← Chapters

အခန်း (၁၆၆၀-၁၆၆၂)

Vol. 111 Ch. 1660-1662

အခန်း (၁၆၆၀-၁၆၆၂)

Vol. 111 Ch. 1660-1662

အခန်း(၁၆၆၀)

ထျန်းဖန်းဧကရာဇ်နှင့်တခြားသူများသည် ကျင်းချိုးရန်၏ စကားကိုကြားလျှင် အလွန်အမင်း အံ့အားသင့်သွားကြသည်။

ကောင်းကင်နတ်ဘုရားကပ်ဘေးက ပြန်လည် ဆုတ်ခွာသွား၍ ကျင်းချိုးရန်ပြောသလို ကျန်းချန်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နေလောက်သည်။

တစ်ခြားတစ်ဖက်တွင်လည်း ထူယွမ် ဦးဆောင်သော သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၅ပါး၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။

"ဒီကောင်လေးက ကောင်းကင်နတ်ဘုရား ကပ်ဘေးကို မဖြတ်ကျော်ဘဲ ဘယ်လိုလုပ်ပြီး ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်သွားတာလဲ"

သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား တစ်ပါးက အဆုံးသတ်တွင် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ကျော်ဖြတ်ရန်အတွက် မဖြစ်မနေ ဖြတ်ကျော်ရမည့်အရာ ဖြစ်သည်။

သူ ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်စဥ်က ဆိုလျှင် အပြည့်အဝ ပြင်ဆင်ထားသည့်တိုင် များစွာ ကြိုးစားခဲ့ရပြီး ကောင်းကင်နတ်ဘုရား ကပ်ဘေးကနေ အသက်ရှင်အောင်မနည်း ကြိုးစားခဲ့ရသည်။

ထိုကောင်လေးက ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်ရာတွင်မူ ကောင်းကင်နတ်ဘုရား ကပ်ဘေးမိုးကြိုးသည် ဟန်ပြလောက်သာ ထွက်ပေါ်လာခဲ့ပြီး သူ့ဘာသာသူပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

"ရှေးဟောင်းကျမ်းစာတွေမှာတော့ ရှေးဟောင်းဒဏ္ဍာရီထဲမှာ ကောင်းကင်ဥပဒေသတွေကို လျစ်လျူရှုနိုင်တဲ့ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင်တွေ ရှိတယ်လို့ ဆိုထားတယ်.. ရှေးဟောင်းကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတာက အမှန်တကယ်ဖြစ်နေလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"

ယိုထျန်းခွေ့၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူက နှုတ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်၏။

ထိုနေ့က ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော် အပြင်ဘက်ရှိ တိုက်ပွဲကတည်းကပင် ယိုထျန်းခွေ့သည် ကျန်းချန်၏ ပါရမီက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည်ကို သိနှင့်နေပြီးသား ဖြစ်သည်။

သို့သော်လည်း ကျန်းချန်က ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားသည့် အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ယခုအခါတွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ သူတို့အနေဖြင့် ဆုတ်ခွာရလိမ့်မည် မဟုတ်ပါလော။

"ဆဋ္ဌမသခင်လေး.. ကျွန်တော်တို့ နောက်ဆုတ်ရအောင်.. ဒီကောင်လေးကို ကျွန်တော်တို့ ရင်ဆိုင်နိုင်တော့မှာ မဟုတ်ဘူး"

ယိုထျန်းခွေ့က စိတ်နှလုံးထဲမှ အံ့အားသင့်မှုကို ဖိနှိပ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူကာ နံဘေးရှိ ထူယွမ်ကို အလျင်အမြန် ပြောလိုက်သည်။

"ဆုတ်ခွာကြ"

ထူယွမ်၏ မျက်ဝန်းများက မှုန်မှိုင်းနေခဲ့သည်။

သူက အေးစက်စက် ရေရွတ်လိုက်ပြီး ထွက်သွားရန် တစ်ဖက်သို့ လှည့်လိုက်သည်။

သူ၏ ရှေ့မှ ကျန်းချန်ဟု ခေါ်သော ကောင်လေးသည် အလွန်တရာပင် ပါရမီထူးကဲပြီး ကောင်းကင် ဥပဒေသကိုပင် လျစ်လျူရှုကာ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ထိုင်တည်း ထိုးဖောက်သွားခဲ့သည်။

ကောင်းကင်နတ်ဘုရားအဆင့်ကို မထိုးဖောက်မီကပင် ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူ့ထက် မနိမ့်ပေ။

ယခု ထိုကောင်လေးက ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်သွားပြီဖြစ်ရာ အရာအားလုံးတွင် သူ့ကို လုံးဝကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန် ကြောက်မက်ဖွယ်ရာကောင်း‌သော အဆင့်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သို့ ရောက်ရှိသွားသော ကျန်းချန်ကို သူ့အနေဖြင့် လုံးဝ ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

ထူယွမ်က ဤနေရာတွင် အနည်းငယ်မျှပင် ဆက်လက် မနေရဲတော့ပေ။

ဤနေရာတွင် ဆက်လက် ရှိနေမည်ဆိုလျှင် သူ့အနေဖြင့် ကျဆုံးသွားနိုင်သည့် အန္တရာယ်ပင် ရှိနေသည် မဟုတ်ပါလား။

"ဟားဟား ထွက်သွားချင်တယ်လား.. ငါတို့ရှေးဟောင်းနဂါးကုန်းမြေက မင်းလာချင်သလိုလာပြီး သွားချင်သလို သွားလို့ရတဲ့ နေရာမဟုတ်ဘူး.. မင်းက ရှေးဟောင်းနဂါးကုန်းမြေကို ကျူးကျော်ရဲမှတော့ မင်းရဲ့အသက်ကို ရှေးဟောင်းနဂါးကုန်းမြေဆီမှာ ထားခဲ့ရလိမ့်မယ်"

ကျန်းချန်က နောက်ဆုတ်ရန် ပြင်ဆင်နေသည့် ထူယွမ်တို့ လူစုကို ကြည့်လိုက်သည်။

သူ၏ အေးစက်စက် ရယ်သံသည် ပတ်ဝန်းကျင်တစ်ခွင် လုံးဝကို ဟိန်းထွက်လာခဲ့သည်။

ထို့နောက်တွင် သူက လေထဲတွင် ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ပုံရိပ်သည် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး မိုင်၁၀၀ အကွာအဝေးကို ဖြတ်ကျော်ကာ ထူယွမ်တို့ လူစု၏ အနောက်တွင် ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အပြည့်အဝ လှုံ့ဆော်လိုက်ပြီး သိုင်းစွမ်းအား ပုံရိပ်ဖြင့် ထူယွမ်တို့ ကောင်းကင်နတ်ဘုရား ၅ပါးကို ဖိနှိပ်လိုက်သည်။

"အတူတူ တိုက်ခိုက်စို့"

ထူယွမ်က သူ၏လူများကို အမိန့်ပေးလိုက်သည်။

ယင်း‌နောက်တွင် သူတို့က ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ကျန်းချန်၏ ဦးခေါင်းအထက်မှ သိုင်းစွမ်းအားပုံရိပ်ကို တိုက်ခိုက်လိုက်ကြသည်။

ဤအချိန်တွင် ယိုထျန်းခွေ့နှင့် တခြား ကောင်းကင်နတ်ဘုရားများသည်လည်း လုံးဝ မပေါ့ဆရဲတော့ပေ။

ကောင်းကင်နတ်ဘုရားများ၏ တစ်ချိန်တည်း တိုက်ခိုက်မှုသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းပြီး စကားလုံးဖြင့်ပင် ဖော်ပြ၍ မရပေ။

သူတို့၏ တိုက်ခိုက်မှုကြောင့် မိုင်၁၀၀ ပတ်ဝန်းကျင်ရှိ နေရာလွတ်များသည်ပင် အဆက်မပြတ် ပြိုကျသွားခဲ့သည်။

သို့ရာတွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်ခဲ့ပြီ ဖြစ်၍ သူ၏ သိုင်းစွမ်းအားပုံရိပ်သည် အဆ ၁၀၀ကျော် ပို၍ အစွမ်းထက်သွားခဲ့ပြီ ဖြစ်သည်။

သာမန် ကောင်းကင်နတ်ဘုရား တတိယအဆင့်ပင် သူ၏သိုင်းစွမ်းအားပုံရိပ်ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ ထူယွမ်တို့ ကောင်းကင်နတ်ဘုရား ၅ပါးသည် သူ၏ သိုင်းစွမ်းအားပုံရိပ်ကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

သိုင်းစွမ်းအားပုံရိပ်၏ ဖိနှိပ်မှုအောက်တွင် ထူယွမ်၏ ၅ယောက်၏ အစွမ်းထက် တိုက်ခိုက်မှုများသည် ချေဖျက်ခံလိုက်ရသည်။

ယင်းနောက်တွင် သိုင်းစွမ်းအားပုံရိပ်က ထူယွမ်တို့ ၅ယောက်ပေါ်သို့ သက်ရောက်သွားခဲ့ရာ ၎င်းတို့အားလုံးသည် လေထဲတွင် လွင့်စင်သွားခဲ့ကြသည်။

အထူးသဖြင့် ကောင်းကင်နတ်ဘုရား ပထမအဆင့်သာ ရှိသော သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား သုံးပါးသည် ပါးစပ်ကနေ သွေးများကို အဆက်မပြတ် အန်ထုတ်လိုက်ရသည်။

ယင်းနောက်တွင် သူတို့က ဆန့်ကျင်ဘက်တွင် ရပ်နေသည့် ကျန်းချန်ကို ကြည့်လိုက်ကြ၏။

သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။

သူတို့ရှေ့မှ ကောင်လေးသည် သူတို့လို ကောင်းကင်နတ်ဘုရား၅ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကိုပင် အနိုင်ယူခဲ့သည်။

ဆိုရလျှင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်ခဲ့သည့် ကျန်းချန်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့ပြီ ဖြစ်၏။

ကျန်းချန်က‌ အေးစက်သောအကြည့်ဖြင့် ထူယွမ်တို့ကောင်းကင်နတ်ဘုရား ၅ပါးကို စိုက်ကြည့်လိုက်သည်။

သူက ထူယွမ်တို့ ၅ယောက်ကို အသက်ရှူဖို့ပင် အခွင့်အရေးမပေးခဲ့ဘဲ သိုင်းစွမ်းအားပုံရိပ်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။

ဤတစ်ခေါက်တွင်မူ သူ၏ သိုင်းစွမ်းအားပုံရိပ်ကနေ ကောင်းကင်ကိုပင် တုန်လှုပ်စေသော နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့သည်။

ထိုနဂါးဟိန်းသံတွင် ယခင်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုစွမ်းအားများ ပါဝင်နေပြီး ထူယွမ်တို့ ၅ယောက်ကို သက်ရောက်သွားခဲ့သည်။

ဤသည်မှာ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ် ဖြစ်သည်။

နတ်ဘုရင်အဆင့် နည်းစနစ်တစ်ခု အနေဖြင့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်တွင် သိုင်းစွမ်းအားပုံရိပ်၄ခု ရှိ၏။

ဤဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်သည် ပထမသိုင်းစွမ်းအားပုံရိပ်ထက် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်း၏။

ဤဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ကျန်းချန်က ကောင်းကင်နတ်ဘုရားဒုတိယအဆင့်ကို ထိုးဖောက်ပြီးမှသာ ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။

"ဒီကောင်လေးက ကောင်းကင်နတ်ဘုရားဒုတိယအဆင့်ကို ရောက်ရှိသွားပြီဖြစ်တဲ့အပြင် အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ပါ ပိုင်ဆိုင်ထားတယ် ဒါ့အပြင် ဒဏ္ဍာရီလာ နတ်ဘုရင်အဆင့်နည်းစနစ်ကိုပါ လေ့ကျင့်ထားတဲ့အတွက် ငါတို့အနေနဲ့ အစွမ်းကုန်ရင်ဆိုင်မှပဲ အသက်ရှင်လိမ့်မယ် မဟုတ်ရင်တော့ ငါတို့အားလုံး ဒီနေ့ ဒီနေရာမှာပဲ ကျဆုံးသွားကြလိမ့်မယ်"

ထူယွမ်က သူ၏လူများကို ချက်ချင်းဆိုသလို သတိပေးလိုက်သည်။

ထို့နောက်တွင် သူက ကျယ်‌လောင်စွာကြုံးဝါး၍ သူ၏ ခန္ဓာကိုယ်ကနေ ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထုတ်‌ဖော်လိုက်သည်။

ယိုထျန်းခွေ့တို့ ၄ယောက်စလုံးကလည်း သူတို့၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ကောင်းကင်နတ်ဘုရား ကမ္ဘာများကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။

သူတို့အားလုံးက ကျန်းချန်၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ရင်ဆိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြ၏။

သို့သော်လည်း ကျန်းချန်၏ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ဒုတိယမြောက် သိုင်းစွမ်းအား ပုံရိပ်သည် ပထမ သိုင်းစွမ်းအားပုံရိပ်ထက် များစွာပို၍ အစွမ်းထက်သည် ဖြစ်ရာ ထူယွမ်တို့ ၅ယောက် အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

"ဝုန်း ဝုန်း ဝုန်း..."

သိုင်းစွမ်းအားပုံရိပ်ကနေ ကောင်းကင်နှင့်မြေကြီးကိုပင် ဖိနှိပ်နိုင်သည့် နတ်စွမ်းအားက ထွက်ပေါ်လာခဲ့ပြီး ထူယွမ်တို့ ၅ယောက်၏ ကောင်းကင်နတ်ဘုရား ကမ္ဘာကို ချက်ချင်းဆိုသလို ပေါက်ကွဲသွားစေခဲ့သည်။

အထူးသဖြင့် ကောင်းကင်နတ်ဘုရား ပထမအဆင့်သာ ရှိသည့် ကျင့်ကြံသူ ၃ယောက်သည် ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်၏ နတ်စွမ်းအားနှင့် ရင်ဆိုင်ရသောအခါတွင် လုံးဝ ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။

သူတို့၏ ကောင်းကင်နတ်ဘုရားကမ္ဘာ ကြေမွသွားပြီးနောက်တွင် သူတို့ ကိုယ်တိုင်လည်း အော်ဟစ်ရန်ပင် အချိန်မရှိလိုက်ဘဲ ဝိညာဥ်ပါမကျန် ပျက်စီးသွားခဲ့သည်။

ထူယွမ်နှင့် ယိုထျန်းခွေ့ တို့သည်လည်း ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်၏ နတ်စွမ်းအားနှင့် ရင်ဆိုင်ရလျှင် မျက်နှာများ ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။

ထို့‌နောက်တွင် တစ်ကိုယ်လုံး တုန်ယင်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

ထိုသို့ လွင့်စင်သွားရာတွင် လေထဲ၌ အနက်ရောင်အက်ကြောင်းကြီး ၂ကြောင်းပင် ကျန်ရစ်ခဲ့သည်။

အခန်း(၁၆၆၀)ပြီး၏။

အခန်း(၁၆၆၁)

"အရမ်းကိုသန်မာလွန်းတာပဲ"

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ထျန်းဖန်းဧကရာဇ်နှင့် တခြားသူများသည် အံ့အားသင့်သွားကြသည်။

သူတို့က အချိန်အတော်ကြာ မှင်တက်သွားခဲ့ကြ၏။

ကျန်းချန်က နတ်ဆိုးဆန်သော ပါရမီရှိပြီး ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်လိုက်သည်နှင့် အလွန်တရာ အစွမ်းထက်သွားနိုင်သည်ကို သိထားသော်လည်း ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာ ကောင်းအောင် အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ခဲ့‌ပေ။

ကျန်းချန်သည် သိုင်းစွမ်းအားပုံရိပ်ဖြင့်ပင် သွေးလမင်းကုန်းမြေမှ ‌ကောင်းကင်နတ်ဘုရား ၅ပါးကို အလွယ်တကူပင် အနိုင်ယူလိုက်သည်။

ထိုအထဲတွင် ကောင်းကင်နတ်ဘုရား ပထမအဆင့် ၃ပါးသည် ချက်ချင်းဆိုသလို ဝိညာဥ်ပင် မကျန်ရှိတော့သည် အထိ ချေမှုန်းခံလိုက်ရသည်။

ထူယွမ်တို့ နှစ်ယောက်ကမူ သွေးအလိမ်းလိမ်း ဖြစ်ကာ အရိုးများ ကျိုးပဲ့သွားခဲ့ပြီး အတွင်းအင်္ဂါများလည်း ကွဲအက်သွားခဲ့သည်။

ဆိုရလျှင် သူတို့နှစ်ယောက်တွင် သက်တမ်းတစ်ဝက်သာလျှင် ကျန်ရှိတော့၏။

"မင်းတို့က အသက်ပြင်းသားပဲ"

ကျန်းချန်က ထူယွမ်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် သူက ကမ္ဘာ့စွမ်းအား၂မျိုးကို ထုတ်ဖော်၍ ချက်ချင်းဆိုသလို ပေါင်းစပ်လိုက်ရာ မိုးကြိုးအရှိန်အဝါနှင့်ဓားအရှိန်အဝါများဖြင့် တောက်ပနေသော ကောင်းကင်နတ်ဘုရားကမ္ဘာ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထူယွမ်တို့ နှစ်ယောက်ကို လွှမ်းမိုးလိုက်သည်။

ကျန်းချန်၏ ကောင်းကင်နတ်ဘုရားကမ္ဘာဖြင့် လွှမ်းမိုးခံရသည်ကို မြင်လျှင် ထူယွမ်၏ မျက်ဝန်းများသည် ရုတ်တရက် ကြုံ့ဝင်သွားခဲ့သည်။

သူက ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များအား ထုတ်လွှတ်နေသည့် အနီရောင် ဆံချည်တစ်မျှင်ကို ထုတ်ယူလိုက်သည်။

"ကျန်းချန် မင်းငါ့ကို စောင့်နေလိုက်.. ဒီနေ့ကိစ္စက ဒီမှာပဲ အဆုံးသတ်မှာ မဟုတ်ဘူး"

ထူယွမ်က ‌ဒေါသတကြီး ကြုံးဝါးပြီးနောက်တွင် အနီရောင်ဆံချည်မျှင်ကို လှုံ့ဆော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် တောက်ပသော သွေးအလင်းတစ်ခုသည် အနီရောင်ဆံချည်မျှင်က‌နေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုသွေးအလင်းက ကျန်းချန် ထုတ်ဖော်ထားသည့် ကောင်းကင်နတ်ဘုရား ကမ္ဘာ၏ နေရာလွတ်ကို ချက်ချင်းပင် ထိုးဖောက်သွားခဲ့ပြီး ထူယွမ်နှင့် အတူ ကျန်းချန်၏ ရှေ့ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထူယွမ်က အနီရောင် ဆံပင်၏ အကူအညီဖြင့် ထွက်ပြေးသွားခဲ့သော်လည်း ကျန်းချန်၏ ကောင်းကင်နတ်ဘုရား ကမ္ဘာထဲတွင် ကျန်နေခဲ့သည့် ယိုထျန်းခွေ့ကမူ ဤမျှလောက် ကံမကောင်းခဲ့ပေ။

သူက ကောင်းကင်နတ်ဘုရား သွေးအဆီအနှစ်၁စက်ကို အတင်းအကျပ် ထုတ်ယူကာ သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော်လည်း ယနေ့ကျန်းချန်သည် ယခင်ထက် အဆများစွာ အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ သူက ယိုထျန်းခွေ့ကို သွေးလွတ်မြောက်ခြင်း နည်းစနစ်အား ထုတ်ဖော်ရန် မည်ကဲ့သို့ အခွင့်အရေးပေးနိုင်ပါမည်နည်း။

သူက အတွေးတစ်ချက်ဖြင့်ပင် မိုးကြိုးဓား များစွာကို ကောင်းကင်နတ်ဘုရား ကမ္ဘာထဲတွင် ဖန်တီးလိုက်သည်။

ယင်းနောက်တွင် မိုးကြိုးဓားများသည် ယိုထျန်းခွေ့ ဆီသို့ ကျဆင်းလာခဲ့သည်။

အစောပိုင်းတွင် ယိုထျန်းခွေ့သည် ကျန်းချန်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သည်ဖြစ်ရာ ကျန်းချန်၏ မိုးကြိုးဓားများကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

မျက်စိတစ်မှိတ် အတွင်းမှာပင် မိုးကြိုးဓားများသည် ယိုထျန်းခွေ့ကို အစအနပင် မကျန်ရှိတော့သည်အထိ သတ်ဖြတ်ပစ်လိုက်သည်။

"ဆဋ္ဌမသခင်လေးဆီမှာ ဒီလောက် အစွမ်းထက်တဲ့ အသက်ကယ်ဝှက်ဖဲတစ်ခု ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး"

ကျန်းချန်က ခေါင်းခါရမ်းကာ ရေရွတ်လိုက်သည်။

ထူယွမ် အစောပိုင်းက အသုံးပြုခဲ့သည့် အနီရောင်ဆံချည်မျှင်ဆီကနေ ကျန်းချန်သည် နယ်မြေနတ်ဘုရား၏ စွမ်းအားကို ခပ်ရေးရေး ခံစားမိခဲ့သည်။

ထိုဆံပင်တွင် နယ်မြေနတ်ဘုရား၏ စွမ်းအား ပါဝင်နေရာ သူ့အနေဖြင့် ဆဋ္ဌမသခင်လေးကို လုံးဝ ဟန့်တားနိုင်မည် မဟုတ်ပေ။

"အဲဒီ အနီရောင်ဆံပင်က နယ်မြေနတ်ဘုရားရဲ့ဆံပင် ဖြစ်တဲ့အတွက် နယ်မြေနတ်ဘုရားရဲ့ စွမ်းအားတွေ ပါဝင်နေတာပဲ.. ဒီဆံပင်စွမ်းအားက သူ့ကို နယ်မြေနတ်ဘုရားဆီ ချက်ချင်းပို့ဆောင်ပေးနိုင်တယ်.. နယ်မြေနတ်ဘုရားရဲ့ စွမ်းအားကို ကောင်းကင်နတ်ဘုရားတွေက ကိုင်တွယ်ဖို့ မလွယ်ဘူး.. ဒါပေမဲ့ ဒီကောင်က မင်းရဲ့လက်ချက်နဲ့ အတော်လေး ဒဏ်ရာရသွားခဲ့တယ်.. င့ါအထင် သုံးလေးငါးနှစ် အတွင်းတော့ ပြန်ကောင်းလာမှာ မဟုတ်ဘူး"

ကျင်းချိုးရန်က ရှေ့ကိုတက်လာပြီး ပြုံးရွှင်စွာဖြင့် ကျန်းချန်ကို ရှင်းပြလိုက်သည်။

ထိုစကားကို ပြောနေရင်း သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ကျင်းချိုးရန်သည် ဖန်းချင်းယွမ်နှင့် ကောင်းမွန်သော ဆက်ဆံရေး အမြဲတစေ ရှိခဲ့သည်။

ဆိုရလျှင် ယနေ့ သူရရှိထားသော အဆင့်အတန်းသည် ဖန်းချင်းယွမ်၏ ကျေးဇူးနှင့်မကင်းပေ။

ထို့ကြောင့် ကျင်းချိုးရန်သည် ဖန်းချင်းယွမ်ကို အမြဲတစေ လေးစားခဲ့၏။

ထိုအကြောင်းကြောင့်လည်း ဖန်းချင်းယွမ်က ကျန်းချန်ကို ရှေးဟောင်းနဂါး မျိုးနွယ်စုဆီ ခေါ်ဆောင်လာစဥ် ကတည်းကပင် ကျင်းချိုးရန်သည် ကျန်းချန်ကို အနီးကပ် အာရုံစိုက်ခဲ့သည်။

သူ၏ မျက်စိရှေ့မှာပင် ကျန်းချန်သည် ကောင်းကင်နဂါး မြို့တော် ဝင်ခွင့် အကဲဖြတ်ပွဲကို နံပါတ်(၁)နေရာကနေ အောင်မြင်ခဲ့ပြီး ကောင်းကင်နဂါး မြို့တော်သို့ ရောက်လာခဲ့၏။

ထို့နောက်တွင် မာနနဂါးအဆင့်တပည့် ဖြစ်လာခဲ့ပြီး စံချိန်များစွာကို ချိုးဖျက်ခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်၏ အစွမ်းအထက်ဆုံး တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။

သို့‌သော်လည်း ကျန်းချန်က ၁၀နှစ် မပြည့်ခင် အချိန်အတွင်းမှာပင် ဤမျှအထိ ကြီးထွားလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဆိုရလျှင် ထိုကောင်လေးသည် ကောင်းကင်ကပ်ဘေးကိုပင် လျစ်လျူရှုကာ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ထိုင်တည်း ထိုးဖောက်သွားခဲ့သည်။

ထိုထက်ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား၅ပါး ပူးပေါင်းတိုက်ခိုက်ခဲ့သည့်တိုင် ကျန်းချန်၏ လက်ထဲတွင် အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရခြင်းပင်။

ဤကဲ့သို့ စွမ်းဆောင်နိုင်သောသူသည် ရှေးဟောင်းနဂါးမျိုးနွယ်စု တစ်ခုလုံးကို ကြည့်လျှင်ပင် လက်တစ်ဆုပ်စာလောက်သာ ရှိလိမ့်မည် ဖြစ်သည်။

"သွေးလမင်းကုန်းမြေရဲ့ နယ်မြေနတ်ဘုရားက သူ့ရဲ့ ဆံပင်ကို ပေးထားတယ်ဆိုတော့ ဒီကောင့်ကို အတော်လေး တန်ဖိုးထားတဲ့ပုံပဲ"

ထိုအချိန်တွင် ကျန်းချန်က အနည်းငယ်စဥ်းစား၍ ပြောလိုက်သည်။

"အခု သွေးလမင်းကုန်းမြေက ထပ်ပြီး ရှုံးနိမ့်သွားခဲ့ပြီ.. သူတို့က ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ဖို့ အတွက် ပိုပြီး သန်မာတဲ့ကျင့်ကြံသူတွေကို စေလွှတ်မလား မပြောနိုင်ဘူး"

"ဖြစ်နိုင်ခြေတော့ သိပ်မရှိဘူး.. ဘာလို့လည်းဆိုတော့ သွေးလမင်းကုန်းမြေက ရှေးဟောင်းနဂါးကုန်းမြေထက် ပိုပြီး အင်အားကောင်းနေရင်တောင် အဲဒါက အကန့်အသတ်တော့ ရှိတယ် မင်းက ဒီစစ်ပွဲအတွင်းမှာ သွေးလမင်းကုန်းမြေရဲ့ ကောင်းကင်နတ်ဘုရား ၈ပါးကိုတောင် သတ်ဖြတ်ခဲ့တယ်.. အဲဒါက သွေးလမင်းကုန်းမြေကို နာကျင်စေဖို့ လုံလောက်နေပြီ"

ကျင်းချိုးရန်က ပြုံးရွှင်စွာပင် ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရား တတိယအဆင့်နှင့် အထက်မှ အင်အားချင်း ယှဥ်မည်ဆိုလျှင် ရှေးဟောင်းနဂါးကုန်းမြေနှင့် သွေးလမင်းကုန်းမြေသည် အတူတူနီးပါးပင် ဖြစ်သည်။

သွေးလမင်းကုန်းမြေက ရှေးဟောင်းနဂါး ကုန်းမြေထက် ပို၍ အင်အားကြီးနေရသည့် အကြောင်းအရင်းမှာ အဓိကအားဖြင့် ကောင်းကင်နတ်ဘုရား အရေအတွက်တွင် ရှေးဟောင်းနဂါးမျိုးနွယ်စုထက် ပို၍ များပြားသောကြောင့်ဖြစ်သည်။

သို့ရာတွင် ကျန်းချန်၏ စွမ်းရည်ဖြင့်သာ ဆိုလျှင် ‌ကောင်းကင်နတ်ဘုရား တတိယအဆင့်အောက်မှ ကျင့်ကြံသူများကို စေလွှတ်ခြင်းသည် အလကားသက်သက် အသေခံရန် စေလွှတ်လိုက်သည်နှင့် အတူတူပင် မဟုတ်ပါလား။

သို့ဖြစ်ရာ သွေးလမင်းကုန်းမြေသည် ကောင်းကင်နတ်ဘုရားများကို ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရန် အတွက် စေလွှတ်ဖို့ မဖြစ်နိုင်တော့ပေ။

ထို့အပြင် ‌ရှေး‌ဟောင်းနဂါး ကုန်းမြေနှင့် သွေးလမင်းကုန်းမြေသည် ကောင်းကင်နတ်ဘုရား တတိယအဆင့်နှင့် အထက်မှ တိုက်ခိုက်ရေးအင်အားတွင် အတူတူနီးပါး ဖြစ်နေသောကြောင့် သွေးလမင်းကုန်းမြေသည် ကောင်းကင်နတ်ဘုရားတတိယအဆင့် ကျင့်ကြံသူများကို စေလွှတ်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။

ထို့ကြောင့် သွေးလမင်းကုန်းမြေ အနေဖြင့် ထျန်းဖန်းနိုင်ငံကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန်မှာ ဖြစ်နိုင်ခြေ မရှိသောကိစ္စပင်။

ယနေ့ တိုက်ပွဲသတင်းသည် ရှေ့တန်းစစ်မျက်နှာပြင်ကို ‌ရောက်သည်နှင့် နှစ်ဖက်အင်အားစုမှ ကျင့်ကြံသူများကို အံ့အားသင့်စေလိမ့်မည်ဟု ကျင်းချိုးရန် ကြိုတင်ခန့်မှန်းမိခဲ့သည်။

ကျန်းချန်၏ နာမည်သည် သိပ်မကြာခင်မှာပင် ရှေးဟောင်းနဂါးကုန်းမြေနှင့်သွေးလမင်းကုန်းမြေတွင် တစ်ဟုန်ထိုးကျော်ကြားလာမည်မှာ သေချာသလောက်ပင်။

ကျန်းချန်က ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား အချို့ကို သတ်ဖြတ်ခဲ့သည်။

ထူယွမ်ပင်လျှင် နတ်မြေနတ်ဘုရား၏ ဆံပင်ကို အသုံးပြုကာ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်။

-------------------

သွေးလမင်းကုန်းမြေ၏ အရှေ့ပိုင်းဒေသရှိ အစွန်အဖျားတွင် အဆုံးမဲ့လွင်ပြင်တစ်ခု ရှိသည်။

ဒါဇင်နှင့်ချီသော အစွမ်းထက် ပုံရိပ်များသည် ထိုအဆုံးမဲ့လွင်ပြင်၏အထက်ရှိ ကျယ်ပြန့်သော လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေကြ၏။

ထိုပုံရိပ်များသည် အင်အားစုနှစ်စုမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

တစ်ဖက်ရှိ အင်အားစုကို ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးက ဦးဆောင်နေခဲ့သည်။

ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကနေ ခမ်းနားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

ထိုရွှေရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏ နံဘေးတွင် ဖန်းချင်းယွမ်နှင့် လုံကျန့်ရှင်းတို့ ရှိနေပြီး အနောက်တွင်မူ ရှေးဟောင်းနဂါးကုန်းမြေမှ အစွမ်းထက် ကျင့်ကြံသူများ ရှိနေကြ၏။

သူတို့၏ တစ်ဖက်ရှိ မိုင်၁၀၀ အကွာတွင်မူ သွေးရောင်ပုံရိပ်တစ်ခုသည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။

၎င်းတို့၏ ပတ်ဝန်းကျင်တွင် သွေးရောင်မြူခိုးများ လွှမ်းခြုံနေခဲ့၏။

လေထုထဲတွင်လည်း သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်။

"ခေါင်းဆောင်ကုလုံ.. မင်းအခုထိ အရှုံးပေးဖို့ အစီအစဥ်မရှိသေးဘူးလား.. ဒီတစ်ကြိမ် မင်းရဲ့ ရှေး‌ဟောင်းနဂါးကုန်းမြေက ငါ့ရဲ့ ထိုးစစ်ကို ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး.. မင်းသာ ရှေးဟောင်းနဂါး ကုန်းမြေကို စွန့်လွှတ်ပြီး အဲဒီစွမ်းအားကို ငါ့ဆီ လွှဲပေးမယ်ဆိုရင် ငါမင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်"

သွေးရောင်ပုံရိပ်၏ နှုတ်ကနေ လေးနက်သော အသံတစ်သံထွက်ပေါ်လာခဲ့သည်။

သူ၏ စကားသံက ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းပစ်လိုက်၏။

ထိုစကားကိုကြားလျှင် ရှေးဟောင်းနဂါးမျိုးနွယ်စု ခေါင်းဆောင် ဖြစ်သည့် ကုလုံက အေးစက်စက် ပြုံးလိုက်သည်။

"အရှင်သွေးလ.. မင်းအပိုစကားတွေ လာပြောမနေနဲ့.. မင်းတိုက်ခိုက်ချင်တယ်ဆိုရင် ဒီနတ်ဘုရားက အချိန်မရွေးပဲ.. ဒါ့အပြင် ရှေးဟောင်းနဂါးကုန်းမြေက ငါ့ရဲ့နေရာပဲ.. မင်းတို့သွေးလမင်းကုန်းမြေနဲ့ ဘာမှမသက်ဆိုင်ဘူး"

"ဟားဟား ကုလုံ.. ငါက ငါ့ရဲ့ ဆဋ္ဌမတပည့်ကို ထျန်းဖန်းနိုင်ငံဆီ တိုက်ခိုက်ဖို့ စေလွှတ်ပြီးပြီ.. ထျန်းဖန်းနိုင်ငံက ငါတို့ သွေးလမင်းကုန်းမြေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မယ်လို့ မင်းထင်လား"

သွေးလမင်းကုန်းမြေမှ ခေါင်း‌ဆောင်၏ စကားကို ကြားလျှင် ကုလုံ၊ ဖန်းချင်းယွမ်နှင့် တခြားသူများ၏ မျက်နှာအမူအရာများသည် ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့ကြသည်။

အခန်း(၁၆၆၁)ပြီး၏။

အခန်း(၁၆၆၂)

သွေးလမင်းကုန်းမြေမှ နာမည်ကျော်ပါရမီရှင် ဖြစ်သည့် ဆဋ္ဌမသခင်လေး ထူယွမ်ကို ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူများသည် မစိမ်းကြပေ။

ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီး တိုက်ခိုက်ရေးစွမ်းရည်ကလည်း သာမန် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ထက် ပို၍ သန်မာ၏။

ယခု‌ သွေးလမင်းကုန်းမြေက ထူယွမ်ကို စေလွှတ်လိုက်ပြီ ဖြစ်ရာ ထျန်းဖန်းနိုင်ငံသည် သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

"အရှင်ကုလုံ.. ထျန်းဖန်းနိုင်ငံက အန္တရာယ်ရှိနေပြီ.. ချက်ချင်း စစ်ကူပေးမှရမယ်"

ဖန်းချင်းယွမ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ခေါင်းဆောင် ကုလုံကို အလျင်အမြန် ပြောလိုက်သည်။

ထျန်းဖန်းနိုင်ငံသည် အရှေ့ပိုင်းဒေသ တစ်ခုလုံး ဘေးကင်းရေးနှင့် ဆက်စပ်နေရုံသာမက ကျန်းချန် အပါအဝင် ကောင်းကင်နဂါး မြို့တော်မှ ပါရမီရှင်တပည့်များ စုဝေးနေသော နေရာ ဖြစ်သည်။

ထျန်းဖန်းနိုင်ငံသာ ကျဆုံးသွားလျှင် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အင်အားသည် ပြင်းပြင်းထန်ထန်ပင် ထိခိုက်သွားပေလိမ့်မည်

ကုလုံက ခေါင်းညိတ်ကာ ဖန်းချင်းယွမ်ကို ပြောလိုက်သည်။

"ငါ ကုမင်ကို ထျန်းဖန်းနိုင်ငံဆီ စေလွှတ်ထားတယ်.. နောက်မကျသေးဘူးလို့ မျှော်လင့်ရတာပဲ"

ဤမဟာစစ်ပွဲတွင် ရှေး‌ဟောင်းနဂါး ကုန်းမြေသည် သွေးလမင်းကုန်းမြေ၏ ရှေ့တန်းစစ်မျက်နှာပြင်ကို ပိတ်ဆို့ထားနိုင်ခဲ့သည်။

သို့‌သော် တခြားသော နေရာများတွင်မူ ခုခံကာကွယ်ရေးသည် အတော်လေး အားနည်းနေခဲ့သည်။

ထိုအကြောင်းကြောင့်ပင် သွေးလမင်းကုန်းမြေမှ ခေါင်းဆောင်သည် ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲကို မဖော်ဆောင်ခဲ့ပေ။

ရှေ့တန်းစစ်မျက်နှာပြင်တွင် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ စွမ်းအားကြီးမားသော ကျင့်ကြံသူ အများအပြား ရှိနေခဲ့ကြသည်။

ထို့ကြောင့် အရှင်သွေးလက ထိုအခွင့်အရေးကို အရယူကာ ရှေးဟောင်းနဂါး ကုန်းမြေ၏ တခြားသော နယ်မြေများကို တိုက်ခိုက် သိမ်းပိုက်ရန် စီစဥ်ထားခဲ့၏။

ထိုအထဲတွင် ထျန်းဖန်းနိုင်ငံသည် စစ်ရေးအရ အလွန်အရေးပါသော အချက်အချာ နေရာတစ်ခု ဖြစ်သည်။

ထျန်းဖန်းနိုင်ငံကို သိမ်းပိုက်နိုင်သည်နှင့် ရှေးဟောင်းနဂါးကုန်းမြေ၏ အရှေ့ပိုင်း ဒေသတစ်ခုလုံးသည် သူတို့ သွေးလမင်းကုန်းမြေ လက်အောက်သို့ မျက်စိတစ်မှိတ်အတွင်း ကျရောက်သွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့်လည်း အရှင်သွေးလသည် လွန်ခဲ့သော ၃လကျော်က သွေးလမင်းကုန်းမြေမှ စစ်တပ်ကို စေလွှတ်ကာ ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်စေခဲ့ခြင်းပင် မဟုတ်ပါလား။

သို့သော်လည်း ထိုတိုက်ပွဲတွင် ထျန်းဖန်းနိုင်ငံဘက်ကနေ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်သော ကျန်းချန်ဟုခေါ်သည့် ပါရမီရှင်တစ်ပါး မမျှော်လင့်ဘဲ ထွက်ပေါ်လာခဲ့သည်။

ထိုပါရမီရှင်၏ အကူအညီဖြင့် ထျန်းဖန်းနိုင်ငံသည် သွေးလမင်းကုန်းမြေ၏ စစ်တပ်ကို ထျန်းဖန်းနိုင်ငံ၏ နယ်မြေကနေ မောင်းထုတ်နိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင်မူ အရှင်သွေးလသည် ယခင်တစ်ခေါက်ကထက် ပို၍ အားကောင်းသော စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီး သူ၏ ဆဋ္ဌမတပည့် ထူယွမ်ကိုပါ ထျန်းဖန်း နိုင်ငံကို တိုက်ခိုက်ရန် ပို့လွှတ်လိုက်သည်။

အရှင်သွေးလ၏ အစီအစဥ်သာ အကောင်အထည် ပေါ်ခဲ့လျှင် ရှေးဟောင်းနဂါး မျိုးနွယ်စု အတွက် ရွေးချယ်စရာ ၂လမ်းသာ ရှိသည်။

တစ်လမ်းမှာ သွေးလမင်းကုန်းမြေနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ်ပြီး နောက်တစ်လမ်းမှာ အရှေ့ပိုင်းဒေသကို လက်လွှတ်ရန် ဖြစ်သည်။

သွေးလမင်းကုန်းမြေနှင့် ထိပ်တိုက် ရင်ဆိုင်မည်ဆိုလျှင် နှစ်ဖက်စလုံး အကြီးအကျယ် ထိခိုက်ရလိမ့်မည် ဖြစ်သည်။

ထို့အပြင် အရှေ့ပိုင်းဒေသကို လက်လွှတ်လိုက်မည် ဆိုလျှင်လည်း သူတို့ ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အင်အားကို ၄ပုံ၁ပုံခန့် အားနည်းသွားစေလိမ့်မည် ဖြစ်၏။

ထို့အပြင် သွေးလမင်းကုန်းမြေသည် ယခင်ထက် ပို၍ပင် ဖိနှိပ်လာနိုင်လောက်သည်။

ဆိုရလျှင် ထျန်းဖန်းနိုင်ငံကို ဆက်လက် ထိန်းသိမ်းထားနိုင်မလား ဆိုသည်မှာ ဤတိုက်ပွဲ၏ အနှိုင်အရှုံးအတွက် အဓိကသော့ချက် ဖြစ်သည်။

"ကုမင်ကို စေလွှတ်လိုက်ပြီလား"

ကုလုံထံမှ စကားကိုကြားလျှင် ဖန်းချင်းယွမ်၏ အိုမင်းသောမျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကုမင်သည် ရှန်လုံမြို့၏ နဂါးအစောင့်အရှောက် ထဲတွင် နံပါတ်(၁)နေရာ၌ ရှိသူ ဖြစ်သည်။

ထို့အပြင် ကုမင်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီး သွေးလမင်းကုန်းမြေမှ ဆဋ္ဌမသခင်လေး ထူယွမ်ထက် လုံးဝ မနိမ့်ပေ။

ကုမင်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုး‌ဖောက်ရန်အတွက်ပင် ပြင်ဆင်မှုများကို စတင် ပြုလုပ်နေခဲ့ပြီ ဖြစ်၏။

ကုမင်သာ အချိန်မီ ရောက်ရှိသွားမည်ဆိုလျှင် ထူယွမ်ဦးဆောင်သော သွေးလမင်းကုန်းမြေမှ စစ်တပ်သည် ထျန်းဖန်းနိုင်ငံကို အန္တရာယ်ပေးရန် မဖြစ်နိုင်တော့ပေ။

ကုလုံနှင့် ဖန်းချင်းယွမ်တို့၏ စကားကိုကြားလျှင် သွေးလမင်းကုန်းမြေမှ ခေါင်းဆောင်ဖြစ်သည့် အရှင်သွေးလက အေးစက်စက် ပြုံးလိုက်သည်။

"ကုလုံ.. ထျန်းဖန်းနိုင်ငံကို စစ်ကူလွှတ်ဖို့ အချိန်မီမယ်လို့ မင်းထင်လား"

"သွေးလ.. မင်းသိပ်ပြီး အပျော်မစောစမ်းပါနဲ့"

ကုလုံက အေးစက်စက် ရေရွတ်လိုက်သည်။

"လွန်ခဲ့တဲ့ ၃လကျော်က တိုက်ပွဲမှာ မင်းတို့ သွေးလမင်းကုန်းမြေက ထျန်းဖန်းနိုင်ငံကို မထိုးဖောက်နိုင်ခဲ့ဘူး.. ဒီတစ်ကြိမ်လည်း မင်းတို့တွေ ထိုးဖောက်နိုင်မှာမဟုတ်ဘူး"

သွေးလမင်းကုန်းမြေ၏ ခေါင်းဆောင်က ထူယွမ် ကဲ့သို့ နတ်ဆိုးဆန်သည့် ပါရမီရှင်တစ်ပါးကို ထျန်းဖန်းနိုင်ငံဆီ စေလွှတ်ခဲ့သော်လည်း ထျန်းဖန်း နိုင်ငံဘက်တွင် ကျန်းချန်ကဲ့သို့ အနှိုင်းမဲ့ပါရမီရှင် တစ်ဦး ရှိနေခဲ့သည် မဟုတ်ပါလော။

ထိုကောင်လေးသည် ပကတိနတ်ဘုရား နယ်ပယ်အဆင့်ဖြင့်ပင် ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်နိုင်ခဲ့သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် ရှိစဥ် ထိုကောင်လေးသည် အံ့ဖွယ်ကိစ္စများကိုပင် ဆောင်ရွက်နိုင်ခဲ့သည်။

အကယ်၍ သူက ကုမင်ကို မစေလွှတ်ခဲ့လျှင်ပင် ထျန်းဖန်းနိုင်ငံကို သွေးလမင်းကုန်းမြေသည် လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်မည် မဟုတ်ဟု သူခံစားမိခဲ့သည်။

"အရင်တစ်ကြိမ်ကတော့ ငါမှားယွင်းတွက်ချက်မိခဲ့တယ်.. ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့.."

အရှင်သွေးလက စကားတစ်ဝက်သာ ပြောရသေးသည်။

ထိုအချိန်မှာပင် သူက ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

မကြာမီမှာပင် သူ၏ရှေ့ရှိ နေရာလွတ်တွင် ပုံမှန်မဟုတ်သော နေရာလွတ် လှုပ်ရှားမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

"ထူယွမ်က တကယ်ပဲ င့ါရဲ့ဆံပင်ကို အသုံးပြုခဲ့တယ်လား.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အရှင်သွေးလ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူ၏ ဆဋ္ဌမတပည့်နှင့် ယိုထျန်းခွေ့ အပါအဝင် ကောင်းကင်နတ်ဘုရား ၆ပါး၏ အင်အားဖြင့်ဆိုလျှင် ထျန်းဖန်းနိုင်ငံကို အလွယ်တကူပင် သိမ်းပိုက်နိုင်မည်ဟု မူလက သူထင်ခဲ့သည်။

သူက ဤနေရာတွင် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ခေါင်း‌ဆောင်ကုလုံနှင့် ရင်ဆိုင်နေခဲ့ပြီး ထူယွမ်ဆီမှ သတင်းကောင်းကို စောင့်မျှော်နေခဲ့သည်။

သို့‌သော် သူက ထူယွမ်ထံမှ သတင်းကောင်းကို စောင့်မျှော်နေသောအချိန်တွင် ထူယွမ်က ထွက်ပြေးရန်အတွက် သူပေးအပ်ထားသော သူ၏ဆံပင်ကို အသုံးပြုရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထူယွမ်ကို ဤအခြေအနေအထိ ဖိအားပေးနိုင်ခဲ့သည်ကိုထောက်လျှင် သွေးလမင်းကုန်းမြေသည် ထျန်းဖန်းနိုင်ငံကို ထပ်မံ ရှုံးနိမ့်သွားခဲ့ပြီမှန်း အရှင်သွေးလ ကောင်းစွာသိလိုက်သည်။

ထို့အပြင် သူတို့ သွေးလမင်းကုန်းမြေသည် ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ပုံရ၏။

ဤအချိန်တွင် အရှင်သွေးလ၏ အမူအရာသည် အလွန်တရာပင် သုန်မှုန်နေခဲ့သည်။

သိထားရမည့်အချက်မှာ ဤတစ်ခေါက် ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရာတွင် ကောင်းကင်နတ်ဘုရား ၆ပါးကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ထိုကောင်းကင်နတ်ဘုရား ၆ပါးထဲတွင် ဒုတိယအဆင့်ကောင်းကင်နတ်ဘုရားတစ်ပါး၊ ဒုတိယအဆင့် ကောင်းကင်နတ်ဘုရားနှင့် ယှဥ်နိုင်သောပါရမီရှင်တစ်ပါး၊ ပထမအဆင့် ကောင်းကင်နတ်ဘုရား လေးပါးတို့ ပါဝင်သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ကောင်းကင်နတ်ဘုရား အားလုံးနီးပါးသည် သူတို့နှင့်အတူ ဤနေရာတွင် ရှိနေခဲ့သည်။

လွန်ခဲ့သော ၃လကျော်က တိုက်ပွဲတွင် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် စစ်ကူများ စေလွှတ်လိုက်သည်။

ထိုစစ်ကူများသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နောက်ဆုံး စစ်ကူများ ဖြစ်ရပေမည်။

ထို့ကြောင့် ထျန်းဖန်းနိုင်ငံကို စစ်ကူများစွာ ထပ်မံ စေလွှတ်ရန် မဖြစ်နိုင်တော့ပေ။

သို့ဖြစ်ရာ ရှေးဟောင်းနဂါးမျိုးနွယ်စုက သူတို့ သွေးလမင်းကုန်းမြေမှ စစ်တပ်ကို မည်ကဲ့သို့ အနိုင်ယူခဲ့မှန်း သွေးလမင်း ကုန်းမြေ၏ ခေါင်းဆောင်က နားမလည်နိုင်တော့ပေ။

နေရာလွတ်လှုပ်ရှားမှုနှင့် သွေးလမင်းကုန်းမြေမှ ခေါင်းဆောင်၏ ဟန်ပျက်နေသော အမူအရာကို မြင်လျှင် ဖန်းချင်းယွမ်တို့ လူစုသည် အံ့အားသင့်သွားခဲ့ကြသည်။

"နယ်မြေနတ်ဘုရားရဲ့ ဆံပင်ကို အသုံးပြုပြီး တစ်ယောက်ယောက်က ထွက်ပြေးခဲ့တဲ့ပုံပဲ"

ကုလုံ၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။

သူက ဖန်းချင်းယွမ် တို့ကို ပြုံးရွှင်စွာ ပြောလိုက်သည်။

သူက နယ်မြေနတ်ဘုရား ဖြစ်၍ တစ်ချက်ကြည့်ရုံဖြင့် အခြေအနေကို နားလည်ခဲ့သည်။

ကုလုံ၏ စကားကို ကြားလျှင် ဖန်းချင်းယွမ်တို့ လူစု၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

နယ်မြေနတ်ဘုရားများသည် သူတို့၏ ဆံပင်ကို အသက်ကယ်ရတနာများအဖြစ် ပါရမီရှင်တပည့် အချို့ကိုသာ ပေးအပ်ထားလေ့ ရှိကြသည်။

ယခုတစ်စုံတစ်ယောက်က နယ်မြေနတ်ဘုရားဆံပင်ကို အသုံးပြုလိုက်ပြီ ဖြစ်ရာ သွေးလမင်းကုန်းမြေမှ ပါရမီရှင်တပည့်တစ်ဦးသည် အန္တရာယ်နှင့် ကြုံတွေ့နေရပြီဟု ဆိုလိုရာရောက်နေသည် မဟုတ်ပါလော။

ယခုအခါ ရှေးဟောင်းနဂါးကုန်းမြေနှင့် သွေးလမင်းကုန်းမြေမှ ထိပ်တန်းတပည့် အများစုသည် ဤနေရာတွင် စုရုံး၍ ရှိနေကြသည်။

ထို့ကြောင့် ဤနေရာတွင် ရှိမနေသည့် တစ်ဦးတည်းသောသူသည် ထျန်းဖန်းနိုင်ငံကို သွေးလမင်းကုန်းမြေမှ စေလွှတ်လိုက်သော ထူယွမ်သာလျှင် ဖြစ်နိုင်ဖွယ် ရှိ၏။

သို့ဆိုလျှင် နယ်မြေနတ်ဘုရား၏ ဆံပင်ကို အသုံးပြုခဲ့သည်မှာ ထူယွမ်ဖြစ်နိုင်ပါသလော။

ထိုသို့ တွေးမိလိုက်သည်နှင့် ဖန်းချင်းယွမ်တို့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။

အခန်း(၁၆၆၂)ပြီး၏။

All Chapters