← Chapters

အသက်ရှည်ဆေးမှ ယူဆောင်လာသော အံ့အားသင့်မှုများ

Vol. 83 Ch. 1244

အသက်ရှည်ဆေးမှ ယူဆောင်လာသော အံ့အားသင့်မှုများ

Vol. 83 Ch. 1244

ထိုနေရာတွင်ရှိနေသည့် လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။ ဤသက်ရှည်ဆေးလုံးတစ်လုံးစီသည် လူတစ်ယောက်၏အသက်ကို အနှစ်နှစ်ဆယ်အထိ သက်တမ်းတိုးမြှင့်ပေးနိုင်သည်ဟူသည့် စကားလုံးတိုင်းသည် ထိုနေရာတစ်ခုလုံးကို ယောက်ယက်ခတ်သွားစေ၏။

သိုင်းပညာသည် လူတစ်ဦးကို အသက်ရှည်စေသော်လည်း မသေမျိုးမဖြစ်စေနိုင်ပေ။ မျိုးဆက်တစ်ခု၏ အသန်မာဆုံး ကျွမ်းကျင်သူလျှင်ပင် အချိန်ကာလ၏တိုက်စားမှုမှ မလွတ်မြောက်နိုင်ဘဲ နောက်ဆုံးတွင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထိုအကြောင်းအရာနှင့် ပတ်သက်လျှင် မည်သည့် ခြွင်းချက်ဟူ၍ရှိမည် မဟုတ်ပေ။

လူတိုင်းတွင် မတူညီသော စွမ်းအင်များ၊ အဆင့်အတန်းများနှင့် ဘဝသက်တမ်းများရှိကြသော်လည်း သေခြင်းတရားသည် လူတိုင်းအပေါ်တွင် တရားမျှတခဲ့သည်။ သိုင်းပညာ ကျွမ်းကျင်သူများအတွက် အချိန်သည် အနှိုင်းမဲ့ အဖိုးတန်လှသည်။ သိုင်းပညာသည် အားကောင်းလေ၊ အသက်ပိုရှည်လေဖြစ်သည်။ ထို့အပြင် ဤဆေးလုံး တစ်လုံးစီသည် လူတစ်ယောက်၏ သက်တမ်းကို အနှစ်နှစ်ဆယ်ကြာသည်အထိ တိုးမြှင့်ပေးနိုင်သည်။

ဤအနှစ်နှစ်ဆယ်သည် ကြီးမားသော အဆင့်ဖြတ်ကျော်မှုများ ဆောင်ကြဉ်းပေးနိုင်ကာ လူတစ်ဦး၏ သက်တမ်းကို ပို၍ပင် မြင့်မားသွားစေနိုင်သည်။ ထိုသို့ ထပ်မံမမြင့်မားခဲ့လျှင်ပင် အနှစ်နှစ်ဆယ်ကြာ သက်တမ်းအပိုကို မည်သူက မလိုချင်ဘဲနေမည်နည်း။ ထိုဆေးလုံးများအနက် တစ်ခုစီသည် ချန်ရှန်းဟုန်ပေးခဲ့သော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်းထက် များစွာ ပို၍တန်ဖိုးရှိပေသည်။

စီတုယဲ့သို့မဟုတ် အန်းကော်မြို့ဝန်ဖြစ်ပါစေ၊ အနှစ်နှစ်ဆယ်ကြာ အပိုသက်တမ်းကို မည်သူမျှ လျစ်လျူရှုနိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးသုံးသန်း မဆိုနှင့် နှစ်ဆမျှ ပေးအပ်ရမည်ဆိုလျှင်ပင် ပေးချေရန် ဆန္ဒရှိကြသည်။ အနှစ်နှစ်ဆယ်ဟူသော အချိန်ကာလသည် ၎င်းတို့အတွက် အကြောင်းအရာများစွာ ပြုလုပ်ရန် လုံလောက်ပေသည်။

"အသက်ရှည်ဆေးတဲ့လား။ ဒီလိုဆေးမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ကျုပ် မယုံဘူး။ ကောင်းကင်ဘုံရတနာတချို့ကလွဲရင် လူတစ်ယောက်ရဲ့ အသက်ကို ရှည်စေနိုင်တဲ့ ဆေးမျိုး ရှိနိုင်ပါ့မလဲ၊ ဒီလိုဟာမျိုး ကျုပ် တစ်ခါမှ မကြားဖူးဘူး" ချန်ရှန်းဟုန်က အော်ဟစ်လိုက်သည်။

"ခင်ဗျား မကြားဖူးတာနဲ့၊ တကယ် မရှိဘူးလို့ ဆိုလို့မရဘူး" ကုန်းပုယီသည် ထိုအချိန်တွင် မတ်တပ်ထရပ်၍ ပြောလိုက်သည်။ "ရှေးခေတ်တုန်းက အသက်ရှည်ဆေးလို့ခေါ်တဲ့ ဆေးမျိုးတွေ တကယ်ရှိတာဆိုပြီး ကျုပ် ကြားဖူးတယ်။ ဒါပေမယ့် ဆေးဖော်စပ်နည်းတွေက ခေတ်အဆက်ဆက် ပျောက်ဆုံးသွားခဲ့တယ်"

အခြားလူများနှင့်မတူဘဲ ကုန်းပုယီသည် ဆေးပညာအဖွဲ့အစည်း၏ဥက္ကဋ္ဌဖြစ်သောကြောင့် အခြားလူများထက် ဤလျှို့ဝှက်ချက်များကို ပို၍ သိရှိထားသည်။ ရှေးခေတ်တွင် သက်ရှည်ဆေးများ တည်ရှိကြောင်း သိထားသော်လည်း ထိုဆေးဖော်စပ်နည်းများသည် နောက်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သည်။

သို့သော်လည်း အသက်ရှည်ဆေးဖော်စပ်နည်းများ လုံးလုံးလျားလျား ပျောက်ဆုံးသွားသည်ဟု မဆိုလိုပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင်ပင် မျိုးဆက်များသည် တုံးအသူများ မဟုတ်ကြပေ။ သူ သိထားသော သတင်းအချက်အလက်များအရ ဆေးပညာအဖွဲ့အစည်းတွင် ၎င်းဆေးနှင့် ပတ်သက်သည့် ဆေးဖော်စပ်နည်းများ တည်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ခြွင်းချက်မရှိစွာဖြင့် ဤဖော်စပ်နည်းများအားလုံးသည် အလွန်အဖိုးတန်သော ဆေးဖက်ဝင်အပင်များ လိုအပ်ပေသည်။

ဤအဖိုးတန်သော ဆေးဖက်ဝင်အပင်များသည် အသက်ရှည်စေနိုင်သည့် လုပ်ဆောင်ချက်များပါဝင်ကြသည်။ ၎င်းကိုဆေးလုံးအဖြစ် ဖော်စပ်ပြီးနောက် ဆေးအာနိသင်သည်လည်း တိုးမြင့်လာမည်ဖြစ်သည်။ သို့သော် ဤသဘာဝရတနာများသည် ရှာဖွေရန် အလွန်ခက်ခဲလှသည်။ ၎င်းဆေးပင်များ၏တန်ဖိုးသည် တိုင်းတာ၍ပင် မရနိုင်ပေ။ ၎င်းကို များပြားသော အတိုင်းအတာဖြင့် အပြင်လောကသို့ ဖြန့်ချီရန် မဖြစ်နိုင်ပေ။

ရှေးခေတ်ကာလတွင် အသက်ရှည်ဆေးအများအပြားရှိခဲ့သည်။ ၎င်းတို့သည် စျေးနှုန်းချိုသာသည်ဟု မဆိုနိုင်သော်လည်း လက်မခံနိုင်သော စျေးနှုန်းမျိုး မဟုတ်ခဲ့ပေ။ ထိုခေတ်ကာလတွင် သိုင်းပညာ အလွန်ထွန်းကားခဲ့သောကြောင့် ကမ္ဘာများစွာကိုပင် တုန်လှုပ်စေခဲ့သည်။ အရေးကြီးဆုံးအချက်တစ်ခုမှာ အသက်ရှည်ဆေးများ ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျွမ်းကျင်သူသီးသီး၏ သက်တမ်းသည်လည်း ဆက်လက်ရှည်လျားလာသောကြောင့် အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ရန် အချိန်အလုံအလောက်ရှိခဲ့ကြလေသည်။

ကုန်းပုယီ၏ စကားများသည် ချူးယွင်ဖန်းကို ထောက်ခံရန်ဖြစ်၍ အသက်ရှည်ဆေးများ၏ ဖြစ်တည်မှုကို အတည်ပြုရန်ဖြစ်သည်။ တက်ရောက်လာကြသူများအားလုံးသည် ကြီးမြတ်သော ဝေ့တိုင်းပြည်တော်၏ အထင်ကရပုဂ္ဂိုလ်များဖြစ်ကြသည်။ ပုံမှန်အားဖြင့်၊ ၎င်းတို့သည်လည်း အသက်ရှည်ဆေးများ တည်ရှိကြောင်း ကြားသိဖူးကြသည်။ သို့ရာတွင် ၎င်းဆေးများသည် အလွန်အဖိုးတန်သော သဘာဝရတနာများဖြင့် ပြုလုပ်ထားသောကြောင့် ပုံမှန်အားဖြင့် နိုင်ငံတော်ဘဏ္ဍာများဖြစ်ကြသည်။ အဆင့်အမြင့်ဆုံး ဆေးပညာကျွမ်းကျင်ရှင်များသာ ၎င်းဆေးများကို ဖော်စပ်ရန် အခွင့်အရေးရှိပေလိမ့်မည်။ ဝေ့တိုင်းပြည်၏ တရားရုံးတော်သည် ၎င်းဆေးများကို ဖော်စပ်ပြီးစီးသည်နှင့် ဝယ်ယူကြမည်ဖြစ်သည်။

၎င်းတို့သည် ထိုဆေး၏အမည်ကို ကြားဖူးရုံသာ ကြားဖူးကြ၍ မမြင်တွေ့ဖူးကြပေ။ ထို့အပြင် ဝေ့တိုင်းပြည်သည် ကျွမ်းကျင်သူများစွာကို ၎င်းတို့အတွက် တာဝန်ထမ်းဆောင်ပေးရန် ဆွဲဆောင်လေ့ရှိသည်။ ဤသက်ရှည်ဆေးများသည် အသက်ကုန်လုနီးပါး ကျွမ်းကျင်သူများအတွက် ကြီးမားသော အကျိုးအမြတ်များဖြစ်ပေသည်။ ၎င်းတို့သည် အသက်ရှည်ဆေးများရရှိရန် ကြီးမြတ်သော ဝေ့တိုင်းပြည်ကို အားကိုးရပေလိမ့်မည်။

ပြဿနာအစစ်အမှန်သည် အသက်ရှည်ဆေးတွင် မဟုတ်ဘဲ ဖော်ပြ၍မရနိုင်သော ရှေးဟောင်းဆေးဖော်စပ်နည်းတွင်ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ ရတနာများကို ဆုပ်ကိုင်ထားသည့် ဖော်စပ်နည်းတစ်ခုဖြစ်သည်။ ယခုအချိန်ကာလ၏ အသက်ရှည်ဆေးဟူသည် အသက်ရှည်စေသည့် လုပ်ဆောင်ချက်များပါရှိသည့် သဘာဝရတနာများကို အနည်းငယ်မျှသာ အသုံးပြုထားခြင်းဖြစ်သည်။

"ဒါကိုဒဏ္ဍာရီတစ်ခုလို့ပဲ ကျုပ် ထင်ခဲ့တာ။ ဘဝမှာ တကယ်မြင်တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..." ကုန်းပုယီသည် ချူးယွင်ဖန်းကို ထိတ်လန့်မှုများဖြင့် စိုက်ကြည့်ကာ ထိုသို့ရေရွတ်လိုက်မိသည်။

ဤအသက်ရှည်ခြင်းဆေးများသည် သူ့ကို နက်ရှိုင်စွာ ထိတ်လန့်သွားစေသည်။ သူသည် ချူးယွင်ဖန်းကို တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် အသက်ရှည်ဆေးများကို မတော်တဆရရှိခဲ့ခြင်းသော်လည်းကောင်း ၎င်း၏ဖော်စပ်နည်းကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဟုတ်မဟုတ်သော်လည်းကောင်း သူ သိချင်နေမိသည်။

မည်သည့်အချက်ဖြစ်ပါစေ အသက်ရှည်ဆေးများ၏တန်ဖိုးသည် တိုင်းတာ၍မရနိုင်ပေ။ ၎င်းကို မိသားစုအမွေအနှစ်အဖြစ်ပင် ဆက်လက် လက်ဆင့်ကမ်းနိုင်ကြသည်။ ချူးယွင်ဖန်း၏ နောက်ကြောင်းရာဇဝင်ကို သိထားသော အန်းကော်မြို့ဝန်နှင့် စီတုယဲ့တို့လျှင်ပင် ၎င်းတို့အရှေ့ရှိ မြင်ကွင်းကို အားကျစိတ်ဖြင့် ကြည့်နေကြသည်။ အသက်ရှည်ဆေးငါးလုံးသည် ၎င်းတို့အသက်၏ တစ်ဝက်နီးပါးနှင့် ညီမျှသည့် အနှစ်တစ်ရာကို ဆိုလိုခြင်းဖြစ်သည်။

"ယွင်ဖန်း၊ ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်" သခင်မကြီးက ခေတ္တတုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။

သူမသည် အသက်ကြီးနေသော်လည်း အာရုံပျက်ပြားနေသူ မဟုတ်ပေ။ မှန်သည်၊ ၎င်းက မည်မျှ တုန်လှုပ်ဖွယ်ကောင်းသည်ကို သူမ နားလည်သည်။

"အဲ့လောက်လည်း မဟုတ်ပါဘူး။ ကျွန်တော် ဒီဆေးတွေကို မတော်တဆရခဲ့တာ၊ ဒါပေမယ့် အဲဒါတွေက ကျွန်တော့်အတွက် အသုံးမဝင်ဘူးလေ။ ဒီတော့ သခင်မကြီးကို ပေးလိုက်တာက အကောင်းဆုံး ရွေးချယ်မှုပါ" ချူးယွင်ဖန်းက ပြောလိုက်သည်။

သူသည် ထိုဆေးများကို ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ဟု မပြောခဲ့ပေ၊ မည်သို့ဆိုသော် ထိုသို့ ပြောလိုက်သည်နှင့် သူသည် လူထု၏ ပစ်မှတ်တစ်ခုဖြစ်လာပေလိမ့်မည်။ အသက်ရှည်ခြင်း၏ သွေးဆောင်မှုကို မည်သူမျှ တွန်းလှန်နိုင်မည်မဟုတ်ပေ။ ထိုအချိန်တွင် ဝေတိုင်းပြည်၏ ကျွမ်းကျင်သူအားလုံးသည် သူ့ထံ ရောက်လာကြပေလိမ့်မည်။

၎င်းသည် မရေတွက်နိုင်သော ပြဿနာများ၏ အစပျိုးမှုဖြစ်သွားပေလိမ့်မည်။ သို့သော် သူ့တွင် ဆေးဖော်စပ်နည်းရှိခြင်း မရှိခြင်း သို့မဟုတ် အခြားသော အသက်ရှည်ဆေးများ ရှိခြင်း မရှိခြင်းကို သိချင်သူများသည်လည်း တည်ရှိနေဆဲဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် ကမ္ဘာကြီးတစ်ခုလုံး၏ ရန်သူမဖြစ်လာသရွေ့ မည်သည်ကိုမျှ မကြောက်ရွံ့ပေ။ ရဲဝံ့စွာ ထွက်ပေါ်လာသူများသည် သေခြင်းတရားနှင့် ကြုံတွေ့သည်အထိ ဖျက်ဆီးခံရပေလိမ့်မည်။

ချူးယွင်ဖန်း၏ ခိုင်မာသော အပြုအမူကို မြင်သောအခါ သခင်မကြီးသည် လက်ခံရုံသာရှိတော့သည်။

"ဒါဆိုရင်လည်း လက်ခံလိုက်ပါမယ်လေ"

ယနေ့၏ အံ့အားသင့်မှုများသည် ပို၍ပင် ကြီးမားလာခဲ့သည်။

"ကျုပ် မယုံဘူး။ သူ ဒီဆေးလုံးတွေကို ဘယ်ကဘယ်လိုယူလာပြီး လျှောက်ပြောနေလဲဆိုတာ ဘယ်သူသိမှာလဲ"

ချန်ရှန်းဟုန်သည် ချူးယွင်ဖန်း ယူဆောင်လာသော အသက်ရှည်ဆေးများကြောင့် လူတိုင်း အံ့အားသင့်သွားကြောင်း မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အထင်အမြင်သေးစွာ အော်ဟစ်လိုက်သည်။

"ချန်ရှန်းဟုန်၊ မင်း တော်သင့်ပြီ မဟုတ်ဘူးလား" ချူးယောင်ဝေ့က ဒေါသတကြီး ဆိုလိုက်သည်။

ချန်ရှန်းဟုန်သည် သူ့မိခင်ဖြစ်သူ၏ မွေးနေ့ပွဲကို လူတိုင်းအရှေ့တွင် ဟာသတစ်ခုဖြစ်အောင် ပြုလုပ်နေခြင်းဖြစ်လေသလော။

"ထွက်သွားစမ်း"

ချူးယောင်ဝေ့သည် ချန်ရှန်းဟုန်ကြောင့် လုံးလုံးလျားလျား ဒေါသထွက်သွားလေသည်။ သို့သော်လည်း ချန်ရှန်းဟုန်သည် လက်လျှော့ချင်သေးပုံမပေါ်ပေ။ သူ၏မျက်နှာထက်တွင် ရူးသွပ်သော အကြည့်တစ်ခု ထင်ဟပ်နေသည်။

"ချူးယွင်ဖန်း၊ ခင်ဗျား ဒီဆေးတွေကို အခု ဒီနေရာမှာ ချက်ချင်း စမ်းသပ်ဖို့ သတ္တိရှိလား"

လူတိုင်းက ခေါင်းခါလိုက်သည်။ ချန်ရှန်းဟုန်သည် စိတ်အာရုံများ ပျက်ပြားသွားပုံပေါ်သည်။ သူသည် ကောက်ရိုးမျှင်များကို ဆုပ်ကိုင်ထားသည့် ရေနစ်သူတစ်ဦးနှင့်ပင် ဆင်တူသည်။ ဆင်းရဲနွမ်းပါးသော ချူးယွင်ဖန်းသည် ဤအသက်ရှည်ဆေးများကို ပိုင်ဆိုင်နိုင်မည်မဟုတ်ဟု ချန်ရှန်းဟုန် အခိုင်အမာယုံကြည်ထားသည်။ ထို့ကြောင့် သူသည် သေရမည်ဆိုလျှင်ပင် ၎င်းကို စမ်းသပ်ချင်နေသည်။ သူသည် ကျုံးရှင်မြို့ဝန်၏ မိသာစုဝင်အားလုံးကို စော်ကားရမည်ဆိုလျှင်ပင် ကြောက်ရွံ့ခြင်းမရှိပေ။

တစ်နည်းဆိုရသော် သူသည် ကျုံးရှင်မြို့ဝန် အိမ်တော်ရှိ လူတိုင်းကို စော်ကားမိနေပြီဖြစ်သည်။ သူသည် ချူးယွင်ဖန်း၏လိမ်လည်မှုကို မဖော်ထုတ်နိုင်ပါက၊ ထိုကိစ္စကို လက်လွှတ်ပေးရန် ဆန္ဒရှိပုံမပေါ်ပေ။ သူ၏မျက်လုံးများသည် လောင်းကစားသမားတစ်ဦး၏ မျက်လုံးများကဲ့သို့ နီမြန်းနေသည်။ သူသည် ချူးယွင်ဖန်းကို အပိုင်းပိုင်း ဖြတ်တောက်လိုစိတ်ဖြင့် စိုက်ကြည့်နေသည်။

"လက်မလျှော့သေးဘူးဆိုမှတော့ ကျုပ် ခင်ဗျားကို လက်လျှော့သွားအောင် လုပ်ပေးရတာပေါ့" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

******

All Chapters