← Chapters

အခွင့်အရေး အငွေ့အသက်

Vol. 7 Ch. 97

အခွင့်အရေး အငွေ့အသက်

Vol. 7 Ch. 97

အခန်းထဲ၌ လုံးဝ တိတ်ဆိတ်သွားပြီး စစ်သည်များလည်း မည်သူမျှ အသံမထွက်ရဲကြပေ။

ကျီရှီလုံ၏ စာရွက်လှန်သည့်အသံသာ ကြားနေရသည်။

အချိန်အတော်ကြာပြီးနောက် ထိုလူ အံ့ဩသွားသော အမူအရာ ပြောင်းသွား၏။

ဘေးမှ ဝန်ထမ်းတစ်ဦးက

“သခင်ကြီး ဘယ်လိုအခြေအနေ ရှိလို့ပါလဲ”

ကျီရှီလုံ လက်ယမ်း၍ စစ်သည်ငယ် (၃) ဦးကို ထွက်သွား၍ ပြောသည်။

ထို့နောက် ထိုဝန်ထမ်းကို စာရွက်လှမ်းပေး၍

“ဒီရှန်မိုက သိုင်းပညာ အရည်အချင်း ရှိရုံတင်မကဘူး။ ဉာဏ်ရည်လည်း မြင့်တာပဲ”

“လက်နက်ကြီးဂိုဏ်းကို ရှင်းလင်းတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးမှာ တောက်လျှောက် ပါဝင်နေတယ်”

“ပထမဆုံး ကျောက်မျက်ကျင့်စဉ်ကိုယူပြီး လက်နက်ကြီးဂိုဏ်းရဲ့ စီးပွါးရေးကို ဝင်ယူတယ်”

“ဒုတိယက ဝူလန်ကို ဖမ်းထားလိုက်ပြီး လက်နက်ကြီးဂိုဏ်းမှာ ဗရုတ်သုတ်ခ ဖြစ်အောင် လုပ်တယ်”

“တတိယအဆင့်အနေနဲ့ ဂိုဏ်းငယ်လေးတွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီးဂိုဏ်းရဲ့ အဆက်အသွယ်တွေကို ဖြတ်ပစ်တယ်”

“နောက်တစ်ချက်က မိုးမုန်တိုင်းဂိုဏ်းပါ သူ့ဘက် ဆွဲထည့်ပြီး ဖေးရှောင်နဲ့ လင်းရှီတို့ လာမကူညီနိုင်အောင် တားထားလိုက်တယ်”

ကျီရှီလုံ သက်ပြင်းချ၍

“အဲ့လိုလူမျိုးက ဘာလို့ ငါ့တရားရုံးမဟုတ်ဘဲ ဂိုဏ်းလေးထဲမှာ နေနေတာလဲ။ ငါ့လူဖြစ်အောင် ထားချင်လိုက်တာ”

သူ့တပည့်မှ မျက်မှောင်ကြုတ်၍

“သခင်ကြီး သူ့ကို ခန့်ဖို့တော့ မဖြစ်နိုင်ပါဘူး”

“ကျွန်တော် သိထားသလောက် သူက ချင်းရွှမ်ဂိုဏ်း ခေါင်းဆောင်ရဲ့ တပည့်အရင်း၊ ချင်းရွှမ်ရဲ့ နောက်တက်မယ့် ခေါင်းဆောင်တဲ့”

“နောက်ပြီး သူ့အမူအကျင့်အရ တခြားသူဆီက ထိန်းချုပ်ခံမယ့်သူမျိုး မဟုတ်ဘူး”

ထို့နောက်ဆက်၍

“ပြီးရင် ကျွန်တော့်အမြင်တော့ သူက ဉာဏ်အရမ်း ကောင်းတာမျိုးတော့ မဟုတ်ဘူး။ ရန်သူထက် ပိုတွေးနိုင်ရုံပဲ”

ကျီရှီလုံ အားရပါးရ ရယ်မောကာ

“အဲ့ဒါဆို ငါကရော”

ထိုလူ ပြုံးလျက်

“သခင်ကြီးကတော့ ခြေ (၅) လှမ်းလောက် ကြိုမြင်တာပေါ့”

“ဪ ဒါဆို မင်းကရော”

ထိုလူ ဂုဏ်ယူဝင့်ကြွားစွာ ပြုံး၍

“ကျွန်တော်က ခြေ (၈) လှမ်းလောက်အထိ မြင်နိုင်တယ်လို့ ပြောရဲပါတယ်”

ကျီရှီလုံအပြုံးမှာ ပိုတောက်ပ၍

“အဲ့ဒါဆို ငါက ဘာလို့ မင်းအထက် ရောက်နေတာလဲ”

ထိုလူ ရုတ်တရက် မှင်တက်သွားပြီးမှ

“ကျွန်တော် စကားမှားသွားပါတယ် သခင်ကြီး။ ကျွန်တော်က ခြေလှမ်းသေးလေး (၁) ခုလောက်ပဲ မြင်နိုင်လို့ သခင်ကြီးက ပိုသာတာပါ”

သူပြောရင်း ဇောချွေးများ ရွှဲလာ၏။

သူ့ရှေ့မှလူမှာ ချက်ချင်း လူသတ်ပစ်ရန် ဝန်မ​လေးသူ ဖြစ်သည်။

ကျီရှီလုံရှေ့၌ နဂါးလည်း ခွေ၍ ကျားလည်း ဝပ်နေရမည်။

“ရှန်မိုကတော့ တကယ် တော်ပါတယ်။ လောင်ရွှမ်ဟန် စတိုခန်းထဲက ရတနာနည်းနည်း ရွေးပြီး ချင်းရွှမ်ဂိုဏ်း သွားလိုက်စမ်းပါ။ အမှောင်ထဲက ထွက်ပြီး ရုံးကိုလာမလားလို့”

“သူ စိတ်ပါရင် နတ်ရေစင်ဂိုဏ်းကိုလည်း သွားပြီး ဒီစာကို ခေါင်းဆောင်ကျန်းဆီ ပြလိုက်ဦး”

ကျီရှီလုံ စာရွက်အထပ်လိုက်ထဲမှ အောက်ဆုံးစာကို ဆွဲထုတ်ကာ ပြောလိုက်သည်။

တပည့်ဖြစ်သူမှာ ခေါင်းငြိမ့်ပြ၍ ချက်ချင်း ထွက်သွားလေ၏။

…

မိုးကြိုးကျောက်နယ်မြေ။

ရှန်မိုတစ်ယောက် သူ မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်နေကြောင်း ဖွင့်မပြောသေးပေ။

သို့သော် တောအုပိအပြင်မှ ရတနာနယ်မြေထဲ ဖြတ်ရင်း တစ်ယောက်တည်း အောင်ပွဲခံလာသည်။

လျှိုယွမ်ဖုန်မှာ အဆိုးဆုံးအန္တရာယ်ဖြစ်၏။

သူ့အတွက် သတင်းအမှားများပင် လွှင့်ထားရဦးမည်။

ရှန်မို နယ်မြေကြီးထဲ ဖြတ်လာရင်း ခြေတည်အဆင့် တပည့်များ ခပ်သုတ်သုတ် ဝင်လာကြသည်ကို တွေ့ရသည်။ သို့သော် ချင်းရွှမ်ဂိုဏ်းမှမဟုတ်ဘဲ အခြား အနီးအနား ဂိုဏ်းငယ်လေးများမှ ဖြစ်၏။

ရှန်မိုကို တွေ့သောအခါ ချက်ချင်း တရိုတသေ ဦးညွှတ်နှုတ်ဆက်ကြလေသည်။

ချင်းကန်တောင်တန်းတစ်လျှောက်တွင် ချင်းရွှမ်မှ လက်နက်ကြီးဂိုဏ်းအား ဖျက်ဆီးလိုက်သည်ကို သိထားကြပြီး ထိုနောက်ကွယ်၌ ရှန်မို ရှိနေသည်ကိုလည်း နားလည်ကြသည်။

ရှန်မို့ကြောင့်သာမဟုတ်လျှင် ချင်းရွှမ်ဂိုဏ်းအနေဖြင့် ပို၍ပင် အထိနာနိုင်သည်။

“ခင်ဗျားတို့က ဘယ်သူတွေလဲ”

ရှန်မို လှမ်းမေးလိုက်၏။

မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများမှ ပျော်ရွှင်စွာဖြင့်

“ခေါင်းဆောင်ငယ် ကျွန်တော်တို့က အနီးအနား ဂိုဏ်းငယ်တွေက အကြီးအကဲတွေပါ။ ကျွန်တော်တို့ ခေါင်းဆောင်က ချင်းရွှမ်ဂိုဏ်းနဲ့ သွားပူးပေါင်းဖို့ ပြောလို့ ပြောင်းလာကြတာ”

“ခေါင်းဆောင်လည်း အခု လာနေပါပြီ။ မကြာခင် ရောက်တော့မှာပါ”

ရှန်မို ပြုံး၍ ခေါင်းငြိမ့်ပြကာ

“ကောင်းပါပြီ။ ဂရုစိုက်သွားပါ”

“ဟုတ်ကဲ့”

ရှန်မို ဆက်လျှောက်လာရင်ူ ရေးကြီးသုတ်ပျာ လာနေသော အကြီးအကဲလီကို တွေ့ရ၏။

“ခေါင်းဆောင်ငယ် တင်ပြစရာ ရှိပါတယ်”

“ဟုတ်ကဲ့ ပြောပါ”

“ဝူလန် သေသွားပါပြီ။ သူ့ကိုယ်သူ သတ်သေတာပါ”

သူ သက်ပြင်းချကာ ပြောလိုက်၏။

“ဘယ်လိုဖြစ်ရတာလဲ”

“ချင်းရွှမ်က လက်နက်ကြီးဂိုဏ်းကို ရှင်းလိုက်တဲ့အကြောင်း လူတိုင်းပြောနေတာလေ။ ဝူလန် အဲ့ဒါကိုကြားပြီး အမှန်ကို လက်မခံနိုင်လို့ ကိုယ်ပိုင် ရွှေအမြုတေကိုခွဲပြီး သတ်သေသွားတာ”

“တော်တော်များများတော့ တွေ့လိုက်ကြတယ်”

ရှန်မို အမူအရာမပျက်ပေ။

ထိုအခြေအနေကို ကြိုတွေးမိပါသည်။

“ဝူကန်ဖေးကို အခုထိ အြေမမြှုပ်ရသေးဘူးမလား။ အတူတူ မြှုပ်လိုက်ပါ”

“ဟုတ်ကဲ့”

ရှန်မိုလည်း သက်ပြင်းချမိ၏။

ဝူါန့်ကံကြမ္မာမှာ သူ့ကြောင့် များစွာ ပြောင်းလဲသွားခဲ့သည်။ သို့သော် သိပ်တော့ မသနားလှပါ။

“ကျင့်ကြံရမယ့်အချိန်ပဲ… အောင်မြင်မှုငယ်အဆင့်လောက်တော့ မြန်မြန် ရောက်ထားမှ ဖြစ်မယ်”

ရှန်မို အခန်းသို့ ပြန်လာခဲ့လိုက်သည်။

ထို့နောက် ဆေးအချို့သောက်၍ ကျင့်ကြံနေရင်း ရက်အနည်းငယ်အကြာတွင် အကြီးအကဲလီ ရောက်လာ၏။

“ခေါင်းဆောင်ငယ်…ကျီရှီလုံရဲ့အမိန့်နဲ့ ရောက်လာတဲ့ မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် ရောက်လာပါတယ်။ ခေါင်းဆောင်ငယ်နဲ့ တွေ့ချင်လို့တဲ့”

ရှန်မို မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

အင်း…. အခွင့်အရေး အငွေ့အသက်ပဲ။

All Chapters