← Chapters

တစ်ခုပြီး တစ်ခုသော ထိတ်လန့်မှုများ (၆)

Vol. 83 Ch. 1242

တစ်ခုပြီး တစ်ခုသော ထိတ်လန့်မှုများ (၆)

Vol. 83 Ch. 1242

‘နောက်တစ်ယောက်လား'

ဤအခိုက်အတန့်တွင် လူတိုင်းသည် အနည်းငယ် ထုံထိုင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ အင်အားကြီးပုဂ္ဂိုလ်ကြီးများသည် အချင်းချင်း ချိန်းဆိုထားသကဲ့သို့ ဤနေရာသို့ တစ်ဦးပြီး တစ်ဦးရောက်ရှိလာကြသည်။ များမကြာမီတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာလေသည်။ ဦးဆောင်လာသူသည် အသက်လေးဆယ်ကျော် သို့မဟုတ် ငါးဆယ်ကျော်ခန့်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

သူသည် ကြံ့ခိုင်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးရှိ၍ ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် လျှောက်လှမ်းလာခဲ့သည်။ သူ့တွင် စစ်သားတစ်ဦး၏ အငွေ့အသက်မျိုးရှိနေ၍ သူသည် အန်းကော်မြို့ဝန်ဖြစ်သည်။ အန်းကော်မြို့ဝန်သည် ကျုံးရှင်မြို့ဝန်နှင့်မတူဘဲ သူ၏အချိန်အများစုကို စစ်တပ်ထဲတွင် ကုန်ဆုံးခဲ့သောကြောင့် သူ၏အမူအကျင့်များသည် စစ်တပ်ပုံသဏ္ဍာန်နှင့် အနည်းငယ်ဆင်တူပေသည်။ သူ့အနောက်တွင် အန်းကျန့်ကော်နှင့် အန်းရှို့ရှို့တို့ လိုက်ပါလာကြသည်။

"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်၊ သခင်မကြီး" အန်းကော်မြို့ဝန်က ရယ်မော၍ ပြောလိုက်သည်။

ကျုံးရှင်မြို့ဝန်သည် ထိုင်ခုံတွင်ပင် အငြိမ်ထိုင်မနေနိုင်ခဲ့ပေ။ သူနှင့် အန်းကော်မြို့ဝန်နှစ်ဦးစလုံးသည် မြို့ဝန်များဖြစ်ကြသော်လည်း ၎င်းတို့သည် မည်သည့် ဆက်စပ်မှုမျှ မရှိကြပေ။ သို့သော် ယနေ့တွင် အန်းကော်မြို့ဝန်သည် ကိုယ်တိုင်ကိုယ်ကျလာရောက်ရှိလာသည့်အတွက် ကျုံးရှင်မြို့ဝန်ကို များစွာသော လေးစားမှုများ ရရှိစေခဲ့သည်။ ကျုံးရှင်မြို့ဝန်သည် အလွန်ဂုဏ်ယူမိသော်လည်း အနည်းငယ် ပျာယာခတ်သွားလေသည်။

"မင်္ဂလာပါ ဦးလေးချူး။ မင်္ဂလာပါ သခင်မကြီး" အန်းကျန့်ကော်နှင့် အန်းရှို့ရှို့တို့သည် သခင်မကြီးကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။

"ဟုတ်ပါပြီကွယ်" ဤအခိုက်အတန့်တွင် သခင်မကြီးသည် အလွန်ပျော်ရွှင်နေသဖြင့် အပြုံးများကိုပင် မရပ်တန့်နိုင်ခဲ့ပေ။ ဤလူများသည် သူမ၏မွေးနေ့တွင် ဂုဏ်ပြုချီးကျူးရန် တက်ရောက်လာကြသည်။ ၎င်းဖြစ်စဥ်ထက် မည်သည်က ပို၍ဂုဏ်သိက္ခာရှိနိုင်မည်နည်း။

"အန်းကော်မြို့ဝန်၊ လူကိုယ်တိုင် ရောက်လာလို့ပါလား။ ခင်ဗျားက အရမ်းဖော်ရွေလွန်းတာပဲ" ချူးယောင်ဝေ့က ကမန်းကတန်း ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ ကျုပ်တို့မိသားစုနှစ်ခုစလုံးက မိတ်ဆွေဟောင်းတွေပဲကို၊ သခင်မကြီး မွေးနေ့ကို ကျုပ်က ဘယ်လိုလုပ် မလာနိုင်ရမှာလဲ" အန်းကော်မြို့ဝန်က ရယ်မောလိုက်သည်။

ချူးယောင်ဝေ့သည် ပြုံးနေသော်လည်း တစ်စုံတစ်ခုလွဲမှားနေသည်ဟု ခံစားလိုက်ရသည်။ ယနေ့တွင် အရာအားလုံးသည် မူမမှန်ခဲ့ပေ။ ၎င်းတို့၏ ဆက်ဆံရေးသည် ကောင်းမွန်သည်ဟုဆိုပါက၊ အန်းကော်မြို့ဝန်သည် စောစီးစွာ ရောက်လာခဲ့ပေလိမ့်မည်။ ထိုသို့ဖြစ်ခဲ့ပါက၊ သူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိမည်မဟုတ်ပေ။ သို့သော် သူနှင့် အန်းကော်မြို့ဝန်သည် ဤမျှအမှန်တကယ် မရင်းနှီးခဲ့ပေ။

ကနဦးတွင် ဒေါသထွက်နေသော ချန်ရှန်းဟုန်သည် အန်းရှို့ရှို့ကို မြင်လိုက်ရသဖြင့် မျက်လုံးများ တောက်ပလာသည်။ သူသည် အရှေ့သို့ အလျင်အမြန် လှမ်းလာ၍ ပြောလိုက်သည်။

"ရှို့ရှို့၊ မင်း ကိုယ့်ကို မှတ်မိသေးလား၊ ကိုယ်လေ ချန်ရှန်းဟုန်"

ချန်ရှန်းဟုန် ချဉ်းကပ်လာကြောင်း မြင်လိုက်ရသောအခါ အန်းရှို့ရှို့၏ မျက်နှာအမူအရာ အေးစက်သွားလေသည်။ သူမသည် သူ့ကို မှတ်မိသော်လည်း သူ့အပေါ်တွင် အကောင်းမြင်စိတ်မျိုး မရှိခဲ့ပေ။ ချန်ရှန်းဟုန်သည် သူမ၏အစ်ကိုကို အနိုင်ယူပြီးနောက် အခြားလူများ မသိကြမည်ကို စိုးရိမ်နေဟန်ဖြင့် ကိုယ့်ကိုယ်ကို အလွန်ဂုဏ်ယူနေခဲ့သည်။ သူသည် လှုပ်ရှားမှုတစ်ခုမျှသာ ပို၍အနိုင်ရခဲ့သော်လည်း ကြီးကျယ်ခမ်းနားသော အောင်ပွဲတစ်ခုကို ဆွတ်ခူးခဲ့ဟန်ဖြင့် မြို့တွင်းရှိလူတိုင်းထံ ပြောပြနေခဲ့သည်။

အန်းရှို့ရှို့သည် သူ့ကို လျစ်လျူရှုပြီးနောက် ချူးယွင်ဖန်းနံဘေးသို့ လျှောက်သွားခဲ့သည်။

"မတွေ့ရတာကြာပြီနော်၊ ချူးယွင်ဖန်း"

"တော်တော်လေး အဆင်ပြေနေပုံပဲ။ ခင်ဗျား သီးသန့်ကျင့်ကြံနေခဲ့တာ မဟုတ်လား။ အဆင့်ဖြတ်ကျော်နိုင်ခဲ့ပြီပေါ့" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။

အန်းရှို့ရှို့သည် ဒုတိယမြောက် နတ်အဆင့်သို့ တက်လှမ်းခဲ့ကြောင်း သူ မြင်တွေ့နိုင်သည်။ သူမ၏ ခွန်အားများသည် သိသိသာသာ တိုးတက်လာပုံပေါ်သည်။

အန်းရှို့ရှို့သည် ချူးယွင်ဖန်း၏ စကားကို ကြားသောအခါ အနည်းငယ် ရှက်ရွံ့သွားလေသည်။

"ဒါ ရှင့် လမ်းညွှန်မှုတွေရဲ့ ကျေးဇူးကြောင့်ပါ"

သူမသည် နတ်အဆင့်သို့ ဝင်ရောက်ရုံသာ ရှိသေးသောကြောင့် သူမ၏ ခန့်မှန်းချက်အရ၊ ဤမျှ လျင်မြန်စွာ အဆင့်ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူမသည် ချူးယွင်ဖန်းကို အချိန်အတော်အတန် လိုက်နာပြီးနောက် လမ်းညွှန်မှုအနည်းငယ်ရရှိခဲ့လေသည်။ သူသည် သူမ၏ ကျင့်ကြံနည်းစနစ်ရှိ ချို့ယွင်းချက်များကို ပြုပြင်ပေးရုံသာမကဘဲ၊ နားလည်မှုအားနည်းနေသည့် နယ်ပယ်များစွာတွင်လည်း သူမကို လမ်းညွှန်ပြသပေးခဲ့သည်။ သူမ၏ ကျင့်ကြံမှုအဆင့်သည် သူ၏ လမ်းညွှန်မှုများဖြင့် အဆမတန် တိုးတက်လာခဲ့သည်။

"ကျုပ်က ခင်ဗျားကို လမ်းပြပေးရုံပါ၊ ဒါပေမယ့် ကြိုးစားတာကတော့ ခင်ဗျားကိုယ်တိုင်ပဲ လုပ်ရတာ" ချူးယွင်ဖန်းက ပြုံးလျက် ပြောလိုက်သည်။

သူ့နံဘေးတွင် ထိုင်နေသော ချူးဟုန်ချိုင်က ဝင်ပြောလိုက်သည်။

"ဘာလို့ ထပ်ပြီး အဆင့်ဖြတ်ကျော်သွားရပြန်တာလဲ။ ကျုပ်မှာ ဒီအဆင့်ကိုရောက်ဖို့တောင် လွယ်ခဲ့တာမဟုတ်ဘူး။ ကျုပ် ခင်ဗျားနဲ့ ဓားချင်းယှဥ်ချင်တယ်"

လွန်ခဲ့သည့်လတွင် ၎င်းတို့သုံးဦးသည် ပိုမိုရင်းနှီးလာခဲ့ကြရာ၊ အထူးသဖြင့် ချူးဟုန်ချိုင်နှင့် ပို၍ ရင်းနှီးလာခဲ့သည်။ အတိအကျပြောရလျှင် အန်းရှို့ရှို့သည် သူ့ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ၎င်းတို့အားလုံးသည် ချန်ရှန်းဟုန်ကို လျစ်လျူရှုထားကြသည်။ ချန်ရှန်းဟုန်သည် အန်းရှို့ရှို့နှင့် ချူးယွင်ဖန်းနှင့် စကားစမြည်ပြောနေကြောင်း မြင်လိုက်ရသောအခါ သူ၏မျက်နှာသည် ဒေါသစိတ်ဖြင့် နီရဲလာသည်။ သူသည် ဒေါသစိတ်ဖြင့် ပေါက်ကွဲတော့မည့်အချိန်တွင် အန်းကျန့်ကော်သည် သူ့အနားသို့ ရောက်ရှိလာခဲ့သည်။

"ချန်ရှန်းဟုန်၊ ခင်ဗျား ဟိုတစ်ခေါက်က ကျုပ်ထပ်လှုပ်ရှားမှုတစ်ခုလောက် ပိုသာသွားတာကို ကျုပ်ကို အပြတ်အသတ်အနိုင်ယူလိုက်တယ်လို့ လှည့်ပတ်ပြောနေတယ် မဟုတ်လား။ ခင်ဗျား ကျုပ်နဲ့ ထပ်ပြိုင်ဖို့ သတ္တိရှိလား" အန်းကျန့်ကော်သည် ချန်ရှန်းဟုန်ကို စူးရှစွာ စိုက်ကြည့်နေသည်။

အန်းကျန့်ကော်သည် ပြီးခဲ့သည့်အခေါက်တွင် အနည်းငယ် ကံဆိုးသွားခဲ့သော်လည်း ချန်ရှန်းဟုန်သည် ၎င်းအကြောင်းအရာကို လူတိုင်းထံ လိုက်လံကြေညာနေခဲ့သည်။ အန်းကျန့်ကော်၏ နှလုံးသားထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည့်အတွက် လက်စားချေလိုစိတ်ရှိနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။

ချန်ရှန်းဟုန်သည် အန်းကျန့်ကော်ကို စိုက်ကြည့်၍ အော်ပြောလိုက်သည်။

"ကောင်ပြီ။ ခင်ဗျား ထပ်ရှုံးရင်တော့ မငိုနဲ့"

လူတိုင်း စကားစမြည်ပြောကြစဉ်တွင် အန်းကော်မြို့ဝန်နှင့် ကျုံးရှင်မြို့ဝန်တို့၏ စကားဝိုင်းသည်လည်း ပြီးဆုံးသွားခဲ့သည်။ သူသည် တန်ဖိုးကြီးသော ဆုတောင်းပုတီးတစ်ခုကို တိတ်တဆိတ် ပေးအပ်ပြီးနောက် ချူးယွင်ဖန်းဆီ လျှောက်လှမ်းသွားလေသည်။

"ချူးယွင်ဖန်း" အန်းကော်မြို့ဝန်သည် ထိုနေရာသို့ လျှောက်လှမ်းလာခဲ့သည်။ လူတိုင်းသည် ဤမြင်ကွင်းကို မြင်သောအခါ အန်းကော်မြို့ဝန်သည် ချူးယွင်ဖန်းအတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း နားလည်သွားကြသည်။

ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ လူတိုင်းသည် ယခုအချိန်မှ နားမလည်နိုင်ခဲ့ပါက၊ အလွန်တုံးအသူများဖြစ်သွားပေလိမ့်မည်။ ကုန်းပုယီ၊ စီတုယဲ့ သို့မဟုတ် အန်းကော်မြို့ဝန်ဖြစ်ပါစေ၊ ၎င်းတို့အားလုံးသည် သခင်မကြီး၏ မွေးနေ့ပွဲ ကျင်းပမှုဟူသော အမည်အောက်တွင် ရောက်ရှိလာကြသော်လည်း ၎င်းတို့၏ ပစ်မှတ်အစစ်အမှန်သည် ချူးယွင်ဖန်းသာဖြစ်သည်။ ထိုသို့မှမဟုတ်ပါက၊ ဤအင်အားကြီး ပုဂ္ဂိုလ်များအားလုံးသည် ကျုံးရှင်မြို့ဝန်အိမ်တော်ရှိ အခြားလူများကို အာရုံမစိုက်ဘဲ အမည်မသိလူငယ်တစ်ဦးဖြစ်သည့် ချူးယွင်ဖန်းကိုသာ စကားစမြည်ပြောနေကြခြင်းဖြစ်သနည်း။

ချူးယွင်ဖန်းက အရိုအသေပြု၍ ပြန်ဖြေလိုက်သည်။

"မင်္ဂလာပါ အန်းကော်မြို့ဝန်"

"ယဉ်ကျေးမနေပါနဲ့။ ပြောရရင် ကျုပ်တို့မိသားစုနှစ်စုက မိတ်ဆွေဟောင်းတွေပါ။ အရင်က ကျုပ်သမီးကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်" အန်းကော်မြို့ဝန်က ပြောလိုက်သည်။

အန်းရှို့ရှို့၏ ကျင်ကြံမှုများ အချိန်တိုလေးအတွင်း အရှိန်အဟုန် မြင့်တက်လာခြင်းကို အန်းကော်မြို့ဝန်လျှင်ပင် မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ သူ၏သားဖြစ်သူက ၎င်းကို အတည်ပြုပြီးနောက် အန်းကော်မြို့ဝန်သည် ချူးယွင်ဖန်းကို ပထမဆုံးအကြိမ် အာရုံစိုက်လာခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ဖြစ်ပွားခဲ့သည့် ချူးယွင်ဖန်း၏တိုက်ပွဲသည် ဝမ်ဟွမ်ကို ထိတ်လန့်သွားစေသည်။ ချူးယွင်ဖန်းသည် ရှန်ဟဲဆေးပညာရိပ်မြုံကို ပိုင်ဆိုင်ကြောင်း သမီးဖြစ်သူက ပြောခဲ့သောအခါ သူသည် ချူးယွင်ဖန်းကို လျှော့တွက်ထားမိကြောင်း သိရှိလိုက်ရသည်။

ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။ အန်းကော်မြို့ဝန်တွင် ဤသို့သော ကျင့်ကြံမှုမျိုး မပိုင်ဆိုင်ထားကြောင်း လူတိုင်း သိကြသည်။ ၎င်းကို တွေးကြည့်ရုံဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤသည်မှာ မျိုးဆက်တိုင်းတွင် ပါရမီရှင်များ ရှိနေကြသည်ဟူသည့် ဆိုလိုရင်းဖြစ်သည်။ သို့သော် အန်းကော်မြို့ဝန်သည် ကုန်းပုယီနှင့် စီတုယဲ့တို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။ ထိုသတင်းကို ရရှိထားသူသည် သူတစ်ဦးတည်းမဟုတ်ကြောင်း နားလည်သွားစေသည်။

"ဒါက အသေးအဖွဲ့ကိစ္စပါ။ ရှို့ရှို့ကလည်း ကျွန်တော့်ကို နည်းနည်းကူညီပေးထားတယ်လေ၊ ဒီတော့ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိတယ် ဆိုရမှာပေါ့။ အဲ့လိုယဉ်ကျေးနေစရာမလိုပါဘူး အန်းကော်မြို့ဝန်" ချူးယွင်ဖန်းက ပြောလိုက်သည်။

၎င်းတို့နှစ်ဦးကို ကြည့်နေသော ချူးယောင်ဝေ့သည် မည်မျှနှေးကွေးနေပါစေ၊ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားရနိုင်သည်။ ယနေ့ရောက်လာသော ဧည့်သည်များအားလုံးသည် ခြွင်းချက်မရှိစွာဖြင့် ချူးယွင်ဖန်းကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။ ထို့အပြင် သူ နားလည်သိရှိထားပြီဟု ထင်မှတ်ခဲ့သော လူငယ်သည် လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားပုံပေါ်သည်။ မဟုတ်ပါက၊ ဤအရေးပါသော ပုဂ္ဂိုလ်များသည် ထိုသို့အလွန်စိတ်လှုပ်ရှားနေမည် မဟုတ်ပေ။

"ဒါကိုစုံစမ်းပြီး ဘာတွေဖြစ်နေတာလဲဆိုတာ ကျုပ်ဆီ အမြန်ပြန်တင်ပြကြ"

******

All Chapters