ့သည်။

‘’တာအိုဝင်ရောက်ခြင်းအဆင့် ပန်းချီကား” တစ်စုံတစ်ယောက်က ထအော်လိုက်သည်။

ကမ္ဘာပေါ်တွင် ပန်းချီကားပေါင်း ထောင်နှင့်ချီ၍ ရှိနေသော်လည်း တာအိုဝင်ရောက်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သည့် ပန်းချီကားသည် ဖီးနစ်အမွေးများနှင့် ချီလင်းဦးချိုများကဲ့သို့ ရှားပါးသည်ဟု ဆိုနိုင်သည်။ ထိုကဲ့သို့သော ပန်းချီကားများကို ရေးဆွဲနိုင်သည့် မည်သူဖြစ်ပါစေ၊ ဝိညာဉ်နယ်မြေတွင် အဆင့်အမြင့်ဆုံး ပညာရှင်ကြီးများအဖြစ် သတ်မှတ်ခံရနိုင်ကာ ၎င်းတို့၏ အရေအတွက်သည် အဆင့်အမြင့်ဆုံး ဆေးပညာရှင်ကြီးများထက်ပင် ရှားပါးပေသည်။

ထိုသို့သော ပုဂ္ဂိုလ်သည် ပန်းချီလမ်းစဥ်သို့ ဝင်ရောက်ခဲ့သူဖြစ်သည့်အပြင် အံ့ဖွယ်အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ သာမန်လူများ ရေးဆွဲသောအခါ ၎င်းတို့၏ အမြင့်ဆုံးပန်းတိုင်သည် ပန်းချီ၏ပုံပန်းသဏ္ဍာန်ကို ရေးဆွဲရန်ဖြစ်သည်။ ဤသည်မှာ ပန်းချီဆရာတစ်ဦး၏ လမ်းစဥ်တွင် ပထမအဆင့်ဖြစ်သည်။ ထို့ထက် ပို၍အစွမ်းထက်ခြင်းသည် ပုံသဏ္ဍာန်အပြင်၊ စိတ်ဝိဉာဉ်ဆီသို့ ခြေတစ်လှမ်း တိုးမြင့်လာစေခြင်းဖြစ်သည်။ ဤအဆင့်သို့ ရောက်ရှိသောအခါ ၎င်းကို အလွန်အထင်ကြီးဖွယ်ဟု ယူဆနိုင်ပြီဖြစ်သည်။ ဤသည်မှာ ပန်းချီဆရာ၏ လမ်းစဥ်၌ ဒုတိယအဆင့်ဖြစ်သည်။

ဤတူညီခြင်း သဘောတရားသည် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့၏ ပေါင်းစပ်မှုဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့သည် ပြိုင်မျဉ်းနှစ်ကြောင်းဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အနက် မည်သည်က ပိုမိုအားကောင်းသည်ကို ပြောနိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့်၊ ကမ္ဘာမြေပေါ်တွင် သာမာန်ခေတ်ရှိ အနောက်တိုင်းပန်းချီများသည် ပုံပန်းသဏ္ဍာန်ကို အဓိကအခြေခံထားကာ ရှေးခေတ်တရုတ်ပြည်၏ ပန်းချီကားများသည် စိတ်ဝိညာဉ်ကို အခြေခံထားကြသည်။

သို့သော် တတိယအဆင့်သို့ ရောက်ရှိသောအခါ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဥ်နှစ်မျိုးစလုံးတည်ရှိခြင်းသည် အလွန်အထင်ကြီးဖွယ်ကောင်းလှသည်။ ဤအဆင့်သို့ ရောက်ရှိသွားသောအခါ ထိုပုဂ္ဂိုလ်မျိုးကို အဆင့်အမြင့်ဆုံး ပညာရှင်ဟု ခေါ်ဆိုနိုင်သည်။ အဆင့်အမြင့်ဆုံး ပညာရှင်တစ်ဦး၏ ပန်းချီကားသည် အဖိုးတန်လှသော်လည်း ဤနေရာရှိ အရေးပါသူများကို ရူးသွပ်သွားစေရန် မလုံလောက်ပေ။

အမှန်တကယ် အဖိုးတန်သော ပန်းချီများသည် ဤတတိယအဆင့်ထက် သာလွန်သည့် ပန်းချီကားများဖြစ်ကြသည်။ ၎င်းတို့၏ ပန်းချီကားများသည် တာအိုဝင်ရောက်ခြင်းအဆင့်တွင် ရုပ်သဏ္ဍာန်နှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံး ပါဝင်ရုံသာမကဘဲ ၎င်းတို့၏ အသိပညာဖြင့်ပင် ပေါင်းစပ်ထားကြသည်။

လူတို့ကို တာအိုလမ်းစဥ်နှင့် ပတ်သက်၍ နားလည်စေရန် ကူညီပေးနိုင်သောကြောင့် တာအိုဝင်ရောက်ခြင်းအဆင့်ကဲ့သို့သော ပန်းချီကားမျိုးသည် အလွန်ရှားပါးလှသည်။ တောင်များ၊ မြစ်များ၊ ပန်းများနှင့် ငှက်များသာ ဖြစ်ခဲ့လျှင်ပင် ၎င်း၏တန်ဖိုးကို တိုင်းတာ၍ မရနိုင်ပေ။ ၎င်းသည် လူတို့၏အရှေ့တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးမြတ်သော တာအိုကို ထင်ရှားပေါ်လွင်စေနိုင်သည်။

******

All Chapters