မျက်နှာကို ဖြတ်ရိုက်ခြင်း
Vol. 83 Ch. 1243
ချူးယောင်ဝေ့သည် မည်မျှနှေးကွေးသူဖြစ်ပါစေ၊ တစ်စုံတစ်ခု မှားယွင်းနေပြီကြောင်း သူ သိရှိသွားပြီဖြစ်သည်။ ချူးယောင်ဝေ့သာမကဘဲ ချူးမိသားစုရှိ အခြားလူများသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားလေသည်။ သူ မသိသော်လည်း အခြားလူအားလုံး သိရှိထားရသည့် အကြောင်းအရာတစ်ခုရှိပေလိမ့်မည်။ ထို့အပြင် ချူးယွင်ဖန်းသည် သူ့မိသားစုမှ ဆင်းသက်လာသူဖြစ်သည့်အတွက် သူသည် အမှောင်ထဲတွင် ထိန်ချန်ထားခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် သူ၏ မှန်းဆချက်များသည် လုံးလုံးလျားလျား မမှန်ကန်ခဲ့ပေ။ ထိုအကြောင်းအရာကို လူတိုင်း မသိခဲ့ကြပေ။ ချူးယွင်ဖန်းနှင့် ဝမ်ဟွမ်တို့ကြားက တိုက်ပွဲအပြီးတွင် မြို့တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကြရာ၊ ထင်ရှားကျော်ကြားသော အင်အားစုများသည် ၎င်းတို့၏ သူလျှိုများကို စေလွှတ်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် သီးသန့်ကျင့်ကြံနေခဲ့သော်လည်း သူသည် ပြင်ပရှိ အကြောင်းအရာများနှင့် အလှမ်းဝေးနေခြင်းမဟုတ်ပေ။ ထို့အပြင် သူသည် သူ၏နောက်ကြောင်းရာဇဝင်များကို ဖုံးကွယ်ထားခြင်းမရှိပေ။ ထို့ကြောင့် သူ၏ နောက်ကြောင်းရာဇဝင်များ ပေါ်ပေါက်သွားရန် အချိန်ခဏသာ လိုအပ်ခဲ့သည်။
ကုန်းပုယီ၊ စီတုယဲ့နှင့် အန်းကော်မြို့ဝန်တို့သည် အစပျိုးမှုများ ပြုလုပ်ခဲ့ရုံသာဖြစ်သည်။ ၎င်းတို့သည် အကြောင်းတစ်ခုခုကြောင့် ချူးယွင်ဖန်း၏ ဖြစ်တည်မှုကို ဦးစွာသိရှိပြီးနောက် ဝမ်ဟွမ်နှင့် သူ၏တိုက်ပွဲအကြောင်းကို သိရှိလာခြင်းဖြစ်သည်။ ၎င်းတို့သည် အခြားလူများထက် ခြေတစ်လှမ်းသာလွန်သွားကြသည်။ သို့သော် မိမိမှလွဲလျှင် လူတိုင်း သိနေကြသည်ဟူသော ဤခံစားချက်သည် ချူးယောင်ဝေ့အတွက် အလွန်ဆိုးရွားလှသည်။ ချူးယောင်ဝေ့သည် လူတိုင်းနှင့် ပျော်ရွှင်စွာ စကားပြောနေသည့် ချူးယွင်ဖန်းကို ကြည့်၍ သူ၏မျက်လုံးများ မယုံကြည်နိုင်စွာ တောက်ပသွားလေသည်။
'သူနဲ့ပတ်သက်ပြီး ငါ မသိတဲ့ တခြားအရာ ဘာတွေရှိနေသေးတာလဲ'
ချူးမိသားစုဝင်များ၏ ရှုပ်ထွေးနေသော အတွေးများနှင့် နှိုင်းယှဉ်ပါက၊ သခင်မကြီး၏ အတွေးများသည် ပို၍ ရိုးရှင်းလှသည်။ သူမ၏ မွေးနေ့ပွဲသည် အကြောင်းပြချက်တစ်ခုသာဖြစ်၍ လူတိုင်းသည် ချူးယွင်ဖန်းကြောင့် ဤနေရာသို့ ရောက်ရှိလာကြောင်း သူမ သိသွားခဲ့သည်။လသို့သော် ထိုအရာများသည် အရေးမကြီးလှပေ။ ယခုအချိန်တွင် သူမ၏ တစ်ခုတည်းသော ရည်မှန်းချက်သည် မိမိကိုယ်မိမိ ကြည့်ကောင်းစေရန်သာဖြစ်သည်။ ချူးယွင်ဖန်းသည် သူမ၏သားအကြီးဆုံး ကျုံးရှင်မြို့ဝန်ပင် မအောင်မြင်ခဲ့သည့်အရာတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။
"ချီးပဲ၊ ချူးယွင်ဖန်း" ချန်ရှန်းဟုန်သည် မုန်းတီးစိတ်ဖြင့် အံကြိတ်လိုက်သည်။
သူသည် ရုတ်တရက် ထရပ်၍ ချူးယွင်ဖန်းကို စိုက်ကြည့်လိုက်သည်။
"တခြားလူတွေနဲ့ကွယ်ပြီး ပုန်းလို့ရမယ် မထင်လိုက်နဲ့။ ကျုပ် ခင်ဗျားနဲ့ တော်တော်လေး စိတ်ရှည်ပြီးပြီ။ ဒါတော့ ခင်ဗျား ဘာလက်ဆောင် ယူလာလဲ"
၎င်းတို့နှစ်ဦးသည် လူတိုင်း၏ အာရုံစိုက်မှုကို တစ်ဖန်ဆွဲဆောင်သွားပြန်သည်။ လူအများသည် ကနဦးရောက်ရှိလာသော အင်အားကြီးပုဂ္ဂိုလ်တချို့ကြောင့် အာရုံပြောင်းသွားကြရာ၊ ယခုအချိန်မှ ၎င်းတို့နှစ်ဦးကြားက ပဋိပက္ခများကို မှတ်မိသွားလေသည်။
"ချန်ရှန်းဟုန်က တော်တော်လေးဇွဲကောင်းတာပဲ" တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။
သို့သော် ချန်ရှန်းဟုန်သည် ချူးယွင်ဖန်းနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း လူအများစု သိထားကြလေသည်။ ဤအင်အားကြီး ပုဂ္ဂိုလ်များသည် ချူးယွင်ဖန်းအတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း လူအများစု သိကြသော်လည်း ၎င်းတို့သည် အဘယ်ကြောင့် ဤမျှကြီးကျယ်ခမ်းနားသော အပြုအမူဖြင့် ရောက်ရှိလာခဲ့သည်ကို လူတချို့က သေချာမသိကြပေ။ သို့သော် ချူးယွင်ဖန်းသည် ချန်ရှန်းဟုန်ထက် ပို၍ အံ့အားသင့်ဖွယ်ကောင်းသူဖြစ်သည်။ ကုန်းပုယီ၊ စီတုယဲ့၊ အန်းကော်မြို့ဝန်နှင့် အခြားလူများသည် ချူးယွင်ဖန်းကို အာရုံစိုက်နေကြသည်။ သူ၏ ခွန်အားကို အခြားလူများထက် ဦးစွာ သိရှိထားသောကြောင့် ချူးယွင်ဖန်းက မည်သို့သော ဂုဏ်ပြုလက်ဆောင်မျိုး ပေးအပ်နိုင်မည်ကို ၎င်းတို့ သိချင်နေကြသည်။
"ခင်ဗျား ဘာလို့ဒီလောက်ဇွဲနပဲကြီးနေရတာလဲ၊ လက်လျှော့လိုက်စမ်းပါ" ချူးဟုန်ချိုင်က ခက်ထန်စွာ ပြောသည်။
ထိုအချိန်တွင် ချူးဟောက်ယွီသည် မည်သည့်စကားမျှ မပြောခဲ့ပေ။ ဤအင်အားကြီး ပုဂ္ဂိုလ်များ ရောက်ရှိလာခြင်းသည် သူ၏အမြင်အာရုံကို ပို၍ကျယ်ပြန့်သွားစေသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤမျှဩဇာကြီးမားသော ပုဂ္ဂိုလ်များသည် မြင်တွေ့ရ အလွန်ခဲယဉ်းပေသည်။
သူသည် ကျုံးရှင်မြို့ဝန်၏ အမွေဆက်ခံသူဖြစ်လာလျှင်ပင် ၎င်းတို့ကို မြင်တွေ့ရန် ခက်ခဲပေလိမ့်မည်။ သူသည် နောက်တက်မည့် ကျုံးရှင်မြို့ဝန်ဖြစ်လာမည်ဆိုပါက၊ ဤလူများနှင့် တန်းတူညီတူ ဆက်ဆံနိုင်မည်ဖြစ်သည်။ သို့သော် ဤအင်အားကြီး ပုဂ္ဂိုလ်များသည် ချူးယွင်ဖန်းကို ဖော်လံဖားနေသောကြောင့် ချူးယွင်ဖန်းကသာ အမှန်တကယ် ဩဇာကြီးမားသူဟု ခံစားရစေသည်။
ချူးဟောက်ယွသည် ကျုံးရှင်မြို့ဝန်၏ အမွေဆက်ခံသူဖြစ်လာရန်အတွက် အပြင်းအထန် တိုက်ပွဲဝင်ခဲ့စဥ်တွင် စိတ်သဘောထား သေးသိမ်လွန်းခဲ့သည်ဟု ကိုယ့်ကိုယ်ကို ထင်မြင်မိသွားစေသည်။ ချူးယွင်ဖန်းသည် အမွေဆက်ခံသူမဟုတ်သော်လည်း အမွေဆက်ခံသူထက်ပင် ပို၍ အံ့ဩဖွယ်ကောင်းလာသည်။ သူ၏ဂုဏ်အရှိန်အဝါသည် ကျုံးရှင်မြို့ဝန်၏ အမွေဆက်ခံသူရာထူးမှမဟုတ်ဘဲ သူ၏ခွန်အားကြောင့် ရရှိလာခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် ချန်ရှန်းဟုန်၏ စကားများကို နှလုံးသားမသွင်းဘဲ ပြုံးလိုက်၏။ ပြီးနောက် ဘာသိဘာသာ ပြောလိုက်သည်။
"သူ အရမ်းမြင်ချင်နေမှတော့ ကျုပ်က ခွင့်ပြုပေးရတာပေါ့။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်းလောက်တန်တဲ့ လက်ဆောင်မျိုးနဲ့ ခုန်ပေါက်နေရတယ်လို့၊ ကိုယ့်ကိုယ်ကို တော်တော် အထင်ကြီးနေတာပဲ"
ထိုသို့ကြားသောအခါ လူတိုင်း အံ့ဩသွားကြသည်။ ချူးယွင်ဖန်း၏ ထိုယုံကြည်မှုများ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို ၎င်းတို့ မသိပေ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်းသည် ချူးယွင်ဖန်း ပြောသကဲ့သို့ ရိုးရှင်းသည့် ပမာဏမဟုတ်ပေ။ ၎င်းသည် ကြီးကျယ်ခမ်းနားသော ပမာဏဖြစ်သည်၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်းတန်ဖိုးရှိသည့် လက်ဆောင်ကို ထိုသို့လျစ်လျူရှုဝံ့ရသည်အထိ သူ ပြင်ဆင်ထားသော လက်ဆောင်က မည်မျှအံ့ဖွယ်ထူးခြားသည်ကို ၎င်းတို့ သိချင်နေကြသည်။
"မိုက်မဲချက်ကတော့" ချန်ရှန်းဟုန်က ထိုစကားများကို ကြားသောအခါ ချူးယွင်ဖန်းသည် ခေါင်းမာလွန်းလှသည်ဟု ခံစားလိုက်ရသည်။
'အခုချိန်အထိတောင် ဟန်ဆောင်နေတုန်းပဲ'
"ကျုပ်က အဲ့လောက် အသုံးအဖြုန်းကြီးတဲ့လူ မဟုတ်ဘူး။ သခင်မကြီး မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျုပ်ပေးမယ့် တစ်ခုတည်းသောလက်ဆောင်က ဆေးတစ်ဘူးပဲ" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်သည်။
လက်ဖဝါးကို လှန်လိုက်သည်နှင့် သူ၏လက်ထဲတွင် ဆေးပုလင်းတစ်ခု ပေါ်ပေါက်လာသည်။ ပြီးနောက် သူသည် ၎င်းကို သခင်မကြီးထံ ပေးအပ်လိုက်သည်။
"ပြီးပြည့်စုံလိုက်တာ။ မင်းက အရမ်းစဉ်းစားတတ်တာပဲ" သခင်မကြီးသည် ပီတိဖြစ်သွားလေသည်။ ပြီးနောက် သူမသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် အလျင်အမြန် ပြောလိုက်သည်။
"လာကြစမ်း၊ ဒီဆေးပုလင်းကို မြန်မြန် သိမ်းထားလိုက်ကြ"
သခင်မကြီးက လက်ဆောင်ကို အနီးကပ်မကြည့်ဘဲ သိမ်းဆည်းတော့မည်ကို မြင်လိုက်ရသောအခါ ချန်ရှန်းဟုန် ချက်ခြင်း စိုးရိမ်လာသည်။ သခင်မကြီးသည် ချူးယွင်ဖန်း၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြိုးစားနေသည်ဟု သူ ထင်မှတ်လိုက်သည်။
'သခင်မကြီးတောင် ချူးယွင်ဖန်းကို အထင်မကြီးဘူး။ ဆေးတစ်ဘူးက ဘယ်လောက်ဈေးကြီးပါစေ၊ ငါ့ လက်ဆောင်တွေနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး'
"ခဏနေပါဦး။ ချူးယွင်ဖန်း၊ ခင်ဗျားရဲ့ဆေးက မြို့စားနင်ပေးခဲ့တဲ့ အဆင့်နိမ့် ကျောက်တုံးသုံးသန်းထက် ပိုသာတယ်လို့ ပြောတဲ့အတွက် ဒါက ဘယ်လိုဆေးမျိုးလဲဆိုတာ ကျုပ် ကြည့်ချင်တယ်" ချန်ရှန်းဟုန်သည် သခင်မကြီး၏ အပြုအမူကို တားဆီးရန် အော်ပြောလိုက်သည်။
သခင်မကြီးသည် အလွန် စိတ်မကျေမနပ်ဖြစ်နေပုံပေါ်သည်။ ချန်ရှန်းဟုန်သည် သူမ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန်သာ ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု သူမ ထင်မှတ်နေသည်။
'ဒီမြေးက အကောင်းအဆိုး အကြောင်းအကျိုးကို တကယ် နားမလည်တာပဲ။ သူ ငါ့ မွေးနေ့ပွဲကို ဖျက်ဆီးချင်နေတာလား။ ဘာလို့ဒီလိုလုပ်နေရတာလဲ'
ချူးယောင်ဝေ့သည်လည်း မကျေမနပ်ဖြစ်လာသောကြောင့် ချန်ရှန်းဟုန်ကို လှည့်ကြည့်၍ ပြောလိုက်သည်။
"မွေးနေ့လက်ဆောင်ဖြစ်သရွေ့တော့ တန်ဖိုးက ဘာကွာခြားမှုမှ မရှိပါဘူး"
သို့သော် ချန်ရှန်းဟုန်၏ အမြင်တွင်မူ ၎င်းတို့သည် ချူးယွင်ဖန်းကို ကာကွယ်ပေးရန် ကြိုးပမ်းနေပုံပေါ်သဖြင့် ပို၍ပင် ဒေါသထွက်လာသည်။ ကမ္ဘာကြီးတစ်ခုလုံးသည် ယနေ့တွင် သူ့ကို ဆန့်ကျင်နေသည်ဟု ခံစားလိုက်ရသည်။ သူ ပြုလုပ်ခဲ့သည့် မည်သည့်အရာမှန်သမျှ ချောမွေ့စွာ ပြီးဆုံးသွားခြင်းမရှိပေ။
'ဒါတွေအားလုံးက ချူးယွင်ဖန်းကြောင့်ပဲ။ ဒီသောက်ကျိုးနည်း ချူးယွင်ဖန်း'
"ဒါက မွေးနေ့လက်ဆောင်ဆိုမှတော့ ဘာမှဖုံးကွယ်ထားစရာ မလိုဘူးလေ။ မေးလို့ ရတယ် မဟုတ်လား။ ဒါမှ မဟုတ်ရင် ဖြေရမှာကို ကြောက်နေတာလား ချူးယွင်ဖန်း" ချန်ရှန်းဟုန်၏ အသံသည် ပို၍ ကျယ်လောင်ကာ ခက်ထန်လာသည်။
"အရမ်းတွေ အရှက်ကွဲချင်နေမှတော့ ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့” ချူးယွင်ဖန်းသည် အရှေ့သို့ လှမ်းလာ၍ ဆက်ပြောလိုက်သည်။
"ဘာမှဖုံးကွယ်ထားစရာ မလိုပါဘူး။ ဒီပုလင်းမှာ အသက်ရှည်ဆေး ငါးလုံးပါတယ်။ ဆေးလုံးတစ်ခုစီက လူတစ်ယောက်ရဲ့အသက်ကို အနှစ်နှစ်ဆယ်ကြာတဲ့အထိ ဆွဲဆန့်ပေးနိုင်တယ်။ ဒါတွေက သခင်မကြီး သက်ရှည်ကျန်းမာစေဖို့ အတွက် ကျွန်တော် ဖော်စပ်ထားတဲ့ ဆေးတွေပါ”
ထိုမှတစ်ဆင့် နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေ၏။
******