သူ ပြောင်းလဲသွားပြီ
Vol. 4 Ch. 103
ကျုံးမင်းဝေသည် နှလုံးသား ပေါက်ထွက်မတတ် ခံစားလိုက်ရသည်။
နာကျင်မှုကြောင့်လား။ ချိုမြမှုကြောင့်လား သူ မသိ။ ဒီမိန်းကလေးက သူ့ကို တကယ် အသေ သတ်နိုင်တာပင်။
ကျုံးမင်းဝေသည် ဘာမှမပြောဘဲ ခေါင်းမော့လိုက်ပြီး အားချိုးလက်ထဲမှ မုန့်ဖုတ်ကို ကိုက်လိုက်သည်။ တမင်လုပ်လိုက်တာလား။ မုန့်ဖုတ်ပဲ ကိုက်လာတာလား သူ မသိ။ သို့သော်လည်း သူသည် အားချိုး၏ လက်ချောင်းလေးကိုပါ ခပ်ဖြည်းဖြည်း ကိုက်မိလိုက်သည်။
“အာ။ ဘာလို့ ကိုက်တာလဲ။”
အားချိုးက လက်ကို အလောတကြီး ပြန်ဆွဲထုတ်လိုက်သည်။ နာသည်တော့ မဟုတ်သော်လည်း မျက်လုံးပြူးသွားပြီး ကျုံးမင်းဝေ၏ တံတွေးစိုနေတဲ့ လက်ချောင်းကို အုပ်ရင်း မယုံကြည်နိုင်စွာ ကျုံးမင်းဝေကို စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်။
“တကယ်ပဲ အစားပုပ်ကောင်ပဲ”
“အဟွတ်.... အဟွတ်။”
နောက်တစ်စက္ကန့်တွင်းမှာ ကျုံးမင်းဝေက ထပ်ချောင်းဆိုးသွားပြီး ဤတစ်ကြိမ်မှာမူ အားချိုးက လုံးဝမလန့်တော့ဘဲ လက်ဖက်ရည်ကို ယူကာ ကျုံးမင်းဝေ၏ ပါးစပ်ထဲ တိုက်ပေးလိုက်သည်။
ညစာအတွက် မှိုနှင့် ဟင်းသီးဟင်းရွက်ထည့်ထားသော အသားဆန်ပြုတ်ကို ချက်လိုက်သည်။ အားချိုးက အသားကို အပိုင်းသေးသေးလေးဖြတ်ပြီး ဆန်ပြုတ်ထဲ ထည့်လိုက်သည်။ မှိုတစ်ဆုပ်ကိုလည်း ရေစိမ်ပြီး အတုံးသေးသေးလှီးကာ ဆန်ပြုတ်ထဲ အတူတူ ရောချက်လိုက်သည်။ ချက်ပြုတ်မပြီးသေးသော်လည်း ကျုံးမင်းဝေက အနံ့မွှေးကို အဝေးကြီးဆီမှ ရသောကြောင့် ကုတင်ပေါ်တွင် လူးလွန့်နေရင်း မီးဖိုချောင်သို့ သွားကာ အားချိုးတစ်ယောက် မီးညှိပြီး အသားလှီးနေပုံ၊ အရသာရှိသော ဆန်ပြုတ်ကို ချက်ပြုတ်နေပုံတို့ကို ကြည့်ချင်လာမိသည်။
ကျုံးမင်းဝေ၏ ကျန်းမာရေးသည် အရင်ထက် အများကြီး ပို၍ သက်သာလာသည်။ ယခင်က လှုပ်မရဘဲ လှဲနေခဲ့ရပြီး ခန္ဓာကိုယ်ထုံကျင်နေချိန်များတွင် လှုပ်ရှားနိုင်ခြင်းမရှိခဲ့ပေ။ ယခုမှာမူ လှည့်လို့ရလာပြီး လှုပ်ရှားမှုကြီးကြီးမားမား မဟုတ်ပါက သူ့ဘာသာသူ လုပ်နိုင်လာသည်။ အရင်ထက် ပိုအဆင်ပြေလာသော်လည်း ကျုံးမင်းဝေက ဤမျှလောက်နှင့် လုံးဝမကျေနပ်နိုင်သေးပေ။ သူ ပိုမြန်မြန် သက်သာလာဖို့ ကြိုးစားရပေမည်။ နောက်နှစ်နွေဦးရာသီတွင် သူပြန်ကောင်းလာသောအခါ အားချိုးနှင့်အတူ တောင်အောက်သို့ ဆင်းပြီး မြေလွတ်တွေ စတင်ဖောက်ထွင်ချင်လာသည်။ ထို့နောက် ပဲနီလေးတွေ စိုက်မည်။ ထို့ပြင် ဂျုံနှင့် ဆန်များကို စိုက်ပြီး ဆန်များကို ကြိတ်ကာ အစားပုပ်မလေး အားချိုးအတွက် မုန့်များ ဖုတ်ပေးဦးမည်။
အစတွင် သူသည် အလွန်ညံ့ဖျင်းပြီး ဘာမှမလုပ်တတ်သည်မှာ အမှန်ပင်။ သို့သော်လည်း သူက အမြဲဉာဏ်ထက်မြက်သည့် သူဖြစ်သောကြောင့် မြန်မြန်သင်ယူနိုင်လောက်သည်။ အချိန်ခဏကြာသောအခါ သူ နွားလှည်းမောင်းတတ်လာလိမ့်မည်။ လယ်ထွန်တတ်လာမည်။ မြက်လည်း နှုတ်တတ်လာမည်။ သူ ကောင်းကောင်းစိုက်ပျိုးပြီး အစားအသောက်ကောင်းကောင်း ချက်ပြုတ်ပေးမည်။ အားချိုးလေးကို ဗိုက်ပြည့်အောင် ကျွေးမွေးမည်။ နောက်ဆိုရင် အားချိုးလေးသည် မနက်မိုးမလင်းခင် အမြန်ထပြီး အစားအသောက်ပြင်ရတော့မည် မဟုတ်ပေ။ သူမအား ဆံပင်လေးတောင် ဖြီးခိုင်းတော့မည် မဟုတ်ပေ။
သူသည် အားချိုးကို ပို၍ ကောင်းကောင်းဆက်ဆံပေးချင်သည်။ သူ၏ ဘဝထဲသို့ ဝင်လာခဲ့သည်ကို ဘယ်တော့အခါမှ နောင်တမရမိစေရန်အတွက် သူမကို ပို၍ ပို၍ ကောင်းပေးရမည်။
ကျုံးမင်းဝေသည် အနာဂတ်ကို စဉ်းစားရင်း ပြုံးမိလိုက်သည်။ သူ၏ နှလုံးသားထဲတွင် နွေးထွေးမှု၊ ချိုမြိန်မှုများစွာနှင့်။ တစ်ချိန်တည်းမှာပင် အနည်းငယ် စိတ်မသက်မသာ ခံစားချက်လေးလည်း ရောထွေးနေလေသည်။
သူသည် လူးလွန့်တာကို ရပ်လိုက်ပြီး မျက်နှာကို ပန်းရောင်ခေါင်းအုံးထဲ မြှုပ်ထည့်လိုက်သည်။ နှလုံးသားထဲတွင် ဤမျှ ပျော်ရွှင်နေသည်ကို ဘာကြောင့် မျက်ရည်ဝဲချင်သလို ဖြစ်နေရတာပါလိမ့်။
ကျုံးမင်းဝေသည် သူ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။ ယခင်က သူ့နှလုံးသားမှာ အေးစက်မာကျောခဲ့သော်လည်း ယခုတွင်မူ ပို၍ ပို၍ နူးညံ့လာလေပြီ။
အားချိုးက အစားအစာများနှင့်အတူ ဝင်လာပြီး ကျုံးမင်းဝေက ခေါင်းအုံးပေါ် မျက်နှာအပ်ထားသည်ကို မြင်သောအခါ မရယ်ဘဲ မနေနိုင်တော့။
“ဘာတွေ ဖြစ်နေတာလဲ။ အစားပုပ်လို့ ပြောလိုက်တော့ ပိုဆိုးသွားပြီး တကယ့်ကလေးလေးလို ဖြစ်နေတာပဲ။”
“ကျောလေ့ကျင့်ခန်း လုပ်နေတာပါ။ ကျောဆန့်နေတာ မမြင်ဘူးလား။”
ကျုံးမင်းဝေက လေသံမာမာဖြင့် ပြောပြီး ထထိုင်လိုက်ကာ ကုတင်ပေါ်မှ အားချိုးဆီသို့ လက်လှမ်းနေသည်။ အားချိုးက အစားအစာများကို စားပွဲပေါ်တင်လိုက်ပြီး ဖိနပ်ချွတ်ကာ ကုတင်ပေါ်သို့ တက်လိုက်သည်။ ကျုံးမင်းဝေ ထိုင်လို့ရလာကတည်းက သူတို့နှစ်ယောက်သည် ဤကဲ့သို့ အတူတူ စားသောက်ကြသည်။
“အပူပေးကုတင်ဆောက်ဖို့ လူရှာထားပြီးပြီ။ နောက်နှစ်ရက်နေရင် လာလိမ့်မယ်။”
အားချိုးက ထမင်းပန်းကန်ကိုင်ရင်း ကျုံးမင်းဝေကို ပြောလိုက်သည်။
“အိုး။”
ကျုံးမင်းဝေက ခေါင်းညိတ်ပြီး ခဏရပ်ကာ ထပ်မေးလိုက်သည်။
“ဆောက်ပေးမဲ့လူက ယုံရလို့လား။”
ထိုလူနှင့် အားချိုးတို့သည် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးသောကြောင့် အားချိုး အလိမ်ခံရမည်ကို စိုးရိမ်နေသည်။
“အင်း ယုံလို့ရတယ်။”
အားချိုးက အလောတကြီး ခေါင်းညိတ်ပြီး ကျုံးမင်းဝေအတွက် ကြက်ဥကို တူနှင့် ခပ်ပေးရင်း ပြောလိုက်သည်။
“တောင်အောက်ဆင်းတုန်းက ဆရာချန်အိမ်မှာ အပူပေးကုတင်ပြင်နေတာနဲ့ တိုက်ဆိုင်သွားတာ။ အဲ့ဒါနဲ့ ဆရာချန်ကို အကူအညီတောင်းလိုက်တော့ သူ့အိမ်က အသိကို ကျွန်မတို့အတွက် အပူပေးကုတင်လာပြင်ပေးဖို့ စီစဉ်ပေးတယ်လေ။ အဆင်မပြေစရာ မရှိနိုင်ပါဘူး။ ရှင် စိတ်ချထားလို့ရပါတယ်။”
“ဒါဆိုရင်တော့ ကောင်းတာပေါ့။”
ကျုံးမင်းဝေက ခေါင်းညိတ်ပြီး ဆန်ပြုတ်ကို နှစ်လုတ်သောက်လိုက်သည်။ ထို့နောက် မနေနိုင်တော့ဘဲ အားချိုးကို မေးလိုက်သည်။
“အဲ့....အဲ့ဒီဆရာချန်နဲ့ ရင်းနှီးတာလား။”