အခန်း (၁၆၅၄-၁၆၅၆)
Vol. 111 Ch. 1654-1656
အခန်း(၁၆၅၄)
ငြိမ်းချမ်းနေသော ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကို ကြည့်ကာ ယန်ချန်၏ မျက်နှာထက်တွင် ဝေခွဲမရသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျင်းချိုးရန်က အသက်ကိုခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
"အခြေအနေက ငါတို့ မျှော်လင့်ထားတာနဲ့ တူမနေဘူး.. အားလုံးပဲ သတိမပြတ်ထားရမယ်"
ထိုစကားကို ပြောပြီးသည်နှင့် ကျင်းချိုးရန်သည် သတိကြီးစွာ ထားကာ သူ၏ အဖွဲ့ကို ဦးဆောင်၍ ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော် ဆီသို့ ချက်ချင်းဆိုသလို ဦးဆောင်သွားခဲ့သည်။
ဤသို့ဖြင့် ကျင်းချိုးရန်တို့ အဖွဲ့သည် အင်ပါယာမြို့တော်နှင့် မိုင်၁၀၀ အကွာအဝေးကို အလွန်လျင်မြန်စွာပင် ရောက်ရှိလာခဲ့ကြ၏။
"ရန်သူတွေ ရောက်လာပြီဟေ့.. ရန်သူတွေ ရောက်လာပြီ"
ထိုအချိန်မှာပင် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော် မြိုးရိုးထက်မှ အစောင့်အချို့သည် ကျင်းချိုးရန်တို့ လူစု ချဥ်းကပ်လာသည်ကို မြင်လျှင် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို ရာနှင့်ချီသော ရွှေရောင်ဝတ်စုံဝတ် စစ်သည်များသည် မြို့ရိုးပေါ်တွင် ထွက်ပေါ်လာခဲ့၏။
သူတို့အားလုံးက လက်နက်များကို ကိုယ်စီ ကိုင်ဆောင်ထားကြပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြသည်။
မြို့စောင့်တပ်၏ ခေါင်းဆောင်ဖြစ်သူက ကျင်းချိုးရန်တို့ လူစုကို စူးရှစွာ စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ.. ဒီကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ"
"ကြည့်ရတာ ထျန်းဖန်းနိုင်ငံက အင်ပါယာမြို့တော်က သွေးလမင်းကုန်းမြေရဲ့ ကျုးကျော်ခြင်းကို မခံရသေးဘူးနဲ့တူတယ်"
ကျင်းချိုးရန်က မြို့ရိုးပေါ်မှ ထျန်းဖန်းနိုင်ငံ၏ အစောင့်စစ်သည်များကို မြင်လျှင် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်နှလုံးထဲကနေ အံ့အားသင့်သွားခဲ့၏။
ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကို သွေးလမင်းကုန်းမြေ၏ စစ်တပ်က မကျူးကျော်ရသေးလျှင် အင်ပါယာမြို့တော်ကို ဝိုင်းရံထားသည့် သွေးလမင်းကုန်းမြေ၏ စစ်တပ်သည် အဘယ်ကြောင့် ထူးခြားစွာ ပျောက်ကွယ်သွားရပါသနည်း။
သူတို့ ရရှိထားသော စစ်သတင်းအရ ဆိုလျှင် သွေးလမင်းကုန်းမြေ၏ စစ်တပ်သည် လုံးဝကို အသာစီးရနေခဲ့၏။
၎င်းတို့က ထျန်းဖန်းနိုင်ငံကို သိမ်းပိုက်ကာနီး အချိန်မှ ရုတ်တရက် ထွက်ခွာသွားစရာ အကြောင်းမရှိပေ။
ဤအခြေအနေသည် အလွန်ကို ထူးဆန်းနေခဲ့သည်။
"ငါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ အကြီးအကဲ ကျင်းချိုးရန်ပါ.. ရှေးဟောင်းနဂါး မျိုးနွယ်စုက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ထျန်းဖန်းနိုင်ငံကို စစ်ကူပေးဖို့ အတွက် ရောက်လာခဲ့တာပဲ.. ထျန်းဖန်းဧကရာဇ်ကို သတင်းပို့ပေးပါလို့ တောင်းဆိုပါတယ်"
ကျင်းချိုးရန်က သူ၏စိတ်ထဲမှ သံသယများကို ဖိနှိပ်ထားလိုက်ပြီး မြို့ရိုးပေါ်မှ ရွှေရောင်ဝတ်စုံဝတ် စစ်သည်အဖွဲ့၏ ခေါင်းဆောင်ကို ပြောလိုက်သည်။
ဤမြို့ရိုးပေါ်မှ အစောင့်များက သူတို့ကို မတားဆီးခဲ့လျှင်ပင် သူက အဖွဲ့ကို ဦးဆောင်ကာ အင်ပါယာမြို့တော် ထဲသို့ အတင်းအကျပ် ဝင်ရောက်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်အခြေအနေသည် အလွန်ပင် ထူးဆန်းနေခဲ့သည်။
အကယ်၍သာ ထျန်းဖန်းနိုင်ငံကို သွေးလမင်းကုန်းမြေက သိမ်းပိုက်ထားပြီး ဤအစောင့်များသည် သွေးလမင်းကုန်းမြေမှ စစ်သည်များ အယောင်ဆောင်ထားသည် ဆိုလျှင် သူတို့က မြို့ထဲကို အလျင်စလို ဝင်ရောက်လိုက်သည်နှင့် ထောင်ချောက်ထဲကို ကျရောက်သွားနိုင်သည် မဟုတ်ပါလား။
"အကြီးအကဲကျင်း.. ခဏလောက်စောင့်ပေးပါ.. ကျွန်တော်ဧကရာဇ်ကို သတင်းပို့ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ့မယ်"
မြို့စောင့်တပ်၏ ခေါင်းဆောင် ဖြစ်သူက ရှေးဟောင်းနဂါး မျိုးနွယ်စုမှ စစ်ကူဖြစ်မှန်း သိလိုက်သည်နှင့် လျစ်လျူမရှုရဲတော့ပေ။
သူက စစ်သည်တစ်ယောက်ကို ဤနေရာမှ သတင်းအား အလျင်အမြန်ပင် ပေးပို့စေလိုက်သည်။
သိပ်မကြာခင်မှာပင် ပုံရိပ်နှစ်ခုသည် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကနေ ဘေးချင်းယှဥ်ကာ ထွက်ပေါ်လာခဲ့သည်။
ကျင်းချိုးရန်က ထိုနှစ်ယောက်ကို မြင်လျှင် အံ့အားသင့်သွားခဲ့၏။
ကျင်းချိုးရန်သည် ထိုနှစ်ယောက်နှင့် လုံးဝမစိမ်းပေ။
ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ ရွှေရောင်နဂါးဝတ်စုံကိုဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူဖြစ်ပြီး သူနှင့် ရင်းနှီးသောဆက်ဆံရေး ရှိသည့် ထျန်းဖန်းဧကရာဇ် ဖြစ်သည်။
ထျန်းဖန်းဧကရာဇ်၏ နံဘေးကမူ တခြားသူ မဟုတ်ဘဲ ကျန်းချန် ဖြစ်နေခဲ့၏။
"ဟားဟား.. အကြီးအကဲကျင်းက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ကျွန်တော့်ကို ကူညီဖို့ ရောက်လာခဲ့တယ်.. ဒါက ကျွန်တော့်တို့ ထျန်းဖန်းနိုင်ငံအတွက် တကယ့်ကို ဂုဏ်ယူစရာပဲ"
ကျင်းချိုးရန် အံ့အားသင့်နေသော အချိန်မှာပင် ထျန်းဖန်းဧကရာဇ်၏ ဖော်ရွေသော ရယ်မောသံသည် သူ၏နားထဲကို တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
"ထျန်းဖန်းဧကရာဇ်က အားနာနေပါပြီ"
ကျင်းချိုးရန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
"ငါ ဒီကိုလာတဲ့လမ်းမှာ သွေးလမင်းကုန်းမြေရဲ့စစ်တပ်က ထျန်းဖန်းနိုင်ငံရဲ့ မြို့တော်ကို ဝိုင်းရံထားတယ်လို့ ကြားသိခဲ့ရတယ်.. ဒါပေမဲ့ ဒီကို ရောက်လာတော့ သွေးလမင်းကုန်းမြေရဲ့စစ်တပ်ကို မတွေ့ရတော့ဘူး ဘာတွေဖြစ်ပျက်ခဲ့တာလည်းဆိုတာ ငါ့ကို ပြောပြလို့ရမလား"
ထိုစကားကိုကြားလျှင် ထျန်းဖန်းဧကရာဇ်က ပြုံးရွှင်စွာ ပြောလိုက်သည်။
"သွေးလမင်းကုန်းမြေရဲ့ စစ်တပ်က ထျန်းဖန်းနိုင်ငံရဲ့ အင်ပါယာမြို့တော်ကို တကယ်ပဲ ဝိုင်းရံထားခဲ့ပါတယ်.. ဒါပေမဲ့ အခုတော့ ဖြေရှင်းပြီးသွားပါပြီ"
"ဖြေရှင်းပြီးသွားပြီ.. ဟုတ်လား"
ကျင်းချိုးရန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သွေးလမင်းကုန်းမြေ၏ စစ်တပ်က အလွန်တရာ အင်အားကြီးမားသဖြင့် ထျန်းဖန်းနိုင်ငံသည် ဆက်တိုက်ဆိုသလို မြို့ရွာများကို လက်လွှတ်ခဲ့ရ၏။
ထို့ကြောင့်လည်း ရှေးဟောင်းနဂါး မျိုးနွယ်စုသည် သူ့ကို ကောင်းကင်နဂါးမြို့တော်မှ တပည့်များကို စစ်ကူ စေလွှတ်ခဲ့ခြင်းပင်။
သို့သော်လည်း သူတို့ မရောက်သေးခင်မှာပင် ထျန်းဖန်းနိုင်ငံသည် သွေးလမင်းကုန်းမြေမှ စစ်တပ်ကို ဖြေရှင်းပြီးသား ဖြစ်နေခဲ့၏။
ထျန်းဖန်းနိုင်ငံသာ သွေးလမင်းကုန်းမြေမှ စစ်တပ်ကို အမှန်တကယ် အနိုင်ယူနိုင်သော စွမ်းရည်ရှိလျှင် အင်ပါယာမြို့တော်ကို ဝိုင်းရံခံထားလောက်သည် အထိ ဖြစ်စရာအကြောင်းမရှိပေ။
"ဒါတွေအားလုံးက အကြီးအကဲကျင်း စေလွှတ်ခဲ့တဲ့ ညီနောင်ကျန်းချန်ကြောင့်ပါ"
ထျန်းဖန်းဧကရာဇ်က ပြုံးရွှင်စွာ ပြောလိုက်သည်။
"ညီနောင်ကျန်းချန်က သွေးလမင်းကုန်းမြေက ကောင်းကင်နတ်ဘုရား သုံးပါးကို သတ်ဖြတ်ပစ်ခဲ့ပြီး သွေးလမင်းကုန်းမြေရဲ့စစ်တပ်ကို အနိုင်ယူဖို့ ငါတို့ကို ကူညီခဲ့တယ်.. သွေးလမင်းကုန်းမြေဘက်က ကောင်းကင်နတ်ဘုရားဒုတိယအဆင့်ကျင့်ကြံသူကလွဲရင် ဒီစစ်ပွဲမှာ အားလုံး သေဆုံးသွားခဲ့ပြီ"
ထျန်းဖန်းဧကရာဇ်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်နှယ် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် အကြီးအကဲနှစ်ယောက်ဖြစ်သည့် ကျင်းချိုးရန်နှင့် ယန်ချန် ဖြစ်စေ၊ လျှိုထျန်းရှင်းနှင့် တခြား ကောင်းကင်နဂါးမြို့တော်မှ ထိပ်တန်းတပည့်များ ဖြစ်စေ အံ့သြမှင်တက်နေခဲ့ကြပြီး အချိန်အတော်ကြာသည်အထိ ပြန်လည် အသိဝင်မလာခဲ့ကြပေ။
သူတို့ လမ်းခရီးတွင် ရှိနေစဥ် ထျန်းဖန်းနိုင်ငံကို အရင်ဆုံး သွားရောက်ခဲ့သည့် ကျန်းချန်သည် သူ၏ တစ်ကိုယ်တော်စွမ်းရည်ဖြင့် ထျန်းဖန်းနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။
ထို့အပြင် ကျန်းချန်သည် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား သုံးပါးကိုပင် သတ်ဖြတ်ပစ်လိုက်သေး၏။
ဤသည်က အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းဆောင်ရည် ဖြစ်သည်။
သာမန် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူပင် ထိုကဲ့သို့လုပ်ဆောင်ရန် ခက်ခဲလိမ့်မည် မဟုတ်ပါလား။
ကျန်းချန်က အလွန်အမင်း ပါရမီရှိပြီး ရှေးဟောင်းနဂါး မျိုးနွယ်စု၏ သန်းနှင့်ချီသော သမိုင်းအတွင်း ပါရမီအရှိဆုံး ကျင့်ကြံသူ ဆိုလည်း မမှားပေ။
သို့သော်လည်း ကျန်းချန်က ဤမျှပင် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ကျန်းချန်က ပကတိနတ်ဘုရား အဆင့်ဖြင့်ပင် နယ်ပယ်အဆင့်ကို ကျော်လွန်ကာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ သုံးယောက်ကို သတ်ဖြတ်ပစ်လိုက်သည်။
ဆိုရလျှင် သူတို့ ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ပါးကို မမျှော်လင့်ဘဲ မွေးဖွားနိုင်ခဲ့၏။
"ညီနောင်ကျန်းချန်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကနဲ့ ယှဥ်ရင် အဆများစွာ အစွမ်းထက်လာတဲ့ပုံပဲ"
လျှိုထျန်းရှင်းက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကူကယ်ရာမဲ့စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် ကျန်းချန်နှင့်တွေ့ဆုံခဲ့ပြီး ကျန်းချန်၏ နောက်သို့ လိုက်ပါခဲ့သည်။
ထို့ကြောင့် ကျန်းချန်က တစ်ဆင့်ပြီးတစ်ဆင့် မည်ကဲ့သို့ တိုးတက်လာသလဲ ဆိုသည်ကို မျက်မြင်တွေ့ခဲ့ရ၏။
မဟာနဂါးနန်းတော်ကနေ ထွက်လာစဥ် ကတည်းကပင် ကျန်းချန်သည် နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အများအပြားကို ဖိနှိပ်ခဲ့သည်။
ဤသည်ကပင် အလွန်အမင်း ထိတ်လန့်စရာ ကောင်းနေခဲ့ချေပြီ။
ယခုအခါ ရှေးဟောင်နဂါး အမွေအနှစ် နယ်မြေထဲကနေ ထွက်လာပြီး တစ်နှစ်ကျော် အချိန်အတွင်းမှာပင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။
ဤကဲ့သို့ တိုးတက်မှုနှုန်းသည် အမှန်တကယ်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
"ဒီကောင်လေးက ဒီအဆင့်အထိတောင် ကြီးပြင်းလာခဲ့ပြီလား"
ယန်ချန်က ထျန်းဖန်းဧကရာဇ်နှင့် ဘေးချင်းယှဥ်ကာ ရပ်နေသော ကျန်းချန်ကို တအံ့တသြ ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က အဖြစ်အပျက်ကို သူမ မှတ်မိသေး၏။
ထိုအချိန်က ကျန်းချန်သည် ကောင်းကင်နဂါး မြို့တော်ကို စတင် ဝင်ရောက်လာသည့် ကောင်လေး တစ်ယောက်မျှသာ ဖြစ်သည်။
သို့ရာတွင် ယခုအခါ၌ ကောင်းကင်နတ်ဘုရား အဆင့်ကိုပင် အနိုင်ယူနိုင်ခဲ့ချေပြီ။
ဆိုရလျှင် ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် သူမထက်ပင် ပို၍ အစွမ်းထက်နေပြီ ဆိုလည်းမမှားပေ။
ထိုထက်ပို၍ အရေးကြီးသော အချက်မှာ ကျန်းချန်သည် ပကတိနတ်ဘုရား အဆင့်ဖြင့် ကောင်းကင်နတ်ဘုရားကို အဆင့်ကျော် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသည်က နယ်ပယ်အဆင့် အတားအဆီးကို အဆင့်ကျော်၍ တိုက်ခိုက်နိုင်သည့် ဒဏ္ဍာရီလာ ပါရမီရှင်တစ်ယောက်ပင် မဟုတ်ပါလား။
ဤကဲ့သို့သော ပါရမီရှင်မျိုးသည် အနာဂတ်တွင် နယ်မြေနတ်ဘုရားအဆင့်ကို ရောက်ရှိရန်အတွက် အရည်အချင်းပြည့်မီသည်ဟုပင် ဆို၍ရ၏။
ဤသတင်းသာ ရှေးဟောင်းနဂါး မျိုးနွယ်စုဆီ ပြန်ရောက်သွားခဲ့လျှင် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် နယ်မြေနတ်ဘုရားသည် ကျန်းချန်ကို တိုက်ရိုက်တပည့်အဖြစ်ပင် လက်ခံလိမ့်မည်ကို သူမ စိုးရိမ်နေမိသည်။
"အကြီးအကဲကျင်း.. ထျန်းဖန်းနိုင်ငံကို ကျူးကျော်တာက သွေးလမင်းကုန်းမြေရဲ့ လှုပ်ရှားမှုအစပဲလို့ ငါထင်တယ်.. သွေးလမင်းကုန်းမြေက ရှုံးနိမ့်သွားခဲ့ပေမဲ့ သိပ်မကြာခင် ပြန်ရောက်လာလိမ့်မယ်လို့ စိုးရိမ်မိတယ်.. အကြီးအကဲကျင်းတို့အနေနဲ့ ကျွန်တော်တို့ ထျန်းဖန်းနိုင်ငံကို ကာကွယ်ဖို့ အကူအညီပေးမယ်လို့ မျှော်လင့်ပါတယ်"
လူတိုင်း အံ့သြထိတ်လန့်နေသော အချိန်တွင် ထျန်းဖန်းဧကရာဇ်၏ အသံသည် သူတို့၏ နားထဲကို ဝင်ရောက်လာခဲ့သည်။
ကျင်းချိုးရန်က အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်ကာ ပြုံး၍ ပြောလိုက်သည်။
"ထျန်းဖန်းဧကရာဇ် စိတ်မပူပါနဲ့.. ကျွန်တော်တို့က ထျန်းဖန်းနိုင်ငံကို ကူညီဖို့အတွက် ရောက်လာတာ ဆိုတော့ သွေးလမင်းကုန်းမြေက စစ်တပ်ကို ထျန်းဖန်းနိုင်ငံရဲ့ နယ်မြေအတွင်း ထပ်ပြီးတော့ ခြေချခွင့် ပြုမှာမဟုတ်ဘူး"
အခန်း(၁၆၅၄)ပြီး၏။
အခန်း(၁၆၅၅)
ထျန်းဖန်းနိုင်ငံ၏ အနောက်တွင်ရှိသည့် တားမြစ်နယ်မြေတွင် ကျန်းချန်သည် ကျောက်တုံးတစ်တုံးပေါ်၌ တစ်ကိုယ်တည်း ထိုင်နေခဲ့သည်။
သူ၏ရှေ့တွင် မီတာ၁၀၀ခန့် မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိ၏။
ထိုရှေးဟောင်းသစ်ပင်မှ အကိုင်းအခက်များသည် အလွန်တရာ သန်စွမ်းပြီး သစ်ပင် တစ်ပင်လုံးသည် ငွေရောင်မိုးကြိုးအလင်းများ စီးဆင်းနေခဲ့သည်။
ထို့အပြင် ထိုရှေးဟောင်းသစ်ပင်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးစွမ်းအားများကို ခပ်ရေးရေး ထုတ်လွှတ်နေခဲ့၏။
သာမန် ပကတိနတ်ဘုရားတစ်ပါးသာ ဆိုလျှင် ရှေးဟောင်းသစ်ပင်ပေါ်မှ ငွေရောင်မိုးကြိုးဖြင့် ထိမိသည်နှင့် ငွေရောင်မိုးကြိုး၏ စွမ်းအားကြောင့် ချက်ချင်းဆိုသလို ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။
စင်စစ် ထိုရှေးဟောင်းသစ်ပင်သည် ရှေးဟောင်းမိုးကြိုးသစ်ပင် ဖြစ်ပြီး ထျန်းဖန်းနိုင်ငံ၏ အထွတ်အမြတ်ရတနာတစ်ပါး ဆိုလည်း မမှားပေ။
ဒဏ္ဍာရီအရ ထျန်းဖန်းနိုင်ငံ၏ ပထမဆုံး ဧကရာဇ်သည် ရှေးဟောင်းအမွေအနှစ် နယ်မြေတစ်ခုတွင် နတ်ငှက်တစ်ကောင်ကို ကယ်တင်ပေးခဲ့ဖူးသည်။
ထိုအခါ နတ်ငှက်သည် သူ၏အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် ဤရှေးဟောင်းမိုးကြိုးသစ်ပင်ကို ထျန်းဖန်းနိုင်ငံ၏ ပထမဆုံး ဧကရာဇ်ဆီ လက်ဆောင်ပေးခဲ့၏။
ထို့နောက်တွင် ထျန်းဖန်းဧကရာဇ်သည် ဤနေရာတွင် ထျန်းဖန်းနိုင်ငံတော်ကို တည်ထောင်ခဲ့ပြီး ရှေးဟောင်း မိုးကြိုးသစ်ပင်ကို နိုင်ငံ၏ အထွတ်အမြတ် ရတနာတစ်ပါး အဖြစ် သတ်မှတ်ခဲ့သည်။
ရှေးဟောင်းမိုးကြိုးသစ်ပင်သည် ကမ္ဘာဦးအစက မဟာသစ်ပင်သုံးပင်နှင့် နှိုင်းယှဥ်၍ မရသော်လည်း ကမ္ဘာပေါ်တွင် ရှားပါးသည့် အထွတ်အမြတ်သစ်ပင်တစ်ပင် ဖြစ်သည်။
ယင်းသစ်ပင်သည် အမြင့်မြတ်ဆုံး မိုးကြိုးစွမ်းအားဖြင့် မွေးဖွားလာခဲ့၍ မိုးကြိုးလမ်းစဥ် ဥပဒေသကို ကျင့်ကြံသူများအတွက် စိတ်ကူးအိပ်မက်ထဲမှ ရတနာတစ်ပါး ဆိုလည်း မမှားပေ။
ဤရှေးဟောင်း မိုးကြိုးသစ်ပင်ကြောင့်ပင် ထျန်းဖန်းနိုင်ငံ၌ မိုးကြိုးလမ်းစဥ်ကို ကျင့်ကြံသော ကျင့်ကြံသူ များစွာ ပေါ်ထွက်လာခဲ့ကြသည်။
ထို့အပြင် ၎င်းတို့သည် ရှေးဟောင်းနဂါး ကုန်းမြေတွင် ကောင်းကင်နတ်ဘုရားများ ဖြစ်လာခဲ့ကြ၏။
ကျင်းချိုးရန် ရောက်ရှိလာခြင်းနှင့်အတူ ထျန်းဖန်းနိုင်ငံနှင့်ပတ်သက်သည့် ကျန်းချန်၏ ဝန်ထုပ်ဝန်ပိုးသည် အတော်လေး လျော့ကျသွားခဲ့သည်။
ထို့ကြောင့် ကျန်းချန်က ထျန်းဖန်း ဧကရာဇ်ထံမှ ခွင့်တောင်း၍ ရှေးဟောင်း မိုးကြိုးသစ်ပင်၏ စွမ်းအားဖြင့် သူ၏ မိုးကြိုးလမ်းစဥ် ဥပဒေသ မူလစွမ်းအားကို တိုးတက်အောင်လုပ်ရန် ရည်ရွယ်ခဲ့သည်။
"ရှေးဟောင်း မိုးကြိုးသစ်ပင်က မိုးကြိုးလမ်းစဥ် ဥပဒေသကို နားလည်ဖို့ အတွက် အကောင်းမွန်ဆုံး ရတနာပဲ.. ဒီတစ်ကြိမ် ငါ့ရဲ့ မိုးကြိုးလမ်းစဥ် ဥပဒေသ မူလစွမ်းအားကို ပြီးပြည့်စုံတဲ့အဆင့်အထိ နားလည်ဖို့အတွက် ဒီရှေးဟောင်း မိုးကြိုးသစ်ပင်က အကူအညီပေးနိုင်မယ်လို့ မျှော်လင့်တယ်"
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့သည်။
ယခုအခါတွင် သူသည် မိုးကြိုးလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ၈၀ ရာခိုင်နှုန်းကျော် နားလည်ခဲ့ပြီ ဖြစ်သည်။
သူ၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုဖြင့်သာ ဆိုလျှင် ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိရန် အနည်းဆုံး နှစ်အနည်းငယ်ကြာ လိုအပ်လိမ့်မည် ဖြစ်၏။
ယင်းအတွက်ကြောင့် သူ၏ ရှေ့တွင် ရှိနေသည့် ရှေးဟောင်းမိုးကြိုးသစ်ပင်သည် မိုးကြိုးလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို လျင်မြန်စွာ နားလည်နိုင်ရန် အတွက် အကောင်းဆုံး အခွင့်အရေးပင် မဟုတ်ပါလော။
ထိုသို့ တွေးမိသည်နှင့် ကျန်းချန်သည် တွေဝေမနေတော့ဘဲ ရှေးဟောင်း မိုးကြိုးသစ်ပင်၏ စွမ်းအားကို အပြည့်အဝ နားလည်ရန် စတင်လိုက်သည်။
"ဒင်.. သင်က ရှေးဟောင်း မိုးကြိုးသစ်ပင်ရဲ့ မိုးကြိုးစွမ်းအားကို ခံစားပြီး မိုးကြိုးလမ်းစဥ်ဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ရှေးဟောင်း မိုးကြိုးသစ်ပင်ရဲ့ မိုးကြိုးစွမ်းအားကို ခံစားပြီး မိုးကြိုးလမ်းစဥ်ဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ရှေးဟောင်းမိုးကြိုးသစ်ပင်ရဲ့ မိုးကြိုးစွမ်းအားကို ခံစားပြီး မိုးကြိုးလမ်းစဥ်ဥပဒေသ မူလစွမ်းအား အတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"
".........."
ရှေးဟောင်း မိုးကြိုးသစ်ပင်ကနေ ရရှိသည့် မိုးကြိုးလမ်းစဥ်ဥပဒေသ မူလစွမ်းအား၏ အတွေ့အကြုံရမှတ်ကို ခံစားမိလျှင် ကျန်းချန်သည် အလွန်တရာ ပျော်ရွှင်သွားခဲ့သည်။
ဤရှေးဟောင်းမိုးကြိုးသစ်ပင်သည် မိုးကြိုးလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို နားလည်ရန်အတွက် အကူအညီပေးနိုင်သည့် ရတနာတစ်ပါး ဖြစ်၏။
ဆိုရလျှင် ရှေးဟောင်းမိုးကြိုးသစ်ပင်သည် ဒသမတောင်ထွတ်တွင် မိုးကြိုးလမ်းစဥ် ဥပဒေသ မူလစွမ်းအားကို နားလည်အောင် ကြိုးစားခြင်းထက်ပင် ၁၀ဆပို၍ မြန်ဆန်နေခဲ့သည်။
ဤအတိုင်းသာဆိုလျှင် သူ၏ မိုးကြိုးလမ်းစဥ် ဥပဒေသမူလစွမ်းအားသည် တစ်ခဏအတွင်း ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိသွားနိုင်မည် ဖြစ်၏။
ကျန်းချန်က ရှေးဟောင်း မိုးကြိုးသစ်ပင်၏ အရှေ့တွင် အပတ်တကုတ် ကြိုးစားနေခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်သည် ၁လ အကြာတွင် မိုးကြိုးလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို ၉၀ ရာခိုင်နှုန်းနီးပါး အထိ နားလည်သွားခဲ့၏။
၃လ အကြာတွင်မူ ကျန်းချန်၏ စိတ်ထဲကနေ စနစ်၏ သာယာသော အချက်ပေးသံသည် အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်၏ မိုးကြိုးလမ်းစဥ် ဥပဒေသက ပြီးပြည့်စုံသော အဆင့်အထိ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"
စနစ်၏ အချက်ပေးသံကို ကြားလျှင် ကျန်းချန်သည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သူ၏ မျက်နှာထက်တွင် အလွန်အမင်း စိတ်ကျေနပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
"ကောင်းလိုက်တာ မိုးကြိုးလမ်းစဥ်ဥပဒေသရဲ့ မူလစွမ်းအားကို ပြီးပြည့်စုံတဲ့အဆင့်အထိ ရောက်ဖို့ ၃လလောက်ပဲ လိုအပ်လိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"
ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသောအဆင့်အထိ ရောက်ရှိသွားပြီးနောက်တွင် နောက်ထပ်ကိုယ်ခံပညာ ဥပဒေသ တစ်ခု၏ မူလစွမ်းအားကို ကျန်းချန်သည် ပြီးပြည့်စုံသော အဆင့်အထိ နားလည်သွားခဲ့သည်။
ပြောရလျှင် သူဆန္ဒရှိသရွေ့ သူ၏ ခန္ဓာကိုယ်ထဲမှာ မူလစွမ်းအား၂မျိုးကို ကမ္ဘာ့စွမ်းအား အဖြစ် ချက်ချင်းဆိုသလို စုစည်းကာ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
"အပြင်ထွက်ဖို့ အချိန်တန်ပြီ.. ငါ ဒီမှာ၃လလောက် လေ့ကျင့်နေခဲ့တာဆိုတော့ ထျန်းဖန်းနိုင်ငံမှာ ဘယ်လို အခြေအနေတွေဖြစ်နေမလဲ မသိဘူး"
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို မတ်တတ်ထရပ်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့၏။
-----------------
တစ်ချိန်တည်းမှာပင် ရွှေရောင်ဝတ်စုံဝတ် အစောင့်နှစ်ယောက်သည် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာနန်းတော် အနောက်ရှိ တားမြစ်နယ်မြေ ဝင်ပေါက်တွင် စောင့်ဆိုင်းနေခဲ့ကြသည်။
သူတို့က တားမြစ်နယ်မြေ၏ ဝင်ပေါက်ထဲကို မကြာခဏ စိုက်ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် စိတ်ပူပန်သော အရိပ်အယောင်များ ရှိနေခဲ့၏။
"သွေးလမင်းကုန်းမြေက စစ်ကူတွေကို ထပ်မံ စေလွှတ်လိုက်ပြန်ပြီ.. ဧကရာဇ်နဲ့တခြားသူတွေလည်း ခေါင်းခဲနေရပြီ.. ဆရာကျန်းချန်က ဘာလို့ အခုအချိန်ထိ ထွက်မလာသေးတာလဲ မသိဘူး"
ရွှေရောင်ဝတ်စုံဝတ် အစောင့်တစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒါမှမဟုတ် ငါတို့အထဲကို ဝင်ပြီး အခြေအနေကို ဆရာကျန်းချန်ဆီ တင်ပြကြရအောင်"
"မလုပ်နဲ့.. တားမြစ်နယ်မြေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရင် သေဒဏ်ပဲ.. ဒါ့အပြင် ဧကရာဇ်က ဆရာကျန်းချန် ကျင့်ကြံတာကို အနှောင့်အယှက်မပေးဖို့ ငါတို့ကို အကြိမ်ကြိမ် မှာခဲ့တာ မင်း မေ့နေပြီလား"
နောက်ထပ် အစောင့်တစ်ယောက်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
"ဒါပေမဲ့.."
ရွှေရောင်ဝတ်စုံဝတ် အစောင့်က စကားပြောရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် တားမြစ်နယ်မြေထဲကနေ လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့သည်။
မကြာခင်မှာပင် သူတို့နှင့် အလွန်တရာ ရင်းနှီးသော အနက်ရောင်ပုံရိပ် တစ်ခုကို သူတို့ တွေ့လိုက်ရ၏။
"ဆရာကျန်းချန်"
ရွှေရောင်ဝတ်စုံဝတ် အစောင့်နှစ်ယောက်က တားမြစ်နယ်မြေထဲကနေ ထွက်လာသည့် ကျန်းချန်ကို ကြည့်လိုက်ကြသည်။
ထို့အပြင် သူတို့၏ မျက်နှာထက်တွင် အံ့သြသော အမူအရာများ ပြည့်နှက်နေခဲ့၏။
လွန်ခဲ့သော ၃လအကြာက ဆရာကျန်းချန်သည် တစ်ကိုယ်တော် စွမ်းရည်ဖြင့် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို ရှင်းလင်းကာ ထျန်းဖန်းနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းပေးခဲ့သည်။
သူတို့က ထိုဖြစ်ရပ်ကို သူတို့၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ကမ္ပည်းတင်ထားခဲ့၏။
ဆိုရလျှင် ထျန်းဖန်းနိုင်ငံမှ ပြည်သူတစ်ရပ်လုံးသည် ကျန်းချန်ကို ထျန်းဖန်းနိုင်ငံ၏ ကယ်တင်ရှင်အဖြစ် ခြွင်းချက်မရှိ သတ်မှတ်ထားခဲ့ကြသည်။
ယခု ကျန်းချန်က ကျင့်ကြံရာကနေ ထွက်ခွာလာခဲ့ပြီဖြစ်ရာ သူတို့သည် အလွန်အမင်း ပျော်ရွှင်သွားခဲ့ကြ၏။
"မင်းတို့ ခုနက ပြောနေတာကို ငါကြားလိုက်ရတယ်.. လက်ရှိအခြေအနေက ဘယ်လိုလဲဆိုတာ ငါ့ကို ပြောပြစမ်းပါဦး"
"ဟုတ်ကဲ့ ဆရာကျန်းချန်"
ရွှေရောင်ဝတ်စုံဝတ် အစောင့်နှစ်ယောက်က ပြန်ဖြေလိုက်ပြီး ကျန်းချန်ကို အလျင်အမြန်ပင် ပြောပြလိုက်သည်။
လွန်ခဲ့သော ၃လမတိုင်ခင်က တိုက်ပွဲတွင် ယိုထျန်းခွေ့ဦးဆောင်သော သွေးလမင်း ကုန်းမြေမှ စစ်တပ်တစ်ခုလုံးကို ဖျက်ဆီးပြီးနောက်တွင် ထျန်းဖန်းနိုင်ငံသည် ငြိမ်းချမ်းမှုကို ယာယီရရှိခဲ့သည်။
သို့သော်လည်း ထိုငြိမ်းချမ်းမှုသည် ကြာရှည်မခံခဲ့ပေ။
လွန်ခဲ့သော လဝက်ခန့်တွင် သွေးလမင်းကုန်းမြေမှ စစ်တပ်သည် ထျန်းဖန်းနိုင်ငံကို ထပ်မံ တိုက်ခိုက်လာခဲ့သည်။
ထျန်းဖန်း ဧကရာဇ်နှင့် ကျင်းချိုးရန် အပါအဝင် ကောင်းကင်နတ်ဘုရား ၄ပါးသည် သွေးလမင်းကုန်းမြေမှ စစ်တပ်ကို ခုခံရန် ကျင့်ကြံသူများကို ဦးဆောင်ခဲ့ကြသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သွေးလမင်းကုန်းမြေသည် ထျန်းဖန်းနိုင်ငံကို သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားပုံရပြီး စစ်ကူများကိုပါ စေလွှတ်ခဲ့၏။
ထို့ကြောင့် ထျန်းဖန်းနိုင်ငံဘက်မှ ကောင်းကင်နတ်ဘုရား ၄ပါးရှိနေသည့်တိုင် သွေးလမင်းကုန်းမြေ၏ ထိုးစစ်ကို ရပ်တန့်ရန် ခက်ခဲနေခဲ့၏။
ယင်းအတွက်ကြောင့်လည်း တားမြစ်နယ်မြေ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ရွှေရောင်ဝတ်စုံဝတ် အစောင့်နှစ်ယောက်သည် ကျန်းချန် ထွက်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြခြင်းပင်။
ရွှေရောင်ဝတ်စုံဝတ် အစောင့်ထံမှ စကားများကို ကြားလျှင် ကျန်းချန်သည် မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့၏။
ကောင်းကင်နတ်ဘုရား၄ပါး၏ စွမ်းအားဖြင့်ပင် ခုခံဖို့ မလုံလောက်လျှင် သွေးလမင်းကုန်းမြေသည် အနည်းဆုံးကောင်းကင်နတ်ဘုရား ၅ပါးကို စေလွှတ်လိုက်ခြင်း ဖြစ်နိုင်သည် မဟုတ်ပါလော။
သိထားရမည့်အချက်မှာ ကောင်းကင်နတ်ဘုရား အဆင့်သည် ရှေးဟောင်းနဂါးကုန်းမြေနှင့် သွေးလမင်းကုန်းမြေတွင် ရှားပါးသော ကျင့်ကြံသူများ ဖြစ်သည်။
ရှေးဟောင်းနဂါး ကုန်းမြေတစ်ခုလုံးမှာပင် ကောင်းကင်နတ်ဘုရား ၁၀၀ကျော် မရှိပေ။
ယခုအခါ ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရှေ့တန်းစစ်မျက်နှာပြင် အတွက် သွေးလမင်းကုန်းမြေကို ရင်ဆိုင်ရန် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ စွမ်းအားကြီးမားသော ကျင့်ကြံသူ အများအပြားကို စုစည်းခဲ့သည်။
သို့သော်လည်း သွေးလမင်းကုန်းမြေကမူ ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရန် အတွက် ဤမျှလောက် များပြားသည့် ကောင်းကင်နတ်ဘုရားများကို စေလွှတ်ရန် လုံလောက်သော စွမ်းအား ရှိနေဆဲပင်။
ဤသည်ကိုကြည့်လျှင် သွေးလမင်းကုန်းမြေ၏ စွမ်းအားသည် ရှေးဟောင်းနဂါးကုန်းမြေထက် ပို၍ သန်မာသည်မှာ ထင်ရှား၏။
စစ်ရေး အခြေအနေက ကောင်းမွန်ခြင်း မရှိသည်ကို သိရလျှင် ကျန်းချန်သည် အင်ပါယာနန်းတော် ထဲတွင် ဆက်လက်နေလိုခြင်းမရှိတော့ပေ။
သူ၏ပုံရိပ်က ဖျတ်ခနဲ လက်သွားခဲ့ပြီး အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် ထျန်းဖန်းနိုင်ငံ၏ အရှေ့ဘက်အရပ် ဆီသို့ ထွက်လာခဲ့၏။
အခန်း(၁၆၅၅)ပြီး၏။
အခန်း(၁၆၅၆)
လက်ရှိအချိန်တွင် ဖေးယွင်ခံတပ် အရှေ့ဘက်ရှိ အဆုံးမဲ့လွင်ပြင်များသည် အပျက်အစီးများ အဖြစ် ပြောင်းလဲနေခဲ့ပြီဖြစ်သည်။
ယိုထျန်းခွေ့သည် ကောင်းကင်နတ်ဘုရား ၃ပါးကို ခေါ်ဆောင်ကာ ထျန်းဖန်းနိုင်ငံကို ထပ်မံ တိုက်ခိုက်ခဲ့သည်။
ထျန်းဖန်းနိုင်ငံတွင်လည်း ထျန်းဖန်းဧကရာဇ် အပါအဝင် ကောင်းကင်နတ်ဘုရား ၄ပါး ရှိနေ၍ သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို ကောင်းစွာ တားဆီးနိုင်ခဲ့သည်။
မူလတွင် နှစ်ဖက်စလုံး၏ အင်အားက အညီအမျှသာ ဖြစ်ပြီး မည်သည့်ဘက်ကမှ အသာစီး မရခဲ့ပေ။
သို့သော်လည်း နောက်ထပ်၂ရက် အကြာတွင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား၂ပါးကို စစ်ကူအဖြစ် ထပ်မံစေလွှတ်လိုက်သည်။
ယင်းနောက်တွင် ထျန်းဖန်းနိုင်ငံသည် သိသိသာသာပင် အရေးနိမ့်လာခဲ့ပြီး ထျန်းဖန်းဧကရာဇ်သည် ဖေးယွင်ခံတပ်အထိ တပ်ဆုတ်ခဲ့ရ၏။
ကျန်းချန်က ဖေးယွင်ခံတပ်သို့ ရောက်လာသောအခါ လူအများအပြားက သူ့ကို နှုတ်ဆက်ခဲ့ကြသည်။
ထိုအထဲတွင် ကောင်းကင်နဂါးမြို့တော်မှ တပည့်များလည်း ပါဝင်ခဲ့ပြီး အများစုသည် ပြင်းထန်သော ဒဏ်ရာများကို ရရှိထားကြသည်။
ဖေးယွင်ခံတပ် တစ်ခုလုံးသည် စိတ်ပျက်စရာ အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့၏။
"ညီနောင်ကျန်းချန်"
"ဆရာကျန်းချန် ရောက်လာပြီဟေ့"
ကျန်းချန် ရောက်ရှိလာခြင်းသည် ဖေးယွင်ခံတပ်ရှိ လူအများ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။
သူတို့က မျှော်လင့်ချက်ရောင်ခြည်ကို မြင်လိုက်ရသကဲ့သို့ ချက်ချင်းပင် စိတ်အားတက်ကြွလာကြသည်။
ကျန်းချန်သည် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို သတ်ဖြတ်ခဲ့ပြီး ထျန်းဖန်းနိုင်ငံကို ဒုက္ခဆင်းရဲကနေ ကယ်တင်ခဲ့သူ ဖြစ်သည်။
ယခု ထျန်းဖန်းနိုင်ငံတွင် ကျန်းချန်၏ လွှမ်းမိုးမှုသည် ထျန်းဖန်းဧကရာဇ်၏ လွှမ်းမိုးမှုထက် လုံးဝ မနိမ့်ကျပေ။
ယင်းအချိန်တွင် ထျန်းဖန်းနိုင်ငံ၏ စစ်ဗိုလ်ချုပ် တစ်ယောက်က တလေးတစား အမူအရာဖြင့် ကျန်းချန်ဆီသို့ ရောက်လာခဲ့၏။
"ဆရာကျန်းချန်.. ဧကရာဇ်က ခန်းမထဲမှာ အစည်းအဝေးလုပ်နေတယ်.. ကျွန်တော် ဆရာကျန်းချန်ကို ခေါ်သွားပေးမယ်"
"ကောင်းပြီ"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် အစည်းအဝေးခန်းမ ရှိရာသို့ စစ်ဗိုလ်ချုပ်နှင့်အတူ လိုက်ပါသွားခဲ့သည်။
ဖေးယွင်ခံတပ်ရှိ ခန်းမထဲတွင် ထျန်းဖန်းဧကရာဇ် အပါအဝင် ကောင်းကင်နတ်ဘုရား ၄ပါးသည် ဆွေးနွေးနေခဲ့ကြသည်။
ထို့အပြင် အစည်းအဝေးခန်းမ၏ အငွေ့အသက်သည် မှုန်မှိုင်းနေခဲ့၏။
ကျန်းချန် ရုတ်တရက် ရောက်ရှိလာခြင်းသည် ခန်းမထဲရှိ လူ၄ဦးကို အနည်းငယ် စိတ်သက်သာရာ ရသွားစေခဲ့သည်။
"ညီနောင်ကျန်းချန်.. မင်းရောက်လာပြီပေါ့"
ထျန်းဖန်းဧကရာဇ်က ခန်းမထဲကို ဝင်ရောက်လာသည့် ကျန်းချန်ကိုမြင်လျှင် စိတ်လှုပ်ရှားကာ မတ်တတ် ထရပ်လိုက်သည်။
သူ၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်က ကောင်းကင်နတ်ဘုရား အဆင့်ကို မထိုးဖောက်ရသေးသော်လည်း ကောင်းကင်နတ်ဘုရား အဆင့်ကို အနိုင်ယူနိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
ထို့အပြင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူတို့ထက် လုံးဝမနိမ့်ပေ။
ယနေ့တွင် ထျန်းဖန်းနိုင်ငံသည် ယခင်ကလိုပင် အကျပ်အတည်းထဲ ပြန်လည် ကျရောက်နေပြီ ဖြစ်ရာ ထျန်းဖန်းဧကရာဇ်၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကျန်းချန်သာ ဖြစ်သည်။
ကျန်းချန်က ခန်းမထဲရှိ ကောင်းကင်နတ်ဘုရား ၄ပါးကို အကဲခတ်လိုက်ရာ ထျန်းဖန်းဧကရာဇ်မှ လွဲလျှင် ကျင်းချိုးရန်တို့ ၃ယောက်စလုံးသည် အနည်းငယ် ဒဏ်ရာရရှိထားသည်ကို သတိပြုမိခဲ့သည်။
သူတို့အားလုံးက စစ်ပွဲတွင် ဒဏ်ရာရရှိခဲ့ပုံရ၏။
"တောင်းပန်ပါတယ် ဧကရာဇ်.. ရှေးဟောင်း မိုးကြိုးသစ်ပင်က မိုးကြိုးစွမ်းအားကို နားလည်ရာမှာ အနည်းငယ် တိုးတက်လာတဲ့အတွက် အချိန်နည်းနည်းလောက် ပိုကြာသွားခဲ့တယ်"
ကျန်းချန်က ထျန်းဖန်းဧကရာဇ်ကို ပြုံး၍ ပြောလိုက်သည်။
ထို့နောက်တွင် သူက အပိုစကားများ ထပ်မပြောတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်၏။
"ဒါနဲ့ ဒီတစ်ခေါက်မှာ သွေးလမင်းကုန်းမြေက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဘယ်နှစ်ယောက်ကို စေလွှတ်လိုက်တာလဲ ဧကရာဇ်"
"ခြောက်ယောက်ပါ.. ယိုထျန်းခွေ့က ပထမတော့ ကောင်းကင်နတ်ဘုရား၃ပါးကို ခေါ်ပြီး ထျန်းဖန်းနိုင်ငံကို လာတိုက်ခဲ့တယ်.. အဲဒီထိုးစစ်ကို ကိုင်တွယ်နိုင်ခဲ့ပေမဲ့ နောက်ထပ်နှစ်ရက်အကြာမှာ သူတို့ဘက်က ကောင်းကင်နတ်ဘုရား၂ပါးကို ထပ်ပြီး အင်အားဖြည့်တင်းခဲ့တယ်.. အဲဒီနှစ်ယောက်ထဲက တစ်ယောက်က သွေးလမင်းကုန်းမြေက ဆဋ္ဌမသခင်လေးပဲ"
ထျန်းဖန်းဧကရာဇ်က ကျန်းချန်ကို စိတ်ရှည်လက်ရှည်ပင် ရှင်းပြခဲ့သည်။
ဤတစ်ခေါက် ထျန်းဖန်းနိုင်ငံကို တိုက်ရာတွင် သွေးလမင်းကုန်းမြေ၏ ခွန်အားသည် ယခင်တစ်ခါကထက် များစွာပို၍ တောင့်တင်းလာခဲ့၏။
သတိမထားမိသည်နှင့် ထျန်းဖန်းနိုင်ငံသည် သွေးလမင်းကုန်းမြေ၏ လက်ထဲတွင် အမှန်တကယ် ဖျက်ဆီးခံရလိမ့်မည် ဖြစ်သည်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
"သွေးလမင်းကုန်းမြေရဲ့ ဆဋ္ဌမသခင်လေးက အရမ်းအစွမ်းထက်လား"
"သွေးလမင်းကုန်းမြေရဲ့ နယ်မြေနတ်ဘုရား ကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ သခင်လေး၉ယောက် ရှိပြီး သူတို့ ၁ယောက်ချင်းစီက အရမ်းကို ထူးခြားတယ်.. အထူးသဖြင့် ဆဋ္ဌမသခင်လေး ထူယွမ်က သွေးလမင်းကုန်းမြေရဲ့ သခင်လေး ၉ပါးထဲမှာ တတိယမြောက် အစွမ်းအထက်ဆုံး ကျင့်ကြံသူပဲ.. ထူယွမ်က ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်တဲ့အပြင် ဒုတိယအဆင့်နဲ့ သိပ်မဝေးတော့ဘူး.. ဒါ့အပြင် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သာမန် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ထက် လုံးဝမနိမ့်ကျဘူး"
ကျင်းချိုးရန်က သွေးလမင်းကုန်းမြေမှ သခင်လေး ၉ပါး၏ အချက်အလက်များကို သိထားခဲ့သည်။
ထို့ကြောင့် သူက သခင်လေး ၉ပါးထဲမှ ဆဋ္ဌမသခင်လေး ထူယွမ်နှင့် ပတ်သက်သည့် အချက်အလက်များကို ကျန်းချန်အား ရှင်းပြလိုက်၏။
ကျင်းချိုးရန်၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ဤသွေးလမင်းကုန်းမြေမှ ဆဋ္ဌမသခင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူနှင့် ယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျမည်မဟုတ်ပေ။
ထို့အပြင် ဆဋ္ဌမသခင်လေးနှင့် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ယိုထျန်းခွေ့သာ ပေါင်းစပ်လိုက်လျှင် သွေးလမင်းကုန်းမြေသည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူ၂ယောက်ကို ပိုင်ဆိုင်ထားသည်နှင့် ညီမျှသည်။
သို့ဖြစ်ရာ ထျန်းဖန်းဧကရာဇ်တို့ ကောင်းကင်နတ်ဘုရား ၄ပါးသည် သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးမှ ကျင်းချိုးရန်ကိုပြောလိုက်သည်။
"ကျွန်တော်တို့ ရှေးဟောင်းနဂါးမျိုးနွယ်စုမှာလည်း နယ်မြေနတ်ဘုရားရဲ့ တပည့်တွေရှိတယ် မဟုတ်လား"
"ငါတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ နယ်မြေနတ်ဘုရားက အနည်းဆုံး နှစ်ပေါင်းတစ်သိန်းလောက်မှ တပည့်တစ်ယောက်ကို မွေးလေ့ရှိတယ်.. ဒါကြောင့် တပည့်အရေအတွက်က အရမ်းနည်းပြီး စုစုပေါင်းသုံးယောက်ပဲ ရှိတယ်"
ကျင်းချိုးရန်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
"အခု ဒီသုံးယောက်က ရှေ့တန်း စစ်မျက်နှာပြင်မှာ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ အဓိကအင်အား ဖြစ်နေတယ်.. ဒါကြောင့် ခေါင်းဆောင်က သူ့တပည့်သုံးယောက်ကို ထျန်းဖန်းနိုင်ငံဆီ စေလွှတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ထိုစကားကိုကြားလျှင် ကျန်းချန် ခေါင်းခါရမ်းလိုက်သည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် နယ်မြေနတ်ဘုရားတွင် တပည့်နည်းပါးရသည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ နယ်မြေနတ်ဘုရား၏ အာရုံကို ဆွဲဆောင်နိုင်သည့် ပါရမီရှင်မှာ အလွန်တရာ ရှားပါးသောကြောင့်ပင်။
နယ်မြေနတ်ဘုရား အဆင့်ကို မပြောနှင့်၊ အကြီးအကဲချုပ်လုံကျန့်ရှင်းမှာပင် တပည့်ရင်းတစ်ယောက်သာ ရှိသည်။
ဤသည်ကို ကြည့်လျှင် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား၏ အာရုံကို ဆွဲဆောင်နိုင်သည့် ပါရမီရှင်ပင် မည်မျှ ရှားပါးကြောင်း သိနိုင်ပေသည်။
ထို့အပြင် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရှေးဟောင်းနဂါးကုန်းမြေတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းကျော်ကမှ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သွေးလမင်းနန်းတော်ကမူ သွေးလမင်းကုန်းမြေတွင် အနည်းဆုံး နှစ်ပေါင်း ၅သန်း သမိုင်းကြောင်း ရှိ၏။
ထို့ကြောင့် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် သွေးလမင်းနန်းတော်ကို လုံးဝ နှိုင်းယှဥ်၍ မရပေ။
"ကျွန်တော်နားမလည်တာ တစ်ခုရှိတယ်.. သွေးလမင်းနန်းတော်က ရှေးဟောင်းနဂါး မျိုးနွယ်စုထက် သမိုင်းကြောင်းပိုပြီး ရှည်လျားတာပဲ.. ရှေးဟောင်းနဂါးမျိုးနွယ်စု မတည်ထောင်ရသေးခင်မှာ ဘာလို့ သူတို့က ရှေးဟောင်းနဂါးကုန်းမြေကို မသိမ်းပိုက်ရတာလဲ"
ကျန်းချန်က စူးစမ်းသော လေသံဖြင့် မေးလိုက်သည်။
ရှေးဟောင်းနဂါးကုန်းမြေသည် သွေးလမင်းကုန်းမြေနှင့် ကပ်လျက် တည်ရှိသည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု မတည်ထောင်ရသေးခင် ရှေးဟောင်းနဂါးကုန်းမြေတွင် နယ်မြေနတ်ဘုရားလုံးဝ မရှိခဲ့ပေ။
ထို့ကြောင့် သွေးလမင်းကုန်းမြေသာ ရှေးဟောင်းနဂါး ကုန်းမြေကို သိမ်းပိုက်ချင်လျှင် အလွယ်တကူပင် သိမ်းပိုက်နိုင်လိမ့်မည် ဖြစ်၏။
သို့သော်လည်း သွေးလမင်းကုန်းမြေသည် ထိုအချိန်က ရှေးဟောင်းနဂါး ကုန်းမြေကို မသိမ်းပိုက်ခဲ့ပေ။
ထိုအစား ရှေးဟောင်းနဂါးမျိုးနွယ်စု ပေါ်ထွက်လာပြီးနောက်မှသာ ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ခဲ့သည်။
ဤကဲ့သို့ ရွေးချယ်မှုသည် အလွန်ပင် မယုံကြည်နိုင်စရာကောင်းနေသည် မဟုတ်ပါလား။
"ဒီကိစ္စနဲ့ပတ်သက်ပြီး အကြီးအကဲချုပ် လုံကျန့်ရှင်း အရင်က ပြောပြခဲ့ဖူးတယ်"
ကျင်းချိုးရန်က လေးနက်စွာပြောလိုက်သည်။
"အဲဒါက နယ်မြေနတ်ဘုရားတွေ ပိုင်ဆိုင်တဲ့ စွမ်းအားနဲ့ အများကြီး ဆက်စပ်မှုရှိနေတယ်လို့ သိရတယ်.. ဒါက ဘယ်လိုစွမ်းအားမျိုးလဲ ဆိုတာတော့ ငါလည်း အတိအကျမသိဘူး"
"နယ်မြေနတ်ဘုရားတွေ ပိုင်ဆိုင်တဲ့စွမ်းအားနဲ့ တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေတယ်လား"
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သည်။
သွေးလမင်းကုန်းမြေမှ နယ်မြေနတ်ဘုရားက မဟာစစ်ပွဲ စတင်ရန် ထိုက်တန်သည့် မည်ကဲ့သို့သော စွမ်းအားမျိုးကို ရှေးဟောင်းနဂါးကုန်းမြေမှ နယ်မြေနတ်ဘုရားက ပိုင်ဆိုင်ထားပါသနည်း။
"ကျန်းချန်.. သွေးလမင်းကုန်းမြေရဲ့ ကောင်းကင်နတ်ဘုရားတွေက အရမ်းအစွမ်းထက်တယ်.. ငါတို့ အစွမ်းကုန် တိုက်ခိုက်တာတောင် သူတို့ကို မယှဥ်နိုင်ခဲ့ဘူး.. အခု ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးက နောက်ထပ် တိုက်ပွဲပဲ"
"ငါတို့လေးယောက်က အခြေအနေကို ထိန်းထားမယ်.. မင်းက အမှောင်ထဲမှာ ပုန်းနေပြီး သွေးလမင်းကုန်းမြေက ကောင်းကင်နတ်ဘုရားတစ်ပါး၊ နှစ်ပါးလောက်ကို သတ်ဖြတ်ဖို့ အခွင့်အရေး စောင့်ဆိုင်းပါ.. ဒီလိုနည်းလမ်းနဲ့မှပဲ ငါတို့ဘက်က အနိုင်ရဖို့ အခွင့်အရေး ရနိုင်မယ်"
ထိုအချိန်မှာပင် ကျင်းချိုးယန်၏ အသံသည် ကျန်းချန်၏ နားထဲသို့ ထပ်မံ ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က သူ၏ အတွေးများကို ရပ်တန့်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ အကြီးအကဲကျင်း"
ဤတစ်ခေါက်တွင် သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား ၆ပါးကို စေလွှတ်ခဲ့သော်လည်း ကျန်းချန်သည် ကြောက်ရွံ့မှု မရှိခဲ့ပေ။
ယခုအခါတွင် သူသည် ကိုယ်ခံပညာဥပဒေသ ၇မျိုးတွင် ၂မျိုး၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ နားလည်နေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူများကို လွန်ခဲ့သော ၃လကထက် ပို၍ လွယ်ကူစွာ သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပါလား။
အကယ်၍ အကျပ်အတည်းနှင့် ကြုံတွေ့ခဲ့လျှင်ပင် ကမ္ဘာ့စွမ်းအား၂မျိုးကို စုစည်းကာ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သို့ တစ်ထိုင်တည်းဖြင့် တက်လှမ်းလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို ဖြေရှင်းရန်မှာ ပို၍ပင် လွယ်ကူသွားပေလိမ့်မည်။
အခန်း(၁၆၅၆)ပြီး၏။