← Chapters

လက်နက်ကြီးဂိုဏ်းဝင်ပေါက်

Vol. 7 Ch. 92

လက်နက်ကြီးဂိုဏ်းဝင်ပေါက်

Vol. 7 Ch. 92

နောက်တစ်နေ့။

ချင်းကန်တောင်တန်းတစ်ဝိုက် အလွတ်တန်း ကျင့်ကြံသူများ အမြန် ပြောင်းရွှေ့နေကြသည်။

သူတို့သည် သားကောင်များ၊ ဆေးရွက်များ ကိုယ်တိုင် ရှာဖွေကာ ကြိုးစားရသော်လည်း ထိုလွတ်လပ်သော ဘဝကို သဘောကျကြလေ၏။

ဝူလန်လည်း ထိုထဲမှတစ်ဦး ဖြစ်သည်။

သို့သော် သူသည် အခြား အလွတ်တန်းကျင့်ကြံသူများနှင့် မတူဘဲ နေ့စဉ်လုပ်ငန်းဆောင်တာများ ရှိ၏။

တစ်ခါတစ်ရံ လိမ်လည်ခြင်း၊ ဓားပြတိုက်ခြင်း၊ လူသတ်ခြင်းများလည်း ပြုလုပ်တတ်သည်။

လတ်တလောတွင် ဝူလန်တစ်ယောက် လက်နက်ကြီးဂိုဏ်းမှ အလုပ်လက်ခံထားပြီး ချင်းရွှမ်ဂိုဏ်းတပည့်များကိုပါ သတ်ခဲ့ဖူးသည်။

ထို့ကြောင့် လက်နက်ကြီးဂိုဏ်း၏ အားကိုးရသူတစ်ဦး ဖြစ်နေသည်။

သူ့ကို စိတ်ဝိညာဉ်ကျောက်တုံးများလည်း ပိုပေး၍ မိုးကြိုးကျောက်နယ်မြေကို ဖျက်ဆီးရန် လူထပ်ခေါ်ခိုင်းထား၏။

ထိုအချိန်တွင် တောင်တန်းမှ ယာယီတပ်စခန်း၌။

အလွတ်တန်းကျင့်ကြံသူ (၆) ဦး စုဝေး၍ အသားစွပ်ပြုတ်အိုးကြီးဖြင့် ချက်ပြုတ်နေကြသည်။

ဦးဆောင်သူမှာ ဝူလန်ဖြစ်ပြီး သေးသွယ်လွန်းသော ခါးကြောင့် နာမည်ကြီးလေ၏။

ထိုကျင့်ကြံသူများအားလုံး ခြေတည်အဆင့်များ ဖြစ်ပြီး အန္တရာယ်များစွာကို အဆက်မပြတ် ရင်ဆိုင်ကြရသူများဖြစ်၍ ဂိုဏ်းတပည့်များထက် တိုက်ခိုက်စွမ်းရည် ပိုသာ၏။

ထိပ်ပြောင်ပြောင် ဗလတောင့်တောင့်လူမှ ခပ်တိုးတိုးဖြင့်

“ချင်းရွှမ်ဂိုဏ်းက အင်အားပိုကြီးလာပြီနော်။ သူတို့ကို ဆန့်ကျင်နေရတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး”

“အမှန်ပဲ…ချင်းရွှမ်ဂိုဏ်းမှာ အခု မြုတေဖွဲ့စည်းခြင်းအဆင့် (၁၈) ယောက်တောင် ရှိနေပြီ။ ဂိုဏ်းငယ်လေးတွေဆို ပူးပေါင်းချင်လို့ ဝမ်းသာအားရပဲ”

အခြားတစ်ဦးမှ ခေါင်းယမ်း၍

“မင်းသတင်းက နောက်တောင်ကျနေပြီ။ ချင်းရွှမ်မှာ အခု မြုတေဖွဲ့စည်းခြင်းက (၂၀) တောင် ကျော်နေပြီ။ လက်နက်ကြီးဂိုဏ်းရဲ့ နောက်လိုက်ဂိုဏ်းငယ်တွေတောင် ချင်းရွှမ်လက်အောက် ရောက်ကုန်ပြီ”

ထိပ်ပြောင်ပြောင်လူမှ သက်ပြင်းချကာ

“အဲ့ဒါတွေက အားလုံး ရှန်မို့ကြောင့်ပဲတဲ့။ ကျောက်မျက်ကျင့်စဉ် ရသွားပြီး လက်နက်တွေ အများကြီးထုတ်နိုင်သွားတယ်လေ”

“ကျွန်တော်တောင် တစ်ခု ဝယ်လာသေးတယ်။ လက်နက်ကြီးဂိုဏ်းကဟာတွေထက် ပိုစွမ်းပြီး သက်သာတယ်”

အရပ်ရှည်ရှည်၊ ပိန်ပိန်လူမှ ခေါင်းငြိမ့်ပြ၍

“ရှန်မိုက တကယ် ကြောက်စရာပဲ။ ချင်းရွှမ်ဂိုဏ်း အဆင့်တက်လာတာ သူ့စွမ်းဆောင်ချက်တွေကြောင့်ပဲ”

“နောက်ပြီး လက်နက်ကြီးဂိုဏ်းက သူ့ကို ခဏခဏရှင်းဖို့ လုပ်သေးတယ်။ ဒါပေမဲ့ သွားတဲ့ အကြီးအကဲတွေပဲ အဖမ်းခံလိုက်ရတာ။ အဲ့မှာ ပြန်ရွေးဖို့ ရတနာတွေတောင် တော်တော် ကုန်သွားတယ် ကြားတယ်”

“ဒီတလောလည်း ထပ်အဖမ်းခံရသေးတယ်တဲ့”

ဝူလန်မှာတော့ မီးပုံဘေးတွင် တိတ်ဆိတ်စွာထိုင်ရင်း ပြောစကားများကိုသာ နားထောင်နေ၏။

နောက်ဆုံးတော့ ထိပ်ပြောင်ပြောင်လူ မနေနိုင်တော့ဘဲ

“အစ်မဝူ ချင်းရွှမ်ဂိုဏ်းမှာ မြုတေဖွဲ့စည်းခြင်းအဆင့်တွေ အများကြီးပဲနော်။ ကျွန်တော်တို့ကို ချက်ချင်း သတ်ပစ်လို့ရတယ်။ ဒီအတိုင်း ဆက်သွားဦးမှာလား”

ဝူလန်ပြုံး၍

“မင်းရဲ့သတင်းတွေက နောက်ကျနေပြန်ပြီ။ ငါ ပြောပြမယ်။ လက်နက်ကြီးဂိုဏ်းက အကြီးအကဲတစ်ယောက် ငါ့ကိုသတင်းပေးတယ်။ သူတို့အနေနဲ့ ဖေးရှောင်နဲ့ လင်းရှီဂိုဏ်းတွေကို အကူအညီ တောင်းထားပြီးပြီတဲ့”

ကျင့်ကြံသူများ မှင်တက်သွားကြ၏။

ထိုဂိုဏ်းများမှာ အင်အားကောင်းသည်ဟု နာမည်ကြီးလေသည်။

ချင်းရွှမ်ဂိုဏ်း မည်မျှ အားကောင်းလာပါစေ ဖေးရှောင်နှင့် လင်းရှီကိုတော့ ယှဉ်နိုင်မည် မဟုတ်ပါ။

“တကယ်လား။ ဒါဆိုရင် ဆက်ကြိုးစားရမှာပေါ့”

“ဒါပေါ့ အမှန်ပဲ။ အခု သူတို့ကို အောက်ဆုံးအထိ ဆွဲချရမယ့်အချိန်ပဲ။ ဒီလိုနဲ့ လက်နက်ကြီးဂိုဏ်းကနေ ဆုလာဘ်တွေတောင် ရဦးမယ်”

ကျင့်ကြံသူများ ပျော်ရွှင်နေကြ၏။

နိမ့်ကျနေသူကို ကန်ချခြင်းမှာ သူတို့ အကျွမ်းကျင်ဆုံး၊ သဘောအကျဆုံးဖြစ်သည်။

လွန်ခဲ့သော နှစ် (၃၀) အချိန် ချင်းရွှမ်ဂိုဏ်း ထိပ်တန်း (၅) ဂိုဏ်းမှပြုတ်၍ ဒုက္ခရောက်စဉ်က ထိုအလွတ်တန်း ကျင့်ကြံသူများမှ ဝင်၍ အမဲဖြတ်ကာ ပိုတွန်းချခဲ့သည်။

ထိုစဉ် ကောင်းကင်၌ စိတ်ဝိညာဉ်စွမ်းအင်များ ရုတ်တရက် တောက်ပလာသည်။

ဝူလန်တို့ လန့်ဖျပ်၍ မော့ကြည့်လိုက်၏။

ဝှစ် ဝှစ် ဝှစ်!

အလင်းတန်း (၂၀) ကျော်မှာ အရှေ့ဘက်သို့ ထွက်သွားကြသည်။

ထို့နောက် မြေကြီးများ တုန်ခါလာပြီး ဝူလန်တို့ လှမ်းကြည့်လိုက်သောအခါ အစိမ်းရောင်ဝတ်ရုံဖြင့် တပည့်များ ရာကျော် စိတ်လှုပ်ရှားစွာ သွားနေကြသည်ကို တွေ့ရ၏။

“အဲ့ဒါ ချင်းရွှမ်ဂိုဏ်းကပဲ အလင်းရောင်တွေကတော့ မြုတေဖွဲ့စည်းခြင်းအဆင့်တွေ ဖြစ်မယ်”

ထိပ်ပြောင်လူမှ အံ့အားသင့်လျက် ရေရွတ်မိသည်။

“ချင်းရွှမ်ဂိုဏ်းက လက်နက်ကြီးဂိုဏ်းကို သွားတိုက်ခိုက်တာများလား”

“ရူးလိုက်တာ။ အခုချိန်ဆို ဟိုဘက်မှာ လင်းရှီနဲ့ ဖေးရှောင်ဂိုဏ်းတွေ ရောက်နေလောက်ပြီ”

ဝူလန်ပြုံး၍ ပြော၏။

ထို့နောက် လက်ယမ်းကာ

“ခပ်လှမ်းလှမ်းလောက်ကနေ လိုက်ကြည့်ကြတာပေါ့”

“ချင်းရွှမ်ဂိုဏ်းကလူတွေ ကြောက်ပြီးပြန်ပြေးလာရင် ကျွန်တော်တို့နဲ့ တိုက်ရိုက်တွေ့မှာပေါ့”

“အဲ့အခါ ဂိုဏ်းခေါင်းဆောင်ငယ် ရှန်မိုကို အရှင်ဖမ်းနိုင်ရင်လည်း ကောင်းတာပဲ”

“နတ်ရေစင်ဂိုဏ်းနဲ့ မိုးကြိုးမီးတောက်ဂိုဏ်းတွေကတော့ သူ့ကို ဖမ်းနိုင်ရင် ဆုတွေအများကြီးချမယ်လို့ ပြောထားတာနော်”

ကျင့်ကြံသူများ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများကို မြင်ယောင်ကာ မျက်လုံးအရောင်များ တောက်နေ၏။

“သွားမယ် သွားမယ် သွားမယ် သူ့ကို အရှင်ဖမ်းကြမယ်”

“ဒီလိုဖျက်ဆီးရေးက ငါအကျွမ်းကျင်ဆုံးပဲ”

ဝူလန်၏ ဦးဆောင်မှုဖြင့် ကျင့်ကြံသူများ ထွက်သွားကြလေသည်။

…

“ခေါင်းဆောင်ငယ် အနောက်မှာ အလွတ်တန်း ကျင့်ကြံသူတွေ အများကြီး လိုက်လာကြပါတယ်”

အကြီးအကဲလီမှ ရှန်မိုအား လှမ်းပြောသည်။

“နောက်ပြီး တချို့ရုပ်တွေကို မြင်ဖူးနေသလိုပဲ။ မိုးကြိုးကျောက်နယ်မြေကို လာဖျက်ဆီးတုန်းက ပါကြတယ်”

“အခုပဲ စလှုပ်ရှားရတော့မလား”

အကြီးအကဲလီ ပြန်မေးလိုက်သည်။

ရှန်မိုပြုံး၍

“သူတို့ကို အခု စိတ်ထဲထားမနေပါနဲ့။ လက်နက်ကြီးဂိုဏ်းဝင်ပေါက်ကို သိမ်းနိုင်ရင် သူတို့ဘာသာ ဘာဆက်လုပ်ရမလဲ သိလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

အကြီးအကဲလီ ခေါင်းငြိမ့်ပြ၏။

မကြာမီ ချင်းရွှမ်ဂိုဏ်းအဖွဲ့မှာ လက်နက်ကြီးဂိုဏ်းဝင်ပေါက်သို့ ရောက်လာသည်။

အထဲမှာ လက်နက်ကြီးဂိုဏ်း တာဝန်ရှိသူများလည်း ထိုအခြေအနေကို လှမ်းတွေ့၍ ဒူးတုန်အောင် လန့်နေကြသည်။

All Chapters