အမြုတေကို ဖျက်ဆီးဖို့ ဘယ်သူ ပြောလဲ
Vol. 7 Ch. 105
အဖြူနှင့် အနက်ဝတ်ရုံဖြင့် ကျင့်ကြံသူများမှာ မျက်လုံးပြူးလျက် လန့်နေသည်။
“ဘယ်လို”
အကြီးအကဲလီပင် မှင်တက်နေမိ၏။
“ခေါင်းဆောင်ငယ်က မြုတေဖွဲ့စည်းခြင်းအဆင့်လို့ ပြောနေတာလား…ဘာလို့ ငါတို့ မသိတာလဲ”
ရှန်မိုမှ
“အကြီးအကဲလီ ကျွန်တော် ကူညီပေးမယ်”
အကြီးအကဲလီ အမြန် လှမ်းတား၏။
“ခေါင်းဆောင်ငယ်ရဲ့ လက်ရှိအခြေအနေကို မသေချာပေမဲ့ အခုမှ အဆင့်တက်ခါစဆိုရင် သက်တမ်းကြာနေပြီးတဲ့သူတွေကို မယှဉ်နိုင်လောက်ဘူး”
“ကျွန်မ တတ်နိုင်သလောက် အချိန်ဆွဲထားတုန်း မြန်မြန်သာ ပြေးပါတော့”
သူ အရင်အတွေ့အကြုံများအရ ပြော၏။
သူ့ကိုတိုက်ခိုက်နေသော (၂) ဦးမှာ မြုတေဖွဲ့စည်းခြင်းအဆင့် အောင်မြင်မှုကြီးတွင် ရှိပါသည်။
ရှန်မိုမှ ပြီးပြည့်စုံသော ရွှေအမြုတေ ပြုလုပ်နိုင်လျှင်ပင် အောင်မြင်မှုကြီးအဆင့်ရှိ (၂) ဦးကို အနိုင်ရရန် မလွယ်ပါ။
ရှန်မို ခေါင်းယမ်းပြ၍
“အကြီးအကဲလီ ကျွန်တော် အခုထားခဲ့ရင် အကြီးအကဲလီ သေလိမ့်မယ်”
“ကျွန်တော် အဲ့လို မလုပ်နိုင်ဘူး”
ပြောပြောဆိုဆိုနှင့် မိုးကြိုးဓားမှာ ဖျတ်ခနဲ ပေါ်လာသည်။
ရှန်မိုတစ်ယောက် ဖန်ကျီယွီ ရှိရာသို့ ဓားဖြင့် လှမ်းပစ်လိုက်၏။
ဓားမှာ အောက်သို့ ပြန်မကျမီ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့ကာ ဖန်ကျီယွီအား လွှမ်းခြုံသွားသည်။
အနက်ဝတ်ရုံဖြင့်ကျင့်ကြံသူမှာ ဖန်ကျီယွီအရှေ့တွင် ရပ်၍ ဓားရှည်များဖြင့် ရုတ်တရက် ခုတ်ချ၏။
လျှပ်စီးဓားအရိပ်နှင့် မီးတောက်ဓားတို့မှာ တိုက်မိကြသည်။
ဘုံး!
စွမ်းအင်ကွဲ (၂) ခု၏ တိုက်ခိုက်မိမှုကြောင့် ပေါက်ကွဲသံကြီး ပေါ်လာ၏။
ဝတ်ရုံနက်ကျင့်ကြံသူမှာ ထိုတိုက်ခိုက်မှုကြောင့် အတော်လေး ဒေါသထွက်သွားသည်။
သူ့လို မြုတေဖွဲ့စည်းခြင်း အောင်မြင်မှုကြီးအဆင့်ရှိသူမှာ အဆင့်တက်ခါစလူ၏ တိုက်ခိုက်မှုကို ခံရသနည်း။
မဖြစ်နိုင်တာ။
“တကယ်ပါပဲ နောက်တစ်ချက်”
ဝတ်ရုံနက်ကျင့်ကြံသူမှ ဒေါသတကြီးအော်၍ ပြန်တိုက်ခိုက်ရန် ပြင်၏။
စွမ်းအင်သစ်မှာ အရင်စွမ်းအင်ဖြင့် ပေါင်းစည်းမိပြီး ပိုမို အင်အားကြီးလာသည်။
မီးစွမ်းအင်များ လျှပ်စီးမိုးကြိုးအရိပ်ထက် ပြင်းထန်သွားသည်။
ရှန်မိုလည်းပြုံး၍ နောက်တစ်ချက်တိုက်ခိုက်ရန် စတင်၏။
သို့သော် ပုံစံမှာ ပထမတစ်ခါနှင့် မတူတော့ပေ။
လိပ်ကဲ့သို့ အလွန်နှေးကွေးစွာ ရွေ့လျားရင်း ဝတ်ရုံနက်လူမှ သူ့ထံ ဓားမရောက်သေးဟု ထင်ချိန်တွင် ရုတ်တရက် အလွန် လျင်မြန်သွား၏။
မျက်စိတစ်မှိတ်အတွင်း အရင်အင်အားနှင့် ပေါင်းစည်းသွားလေသည်။
ချက်ချင်းပင် လျှပ်စီးဓားအရိပ်သည် မီးတောက်ဓားအား လွှမ်းမိုး၍ ဖျက်ဆီးလိုက်၏။
ထို့နောက် ဝတ်ရုံနက်ကျင့်ကြံသူ၏ လည်ပင်းအထိ ဆက်တိုက် ခြိမ်းခေါက်လေသည်။
ဘုံး!
ဝတ်ရုံနက်ကျင့်ကြံသူမှာ သစ်သားရုပ်ကဲ့သို့ လွင့်ထွက်သွားပြီး ကျောက်နံရံနှင့် တိုက်မိကာ ကျိုးကြေသွား၏။
ပြီးနောက် သွေးများ အဆက်မပြတ်အန်ကာ အသားအရောင်လည်း ပြာနှမ်းလာသည်။
ရှန်မို့တိုက်ခိုက်မှုကြောင့် အပြင်းအထန် ထိခိုက်သွားလေ၏။
ဖန်ကျီယွီ မျက်လုံးပြူးလျက် မယုံကြည်နိုင်အောင် ဖြစ်နေသည်။
“မင်း… ဘယ်လို မကောင်းဆိုးဝါးလဲ”
ဝတ်ရုံဖြူကျင့်ကြံသူမှာ သူ့အရှေ့တွင် လာရပ်ပြီး
“ခေါင်းဆောင်ငယ် ဒီလူက လုံးဝ ပုံမှန်မဟုတ်ဘူး။ ရှားပါးဆေးတစ်မျိုးမျိုးသောက်ပြီး ကျင့်ကြံမှု တိုးမြှင့်ထားတာ ဖြစ်မယ်”
“ကျွန်တော်တို့ သူ့ကို မယှဉ်နိုင်တော့ဘူး။ အလကား အချိန်ကုန်တာပဲ အဖက်တင်လိမ့်မယ်။ မြန်မြန် ထွက်ပြေးတာ အကောင်းဆုံးပါ”
ဖန်ကျီယွီ တည်ငြိမ်စွာဖြင့်
“ငါ့မှာ နောက်ထပ်တိုက်ကွက် ရှိသေးတယ်”
လီထက် သွေးနွယ်အကာအကွယ် စတော့”
သူ ထအော်လိုက်၏။
ဂိတ်ပေါက်တွင် စောင့်နေသော လီထက်မှာ ချက်ချင်း စိတ်ဝိညာဉ်စွမ်းအင်များကို ကျောက်စိမ်းပြားထဲသို့ သွင်းလိုက်သည်။
ထိုကျောက်စိမ်းပြားမှာ သွေးနွယ်အကာအကွယ်ကို ထိန်းချုပ်နိုင်၏။
သူ စွမ်းအင်များ သွင်းလိုက်သည်နှင့် အကာအကွယ် စတင်လာသည်။
ထိုအခါ မြေပြင်ထဲမှ နွယ်နီစွမ်းအင်များ စိမ့်ထွက်လာ၏။
ထိုစွမ်းအင်မှာ သူတို့ (၄) ဦးကို ရစ်ပတ်လျက် (၅) စက္ကန့်မျှအတွင်း ရှန်မိုနှင့် အကြီးအကဲလီတို့၏ ခြေထောက်များကို ထိန်းချုပ်လေသည်။
“ဒါက… အလယ်အဆင့် သိမ်မွေ့နက်နဲခြင်း သွေးနွယ် အကာအကွယ်ပဲ။ ဘယ်အချိန်တည်းက ရှိနေတာလဲ”
အကြီးအကဲလီ မျက်လုံးပြူးလျက် အလွန်လန့်သွား၏။
ထိုကဲ့သို့အရာမှာ အလွန်ဈေးကြီးပြီး တော်ရုံဖြင့် ဝယ်မရပေ။
အတိအကျမြှုပ်နှံရန် အချိန်လည်း ပေးရ၏။
ထိုစဉ် ဖန်ကျီယွီနှင့် အဖြူဝတ်ကျင့်ကြံသူတို့၏ ခြေထောက်များတွင် သွေးနွယ်များစွာ ရစ်နွယ်နေသည်။
သို့သော် လက်သီးဆုပ် (၂) ခုခန့်ရှိသော မြက်လုံးများအား ထုတ်လိုက်၏။
တစ်ခုကို အဖြူဝတ်ကျင့်ကြံသူထံ ပစ်ပေးလိုက်သည်။
သွေးနွယ်ပင်တွင် ဆူးများပါသော်လည်း နွယ်မြက်လုံးမှာ အလွန်အင်အားကြီး၍ သွေးနွယ်ပင်ကို နိုင်သည်။
ထိုအခါ သွေးနွယ်ပင်များသည် ရှန်မိုနှင့် အကြီးအကဲလီဘက် လှည့်လာပြန်၏။
အဖြူဝတ်ကျင့်ကြံသူမှ သက်ပြင်းချ၍ လေးစားစွာဖြင့်
“ခေါင်းဆောင်ငယ်ကတော့ အကုန်လုံးကို ကြိုတွေးထားတာပဲ”
“ဒီအကာအကွယ်နဲ့ဆိုရင် သူတို့ တိုက်ခိုက်စွမ်းရည်တွေ လုံးဝ ကျသွားမှာ”
ဖန်ကျီယွီ ပြုံးလျက်
“အားတော့နာပေမဲ့ ဒီလောက်အထိ သုံးရလိမ့်မယ်လို့တော့ မထင်ထားဘူး”
အကြီးအကဲလီမှာ ပိုဒေါသထွက်လာ၏။
“ခေါင်းဆောင်ငယ်… အခု သွားသင့်ပြီနော်။ တကယ် လွတ်လမ်းမရှိတော့ဘူး”
သူ အံကြိတ်ကာ ပြောသည်။
ရှန်မိုမှာ အင်အားကြီးသော်လည်း ပစ်မှတ်ကြီးအဖြစ် သတ်မှတ်ခံထားရ၍ အန္တရာယ် အလွန်များသည်။
သို့သော် ရှန်မိုမှာ ရယ်မော၍
“အကြီးအကဲလီ ကျွန်တော့်မှာ ပစ္စည်းတစ်ခု ရှိနေတာကို မေ့သွားပြီလား”
အကြီးအကဲလီ ချက်ချင်း သဘောမပေါက်ဘဲ အံ့ဩနေသည်။
ဖန်ကျီယွီနှင့် ဝတ်ရုံဖြူကျင့်ကြံသူတို့မှာတော့ ချက်ချင်း ဆက်တိုက်ခိုက်ရန် လှုပ်ရှားကြ၏။
ရုပ်ရှင်ထဲမှ လူဆိုးများကဲ့သို့ စကားပြောခန်းကို စောင့်ပေးမည် မဟုတ်ပါ။
ဖန်ကျီယွီမှ ကြာပွတ်ကို ထုတ်၍ အဖြူဝတ် ကျင့်ကြံသူမှာ လှံဖြင့် ရှန်မို့လည်ပင်းကို ချိန်ထားသည်။
ရှန်မိုမှာ ပြင်းထန်သော တိုက်ခိုက်မှု (၂) ခုကိုကြည့်၍ သက်ပြင်းချလျက်…
ကြာနီမီးတောက်ကို စတင်လေသည်။
ဘုံး!
ပြင်းထန်သော မီးတောက်နီသည် ရုတ်တရက် ပေါ်လာပြီး ရှန်မို့ခြေထောက်၌ ရစ်ပတ်နေသော သွေးနွယ်များကို လောင်ကျွမ်းသွား၏။
“နေမင်း (၉) သွယ် နတ်ဇာမဏီသိုင်း ဒုတိယပုံစံ”
ရှန်မို ညာဘက်လက်ဖြင့် မီးတောက်နီကို စုနေသည်။
ဖန်ကျီယွီတို့လည်း အန္တရာယ်ကို ချက်ချင်း ခံစားမိ၏။
“ချတော့”
ဘုံး!
ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်လာ၏။
ဖန်ကျီယွီမှာ အဖြူဝတ်ကျင့်ကြံသူ၏ ကာကွယ်မှုကြောင့် ဆိုးဆိုးဝါးဝါး မထိခိုက်သော်လည်း ထိုလူမှာတော့ တစ်ကိုယ်လုံး လောင်ကျွမ်းကာ အသားရောင်ပင် မမြင်ရတော့ပေ။
အကြီးအကဲလီသည် သတိထားမိကာ အမြန် ပြေးလိုက်သောကြောင့် အကြွင်းအကျန်မျှသာ ထိသွား၏။
“ခေါင်းဆောင်ငယ် သူတို့က အင်အားကြီးတယ်နော်။ ကျွန်မရဲ့ ရွှေအမြုတေကို ခွဲလိုက်ပြီး အတူတူ အပျက်စီးခံလိုက်မယ်။ ခေါင်းဆောင်ငယ်က ပြေးပါတော့”
ရှန်မို သူ့ကိုလှမ်းဆွဲ၍
“ဘယ်သူက ခွင့်ပြုလို့လဲ”
ရှန်မို ချက်ချင်း အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုကို သုံး၍ အဖြူဝတ် ကျင့်ကြံသူ၏ အနောက်မှ ဖျတ်ခနဲ ပေါ်လာသည်။
ထို့နောက် မိုးကြိုးဓားဖြင့် သူ့ပုံရိပ်ငယ်ထဲသို့ ထိုးချလိုက်၏။
ရွှေအမြုတေမှာ အလွန်လျင်မြန်စွာလည်ရင်း စွမ်းအင်များ စိမ့်ထွက်လာသည်။