← Chapters

အနှေးအမြန်ဓားသိုင်း၏ အားနည်းချက်

Vol. 7 Ch. 99

အနှေးအမြန်ဓားသိုင်း၏ အားနည်းချက်

Vol. 7 Ch. 99

ဓားစွမ်းရည်ဆေး မွမ်းမံခြင်းမှာ အရမ်း မခက်လှပေ။

(၂) နာရီအကြာတွင် လက်မအရွယ်ခန့် ဓားစွမ်းရည် အမြုတေမှာ ရှန်မို့ ရွှေအမြုတေနှင့် လုံးဝ ပေါင်းစည်းသွားလေပြီ။

သူ့စိတ်ထဲတွင် ရုတ်တရက် ဉာဏ်ပညာများ ရလာ၏။

အရင်ပိုင်ရှင်ထံမှ စွမ်းရည်များ ဖြစ်လေသည်။

နောက်ထပ် နာရီအနည်းငယ်ကြာပြီးနောက် ရှန်မို မတ်တပ်ရပ်လာပြီး မိုးကြိုးဓားကိုထုတ်ကာ မိုးကြိုးအရိပ်ဓားသိုင်းအား စတင်ကျင့်ကြံ၏။

ဝှစ် ဝှစ် ဝှစ်!

ဓားရောင်မှာ မိုးကြိုးကဲ့သို့ လျင်မြန်ပြီး အန္တရာယ်ရှိသော မြွေပွေးကဲ့သို့ ချက်ချင်း အသက်ကို နုတ်ယူနိုင်လေသည်။

အကြိမ်ရေများစွာ တိုက်ခိုက်ပြီးနောက် ဓားရောင်မှာ ရုတ်တရက် မြန်လိုက်၊ နှေးလိုက်ဖြစ်၍ အရှိန်ကို မခန့်မှန်းနိုင် ဖြစ်နေ၏။

ရန်သူအနေဖြင့်လည်း တိုက်ခိုက်ရန် ခက်ခဲသည်။

မိုးကြိုးဓားသိုင်းအား ကျင့်ကြံမှုပြီးနောက် ရှန်မို တဖြည်းဖြည်း သတိပြန်ဝင်လာ၏။

မျက်နှာမှာလည်း ပြုံးရွှင်နေသည်။

“မြန်လိုက်နှေးလိုက် သိုင်းကွက်က ထူးဆန်းတာပဲ။ သာမာန် ကျင့်ကြံသူတွေဆို လုံးဝ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး”

“နောက်ပိုင်း မိုးကြိုးအရိပ်နှေးမြန် ဓားသိုင်းလို့ နာမည်ပြောင်းပေးရမယ်”

သူ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေ၏။

ထိုကဲ့သို့ တိုးတက်မှုမျိုးဖြင့် မိုးကြိုးအရိပ်ဓားသိုင်း အဆင့်မှာ အနည်းဆုံး ထိပ်တန်း သိမ်မွေ့နက်နဲခြင်းအထိ ရောက်နိုင်သည်။

ရန်သူများနှင့် တိုက်ခိုက်ရာတွင် အလွန်အကျိုးရှိပါသည်။

ယခုသူ့လုပ်ငန်းစဉ်မှာ ၆၀% အထိ ရှိနေလောက်ပြီ။

အခြားအခွင့်အရေး အနည်းငယ် ထပ်ရပါက မြုတေဖွဲ့စည်းခြင်း အောင်မြင်မှုငယ်အထိ ရောက်ရှိနိုင်ပါသည်။

…

မိုးကြိုးကျောက်မျက်နယ်မြေ။

ရှန်မို ပြန်လာသောအခါ လမ်းတွင် တပည့်တစ်ဦး တွေ့ရ၏။

“ခေါင်းဆောင်ငယ် ခေါင်းဆောင်က အရေးတကြီး ရှာနေပါတယ်”

ရှန်မို မျက်ခုံးပင့်လျက်

“ခေါင်းဆောင်က ဘယ်မှာလဲ”

တပည့်လေးမှာ ဟိုဟိုဒီဒီကြည့်၍

“ဟိုမှာ လာနေပါပြီ”

ရှန်မို လှမ်းကြည့်လိုက်သောအခါ ခရမ်းပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားသော ခေါင်းဆောင် ချောချောလေးကို တွေ့ရ၏။

“မို မင်းအခန်းဘက် သွားရအောင်”

ဤသို့ဖြင့် အခန်းထဲ ရောက်သောအခါ…

ဆရာတပည့် (၂) ဦး မျက်နှာချင်းဆိုင် ထိုင်လျက် ရှိသည်။

“အရေးကြီးကိစ္စ ရှိလို့ဆို ခေါင်းဆောင်”

ရှန်မို စမေးလိုက်သည်။

မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၍

“အဆောင်ခန်းတွေအတွက် စီစဉ်ပြီးပေမဲ့ လက်နက်ကြီးအဆောင် အကြီးအကဲကို မဆုံးဖြတ်ရသေးလို့။ အားလုံးကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ဖြစ်နေကြတယ်”

ရှန်မို ခေါင်းငြိမ့်ပြ၏။

သူ ထိုကိစ္စတွင် ဝင်မပတ်သက်သော်လည်း အကြီးအကဲလီ ပြောသည်ကို ကြားဖူး၏။

ချင်းရွှမ်ဂိုဏ်းသို့ ဝင်လာသော ဂိုဏ်းငယ်များအတွက် ပြန်စီစဉ်ပေးနေခြင်းပင် ဖြစ်သည်။

သံလက်သီးဂိုဏ်းအား သံလက်သီးအဆောင်၊ ကျားနက်ဂိုဏ်းကို ကျားနက်အဆောင်ဟူ၍ ဖြစ်၏။

အားလုံး ကိုယ့်လူနှင့် ကိုယ့်အလုပ်နှင့်ကိုယ် ဖြစ်နေကြသည်။

“ကြည့်ရတာ အဖြေကရှိပေမဲ့ အဲ့လူက တာဝန်မယူနိုင် ဖြစ်နေတာနဲ့ တူတယ်”

ရှန်မိုမှ ပြော၏။

မူယုံးယွဲ့ပြုံးလျက်

“မင်းက တကယ် ထက်မြက်တာပဲ။ တစ်ချက်ကြည့်ရုံနဲ့ တန်းသိတယ်”

“အစကတော့ စုန်းချောင်ဖုန်ကို ရွေးထားတာ။ သူက တည်ငြိမ်ပြီး အင်အားလည်း အသင့်အတင့်ရှိတော့ အဆင်ပြေမယ်ပေါ့”

“ဒါပေမဲ့ လျှိုယွမ်ဖုန်က တစ်မဲတည်းပိုများပြီး သာသွားတယ်”

“အခု သူ နေရာယူဖို့ လုပ်နေပြီ”

ရှန်မို မှင်တက်၍ တောက်ခေါက်ကာ

“လျှိုယွမ်ဖုန်က တကယ် ဉာဏ်ကောင်းသားပဲ။ သူသာ အဆောင်အကြီးအကဲဖြစ်ရင် လက်နက်ပြုလုပ်ရေးနဲ့ ကျောက်မျက်ကျင့်စဉ်ကို တစ်သက်စာ သိသွားပြီ”

ထို့နောက် မူယုံးယွဲ့၏ ရည်ရွယ်ချက်ကိုပါ ခန့်မှန်းလိုက်မိသည်။

“ခေါင်းဆောင်က ကျွန်တော့်ကို လျှိုယွမ်ဖုန်အကြောင်း စောင့်ကြည့်စေချင်တာမလား”

“အမှန်ပဲ”

“မို မင်းက ခေါင်းဆောင်ငယ်ဆိုတော့ လက်နက်ကြီး အဆောင်အတွက်လည်း ဒုတိယအကြီးအကဲ ဝိုင်းလုပ်ပေးပါ”

“လျှိုယွမ်ဖုန်က တစ်ယောက်တည်းဆိုလည်း တော်သေးတယ်။ တခြားဂိုဏ်းတွေနဲ့ပေါင်းရင် ချင်းရွှမ်ကို သစ္စာဖောက်ပြီး နည်းပညာ ရောင်းတာတွေ ချက်ချင်း ပေါ်လာလိမ့်မယ်”

လျှိုယွမ်ဖုန်၏စိတ်မှာ ချင်းရွှမ်၌ မရှိတော့ကြောင်း နားလည်ထားကြသည်။ သစ္စာဖောက်ပြီးသားလည်း ဖြစ်နိုင်သည်။

သို့သော် မူယုံးယွဲ့အနေဖြင့် သက်သေ တစ်ခါမှ မမိသောကြောင့် ယခုအချိန်အထိ ကြာနေရခြင်း ဖြစ်၏။

ရှန်မို အမှန်တော့ ထိုအလုပ်ကို သဘောကျပါသည်။

အရင်က ရှောင်ဖန့်အခွင့်အရေးများကို ယူခဲ့သော်လည်း ယခု သူသည် မြုတေဖွဲ့စည်းခြင်း အဆင့်ရောက်သွားပြီဖြစ်၍ အခွင့်အရေးများ ယူရန် အခြားတစ်ဦး လိုအပ်နေသည်။

ထိုလူမှာ လျှိုယွမ်ဖုန် ဖြစ်လာလေပြီ။

“ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော့်ကို မြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲတစ်ယောက်တော့ ကူညီဖို့ ထည့်ပေးပါဦး”

ရှန်မို ချက်ချင်း သဘောတူလိုက်၏။

မူယုံးယွဲ့ ခေါင်းငြိမ့်ပြကာ

“ဒါပေါ့။ မင်းက အခုမှ ခြေတည်အဆင့် ထိပ်ဆုံးဆိုတော့ လျှိုယွန်းရွှမ်ကို ယှဉ်ဖို့ ဘယ်လွယ်မလဲ”

“စုန်းချောင်ဖုန်နဲ့ အကြီးအကဲလီကို ကာကွယ်ခိုင်းလိုက်မယ်”

“စုန်းချောင်ဖုန်ရော တကယ် ငြိမ်ပြီလား အဆင်ပြေပြီလားလို့ ကြည့်လို့ရတာပေါ့”

“ဟုတ်ကဲ့ပါ”

ထိုနေ့၌ပင်။

ရှန်မိုနှင့်အဖွဲ့တို့ မိုးကြိုးကျောက်နယ်မြေမှထွက်ကာ လက်နက်ကြီးအဆောင်သို့ ရောက်လာကြသည်။

သူ သာမာန်ခြံဝန်းတစ်ခုကို ရွေးလိုက်၏။

တစ်ဖက်ခြမ်းတွင် အကြီးအကဲလီနှင့် စုန်းချောင်ဖုန်တို့၏ခြံ ရှိလေသည်။

ခပ်လှမ်းလှမ်း ဆက်သွားလျှင် လျှိုယွမ်ဖုန်နှင့် သားဖြစ်သူ လျှိုယွန်းရွှမ်တို့ ရှိ၏။

ထို့အပြင် ကျောက်ထင်၊ လောင်ရှန်နန်တို့ကဲ့သို့ တပည့်များလည်း ရောက်နေကြသည်။

ပထမအချက်အနေဖြင့် ရှန်မို့အတွက် အကူအညီလိုသောကြောင့် ဖြစ်၏။

ဒုတိယအချက်မှာ လက်နက်ကြီးအဆောင်မှ စိတ်ဝိညာဉ်ပစ္စည်းများ ထုတ်လုပ်ရေးအတွက် ဖြစ်လေသည်။

ဒေါက် ဒေါက ဒေါက်!

ရှန်မို အိပ်ရာပြင်ပြီးနောက် တံခါးခေါက်သံ ကြားရလေသည်။

တံခါးဖွင့်ကြည့်လိုက်သောအခါ လူ (၃) ယောက် ရပ်နေ၏။

စုန်းချောင်ဖုန်၊ လျှိုယွမ်ဖုန်နှင့် လျှိုယွန်းရွှမ်တို့ ဖြစ်၏။

နှစ်ယောက်မှ စတင်နှုတ်ဆက်သည်။

“မင်္ဂလာပါ ခေါင်းဆောင်ငယ်”

လျှိုယွန်းရွှမ်အကြည့်မှာ အေးစက်၍ ရွဲ့ပြောနေသလို ထင်ရသည်။

လျှိုယွမ်ဖုန် သူ့သားခေါင်းကို ရိုက်လိုက်ကာ

“မြန်မြန် ဦးညွှတ်လိုက်လေ”

ထိုအခါမှ လျှိုယွန်းရွှမ် စိတ်မပါ လက်မပါဖြင့် ဦးညွှတ်နှုတ်ဆက်၏

ရှန်မိုမှာ ခပ်တည်တည်ဖြင့်

“ဘာကိစ္စရှိလို့ပါလဲ”

လျှိုယွမ်ဖုန် ပြုံးလျက်

“ဘာရယ် မဟုတ်ပါဘူး။ ပြောစရာလေး ရှိလို့ပါ”

“အခု ငါတို့က အဆောင်သခင်နဲ့ လက်ထောက်အဆောင်သခင်ဆိုပြီး ဖြစ်နေပြီမလား။ ချင်းရွှမ်ဂိုဏ်း ပိုအားကောင်းဖို့အတွက် စိတ်ဝိညာဉ်ပစ္စည်းတွေ အတူတူ ထုတ်လုပ်ရမှာပေါ့”

“အဲ့အတွက် အရင်က ငါနဲ့ ငါ့သားက ခေါင်းဆောင်ငယ်နဲ့ အထင်လွဲခဲ့တာတွေ ရှိတယ်လေ။ ဒါပေမဲ့ ဂိုဏ်းသားအချင်းချင်း ဂိုဏ်းအတွက် ဦးစားပေးရမှာပေါ့”

“အဲ့တာကြောင့် ယွန်းရွှမ်ရဲ့ အရင်အပြစ်တွေ ခွင့်လွှတ်ပေးဖို့ ခေါ်လာတာပါ”

“ဘယ်လိုလဲ ခေါင်းဆောင်ငယ်”

သူပြောရင်း ရိုးသားစွာ ပြုံးပြ၏။

သူ့ပုံစံမှာ အစစ်အမှန်ဟု ထင်ရပါသည်။

“ဘယ်လိုပြောလိုက်တာလဲဗျာ။ ကျွန်တော်က စိတ်ထဲတောင် မထားပါဘူး။ မှန်တာ တစ်ခုတော့ ရှိတယ်။ ဂိုဏ်းအတွက် ဦးစားပေးရမှာဆိုတာလေ။ ကျွန်တော်တို့က တစ်လှေတည်း စီးနေတဲ့သူတွေပါ”

လျှိုယွမ်ဖုန်မှ

“ဟုတ်တယ် ဟုတ်တယ်။ အဲ့လိုဆိုရင် ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်နော်”

သူတို့ ပြန်သွားပြီးနောက် စုန်းချောင်ဖုန်မှ ခပ်တိုးတိုးဖြင့်

“ခေါင်းဆောင်ငယ် လျှိုယွမ်ဖုန်မှာ အကြံရှိလောက်တယ်။ သူ့စကားတွေက မယုံရဘူးနော်”

ရှန်မို ပြုံး၍သာ နေသည်။

“လက်နက်ကြီးဂိုဏ်းကို ဝင်သိမ်းတဲ့နေ့က ဝူကန်ဖေး သေခါနီး လျှိုယွမ်ဖုန်ကို လက်ညှိုးထိုးပြီး သတင်းအမှားတွေ ပေးတယ်လို့ ပြောသွားတယ်”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့်

“အကြီးအကဲစုန်း စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်”

“ဒီနေ့ကစပြီး ကျွန်တော်က ခေါင်းဆောင်ငယ်ကို ကာကွယ်ပြီး ဂိုဏ်းအတွက်ပဲ လုပ်သွားမှာပါ။ စိတ်သာချ”

“ကောင်းပါပြီ။ သွားနားတော့လေ”

ရှန်မိုလည်း အခန်းထဲ ပြန်ဝင်ကာ အတွေးများနေတော့သည်။

All Chapters