အခန်း (၁၆၆၃-၁၆၆၅)
Vol. 111 Ch. 1663-1665
အခန်း(၁၆၆၃)
နယ်မြေနတ်ဘုရား၏ဆံပင်ကို များသောအားဖြင့် သေရေးရှင်ရေး အခိုက်အတန့်တွင်သာ အသုံးပြုကြလေ့ရှိသည်။
နယ်မြေနတ်ဘုရား၏ ဆံပင်ကို ဆဋ္ဌမသခင်လေး ထူယွမ်က အမှန်တကယ် အသုံးပြုခဲ့သည်ဆိုလျှင် ဤတစ်ခေါက်စစ်ပွဲတွင် ထျန်းဖန်းနိုင်ငံက ထပ်မံ အနိုင်ရခဲ့သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
လူတိုင်း၏ စောင့်ကြည့်မှုအောက်မှာပင် လေဟာနယ်ထဲမှ နေရာလွတ် လှုပ်ရှားမှုသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။
သိပ်မကြာခင်မှာပင် သွေးရောင်ပုံရိပ်တစ်ခုသည် နေရာလွတ်ထဲကနေ လွင့်စင်၍ ထွက်လာခဲ့ကာ သတိလစ်သွားခဲ့၏။
"ဒါဆဋ္ဌမသခင်လေး ထူယွမ်မဟုတ်လား...ဘယ်လိုဖြစ်ရတာလဲ"
.ဆဋ္ဌမသခင်လေးက ထျန်းဖန်းနိုင်ငံကို စစ်ကူသွားတာမဟုတ်ဘူးလား"
"ဆဋ္ဌမသခင်လေးက ဘယ်လိုဖြစ်လို့ အခုလိုအရှက်တကွဲထွက်ပြေးလာခဲ့ရတာလဲ"
".............."
သွေးလမင်းကုန်းမြေမှ စွမ်းအားကြီးမားသော ကျင့်ကြံသူများစွာက အံ့သြထိတ်လန့်သွားကြသည်။
"ကောင်းတယ် သိပ်ကောင်းတယ်.. ကုလုံ.. ငါမင်းကို အထင်သေးခဲ့မိတယ်.. မင်းက ထျန်းဖန်းနိုင်ငံမှာ ဝှက်ဖဲတစ်ချပ်ကို ဖုံးကွယ်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒီတစ်ခေါက်တော့ ငါ့ရဲ့အရှုံးကို ငါလက်ခံတယ်.. အားလုံးပဲသွားကြစို့"
အရှင်သွေးလက ဒေါသတကြီး ရေရွတ်လိုက်သည်။
သူတို့သွေးလမင်းကုန်းမြေသည် ထျန်းဖန်းနိုင်ငံကို စစ်ချီရာတွင် ထပ်မံ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် အရှင်သွေးလက ရှေးဟောင်းနဂါး မျိုးနွယ်စုနှင့် ဆက်လက်ရင်ဆိုင်ရန် စိတ်ကူးမရှိတော့ပေ။
ထို့နောက်တွင် သူက သွေးလမင်းကုန်းမြေမှ ထိပ်တန်းကျင့်ကြံသူများနှင့် အတူ ကောင်းကင်ယံသို့ တိုးဝင်ကာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့၏။
"ကျန့်ရှင်း.. ကျင်းချိုးရန်ကို ချက်ချင်း ဆက်သွယ်လိုက်.. ထျန်းဖန်းနိုင်ငံမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို ငါအားလုံးသိချင်တယ်"
ကုလုံက သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများ ထွက်ခွာသွားသည့်နေရာကို ကြည့်နေခဲ့သည်။
ထို့နောက်တွင် သူ၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး အကြီးအကဲချုပ် လုံကျန့်ရှင်းကို တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဆက်သွယ်ပြီးပါပြီ ခေါင်းဆောင်"
လုံကျန့်ရှင်းက သူ၏စိတ်နှလုံးထဲမှ အံ့အားသင့်မှုကို ဖိနှိပ်လိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ကျွန်တော်တို့ ထျန်းဖန်းနိုင်ငံက ထပ်ပြီး အနိုင်ရခဲ့ပြီ"
ထိုစကားကိုကြားလျှင် ကုလုံက ပြုံး၍ ပြောလိုက်သည်။
"ကျန်းချန်က ထျန်းဖန်းနိုင်ငံအတွက် ဘယ်လိုမျိုးစွမ်းဆောင်ခဲ့လဲ ဆိုတာ ငါ့ကို ပြောပြစမ်းပါဦး"
ကုလုံက ထျန်းဖန်းနိုင်ငံတွင် ရှိသည့် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အင်အားကို ကောင်းစွာသိသည်။
စစ်ပွဲ၏အခြေအနေကို ပြောင်းပြန်လှန်နိုင်ပြီး သွေးလမင်းကုန်းမြေကို အနိုင်ယူနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ ကျန်းချန်ဆီကသာ ဖြစ်လာနိုင်သည် မဟုတ်ပါလော။
"ဒီကလေးရဲ့ပါရမီက တကယ်ကိုကြောက်စရာပဲ.. သူက ကောင်းကင်နတ်ဘုရား ကပ်ဘေးကိုတောင် လျစ်လျူရှုနိုင်ခဲ့တယ်.. စစ်ပွဲအတွင်းမှာပဲ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ထိုင်တည်း တက်လှမ်းသွားခဲ့တယ်.. ဒါ့အပြင် သွေးလမင်းကုန်းမြေဘက်က ကောင်းကင်နတ်ဘုရား များစွာကို တစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့တယ်လို့လည်း သိရတယ်"
"သူတစ်ယောက်တည်းနဲ့ ဒီတစ်ကြိမ်စစ်ပွဲမှာ သွေးလမင်းကုန်းမြေဘက်က ကောင်းကင်နတ်ဘုရား ၆ပါးကို တိုက်ခိုက်ခဲ့တယ်.. နယ်မြေနတ်ဘုရားရဲ့ ဆံပင်ကို အသုံးပြုပြီး လွတ်မြောက်သွားတဲ့ ထူယွမ်က လွဲရင် ကျန်တဲ့သူတွေ အားလုံးက ကျန်းချန်ရဲ့လက်ထဲမှာ ကျဆုံးသွားခဲ့ကြပြီ"
ထိုစကားကို ပြောနေရင်း လုံကျန့်ရှင်း၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
လုံကျန့်ရှင်း၏ စကားကိုကြားလျှင် ဖန်းချင်းယွမ် အပါအဝင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူများသည် အလွန်အမင်း အံ့အားသင့်သွားကြသည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် ကုလုံပင်လျှင် တစ်ခဏမျှ မှင်တက်သွားခဲ့၏။
ကောင်းကင်ဥပဒေသကို လျစ်လျူရှုပြီး ကောင်းကင်ကပ်ဘေးကို ဆုတ်ခွာစေနိုင်သော စွမ်းရည်မျိုးသည် ဒဏ္ဍာရီထဲမှ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင် တချို့သာလျှင် လုပ်ဆောင်နိုင်ကြသည်။
ကျန်းချန်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ပကတိနတ်ဘုရား အဆင့်ဖြင့်ပင် ကောင်းကင်နတ်ဘုရားကို အဆင့်ကျော် တိုက်ခိုက်နိုင်သည့် ပါရမီရှိမှန်း သူတို့ သိထားခဲ့သည်။
သို့သော်လည်း ကျန်းချန်က အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်ကို အမှန်တကယ် ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
"ငါတို့ ရှေးဟောင်းနဂါးကုန်းမြေက ဒီလို အထွတ်အထိပ် ပါရမီရှင်တစ်ဦးကို မွေးထုတ်နိုင်ဖို့ အခွင့်အရေး ရလာလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ခေါင်းဆောင်ကုလုံက မှင်တက်ရာကနေ အသိပြန်ဝင်လာခဲ့သည်။
ထို့နောက်တွင် သူက ဖန်းချင်းယွမ်ကို ပြုံး၍ပြောလိုက်၏။
"ဒီတစ်ခေါက် ဒီကောင်လေးက ငါတို့ ရှေးဟောင်းနဂါး ကုန်းမြေကို ကယ်တင်နိုင်ခဲ့တယ်.. ဒါက ဒီကောင်လေးကို အဆင့်နိမ့်နယ်မြေကနေ ရှေးဟောင်းနဂါး မျိုးနွယ်စုဆီ ခေါ်ဆောင်လာပေးတဲ့ မင်းကြောင့်ပဲ"
"ခေါင်းဆောင်ရဲ့ အကြံပေးချက်ကြောင့်သာ မဟုတ်ရင် ကျွန်တော်လည်း သူ့ကို တွေ့နိုင်မှာ မဟုတ်ပါဘူး"
ဖန်းချင်းယွမ်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခုရှိနေခဲ့၏။
သူက ကျန်းချန်နှင့် ပထမဆုံး တွေ့ဆုံစဥ်ကပင် ကျန်းချန်၏ ထူးခြားမှုကို ခံစားမိခဲ့သည်။
သို့သော်လည်း ကျန်းချန်က တိုတောင်းသော အချိန်အတွင်း ဤအဆင့်အထိ ကြီးထွားလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထိုကောင်လေးသည် မြေကမ္ဘာနဂါးမြို့တော်ကနေ ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်နိုင်ခဲ့သည်။
ယင်းနောက်တွင် မာနနဂါးအဆင့် တပည့် ဖြစ်လာခဲ့ပြီး ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ပင် ဝင်ရောက်ခွင့်ရခဲ့သည်။
ဆိုရလျှင် ကျန်းချန်၏ စွမ်းဆောင်ရည်များသည် သူမျှော်လင့်ထားသည်ကိုပင် တစ်ကြိမ်ထက်တစ်ကြိမ် ကျော်လွန်သွားခဲ့သည်။
ထိုကောင်လေးသာ ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲကနေ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရယူကာ သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အကူအညီ မပေးခဲ့လျှင် ရှေးဟောင်းနဂါး ကုန်းမြေသည် သွေးလမင်းကုန်းမြေကို ယှဥ်ပြိုင်ရန် ယခုတစ်ကြိမ်တွင် ခက်ခဲလိမ့်မည် ဖြစ်သည်။
ဤတစ်ခေါက်တွင်လည်း ကျန်းချန်သည် ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်နေသည့် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို သတ်ဖြတ်ကာ နယ်မြေနှစ်ခုကြားရှိ တိုက်ပွဲတွင် သူတို့ ရှေးဟောင်းနဂါးမျိုးနွယ်စု အနိုင်ရခဲ့သည့် အဓိကသော့ချက် ဖြစ်လာခဲ့သည်။
"သွားကြစို့.. ဘာပဲဖြစ်ဖြစ် နယ်မြေနှစ်ခုကြား စစ်ပွဲက ယာယီတော့ အဆုံးသတ်သွားပြီ"
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ခေါင်းဆောင် ကုလုံက ခပ်ယဲ့ယဲ့ပြုံးကာပြောလိုက်သည်။
သွေးလမင်းကုန်းမြေသည် ထျန်းဖန်းနိုင်ငံနှင့် စစ်ပွဲတွင် ကောင်းကင်နတ်ဘုရား၈ပါး ကျဆုံးခဲ့သည်။
ယင်းမှာ သွေးလမင်း ကုန်းမြေ၏ အင်အားကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေခဲ့ပြီ ဖြစ်၏။
-------------------
ရှေးဟောင်းနဂါးကုန်းမြေ၏ အရှေ့ပိုင်းဒေသ အစွန်အဖျားရှိ အဆုံးမဲ့လွင်ပြင်၏ အဆုံးသတ်တွင် ဧရာမ သွေးရဲတိုက်တစ်ခုသည် ထီးထီးကြီး တည်ရှိနေခဲ့သည်။
ထိုသွေးရဲတိုက်သည် သွေးလမင်းကုန်းမြေ၏ ခေါင်းဆောင်ဖြစ်သည့် အရှင်သွေးလ ယာယီနေထိုင်သည့် နေရာလည်း ဖြစ်၏။
သွေးရဲတိုက်သို့ ပြန်လာပြီးနောက်တွင် အရှင်သွေးလသည် ဒဏ်ရာအပြင်းအထန် ရရှိပြီး သတိမေ့မျောနေသည့် ထူယွမ်ကို နိုးထစေခဲ့သည်။
ယင်းနောက်တွင် အစည်းအဝေး တစ်ခုကို ပြုလုပ်ခဲ့၏။
"ထူယွမ်.. ထျန်းဖန်းနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ.. မင်းကဘာလို့ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ လက်ထဲမှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရတာလဲ"
အရှင်သွေးလက နိုးထလာသည့် ထူယွမ်ကို ကြည့်ကာ မေးလိုက်သည်။
"ဆရာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတာက ကျန်းချန် ဆိုတဲ့ကောင်ကြောင့်ပဲ.. ဒီကောင်က တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ ပါရမီရှင်ပဲ"
ထူယွမ်က ထိတ်လန့်တကြားဖြင့် ထျန်းဖန်းနိုင်ငံတွင် သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
ကျန်းချန်က ကောင်းကင်ဥပဒေသကို လျစ်လျူရှုကာ ကောင်းကင်နတ်ဘုရားကပ်ဘေးကို နောက်ဆုတ်စေခဲ့ပြီး ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သို့ တစ်ထိုင်တည်း ဖြတ်ကျော်ခဲ့သည်ကို ကြားလိုက်ရလျှင် အရှင်သွေးလ အံ့အားသင့်သွားခဲ့သည်။
"ကောင်းကင်နတ်ဘုရာကပ်ဘေးကို မဖြတ်ကျော်ဘဲ ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့တယ်လား ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
"ရှေးဟောင်းမှတ်တမ်းတွေထဲမှာတော့ ရှေးဒဏ္ဍာရီခေတ်မှာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် တချို့က ကောင်းကင်ကပ်ဘေးကို မဖြတ်ကျော်ဘဲ ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ကြတယ်လို့ မှတ်တမ်းတင်ထားတယ်"
"ဒါဆို တကယ်ပဲ ကျန်းချန်ဆိုတဲ့ ကောင်လေးက ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင်များ ဖြစ်နေမလား"
"ဒီလို အထွတ်အထိပ်ပါရမီရှင်မျိုးက ရှေးဟောင်းနဂါးမျိုးနွယ်စုလို သေးငယ်တဲ့နယ်မြေမှာ ဘယ်လိုလုပ်ပြီး မွေးဖွားနိုင်မှာလဲ"
ခန်းမထဲရှိ သွေးလမင်းကုန်းမြေမှ အင်အားကြီးမားသော ကျင့်ကြံသူများက ပြောဆို ဆွေးနွေးနေခဲ့ကြသည်။
သူတို့၏ မျက်နှာထက်တွင် အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်နေခဲ့၏။
"ခေါင်းဆောင်.. အခုကျွန်တော်တို့ သွေးလမင်းကုန်းမြေက ကောင်းကင်နတ်ဘုရား၈ပါးကို ဆုံးရှုံးသွားခဲ့ရပြီ.. ဒါ့အပြင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှာ ကျန်းချန်လို အထွတ်အထိပ်ပါရမီရှင် တစ်ယောက်လည်း ရှိနေခဲ့ပြီ.. ကျွန်တော်တို့ရဲ့ စစ်တပ်တွေကို သွေးလမင်းကုန်းမြေကနေ အရင်ဆုံး ဆုတ်ခွာဖို့ အကြံပြုချင်ပါတယ်.. ပြီးမှပဲ ရေရှည်စီမံကိန်း ဆွဲကြတာပေါ့"
သွေးလမင်းကုန်းမြေမှ အကြီးအကဲတစ်ပါးက အသက်ကိုခပ်ပြင်းပြင်း ရှူရှိုက်ကာ သွေးလမင်းကုန်းမြေ၏ ခေါင်းဆောင်ကို လေးနက်စွာ ပြောလိုက်သည်။
"ဟုတ်တယ် ခေါင်းဆောင်.. ဒီအခြေအနေအတိုင်းဆို ကျွန်တော်တို့အတွက် မကောင်းဘူး.. ကျွန်တော်တို့ တပ်ဆုတ်ရအောင်"
သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ တချို့ကလည်း ဝင်ရောက် ပြောဆိုလိုက်ကြသည်။
ရှေးဟောင်းနဂါး ကုန်းမြေကနေ တပ်ဆုတ်ရန် အကြံပေးသည့် စကားကိုကြားလျှင် အရှင်သွေးလ ဒေါသထွက်လာခဲ့သည်။
သူက သူ၏ သွေးရောင်မျက်ဝန်းဖြင့် ခန်းမထဲမှလူများကို အနည်းငယ် ဝေ့ကြည့်လိုက်သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော နယ်မြေနတ်ဘုရား၏ အရှိန်အဝါသည် ခန်းမထဲတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့သည်။
"ငါနတ်ဘုရားက ရှေးဟောင်းနဂါးကုန်းမြေနဲ့ တိုက်ပွဲဝင်နေတာ.. မင်းတို့က ကောင်လေးတစ်ယောက်ကြောင့် ဘယ်လိုလုပ်ပြီး လက်လျှော့နိုင်ရတာလဲ.. ငါဆုံးဖြတ်ပြီးပြီ.. ဒီတစ်ခေါက် ရှေးဟောင်းနဂါးကုန်းမြေနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်.. တစ်ယောက်ယောက်က ထပ်ပြီး တပ်ဆုတ်ဖို့ အကြံပေးရင် ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့"
အခန်း(၁၆၆၃)ပြီး၏။
အခန်း(၁၆၆၄)
"အရှင်က ရှေးဟောင်းနဂါးကုန်းမြေနဲ့ သူသေကိုယ်သေတိုက်ခိုက်ဖို့အထိ တကယ်ပဲ ရည်ရွယ်ထားတာလား"
သွေးလမင်းကုန်းမြေမှ အကြီးအကဲက အံ့အားသင့်သွားခဲ့သည်။
ထို့နောက် သူက အလျင်အမြန်ပင် ပြောလိုက်၏။
"အရှင်.. ဒီအချိန်မှာ ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ဖို့ ရွေးချယ်တာက မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ဘူး"
"ဒီနတ်ဘုရားမှာ ကိုယ်ပိုင်အစီအစဥ်ရှိတယ်.. ဘာမှထပ်မပြောနဲ့တော့"
အရှင်သွေးလမင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ၏ခန္ဓာကိုယ်တွင် အေးစက်စက် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
"မင်းတို့အားလုံး ပြင်ဆင်ထားလိုက်.. ဒီနတ်ဘုရားက ၃ရက်အတွင်းမှာ ရှေးဟောင်းနဂါးကုန်းမြေနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်"
အရှင်သွေးလက ရှေးဟောင်းနဂါးကုန်းမြေကို သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်ကို မြင်လျှင် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများသည် ဘာမှ ထပ်မပြောရဲကြတော့ပေ။
သူတို့အားလုံးက စစ်ပွဲအတွက် ပြင်ဆင်ရန် ခန်းမထဲကနေ ထွက်သွားခဲ့ကြသည်။
သိပ်မကြာခင်မှာပင် ခန်းမထဲ၌ အရှင်သွေးလနှင့် သွေးရောင်ဓားရှည် တစ်လက်ကို လွယ်ပိုးထားသည့် လူငယ်တစ်ယောက်သာ ခန်းမထဲတွင် ကျန်ရှိတော့သည်။
"အရှင်.. ကျွန်တော့်ကို ကျန်နေခိုင်းတာ ဘာအမိန့်များ မိန့်ကြားမလို့လည်းဆိုတာ သိပါရစေ"
ထိုလူငယ်က အရှင်သွေးလကို လှမ်းကြည့်ကာ ပြောလိုက်သည်။
ယင်းနောက်တွင် အေးစက်စက် အသံတစ်သံသည် ခန်းမထဲတွင် ပဲ့တင်ထပ်လာခဲ့၏။
"ရွှယ်ယင်.. မင်းက ငါအားကိုးရတဲ့ တပည့်တစ်ယောက်ပဲ.. မင်းက ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီဆိုတော့ ငါ မင်းအတွက် ဝမ်းသာတယ်.. နောက်၃ရက် ကြာရင် ငါက ရှေးဟောင်းနဂါး ကုန်းမြေကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မယ်.. တကယ်တော့ ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်တာက ဟန်ပြပဲ.. ဒီအချိန်အတွင်း မင်းက ထျန်းဖန်းနိုင်ငံကို တိတ်တဆိတ် သွားရောက်ရလိမ့်မယ်.. ဘယ်လိုအဖိုးအခပဲ ပေးဆပ်ရပါစေ.. မင်းက ငါ့အတွက် ကျန်းချန်ဆိုတဲ့ ကောင်လေးကို သတ်ပစ်ခဲ့ရမယ်"
အရှင်သွေးလ၏ စကားသံတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပါဝင်နေခဲ့သည်။
အရှင်သွေးလသည် ရှေးဟောင်းနဂါး ကုန်းမြေတွင် အရှင်ကုလုံကို အနိုင်ယူရန် မဖြစ်နိုင်မှန်း ကောင်းစွာသိသည်။
သူက နောက်ထပ် ၃ရက်အကြာတွင် တိုက်ပွဲကို စတင်ချင်သည့် အကြောင်းရင်းမှာ အရှင်ကုလုံနှင့်တခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားရန် ဖြစ်သည်။
သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကမူ ထျန်းဖန်းနိုင်ငံကို ရောက်ရှိနေသည့် ကျန်းချန်ကို သတ်ပစ်ရန် ဖြစ်၏။
ကျန်းချန်ဟုခေါ်သည့် ကောင်လေးသည် အမှန်ပင် ပါရမီထူးကဲလှသည်။
သူ့လို နယ်မြေနတ်ဘုရား တစ်ပါး၏ စိတ်ထဲမှာပင် ထိုကောင်လေးနှင့် ပတ်သက်၍ အနည်းငယ်ရှိန်နေသလို ခံစားခဲ့ရသည်။
ထိုကောင်လေးသည် နယ်ပယ်အဆင့် အတားအဆီးကို ချိုးဖျက်ကာ ပကတိနတ်ဘုရား အဆင့်ဖြင့်ပင် ကောင်းကင်နတ်ဘုရားများကို အဆင့်ကျော်၍ သတ်ဖြတ်နိုင်ခဲ့သည်။
ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ရာတွင်လည်း ကောင်းကင်ဥပဒေသကို လျစ်လျူရှုကာ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ဆုတ်ခွာစေခဲ့သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်မျိုးသည် သွေးလမင်းကုန်းမြေ အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့၏။
ဤကောင်လေး ကြီးထွားလာသည်နှင့် အမျှ သူတို့ သွေးလမင်းကုန်းမြေက ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ရာကနေ ရှေးဟောင်းနဂါး ကုန်းမြေက သူတို့ သွေးလမင်းကုန်းမြေကို ပြန်လည် တိုက်ခိုက်သော အခြေအနေအထိပင် ဖြစ်လာနိုင်ပေသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် မည်သို့သော အဖိုးအခကို ပေးဆပ်ရပါစေ ကျန်းချန်ကို မဖြစ်မနေ သတ်ပစ်ရန် အလိုရှိခဲ့သည်။
"ဆရာ ကောင်းကင်နတ်ဘုရား တတိယအဆင့် ဒါမှမဟုတ် တတိယအဆင့် အထက်က ကျင့်ကြံသူတွေကို ရှေးဟောင်းနဂါးမျိုးနွယ်စုက စောင့်ကြည့်နေတာဆိုတော့ ကျွန်တော်တိတ်တဆိတ်သွားဖို့က မလွယ်လောက်ဘူး ထင်တယ်"
ရွှယ်ယင်က အနည်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒီအတွက် မင်း မစိုးရိမ်နဲ့...ထျန်းဖန်းနိုင်ငံမှာ ငါ့ရဲ့အတွင်းလူတစ်ယောက်ရှိတယ်.. သူ့ရဲ့ အကူအညီနဲ့ဆိုရင် ကျန်းချန်ကို သတ်ဖြတ်ဖို့က မခက်ခဲတော့ဘူး"
အရှင်သွေးလက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့ တပည့်.. ဒီနတ်ဘုရားမှာ ကိုယ်ပိုင်အစီအစဥ်တွေ ရှိပါတယ် ထျန်းဖျန်းနိုင်ငံကို သွားဖို့သာ ပြင်ဆင်လိုက်တော့"
"ဟုတ်ကဲ့ ဆရာ"
သူ့ဆရာက စီစဥ်ထားပြီးပြီ ဖြစ်ရာ ရွှယ်ယင်သည် စကားများစွာ ထပ်မပြောတော့ပေ။
သူက အရှင်သွေးလကို ဂါဝရပြုကာ ခန်းမထဲကနေ ထွက်သွားခဲ့သည်။
ရွှယ်ယင် ထွက်သွားပြီးနောက်တွင် အရှင် သွေးလသည် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်လိပ်ပြာ တစ်ကောင်သည် သူ၏လက်ဖဝါးထဲကနေ ပျံသန်း၍ ထွက်လာခဲ့သည်။
"တကယ်ကို စိတ်ဝင်စားစရာပဲ...မမျှော်လင့်ဘဲ ရှေးဟောင်းနဂါးကုန်းမြေက ကျန်းချန်လို ပါရမီရှင်အပြင် ဝိညာဥ်လွှင့် အသွင်ပြောင်း နည်းစနစ်ကို တတ်မြောက်ထားတဲ့ မင်းလို ပါရမီရှင်ကိုပါ မွေးထုတ်နိုင်ခဲ့တယ်လား.. ငါအရှင် ဒီမှာရှိနေပြီ.. မင်းဘာလို့ ထွက်မလာသေးတာလဲ"
အရှင်သွေးလက သူ၏ရှေ့တွင် ရှိနေသည့် အနက်ရောင်လိပ်ပြာကို စိုက်ကြည့်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ထူယွမ်က သူ ပေးအပ်ထားသည့် နယ်မြေနတ်ဘုရားဆံပင်ကို အသုံးပြုကာ ထွက်ပြေးလာသောအခါတွင် တစ်စုံတစ်ယောက်သည် ဝိညာဥ်လွှင့် အသွင်ပြောင်း နည်းစနစ်ကို အသုံးပြု၍ လိပ်ပြာတစ်ကောင်အဖြစ်သို့ ပြောင်းလဲပြီး ထူယွမ်၏ ခန္ဓာကိုယ်တွင် ကပ်ပါလာခဲ့သည်။
ထိုအချိန်က သူရော အရှင်ကုလုံပါ ထူယွမ်၏ ခန္ဓာကိုယ်ကို အာရုံစိုက်ခဲ့သော်လည်း လိပ်ပြာကို လုံးဝ သတိမထားမိခဲ့ပေ။
အစောပိုင်းက ထူယွမ်ကိုသာ ကုသမပေးခဲ့လျှင် သူ့အနေဖြင့် ထိုကောင်လေး၏ တည်ရှိမှုကို အမှန်တကယ် ရှာတွေ့နိုင်မည်မဟုတ်ပေ။
ခန်းမထဲတွင် အရှင်သွေးလ၏ စကားသံ ပဲ့တင်ထပ်ပြီးနောက်၌ အနက်ရောင်လိပ်ပြာဆီကနေ တောက်ပသောအနက်ရောင်အလင်းတစ်ခု ထုတ်လွှတ်လာခဲ့သည်။
ယင်းနောက်တွင် ခပ်ရေးရေးသာ မြင်ရသည့် ပုံရိပ်ယောင် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရှင်သွေးလ၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ကျန်းချန်သာ ဤနေရာတွင် ရှိနေလျှင် အံ့အားသင့်သွားလိမ့်မည် ဖြစ်၏။
အကြောင်းရင်းမှာ အရှင်သွေးလ၏ ရှေ့တွင် ပေါ်ထွက်လာသော ပုံရိပ်မှာ ကျွမ်းရှန့်ယန်ဖြစ်နေသောကြောင့်ပင်။
ကျွမ်းရှန့်ယန်က အရှင်သွေးလကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
"ကျွန်တော်က ရှေးဟောင်းနဂါး မျိုးနွယ်စုက နဂါးအစောင့်အရှောက် ကျွမ်းရှန့်ယန်ပါ...အရှင်သွေးလနဲ့ တွေ့ဆုံချင်လို့ ထူယွမ်နဲ့အတူ လိုက်လာခဲ့တာပါ"
အရှင်သွေးလ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
"ငါတို့ သွေးလမင်းကုန်းမြေနဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုက မီးနဲ့ရေလို ဆန့်ကျင်ဘက်ပဲ.. မင်းက ဘာအတွက် ငါ့ကို တွေ့ချင်ရတာလဲ"
ကျွမ်းရှန့်ယန်က ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော်က အရှင်နဲ့ ပူးပေါင်းဖို့ အတွက် ရောက်လာတာပါ"
"ငါနဲ့ ပူးပေါင်းဖို့အတွက်လား"
အရှင်သွေးလက ပေါ့ပါးစွာ ပြောလိုက်သည်။
"ဒီနတ်ဘုရားက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ နဂါးအစောင့်အရှောက် တစ်ယောက်နဲ့ ပူးပေါင်းရမယ်ဆိုရင် ဒီအတွက် လုံလောက်တဲ့ အကြောင်းပြချက် တစ်ခုကိုတော့ မင်းငါ့ကို ပေးရလိမ့်မယ်"
"အကြောင်းပြချက်ကတော့ အရှင်နဲ့ ကျွန်တော့်မှာ ဘုံရန်သူတစ်ယောက် ရှိနေလို့ပဲ.. ဘုံရန်သူချင်း တူမှတော့ အရှင်နဲ့ကျွန်တော်က ပူးပေါင်းလို့ရပါတယ်"
ကျွမ်းရှန့်ယန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
"ကျွန်တော်နဲ့ကျန်းချန် ကြားမှာ ကမ္ဘာမကြေတဲ့ အမုန်းတရားရှိတယ်.. ကျွန်တော် ဒီကို ရောက်လာတာကလည်း အရှင်တို့နဲ့ ပူးပေါင်းပြီး ကျန်းချန်ကို ရှင်းပစ်ဖို့ပဲ"
"ကောင်းပြီလေ.. မင်းက ဒီနတ်ဘုရားနဲ့ ဘယ်လိုမျိုး ပူးပေါင်းမှာလဲ"
အရှင်သွေးလ၏ မျက်ဝန်းထဲတွင် အေးစက်သော သွေးအလင်းတန်း တစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ သူ့ရှေ့မှ ကောင်လေးသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နဂါးအစောင့်အရှောက်ဖြစ်သည်။
သို့ဖြစ်ရာ အရှင်သွေးလသည် ရှေးဟောင်းနဂါး မျိုးနွယ်စုဝင်တစ်ယောက်ကို အဘယ်ကဲ့သို့ အလွယ်တကူ ယုံကြည်နိုင်ပါမည်နည်း။
"အရှင်က ရွှယ်ယင်ကို ထျန်းဖန်းနိုင်ငံဆီ စေလွှတ်လိုက်ပေမဲ့ အရှင်ကုလုံရဲ့ မျက်စိအောက်ကနေ လွတ်မြောက်ဖို့ ခက်ခဲမှာကို ကျွန်တော် စိုးရိမ်မိတယ်"
"ကျွန်တော်ခန့်မှန်းချက်အရ အရှင်ကုလုံက ထျန်းဖန်းနိုင်ငံကို အထောက်အပံ့ ဖြစ်စေဖို့အတွက် အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်ကို သေချာပေါက် စေလွှတ်လိမ့်မယ်.. အဲဒီအခါကျရင် စတုတ္ထအဆင့်ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်တဲ့ကျွန်တော့်ဆရာက စစ်ကူအဖြစ်သွားဖို့ တောင်းဆိုလိမ့်မယ်.. သူက ကျန်းချန်ကို သတ်ဖြတ်ရာမှာ အကူအညီ ပေးလိမ့်မယ်"
ထိုစကားကိုပြောနေစဥ် ကျွမ်းရှန့်ယန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခု လင်းလက်သွားခဲ့သည်။
ထိုစကားကိုကြားလျှင် အရှင်သွေးလက မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
"မင်းရဲ့အစီအစဥ်က မဆိုးပါဘူး.. ဒါပေမဲ့ ငါကမင်းကို ဘယ်လိုယုံကြည်ရမှာလဲ"
"အရှင်.. ကျွန်တော် ဒီတစ်ခေါက်ရောက်လာတာ စိတ်ရင်းနဲ့ပါ အခုအချိန်မှာ ကျွန်တော့်ရဲ့ ပြင်ပ ပုံရိပ်ယောင်က အရှင့်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာပဲ.. အရှင်က ဒီပုံရိပ်ယောင်ကို သတ်ဖြတ်လိုက်တာနဲ့ ရှေးဟောင်းနဂါး မျိုးနွယ်စုမှာရှိတဲ့ မူလခန္ဓာကိုယ်က သေချာပေါက် သေဆုံးသွားလိမ့်မယ်.. အရှင်စိတ်ချပါ.. ကျွန်တော် ကျွမ်းရှန့်ယန်က ရှေးဟောင်းနဂါးမျိုးနွယ်စုကနေ လှည့်စားဖို့ အတွက် စေလွှတ်လိုက်တာ မဟုတ်ပါဘူး"
ကျွမ်းရှန့်ယန်က ပြုံး၍ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် အရှင်သွေးလ၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။
သူ၏ရှေ့မှ ကောင်လေးသည် သူ့ကို ပြင်ပပုံရိပ်ယောင် အဖြစ် လျှို့ဝှက်စွာ လာရောက်တွေ့ခဲ့သည်။
ပြောနေရစရာ မလိုလောက်အောင်ပင် ကျွမ်းရှန့်ယန်က ရှေးဟောင်းနဂါး မျိုးနွယ်စု၏ လှည့်ကွက်တစ်ခု ဖြစ်နေလျှင်ပင် ကျွမ်းရှန့်ယန်နှင့် ပူးပေါင်းသည်က သူ့အတွက် များစွာ ဆုံးရှုံးမည် မဟုတ်ပေ။
ထို့အပြင် ရွှယ်ယင်ထံတွင် သူပေးထားသည့် နယ်မြေနတ်ဘုရား ဆံပင် ရှိနေ၍ ကျရှုံးသွားခဲ့လျှင်ပင် လုံခြုံစွာ ပြန်လာနိုင်မည် ဖြစ်သည်။
မှန်ပါသည်။ ကျွမ်းရှန့်ယန်၏ အကူအညီကိုသာ အမှန်တကယ်ရလျှင် ရွှယ်ယင်သည် သူပေးအပ်လိုက်သော တာဝန်ကို အကောင်းဆုံး ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်၏။
ကျွမ်းရှန့်ယန်နှင့် ပူးပေါင်းမှုကနေ ရွှယ်ယင်က ကျန်းချန်ကို မဖြစ်မနေ သတ်ဖြတ်နိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။
"ကောင်းပြီလေ ဒီနတ်ဘုရားက ဒီတစ်ကြိမ် မင်းကို ယုံကြည်လိုက်မယ်"
အရှင်သွေးလ၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"၃ရက် ကြာပြီးတဲ့နောက်မှာ ငါတို့တွေ အစီအစဥ်အတိုင်း ကျန်းချန်ကို သတ်ပစ်ကြမယ်"
အခန်း(၁၆၆၄)ပြီး၏။
အခန်း(၁၆၆၅)
ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အရှေ့ပိုင်းဒေသ အစွန်အဖျားတွင် ဧရာမတောင်တန်းတစ်ခု ရှိသည်။
ထိုတောင်တန်းသည် ရှေးဟောင်းနဂါး ကုန်းမြေ၏ နာမည်ကျော် ဖန်းလုံတောင်တန်းပင် ဖြစ်သည်။
ဖန်းလုံတောင်တန်း၏ အနောက်ဘက်သည် ရှေးဟောင်းနဂါးကုန်းမြေ၏ အရှေ့ပိုင်းဒေသဖြစ်ပြီး အဆုံးမဲ့လွင်ပြင်တစ်ခုဖြစ်သည်။
ထိုနေရာသည် မူလက အရှေ့ပိုင်းဒေသ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။
သွေးလမင်းကုန်းမြေက ကျူးကျော်မည့်လက္ခဏာများ စတင်ကတည်းကပင် သွေးလမင်းကုန်းမြေကို ခုခံရန်အတွက် အရှင်ကုလုံသည် အဆုံးမဲ့လွင်ပြင်ကို စွန့်လွှတ်ခဲ့ပြီး ဖန်းလုံတောင်တန်းကို သွေးလမင်းကုန်းမြေအား ရင်ဆိုင်မည့် ခံတပ်တစ်ခု အဖြစ် အသုံးပြုခဲ့သည်။
ဖန်းလုံတောင်တန်းသည် ရှေးဟောင်းတောင်တန်းတစ်ခု ဖြစ်ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စုထက်ပင် သမိုင်းကြောင်း ပို၍ ရှည်လျားသည်။
ထိုတောင်တန်းထဲတွင် အထွတ်အထိပ် သားရဲများလည်း မရေမတွက်နိုင်အောင် ရှိ၏။
သို့ဖြစ်ရာ ကောင်းကင်နတ်ဘုရားများပင် ထိုထဲသို့ အလွယ်တကူ မဝင်ရောက်ရဲပေ။
ဆိုရလျှင် ဖန်းလုံတောင်တန်းသည် ရှေးဟောင်းနဂါးကုန်းမြေ၏ အရှေ့ပိုင်းဒေသ အတွက် သဘာဝ အတားအဆီးတစ်ခု ဖြစ်သည်။
အရှင်ကုလုံက သွေးလမင်းကုန်းမြေကို ခုခံရန်အတွက် ခံတပ်တစ်ခု တည်ဆောက်ပြီးနောက်တွင် ဖန်းလုံခံတပ်ဟု အမည်ပေးခဲ့သည်။
ဖန်းလုံခံတပ်၏ အလယ်ဗဟိုတွင် နန်းတော်တစ်ခုသည် ထီးထီးကြီး တည်ရှိနေခဲ့၏။
ထိုနန်းတော်ထဲတွင် ခမ်းနားထည်ဝါသော ခန်းမတစ်ခု ရှိသည်။
လက်ရှိအချိန်တွင် ခန်းမထဲ၌ အရှင်ကုလုံ ဦးဆောင်သော ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူ အများအပြား စုဝေးနေခဲ့ကြသည်။
"ခေါင်းဆောင် ၃ရက် ကုန်ဆုံးသွားပြီ.. အရှင်သွေးလက အခုထိ မလှုပ်ရှားသေးဘူး.. သူ့ရဲ့ စစ်တပ်ကိုခေါ်ပြီး မဆုတ်ခွာသေးဘူး ဆိုတော့ သူဘာလုပ်ချင်နေသလဲ မသိဘူး"
လုံကျန့်ရှင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ဖန်းချင်းယွမ်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။
"ဒါက မုန်တိုင်းမထန်ခင် ငြိမ်သက်မှုမျိုးလို့ ငါထင်တယ်.. အရှင်သွေးလက တစ်ခုခုကို သေချာပေါက် ကြံစည်နေမှာအမှန်ပဲ.. အရှင်သွေးလက တပ်ဆုတ်လိမ့်မယ်လို့ ငါထင်ခဲ့ပေမဲ့ သူက အခုထိ သူ့ရဲ့တပ်တွေကို မဆုတ်သေးဘူး"
အရှင်ကုလုံက ခပ်ယဲ့ယဲ့ ပြောလိုက်သည်။
"ငါ သူဘာတွေ ကြံစည်နေလဲဆိုတာ ခန့်မှန်းလို့ရတယ်.. ငါသာ သူ့နေရာမှာဆိုရင်လည်း ရှေးဟောင်းနဂါး မျိုးနွယ်စုမှာ ကျန်းချန်လို ပါရမီရှင်ပေါ်ပေါက်လာတာကို သိရင် စိတ်မချမ်းမြေ့ ဖြစ်နေမှာပဲ"
ထိုစကားကိုကြားလျှင် ဖန်းချင်းယွမ်က အံ့အားသင့်သွားခဲ့သည်။
"အရှင်သွေးလက ကျန်းချန်ကို တိတ်တဆိတ် ရှင်းပစ်ဖို့ ကြံစည်နေတယ်လို့ ခေါင်းဆောင် ဆိုလိုချင်တာလား"
"ကျန်းချန်ရဲ့ အရည်အချင်းတွေက အရမ်းကို ထင်ပေါ်လွန်းနေတယ်"
အရှင်ကုလုံက ဖန်းချင်းယွမ်ကို ကြည့်လိုက်သည်။
"မင်းသာ အရှင်သွေးလ ဆိုရင် ရှေးဟောင်းနဂါးကုန်းမြေမှာ ပါရမီရှင်တစ်ယောက် ကြီးထွားလာတဲ့အထိ ထိုင်ကြည့်နေမှာလား"
ဖန်းချင်းယွမ်၏ မျက်နှာက အနည်းငယ် အေးစက်သွားခဲ့သည်။
ကျန်းချန်၏ ပါရမီနှင့် အလားအလာအရ ဆိုလျှင် မတော်မဆဖြစ်ရပ်များ မရှိသရွေ့ အနာဂတ်တွင် နတ်ဘုရင်အဆင့်ကျင့်ကြံသူပင် ဖြစ်လာနိုင်လောက်၏။
ကျန်းချန် ကြီးပြင်းလာသည်နှင့်အမျှ သွေးလမင်းကုန်းမြေအတွက် အမှန်တကယ်ပင် ကြီးမားသော ပြဿနာတစ်ခုဖြစ်လာနိုင်ပေသည်။
ထို့ကြောင့် အရှင်သွေးလသည် ကျန်းချန်ကို ကြီးပြင်းရန် အခွင့်အရေးပေးမည် မဟုတ်လောက်ပေ။
"အရှင် သွေးလက ကျန်းချန်ကို သတ်ဖြတ်ဖို့ ရည်ရွယ်ထားမှတော့ ကျွန်တော်တို့က သူ့ကို ကာကွယ်ဖို့အတွက် ထျန်းဖန်းနိုင်ငံဆီ အင်အားကြီးမားတဲ့ ကျင့်ကြံသူ တစ်ယောက်ယောက်ကို စေလွှတ်သင့်တယ် ထင်တယ်"
ဖန်းချင်းယွမ်က အလျင်အမြန် ပြောလိုက်သည်။
ကျန်းချန်သည် သူ့အပေါ်တွင် စိတ်ရင်းကောင်း ရှိရုံသာမက ရှေးဟောင်းနဂါးကုန်းမြေ၏ အနာဂတ်အတွက်လည်း အရေးပါသောသူ ဖြစ်သည်။
ထို့ကြောင့် ဖန်းချင်းယွမ်သည် ကျန်းချန် သတ်ဖြတ်ခံရမည်ကို မလိုလားခဲ့ပေ။
"အရှင်သွေးလက ကျန်းချန်ကို သတ်ဖြတ်ဖို့ ဘယ်သူ့ကို စေလွှတ်မလဲ ဆိုတာ ငါမသိသေးဘူး.. သူ ဘယ်သူ့ကို စေလွှတ်မလဲဆိုတာ အရင်စောင့်ကြည့်ရမယ်"
အရှင်ကုလုံက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"သွေးလမင်းကုန်းမြေရဲ့ ကောင်းကင်နတ်ဘုရား တတိယအဆင့်နဲ့ အထက်က ကျင့်ကြံသူတွေရဲ့ အရှိန်အဝါက ငါ့ရဲ့စောင့်ကြည့်မှုအောက်မှာ ရှိတယ်.. သူတို့ တစ်စုံတစ်ရာ လှုပ်ရှားလိုက်တာနဲ့ ငါ့ရဲ့ မျက်စိအောက်ကနေ လွတ်မြောက်မှာ မဟုတ်ဘူး"
သူက သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားတတိယအဆင့်နှင့်အထက်မှ ကျင့်ကြံသူများ၏ အရှိန်အဝါများကို စောင့်ကြည့်ထားခဲ့သည်။
ထို့အတူပင် အရှင်သွေးလ သည်လည်း ရှေးဟောင်းနဂါးမျိုးနွယ်စုမှ အားကောင်းသော ကျင့်ကြံသူများ၏ အရှိန်အဝါကို စောင့်ကြည့်ထား၏။
သို့ဖြစ်ရာ သူက ကျန်းချန်ကို ကာကွယ်ရန် ထျန်းဖန်းနိုင်ငံဆီ တစ်စုံတစ်ယောက်အား စေလွှတ်လိုက်မည် ဆိုလျှင် အရှင်သွေးလသည် ကျန်းချန်ကို သတ်ဖြတ်ရန်အတွက် ပို၍ အားကောင်းသော ကျင့်ကြံသူကို စေလွှတ်နိုင်ခြေ ရှိသည်။
ထို့ကြောင့် သူ့အတွက် အကောင်းဆုံး နည်းလမ်းမှာ အခြေအနေကို စောင့်ကြည့်ပြီး အပြောင်းအလဲများကို လိုအပ်သလို လုပ်ဆောင်ရန် ဖြစ်သည်။
"အရှင်ကုလုံ...အရှင်သွေးလက စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတစ်ယောက်ကို ကျန်းချန်ကိုသတ်ဖြတ်ဖို့ စေလွှတ်လိုက်ပြီလို့ သူလျှိုတွေဆီကနေ သတင်းရောက်လာတယ်"
ထိုအချိန်မှာပင် လုံကျန့်ရှင်းက ရုတ်တရက် ခေါင်းမော့ကာ အရှင်ကုလုံကို ပြောလိုက်သည်။
"ငါဒီကိစ္စကို သိပြီးပြီ"
ကုလုံက ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူ၏မျက်လုံးကို မှိတ်လိုက်သည်။
ခဏအကြာတွင် ကုလုံက သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။
ယင်းနောက်တွင် သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"အရှင်သွေးလရဲ့ တပည့်ကြီး ရွှယ်ယင်ရဲ့ အရှိန်အဝါက ပျောက်ကွယ်သွားခဲ့ပြီ.. ဒီကောင်က ထျန်းဖန်းနိုင်ငံကို ခရီးထွက်သွားပြီ ထင်တယ်"
ထိုစကားကိုကြားလျှင် ဖန်းချင်းယွမ်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"ကျွန်တော် ထျန်းဖန်းနိုင်ငံကိုသွားပြီး ဒီကောင့်ကို သတ်မယ်"
အရှင်သွေးလ၏ တပည့်ကြီးအနေဖြင့် ရွှယ်ယင်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်တွင် ရှိသည်။
ထို့အပြင် တိုက်ခိုက်ရေးစွမ်းရည်သည်လည်း သာမန် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူထက် မနိမ့်ပေ။
ကျန်းချန်က ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်ခဲ့ပြီး ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း ရွှယ်ယင်နှင့် ရင်ဆိုင်ရန် မလွယ်လောက်ပေ။
အရှင်ကုလုံက ခေါင်းခါရမ်းကာ ပြောလိုက်သည်။
"အခုပဲ အရှင်သွေးလက သူ့ရဲ့လူတွေ အားလုံးကို စုစည်းပြီး ဖန်းလုံခံတပ်ဆီ လာနေခဲ့ပြီ.. မင်းရော ကျန့်ရှင်းရော သွားလို့မဖြစ်ဘူး.. တကယ်တမ်း တိုက်ပွဲဖြစ်ခဲ့ရင် ငါတို့တွေ အများကြီးဆုံးရှုံးရလိမ့်မယ်"
အရှင်သွေးလသည် သူ့ထက်ပင် ပို၍အားကောင်းသည်။
သူက ရှေးဟောင်းနဂါး ကုန်းမြေ၏ နယ်မြေနှလုံးသား မူလစွမ်းအားကြောင့်သာ အရှင်သွေးလနှင့် ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သွေးလမင်းကုန်းမြေတွင် ဖန်းချင်းယွမ် ကဲ့သို့ ဆဋ္ဌမအဆင့် ကောင်းကင် နတ်ဘုရား၃ပါး ရှိသည်။
ဖန်းချင်းယွမ်သာ မရှိခဲ့လျှင် သွေးလမင်းကုန်းမြေမှ အားကောင်းသော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို တားဆီးရန် သူတို့အတွက် ခက်ခဲသွားလိမ့်မည် မဟုတ်လော။
"ကျွန်တော် သွားလိုက်မယ်"
ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ယောက်သည် ရုတ်တရက် မတ်တတ် ထရပ်လိုက်သည်။
မတ်တတ် ထရပ်လိုက်သည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို မြင်လျှင် ဖန်းချင်းယွမ်သည် မျက်မှောင်ကြုတ်သွားခဲ့၏။
သို့သော်လည်း သူ တစ်စုံတစ်ရာ မပြောခင်မှာပင် အရှင်ကုလုံသည် ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကောင်းပြီလေ အကြီးအကဲရှန်း.. ထျန်းဖန်းနိုင်ငံနဲ့ ကျန်းချန်ရဲ့ဘေးကင်းရေးအတွက် မင်းကိုပဲ လွှဲထားလိုက်မယ်"
"စိတ်ချပါ ခေါင်းဆောင်"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းညိတ်၍ ပြောလိုက်ပြီးနောက်တွင် ချာခနဲလှည့်ကာ ခန်းမ၏ အပြင်ဘက်သို့ ထွက်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဖန်းချင်းယွမ်သည် ကူကယ်ရာမဲ့စွာဖြင့် အလျင်အမြန် ပြောလိုက်၏။
"ခေါင်းဆောင် ရှန်းယွမ်ဟိုင်ကို ဘာလို့ ထျန်းဖန်းနိုင်ငံဆီ စေလွှတ်လိုက်တာလဲ"
ရှန်းယွင်ဟိုင်သည် သူနှင့် တစ်ခါမှ ဆက်ဆံရေး မကောင်းပေ။
ထို့ကြောင့် ဖန်းချင်းယွမ်က ကျန်းချန် အတွက် စိုးရိမ်သွားမိသည်။
"ရွှယ်ယင်က ကောင်းကင်နတ်ဘုရား တတိယအဆင့် ပါရမီရှင်တစ်ယောက်ပဲ.. ဒါ့အပြင် စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရားတွေကိုတောင် ရင်ဆိုင်နိုင်စွမ်းရှိတယ်.. ရှန်းယွမ်ဟိုင်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အထွတ်အထိပ်ကိုတောင် ရောက်နေခဲ့ပြီ.. သူက စေလွှတ်ဖို့ အသင့်တော်ဆုံးဆိုတာ သံသယဖြစ်စရာ မရှိဘူး"
ထိုစကားကိုပြောနေစဥ် အရှင်ကုလုံ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတစ်ခု ဖျတ်ခနဲလက်သွားခဲ့သည်။
"ဒါ့အပြင် ရွှမ်းယင်ဟိုင်ရဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စု အပေါ် သစ္စာရှိမှုကို ငါသံသယဝင်နေတယ်...ဒါကြောင့် သူဘာလုပ်မလဲဆိုတာ ငါကြည့်ချင်တယ်"
ထိုစကားကိုကြားလျှင် ဖန်းချင်းယွမ်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
"အရှင်က သူ့ကို သံသယဝင်နေတယ်ဆိုရင် ဘာလို့ ထျန်းဖန်းနိုင်ငံဆီ စေလွှတ်လိုက်တာလဲ"
ရှန်းယွမ်ဟိုင်တွင်သာ အရှင်ကုလုံ ပြောသလို အမှန်တကယ်ရည်ရွယ်ချက် ရှိနေခဲ့လျှင် ကျန်းချန်ကို မုချ အန္တရာယ်ပေးလိမ့်မည် မဟုတ်ပါလား။
"မင်းစိတ်မပူပါနဲ့.. ငါ့မှာ ကိုယ်ပိုင်အစီအစဥ် ရှိပါတယ်"
အရှင်ကုလုံက ခပ်ယဲ့ယဲ့ ပြောလိုက်သည်။
"ကုမင်ကို ငါစေလွှတ်ထားတာ မင်းမေ့နေပြီလား.. သူ့ရဲ့ လက်ထဲမှာ ငါပေးထားတဲ့ အမိန့်ပြန်တမ်း တစ်ခု ရှိတယ်.. ရှန်းယွမ်ဟိုင် မရိုးမသား လုပ်တာနဲ့ ဒီနတ်ဘုရားက သူ့ကို အလွှတ်ပေးမှာ မဟုတ်ဘူး"
နှစ်ယောက်သား စကားပြောဆိုနေစဥ်မှာပင် ဖန်းလုံခံတပ်၏ အရှေ့ဘက်ကနေ အင်အားကောင်းသော အရှိန်အဝါများကို ခံစားမိလိုက်သည်။
"သွားကြစို့...သွေးလမင်းကုန်းမြေက ကျင့်ကြံသူတွေ ရောက်လာပြီ.. ငါတို့ သူတို့နဲ့ သွားတွေ့ကြစို့"
စကားဆုံးသည်နှင့် အရှင်ကုလုံ၏ ပုံရိပ်သည် ခန်းမထဲကနေ တိုက်ရိုက်ပင် ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၁၆၆၅)ပြီး၏။