ရှန်မိုကြောင့် မဖြစ်နိုင်ဘူး
Vol. 7 Ch. 96
ရှန်မိုတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် လေထဲတွင် ပျံသန်းသွားပြီး မကြာမီ ပြန်လည်ဆင်းသက်လာ၏။
သူ့မျက်နှာမှ ပြုံးပျော်မှုမှာ မဖုံးကွယ်နိုင်ပေ။
“မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူက သက်တမ်း (၅၀၀) ရှိတယ်ဆိုတော့ ခြေတည်အဆင့်တွေ နှစ် (၂၀၀) နေနိုင်တာထက် အများကြီး သာတာပဲ”
“ဒီနေ့ကစပြီး ငါက ရွှမ်ကျန်းဒေသရဲ့ အထင်ကရ ဖြစ်ပြီ”
သူသည် မြုတေဖွဲ့စည်းခြင်းအဆင့် အစပိုင်းသာ ရှိသေးသော်လည်း သူ့ဝှက်ဖဲများအားလုံး သုံးပါက မြုတေဖွဲ့စည်းခြင်း အလယ်အဆင့်မျှကို ဖျက်ဆီးနိုင်ပါသည်။
အောင်မြင်မှုကြီးအဆင့်ရှိလျှင်လည်း ထွက်ပြေးရန် အခွင့်အရေးတော့ ရှိသေး၏။
“ဒါပေမဲ့ ငါ့အဆင့်တက်ပုံက သိသာနေမှာ။ အခုတောင် လူတွေလာနေပြီလား မသိဘူး မြန်မြန် သွားမှပဲ”
ရှန်မို ကျောက်စပါးကြီးမြွေအတွက် မိုးကြိုးကျောက်မျက်အချို့ ပေးပြီးမှ အမြန် ပြန်လာခဲ့သည်။
သူ့ခန့်မှန်းချက် မှန်ပါသည်။
ချင်းကန်တောင်၌ ထိုသို့ပြောင်းလဲမှုကြီးကြောင့် အနီးအနားမှ ကျင့်ကြံသူများ ချက်ချင်းသိကာ ရောက်လာကြသည်။
အားလုံး မြုတေဖွဲ့စည်းခြင်းအဆင့်များ ဖြစ်ကြသည်။
အရင်ဆုံး ရောက်လာသူမှာတော့ ချင်းရွှမ်ဂိုဏ်းမှ ကျင့်ကြံသူများဖြစ်ပြီး ဦးဆောင်လာသူမှာ မူယုံးယွဲ့ ဖြစ်၏။
ထိုမိန်းမချောမှာ ခရမ်းနုရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ပတ်ဝန်းကျင်အား မျက်မှောင်ကြုတ်၍ ကြည့်နေသည်။
သူ့အနောက်တွင် စုန်းချောင်ဖုန် ပါလာပြီး အံ့အားသင့်စွာ လိုက်ကြည့်နေမိ၏။
ဒြပ်စင် (၅) မျိုး၏ ပေါင်းစပ်မှုမှာ မြန်ဆန်ထူးဆန်းလှသည်။
“ခေါင်းဆောင် ကြည့်ရတာ တစ်ယောက်ယောက် မြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်ပြီး ဒြပ်စင် (၅) မျိုး သုံးသွားတာထင်တယ်။ ဒါပေမဲ့ အရမ်းကျယ်ပြန့်လွန်းတယ်နော်”
စုန်းချောင်ဖုန် ခပ်တိုးတိုးပြော၏။
မူယုံးယွဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
ပုံမှန် မြုတေဖွဲ့စည်းခြင်းတစ်ဦး သက်ရောက်နိုင်သော ပမာဏမှာ အများဆုံး (၃၃) ပေသာ ရှိ၏။
ပြီးပြည့်စုံသော ရွှေအမြုတေဖြစ်လျှင် ပေ (၅၀) ရှိနိုင်သည်။
မူယုံးယွဲ့ အဆင့်တက်စဉ်ကပင် ပေ (၁၀၀) သာ ရှိခဲ့၏။
သို့သော် ယခုတော့ ပေ (၃၃၀) ဖြစ်နေသည်။
ဤသည်မှာ နောက်ဆုံးကျန်သော ပမာဏသာဖြစ်ပြီး နဂို အဆင့်တက်စဉ်က မည်မျှ ကြီးမားမည်ကို မတွေးရဲအောင် ဖြစ်၏။
ဝှစ် ဝှစ် ဝှစ်!
အခြားကျင့်ကြံသူများပါ ရောက်လာကြ၏။
ဖေးရှောင်ဂိုဏ်းနှင့် လင်းရှီဂိုဏ်းမှ အကြီးအကဲများ ဖြစ်လေသည်။
သူတို့ မူယုံးယွဲ့ကို တွေ့သောအခါ တရိုတသေ နှုတ်ဆက်ကြ၏။
ချင်းရွှမ်မှ လက်နက်ကြီးဂိုဏ်းကို ရှင်းပစ်လိုက်သည်မှာ တစ်ရက်သာ ရှိသေးသည်။
ထိုသတင်းမှာ ဟာရီကိန်းမုန်တိုင်းကဲ့သို့ အားကောင်းစွာ ပျံ့နှံ့နေဆဲ။
ချင်းကန်တောင်တန်းတစ်လျှောက် ဂိုဏ်းများအားလုံး သိကြသည်။
ဖေးရှောင်ဂိုဏ်းမှ ရောက်လာသူသည် နုငယ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး မြုတေဖွဲ့စည်းခြင်းအဆင့်သာ ဖြစ်သည်။
ထိုသူမှာ အခြားမဟုတ်… ဖန်ကျီယွီ။
ဖန်ကျီယွီ ပတ်ဝန်းကျင်ကို သေချာကြည့်၍
“ဘယ်သူ အဆင့်တက်သွားလဲတော့ မသိပေမဲ့ တော်တော် အင်အားကြီးတာပဲ”
“အဲ့တော့ ထင်ရှားတဲ့လူထဲကပဲ ဖြစ်ရမယ်”
သူ့ဘေးမှ ဖေးရှောင်ဂိုဏ်းအကြီးအကဲမှာ ခပ်တိုးတိုးဖြင့်
“ရွှမ်ကျန်းရဲ့ သခင်လေး (၅) ယောက်ထဲက ဖြစ်မှာပေါ့…ဂိုဏ်းထဲမှာ မဟုတ်ဘဲ ဒီမှာမှ လာကျင့်ကြံတယ်ဆိုတော့”
ဖန်ကျီယွီ တည်ငြိမ်စွာဖြင့်
“ကျွန်မ ခဏခဏ သတိပေးတယ်လေ။ သခင်လေးတွေက (၆) ယောက် ဖြစ်သွားပြီလို့။ ရှန်မို့ကို မမေ့နဲ့လေ”
“အာ ဟုတ်တယ် ဟုတ်တယ် ကျွန်တော် သတိလွတ်သွားတာ”
အကြီးအကဲမှာ ဖန်ကျီယွီထက် အဆင့်မြင့်သော်လည်း ခေါင်းဆောင်ငယ်ဖြစ်နေ၍ ရိုသေစွာ ဖြေ၏။
“ဒါဆိုရင် ရှန်မိုလို့ ထင်လို့လား”
ဖန်ကျီယွီ ခေါင်းယမ်းပြ၍
“သူတော့ မဖြစ်နိုင်ဘူး။ ရှန်မို ရွှေအမြုတေ ဖွဲ့စည်းနိုင်ရင်တောင် ဒီလောက်အခြေအနေတော့ မလုပ်နိုင်လောက်ဘူး”
“ဒီပုံစံက ကောင်းကင်အဆင့် ခန္ဓကိုယ်ရှိပြီး ကောင်းကင်အဆင့် ကျင့်စဉ်ကို ကျင့်ကြံ၊ ပြီးပြည့်စုံတဲ့ ရွှေအမြုတေရမှ”
အကြီးအကဲမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလေသည်။
ဖန်ကျီယွီ ရုတ်တရက် မူယုံးယွဲ့အား လှမ်းကြည့်ကာ
“ခေါင်းဆောင် မူယုံးယွဲ့ရော ဘယ်လိုထင်လဲ”
“ကျွန်မလည်း အဲ့လိုပဲ ထင်ပါတယ်”
ဖန်ကျီယွီမှ ဆက်၍
“ချင်းရွှမ်ဂိုဏ်းက ဘာမှမစဉ်းစားဘဲ လက်နက်ကြီးဂိုဏ်းကို ရှင်းပစ်လိုက်တာနော်။ မိုးကြိုးမီးတောက်ဂိုဏ်းကို ရန်စနေသလိုပဲ”
“အဲ့တာ မင်းစိတ်ပူစရာ မလိုပါဘူး”
မူယုံးယွဲ့ ခပ်ပြတ်ပြတ်ပြောကာ လှည့်ထွက်လာခဲ့သည်။
သူတို့ပြန်သွားမှ ဖန်ကျီယွီ အေးစက်စက်ဖြင့်
“ငါရော အဖေရော လက်နက်ကြီးဂိုဏ်းကို အရမ်း အထင်ကြီးမိသွားတာပဲ။ တစ်လတောင် မခံဘူး”
“လက်နက်ကြီးဂိုဏ်းမှာ ဘာဖြစ်သွားလို့ ဒီလို ရှုပ်ကုန်တာလဲ စုံစမ်းလိုက်”
“ဟုတ်ကဲ့ပါ”
…
လက်နက်ကြီးဂိုဏ်း ရှင်းလင်းခံရသောသတင်းမှာ အနီးအနားဂိုဏ်းများသာမက ရွှမ်ကျန်းတစ်နယ်လုံးအထိ (၁၀) ရက်အတွင်း ပျံ့နှံ့သွားလေသည်။
ဂိုဏ်းတစ်ရာစုဝေးပွဲပြီးနောက် ဂိုဏ်းအဆင့် သတ်မှတ်ခြင်းများကြောင့် အချင်းချင်း တင်းမာမှုများ ရှိနေချိန်ဖြစ်၏။
သို့သော် ပေါ်တင်တိုက်ခိုက်ခြင်းတော့ မရှိကြသေးချေ။
ချင်းရွှမ်မှ လက်နက်ကြီးဂိုဏ်းအား ရှင်းလင်းခြင်းသည် စစ်ပွဲကြီး၏ စံပြဖြစ်သွားပြီး အခြားရန်ညှိုးရှိသော ဂိုဏ်းများလည်း စစ်ကြေညာကုန်ကြသည်။
ပန်ဒိုရာသေတ္တာမှာ ဖွင့်ပြီးလျှင် ဘယ်တော့မှ ပြန်မပိတ်ချေ။
…
မြစ်ကြီးမြို့။
ထိုမြို့မှာ ရွှမ်ကျန်းဒေသ၏ အကျယ်ဆုံးဖြစ်ပြီး အစိုးရအုပ်ချုပ်မှု အားအကောင်းဆုံး ဖြစ်၏။
စီးပွါးရေးကဏ္ဍတွင်တော့ နတ်ဓားမြို့ကို မယှဉ်နိုင်ပေ။
မြို့လယ်ခေါင်တွင် အစိုးရရုံးရှိသော်လည်း ထင်သလောက် မခမ်းနားပေ။
“အစိုးရရုံးက ဘာလို့ အဲ့လောက် ဟောင်းနွမ်းနေလဲ သိလား”
“ယုကျောက်ကရတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို စစ်တပ်အတွက် နေရာအသစ်မှာ အကုန်သုံးလိုက်တာလေ”
“ဟင် အဲ့လိုလား”
“မသိဘူးလား…အဲ့စစ်သူကြီး ရွှမ်ကျန်းကို မလာခင်က လင်ယွန်းဒေသမှာ အကုန်ဖျက်ဆီးခဲ့တာ နာမည်ကြီးပဲလေ”
ထိုစဉ် မြင်းခွါသံများ ရုတ်တရက် ကြားရ၏။
စီးနင်းလာသူမှာ အစိုးရရုံးရှေ့တွင် ရပ်သွားလေသည်။
“အရေးတကြီး တင်ပြစရာရှိပါတယ်။ ရွှမ်ကျန်းဒေသ တောင်ပိုင်းမှာ စစ်ဖြစ်သွားပါတယ်။ ချင်းရွှမ်ဂိုဏ်းက လက်နက်ကြီးဂိုဏ်းကို ရှင်းလိုက်တာပါ။ ကျွန်တော့်ကို ဝင်ခွင့်ပေးပါ”
မြင်းပေါ်မှ စစ်သည်လေးက လှမ်းအော်သည်။
အစောင့်များလည်း လန့်ဖျပ်၍ အမြန် ပေးဝင်လိုက်၏။
နယ်စားမင်းအခန်းထဲတွင် နယ်စားမင်းနှင့် အကူလူငယ်လေးတို့ စာရွက်များဖြင့် အလုပ်ရှုပ်နေကြသည်။
“နယ်စားမင်း ဂိုဏ်းတွေ စစ်စဖြစ်နေပြီ ပြောပါတယ်။ ချင်းရွှမ်ဂိုဏ်းက လက်နက်ကြီးဂိုဏ်းကို ရှင်းလိုက်တယ်တဲ့”
စစ်သည်လေးမှ ဒူးတစ်ဖက်ထောက်၍ တင်ပြ၏။
“ချင်းရွှမ်…”
“ငါ သိသလိုပဲ…”
“အဲ့ဒါ ရှန်မိုရှိတဲ့ဂိုဏ်းမလား ဂိုဏ်းတစ်ရာစုဝေးပွဲတုန်းက ပထမရသွားတဲ့တစ်ယောက်လေ”
စစ်သည်များ ပြန်ဖြေလေ၏။
“မှန်ပါတယ် နယ်စားမင်း”
ထိုအခါမှ နယ်စားမင်း လန့်သွားကာ စာကို သေချာဖောက်ဖွင့်ကြည့်လေသည်။