လက်နက်ကြီးဂိုဏ်း (၂) လ တောင့်ခံနိုင်ဦးမလား
Vol. 7 Ch. 91
ဖေးရှောင်ဂိုဏ်းခေါင်းဆောင်၏ ခြံဝန်း။
ဗလတောင့်တောင့် သက်လတ်ပိုင်းလူမှာ အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက်ဖြင့် မျက်မှောင်ကြုတ်နေသည်။
အမျိုးသမီးငယ်လေးတစ်ဦးမှာတော့ သူ့အရှေ့မှ ကျောက်ခုံတွင် အေးအေးလူလူ ထိုင်နေ၏။
သူ့ပုံစံမှာ အလွန်နုနယ်၍ ဖြူဖွေးနေလေသည်။
အမျိုးသားမှာ ဖေးရှောင်မှ ဂိုဏ်းခေါင်းဆောင် ဖန်လုံရှန်ဖြစ်ပြီး မိန်းမငယ်လေးမှာတော့ ခေါင်းဆောင်ငယ် ဖန်ကျီယွီဖြစ်၏။
ဖန်လုံရှန် ခဏအကြာမှ စကားစပြောလေသည်။
“ယွီ ငါ သေချာစဉ်းစားလိုက်တာ ငါတို့အင်အားတွေကို အဂ္ဂိရက်ပညာရှင်ကြီးရဲ့ဂူမှာပဲ အာရုံပိုစိုက်သင့်တယ် ထင်တယ်နော်”
ဖန်ကျီယွီ ခေါင်းယမ်းကာ
“အဖေ အဂ္ဂိရက်ပညာရှင်ကြီးရဲ့ လိုဏ်ဂူက အရေးကြီးပေမဲ့ သမီးတို့လည်း ချက်ချင်း မဖွင့်နိုင်ဘူးလေ”
“အနည်းဆုံး နှစ်တစ်ဝက်လောက်ကို ကြာဦးမှာ”
“ဒါပေမဲ့ လက်နက်ကြီးဂိုဏ်းက အဲ့နှစ်တစ်ဝက်ကို စောင့်နေမှာ မဟုတ်ဘူး။ လက်ရှိ ချင်းရွှမ်ဂိုဏ်းအင်အားက လက်နက်ကြီးဂိုဏ်းကိုတောင် ကျော်သွားပြီ။ နောက် (၃) လကျော်လောက်ဆို လက်နက်ကြီးဂိုဏ်း လုံးဝ ပျက်စီးသွားမှာ”
“သူတို့ပျက်စီးရင် ပတ်ဝန်းကျင်ကိုလည်း အများကြီး သက်ရောက်မှာပဲ”
ဖန်လုံရှန် မျက်မှောင်ကြုတ်လျက်ရှိသည်။
ဖန်ကျီယွီမှ ဆက်၍
“နောက်ပြီး ရှန်မို့ကို မမေ့နဲ့ဦး”
“လျှိုယွမ်ဖုန်ပြောတာတော့ လက်နက်ကြီးဂိုဏ်းက ကျောက်မျက်ကျင့်စဉ်ကို ရှာတွေ့တာ ရှန်မိုတဲ့။ အဲ့လိုနဲ့ သူတို့ဂိုဏ်းမှာ လက်နက်တွေ အများကြီး ရုတ်တရက် ထုတ်နိုင်ပြီး စီးပွါးရေးကောင်းလာတာ”
“ပြီးတော့ ချင်းရွှမ်ဂိုဏ်းက တိုက်ရိုက်ဝန်မခံပေမဲ့ ရှန်မို့မှာ ကောင်းကင်အဆင့်ခန္ဓာကိုယ်ရှိတယ်လို့ ဂိုဏ်းတိုင်းက ပြောနေကြတယ်”
“ချင်းရွှမ်အနေနဲ့ လက်နက်ကြီးဂိုဏ်းကိုသာ ရှင်းနိုင်ရင် သေချာပေါက် ပထမအဆင့်ဂိုဏ်းဖြစ်ပြီး လက်နက်ကြီးဂိုဏ်းက ရတနာတွေပါ အကုန် ရတော့မှာ”
“ရှန်မိုက ချင်းရွှမ်ရဲ့ ခေါင်းဆောင်ငယ်လည်းဖြစ်တော့ အရင်းအမြစ်တွေ အများကြီး ရထားတာ”
“ကောင်းကင်အဆင့်ခန္ဓာကိုယ်ရှိတဲ့ ပါရမီရှင်က အရင်းအမြစ်ကောင်းတွေနဲ့ ပေါင်းမိရင် ဘာဖြစ်လာမလဲ သိလား”
“မကောင်းဆိုးဝါး… မကောင်းဆိုးဝါးတောင်မှ ကျောက်ချင်းကန်ထက်တောင် ကြောက်စရာကောင်းတဲ့သူ ဖြစ်လာမှာ”
“သူ မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်ရင် တခြားအဆင့်တူတွေ ဘယ်သူမှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”
ဖန်ကျီယွီ ဖန်လုံရှန်အား လေးလေးနက်နက်ကြည့်၍
“အဖေ သမီးပြောတာ နားထောင်နော်။ အဂ္ဂိရက်ပညာရှင်ကြီးရဲ့ လိုဏ်ဂူက စောင့်ပေမဲ့ ချင်းရွှမ်ဂိုဏ်းကို နှိမ်နင်းဖို့က ပိုအရေးကြီးတယ်”
ဖန်လုံရှန် နဖူးကြောကိုဖိ၍ ခေါင်းကိုက်လာသည်။ သူ့အတွက် ဆုံးဖြတ်ရန် အလွန်ခက်နေ၏။
လိုဏ်ဂူကို မိုးမုန်တိုင်းဂိုဏ်းမဝင်နိုင်ရန် ဂရုစိုက်ရမည်ဖြစ်ပြီး တစ်ဖက်တွင် လက်နက်ကြီးဂိုဏ်းအတွက် ချင်းရွှမ်အား ဖျက်ဆီးရမည်။
“အသုံးမကျတဲ့ဟာတွေ… လက်နက်ကြီးဂိုဏ်းသာ အသုံးဝင်ရင် ငါတို့ ဒီလောက် ခက်ခက်ခဲခဲ စဉ်းစားနေရမှာ မဟုတ်ဘူး”
သူ သေချာစဉ်းစားပြီးနောက်
“ကောင်းပြီလေ။ သမီးစကားကို နားထောင်လိုက်မယ်”
“ဒါပေမဲ့ လက်နက်ကြီးဂိုဏ်းကို အလကားတော့ မကူညီနိုင်ဘူးနော်။ ရတနာတွေ များများယူပြီး ခခယယ တောင်းဆိုမှဖြစ်မယ်”
“ပြောရင် ဝူကန်ဖေးက လူတောင် လွှတ်လိုက်ပြီးလောက်ပါပြီ။ ရတနာ ပြင်ဆင်ရင်း ကြာနေတာဖြစ်မယ်။ လာမှာပါ”
ဖန်လုံရှန် ထိုအခါမှ စိတ်အေးသွား၏။
ထိုအချိန်တွင် အခန်းတံခါးကို အလောတကြီး ခေါက်လာသည့်အသံ ကြားရသည်။
“ခေါင်းဆောင်နဲ့ ခေါင်းဆောင်ငယ်… အရေးကြီး တင်ပြစရာရှိလို့ပါ မိုးမုန်တိုင်းဂိုဏ်းက မြုတေဖွဲ့စည်းခြင်း (၁၀) ယောက်ကျော်ကို ဆူးတောဆီ ရုတ်တရက် ခေါ်လာပါတယ်”
ဖန်လုံရှန်နှင့် ဖန်ကျီယွီတို့ လန့်ဖျပ်၍ မတ်တပ်ထရပ်မိ၏။
ထိုစဉ် အကြီးအကဲတစ်ဦး ပြေးဝင်လာပြီး လှုပ်ရှားမှု အသေးစိတ်ကို ပြန်ပြောပြလေသည်။
ဆူးတောမှာ အလယ်၌ မြစ်တစ်ခု ခွဲနေသော တောနက်ကြီးတစ်ခု ဖြစ်၏။ ဖေးရှောင်နှင့် မိုးမုန်တိုင်းဂိုဏ်းတို့မှာ မြစ်၏တစ်ဖက်စီကို ထိန်းချုပ်စိုးမိုးကြလေသည်။
သူတို့ အဂ္ဂိရက်ပညာရှင်ကြီးရဲ့ဂူအကြောင်း သိသွားလို့လား။
ဖန်လုံရှန် မျက်မှောင်ကြုတ်၍
“ယွီ အခုချိန်မှာ လက်နက်ကြီးဂိုဏ်းကို မကူညီနိုင်တော့ဘူး ထင်တယ်”
ဖန်ကျီယွီ ခဏစဉ်းစား၍
“အဖေ ဒီလိုလုပ်ရင်ရော။ အတွင်းဂိုဏ်းအကြီးအကဲ (၃) ယောက်လောက်ခေါ်ပြီး သမီးပဲ သွားကူညီလိုက်မယ်။ အနည်းဆုံး ချင်းရွှမ်ဂိုဏ်းကို ဖိနှိပ်တယ်ဆိုတဲ့ နာမည်ယူသုံးလို့ရတာပေါ့”
ဖန်လုံရှန် ခေါင်းယမ်းကာ
“မဟုတ်သေးဘူး… သမီးကို အန္တရာယ်တောထဲ မပို့လိုက်နိုင်ဘူး”
ဖန်ကျီယွီ သက်ပြင်းချကာ
“မစိုးရိမ်ပါနဲ့… လက်နက်ကြီးဂိုဏ်း ဘယ်လောက်ပဲ အသုံးမကျပါစေ (၂) လလောက်တော့ တောင့်ခံနိုင်ပါသေးတယ်”
“အခုတော့ ဆူးတောဘက်ကို မိုးမုန်တိုင်းထက် အင်အားများအောင် လူတွေလွှတ်ရမယ်”
“လူအုပ်စုနဲ့ အကာအကွယ်ချထားရင် ဖြုံမှာပါ”
ဖန်ကျီယွီ ခေါင်းငြိမ့်ပြ၍
“ဟုတ်တယ်။ လက်နက်ကြီးဂိုဏ်းက (၂) လလောက်တော့ ခံနိုင်ရည်ရှိဦးမှာပါ”
…
လက်နက်ကြီးဂိုဏ်း။
ဝူကန်ဖေး အဝတ်အစားများချွတ်၍ ရေကန်ထဲ ခုန်ဆင်းသွား၏။
သူ့စိတ်ညစ်စရာခံစားချက်ကို တည်ငြိမ်စေရန် ဖြေဖျောက်နည်းတစ်မျိုး ဖြစ်ပါသည်။
“ဂိုဏ်းခေါင်းဆောင် အကြီးအကဲ (၂) ယောက် ပြန်လာပါပြီ”
အပြင်ရှိ တပည့်လေးမှ လှမ်းအော်လိုက်သည်။
“မြန်မြန် ဝင်ခိုင်းလိုက်”
သူ ပြုံးရွှင်သွား၏။
မကြာမီ အကြီးအကဲ (၂) ဦး ရေကန်ဘေးသို့ ရောက်လာကြသည်။
လွန်ခဲ့သောရက်ပိုင်းက သူတို့၏မြေးများကို ဓားစာခံအဖြစ် ချင်းရွှမ်ဂိုဏ်းထံ ပို့ဆောင်ပြီး ဖြစ်ပါသည်။
“ဘယ်လိုလဲ လက်ဆောင်တွေ ပေးလိုက်လား”
အကြီးအကဲများ အချင်းချင်း ကြည့်လိုက်ပြီးနောက် ပြင်ဆင်ထားသောအဖြေအတိုင်း ပြောလေသည်။
“ပို့လိုက်ပါပြီ။ ဒါပေမဲ့ သူတို့က ကူညီမယ် မကူညီဘူးတော့ ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး”
ညာဘက်ရှိ အကြီးအကဲမှလည်း ဝင်ကာ
“ဒါပေမဲ့ ပစ္စည်းတွေကိုတော့ လက်ခံလိုက်ပါတယ်။ ဒီအတိုင်း လက်ခံပြီး ပြန်မကူညီမှာတော့ မဟုတ်ပါဘူး”
ဝူကန်ဖေး စဉ်းစားနေ၏။
ဂိုဏ်းတစ်ခု၏ ဂုဏ်သိက္ခာမှာ အရေးကြီးလှသည်။
“ဟုတ်ပါပြီ။ အဆင်ပြေမှာပါ”
ဝူကန်ဖေး ခဏစိတ်အေးသွားပြီးမှ ရုတ်တရက် မျက်နှာထားတင်းကာ
“ဒါနဲ့ တချို့တပည့်တွေ ချင်းရွှမ်ဂိုဏ်းနဲ့ ဆက်သွယ်နေတာ၊ သတင်းပေးတာတွေ တွေ့ရတယ်။ အဲ့ဒါတွေတော့ တရားဝင်ထုတ်လိုက်ပြီ။ ခင်ဗျားတို့ (၂) ယောက်ပဲ သစ္စာရှိကြတယ်။ နောက်လည်း သစ္စာဖောက်တွေကို စောင့်ကြည့်ပေးပါဦး”
“ဟုတ်ကဲ့ပါ”
အကြီးအကဲများ ပြန်သွားပြီးနောက် လက်နက်ကြီးဂိုဏ်းအား သစ္စာဖောက်ရန် ပို၍ ဆန္ဒပြင်းပြလာ၏။
“တပည့်တွေတောင် သစ္စာဖောက်တယ်ဆိုတော့ ဒီဂိုဏ်းက ကြာကြာခံတော့မှာ မဟုတ်ဘူး”
“သစ္စာဖောက်တယ်တဲ့လား။ နိုင်တဲ့ဘက်ကို ပြောင်းတာပါ”
“ဟုတ်တယ်။ တခြားလူတွေကိုလည်း ပြောပြပြီး တစ်ခါတည်း ခေါ်သွားရမယ်”
“အဲ့ဒါမှ ချင်းရွှမ်ဂိုဏ်းမှာ နောက်ပိုင်း သက်ရောက်မှု ရှိမှာ”
“နားလည်ပါပြီ။ အခုပဲ လျှို့ဝှက်ဆက်သွယ်လိုက်ပါ့မယ်”
…
တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာကာ တစ်လအတွင်း ချင်းရွှမ်ဂိုဏ်းသည် လက်နက်ကြီးဂိုဏ်း၏ စီးပွါးရေး ၉၀% ကို သိမ်းပိုက်မိထားလေပြီ။
အကြီးအကဲများ၊ တပည့်များလည်း အခြားဂိုဏ်း အသီးသီးကို ရွေးထားပြီးဖြစ်၏။
ချင်းရွှမ်၊ လင်းရှီ၊ ဖေးရှောင်တို့မှာ ရွေးချယ်စရာ အကောင်းဆုံး ဖြစ်ကြသည်။
လက်နက်ကြီးဂိုဏ်းသည် အခွံလွတ်မျှသာ ရှိတော့၏။
တစ်ချက်တွန်းရုံဖြင့် ပြိုကျမည့် တဲအိမ်လေး ဖြစ်နေသည်။
ထိုအချိန်တွင် ရှန်မိုမှာ လက်ဖက်ရည် အေးဆေး သောက်လျက် ရှိ၏။
အကြီးအကဲလီမှာ စာရွက်အထပ်လိုက်ကိုင်၍ ပျော်ရွှင်စွာ ရောက်လာသည်။
“ခေါင်းဆောင်ငယ် ဒါ နောက်ဆုံးရတဲ့ အချက်အလက်တွေပါ”
ရှန်မို ယူကြည့်လိုက်၏။
ချင်းရွှမ်တွင် မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ (၂၀) အထိ ရှိလာလေပြီ။
လက်နက်ကြီးဂိုဏ်းတွင်တော့ (၉) ယောက်သာ ကျန်၏။
ထိုထဲမှ (၂) ယောက်မှာလည်း ချင်းရွှမ်၏ သူလျှိုများ ဖြစ်ကြသည်။
“ခေါင်းဆောင်ကို အကြောင်းကြားလိုက်ပါ။ အချိန်ကျပြီလို့”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြော၏။
အကြီးအကဲလီမျက်နှာမှာ ဝင်းပလျက်
“ဟုတ်ကဲ့ အခုပဲ ပြောလိုက်ပါ့မယ်”