ရွှေအမြုတေဖွဲ့စည်းခြင်း
Vol. 7 Ch. 95
ချင်းကန်တောင်တန်း၊ လူရှင်းသော ချိုင့်ဝှမ်း။
ရှန်မို ထိုနေရာတွင် မိုယုယုန်နှင့် တွေ့ခဲ့ဖူးပါသည်။
အနီးတွင် လိုဏ်ဂူကြီးလည်း ရှိသောကြောင့် ကျောက်စပါးကြီးမြွေမှာ အချိန်မရွေး ထွက်လာနိုင်၏။
ယခုတစ်ခါ ပြန်ရောက်လာသည်မှာတော့ ရွှေအမြုတေဖွဲ့စည်းရန် ဖြစ်လေသည်။
လိုဏ်ဂူထဲမှ စပါးကြီးမြွေမှာ ရင်းနှီးနေသောအနံ့ကြောင့် တရှူးရှူးအသံပေးကာ ခေါင်းအရင် ထွက်လာသည်။
ရှန်မိုလည်း အဆင့်မြင့် မိုးကြိုးကျောက်မျက်အချို့ကို ထုတ်၍ လှမ်းပစ်ပေးလိုက်၏။
“ငါ ဒီမှာ ကျင့်ကြံမလို့။ စောင့်ကြည့်ပေးထားဦးနော်”
ရှန်မိုပြုံး၍ လှမ်းပြောလိုက်သည်။
ကျောက်စပါးကြီးမြွေမှာ နားလည်ကြောင်း မျက်လုံးမှိတ်ပြ၏။
ထို့နောက် ရှန်မို တင်ပျဉ်ခွေထိုင်ကာ ရတနာအစုံ ထုတ်လိုက်သည်။
“အဆင့်မြင့် သိမ်မွေ့နက်နဲခြင်း ရတနာ (၄၅) ခုတဲ့ ခန္ဓာကိုယ်ကြံ့်ခိုင်ရေးအတွက် ရတနာ (၉) ခု… အားလုံး ပြင်ပြီးသွားပြီ”
သူ သက်ပြင်းချမိ၏။
ယခု မီးတောက်ရွှေအမြုတေ ဖွဲ့စည်းခြင်းမှာ အရင် ပြီးပြည့်စုံခြင်းရွှေအမြုတေထက်ပင် (၉) ဆမျှ ပိုများသည်။
ထို့ကြောင့် ရလဒ်ကိုလည်း များစွာ မျှော်မှန်းထား၏။
“စလိုက်ကြတာပေါ့”
ရှန်မို့အရှေ့တွင် ဒြပ်စင် (၅) မျိုးဖြစ်သော ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ စသော ရတနာ (၅) မျိုး ဝဲပျံနေသည်။
စိတ်ဝိညာဉ်စွမ်းအင်များလည်း အလွန်များ၍ ရတနာများကို လွှမ်းခြုံထား၏။
မကြာမီ သန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်များမှာ ရှန်မို့ပုံရိပ်ငယ်ထဲ စီးဝင်၍ တာအိုအခြေခံတွင် သွားစုသည်။
ထိုသို့စွမ်းအင်များ စုပြီးနောက် ချောမွေ့သော ရွှေအမြုတေမှာ ရုပ်လုံးပေါ်လာသည်။
(၂) နာရီအကြာ၌ လုံးဝ ပြီးဆုံးသွားလေပြီ။
ထိုအချိန်တွင် ရှန်မို့အရှိန်အဝါလည်း တောက်ပ၍ မြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်သွား၏။
ကောင်းကင်ယံတွင် လင်းလက်ကာ ရှန်မိုလည်း တုံ့ဆိုင်းမှုမရှိ ရွှေအမြုတေအား ခွဲချေလိုက်သည်။
သူ ဝမ်းဗိုက်တွင် ရုတ်တရက် နာကျင်ကာ သွေးများအန်ထွက်လာသည်။
ရွှေအမြုတေကျင့်ကြံသူတစ်ဦး၏ အထိရောက်ဆုံး ခုခံအားမှာ ပါးစပ်ထဲမှ ရွှေမမြုတေထုတ်၍ ရန်သူကို တိုက်ခိုက်ခြင်း ဖြစ်သည်။
ထိုတိုက်ကွက်မှာ အလွန်အားကြီး၍ အန္တရာယ်လည်း များလွန်းသည်။
ထ်ု့အပြင် အားနည်းချက်မှာ ရွှေအမြုတေ တစ်ခါခွဲပြီးသည်နှင့် ခြေတည်အဆင့်သို့ ပြန်ရောက်သွား၏။
ရှန်မို့ဒဏ်ရာအလွန်ပြင်းထန်ပြီး ကောင်းကင်မှ အလင်းရောင်များလည်း ပျောက်ပျက်သွားလေသည်။
ကျောက်စပါးကြီးမြွေမှာ စိုးရိမ်တကြီး ထွက်လာပြီး သူ့ကိုကြည့်နေ၏။
ရှန်မို ရင်ထဲနွေးထွေးသွားကာ
“ငါ အဆင်ပြေပါတယ်။ ဂရုစိုက်တာ ကျေးဇူးပဲနော်”
ကျောက်စပါးကြီးမြွေမှာ သူ့လျှာဖြင့် ရှန်မို့သိုလှောင်လက်စွပ်အား ပြ၏။
သေမည်ဆိုလျှင်လည်း သိုလှောင်လက်စွပ်ထဲမှ မိုးကြိုးကျောက်မျက်များ အကုန်ထုတ်ပေးခဲ့ရန် ဆိုလိုခြင်း ဖြစ်သည်။
“…”
ရှန်မို စွံ့အသွား၏။
အလကား ပျော်မိသွားတာပဲ။
ရှန်မို သက်ပြင်းချကာ လောင်ချင်းအကာအကွယ်ဆေးကို ထုတ်သောက်လိုက်သည်။
နာရီဝက်မျှအကြာတွင် ဒဏ်ရာများ ပြန်သက်သာလာ၏။
“ဒုတိယ မြုတေဖွဲ့စည်းခြင်း စတာပေါ့”
ရှန်မို နောက်ထပ် အဆင့်မြင့်ရတနာများထုတ်၍ အမြုတေ ဖွဲ့စည်းပြန်သည်။
ထို့နောက် အမြုတေရလာသောအခါ အရင်အတိုင်း ခွဲချေလိုက်ပြီး ဒဏ်ရာရကာ ဆေးသောက်၍ ပြန်ကောင်းလာ၏။
ဤသို့ဖြင့် ဆက်တိုက်လုပ်ဆောင်ရင်း…
“(၉) ကြိမ်မြောက်ပဲ”
ခွမ်း!
(၉) ခုမြောက် ရွှေအမြုတေ ကွဲသွား၏။
ရှန်မိုမှာ ချွေးစေးများရွှဲ၍ မူးလဲမလို ဖြစ်နေသည်။
သူ အောင်မြင်မည်ဟု ယုံကြည်သော်လည်း မီးတောက်ရွှေအမြုတေအား မတွေ့ရပေ။
ရှန်မို ဒေါသထွက်လာကာ ဆဲဆိုရန် ပြင်လိုက်ပြီးမှ ပုံရိပ်ငယ်ထဲ၌ တစ်ခုခု ထူးခြားလာသည်ကို ခံစားရ၏။
ထို့နောက် ရှန်မို ပုံရိပ်ငယ်ထဲသို့ ဆန်းစစ်ကြည့်လိုက်သည်။
စိတ်ဝိညာဉ်စွမ်းအင်အခြေမှ တစ်ခုခု တက်လာသလို ခံစားရသည်။
ခုနက ခွဲထားသည့် ရွှေအမြုတေများ ဖြစ်နေ၏။
ရှန်မို မျက်လုံးပြူးကာ မီးတောက်ဆူတျာပို စတင်လေသည်။
မျက်စိတစ်မှိတ်အတွင်း အားလုံး စုပေါင်းသွားပြီး တစ်ခုတည်း ပြန်ဖြစ်လာ၏။
ဘုံး!
အရင်ရွှေအမြုတေ (၉) ခုထက် ပိုကြီးသော အမြုတေကြီး ပေါ်လာသည်။
အရောင်အသွေးမှာ အရင်နှင့်မတူဘဲ သွေးရောင်များ ယှက်နေ၏။
ရှန်မို့အတွက် ပိုအံ့ဩစရာကောင်းသည်မှာ ယခု ရွှေအမြုတေသည် ခွဲပြီးနောက် ပြန်လည် ဖြစ်ပေါ်နိုင်သေး၏။
အပိုင်းအစ (၄၅) ခုရှိပြီး အပိုင်းတစ်ခုစီဖြင့် ရန်သူအား တိုက်ခိုက်နိုင်ပါသည်။
ရှန်မို့ထက် အဆင့်ငယ် (၂) ခုမျှ မြင့်မနေလျှင် ခံနိုင်ရည်ရှိရန် မလွယ်ပါ။
မည်သူမျှလည်း ဤမျှအစွမ်းရှိမည်ဟု ထင်ကြမည်မဟုတ်ချေ။
“အင်မော်တယ်ငရဲမီးက တကယ်ဆန်းတာပဲ။ ဒီလို အခြေအနေမျိုး ရလာတာပဲ”
ရှန်မို အလွန်ပျော်ရွှင်နေသည်။
ထိုစဉ် သူ့ဘေး၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။
အပင်များစွာ ပေါက်ရောက်ကာ အရွက်များ မကြာမီ ကြွေကျကုန်သည်။
မီးတောက်မှာ ထိုသစ်ရွက်ခြောက်များကြား လောင်ကျွမ်း၍ ပြာဖြစ်သွားလေသည်။
ထိုပြာများစု၍ တောင်တန်းများနှင့် ကျောက်ဆောင်များ ဖြစ်ပေါ်၏။
ကျောက်ဆောင်များ အက်ကွဲ ကြေမွသွားသောအခါ အထဲမှ ဒြပ်စင်များသည် ရေစက်ငယ်များအဖြစ်စု၍ မြစ်ကြီးများ ဖြစ်သည်။
ထိုမြစ်ဘေးတွင် သစ်ပင်များ ပေါက်လာပြန်ကာ ဤသို့ဖြင့် အဆက်မပြတ် လည်ပတ်ရင်း (၉) ကြိမ်အပြီးတွင် ပတ်ဝန်းကျင် ပေ (၃၀၀) ဝန်းကျင် ရှိနေလေပြီ။
ရှန်မိုလည်း တအံ့တဩကြည့်နေမိ၏။
သူ ကျင့်ကြံမှု၏ အနှစ်သာရကို နားလည်လာသည်။ တာအိုအခြေခံကို တည်ဆောက်ရန် ဒြပ်စင် (၅) ပါး လိုအပ်ပါသည်။
ဂျစ် ဂျစ် ဂျစ်!
သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားသည်။
ထို့နောက် ဖုန်များ ထူလာသော်လည်း ရှန်မို့အနီး ပေ (၃၀) ဝန်းကျင်၌ လေထုမှာ သန့်စင်နေ၏။
ရှန်မို လေထဲသို့ ထိုးကြည့်လိုက်သောအခါ ပြင်းအားသည် ကျားတစ်ကောင် ရုတ်တရက် ရောက်လာသကဲ့သို့ ထင်ရသည်။
ထို့ကြောင့် ပေ (၃၀) အကွာမှ သစ်ပင်ကြီးသည် လေထဲ၌ ခဏဝဲပြီးနောက် အစိတ်စိတ်အမွှာမွှာ ကွဲသွားလေ၏။
ဤသည်မှာ ရွှေအချက်အချာအဆင့် ကျင့်ကြံသူ၏ အင်အားပင်။
ထို့နောက် လေထဲသို့ တဖြည်းဖြည်း ပျံတက်ကာ ခန္ဓာကိုယ်မျှခြေ ထိန်းပြီးလျှင် အလင်းတန်းတစ်ခုကဲ့သို့ ပျောက်သွားတော့၏။
လောကကြီးက ကျယ်ပေမဲ့ ငါ လွတ်လပ်သွားပြီ။