ရှင် ဘယ်မှာလဲ
Vol. 4 Ch. 115
ထိုနေ့တွင် ကုန်းဝမ်ကျဲက သူမကို ဦးစားပေးပြီး လှုပ်ကုလားထိုင် ပေးခဲ့သည်ကို အာချိုးက အမြဲ စိတ်ထဲတွင် ရှက်နေခဲ့သည်။ ဘယ်အချိန် ကျေးဇူးတင်ရမလဲဆိုသည်ကိုလည်း တွေးနေခဲ့သည်။ ယခု ဆောင်းလလယ်ပွဲတော် ဖြစ်နေသောကြောင့် အရက်အိုးတစ်လုံး ပို့ပေးလိုက်သည်မှာ သိပ်မထူးဆန်းဘူးဟု ထင်သည်။
တရားရုံးကို ရှာရသည်မှာ လွယ်ကူသည်။ ဈေးနောက်နားလေးတင် တည်ရှိသောကြောင့် အာချိုးက အဝေးကနေ မြင်ဖူးသည်။ သို့သော်လည်း ဒီနေ့တွင် ကုန်းဝမ်ကျဲ မရှိပေ။
“အစောင့်ကုန်းမရှိဘူးလား။”
အာချိုးက တရားရုံးတံခါးဝရှိ အစောင့်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။
“ဒါဆို သူ ဘယ်အချိန် ပြန်လာမှာလဲ။”
“အဲ့ဒါကို ကျွန်တော်တို့ ဘယ်သိမလဲ။ အစောင့်ကုန်းရဲ့ ခရီးစဉ်ကို ကျွန်တော်တို့ ဘယ်လိုလုပ် မေးရဲမှာလဲ။”
အစောင့်က အာချိုးကို ကြည့်ရင်း အဝတ်အစားစုတ်တွေနှင့် ပုံတုံးမလေး အားချိုးသည် မြို့တော်က ကုန်းဝမ်ကျဲနှင့် မည်သို့ ဆက်စပ်မှုရှိနေမလဲဟု တွေးနေသည်။ ရောက်လာသည်နှင့် ကုန်းဝမ်ကျဲ၏ နာမည်ကို တိုက်ရိုက် ခေါ်ရဲလေသည်။ ရုံးတံခါးဝက အစောင့်လေးက အလွန် လိမ္မာပါးနပ်သူဖြစ်သည်။
“ဒါဆို ဒီအရက်အိုးကို အစောင့်ကုန်းကို ပေးပေးလို့ ရမလား။”
အာချိုးက ဝါးခြင်းတောင်းထဲက “လောင်ကျွမ်းနေသော ဓား” တံဆိပ် အရက်အိုးကို ထုတ်ပြီး အစောင့်ကို ပေးလိုက်သည်။
“ကျွန်မ လုပ်စရာရှိသေးတယ်။ ဒါကြောင့် ဒီမှာ သူ့ကို စောင့်နေဖို့ အချိန်မရှိဘူး။”
အစောင့်က အရက်အိုးကို ယူပြီး အာချိုးကို စိတ်ဝင်စားစွာ ကြည့်သည်။
“မရှိဘူး၊ မရှိဘူး။ အရက်ကို သူ့လက်ထဲ ထည့်ပေးရုံပဲ။”
အရက်ပို့ပြီးသွားသောအခါ အာချိုးက လတ်ဆတ်သည့် ငါးကြီးတစ်ကောင် ဝယ်လာသည်။ ငါးကို အာချိုးရှေ့မှာ သတ်ပေးခဲ့ခြင်း ဖြစ်သောကြောင့် အလွန်လတ်ဆတ်သည်။ ကျီရှန်းကျောင်းကို ဖြတ်သွားသောအခါ လမုန့်များကို အဖွားချန်ထံ ပေးရင်း ငါးမလတ်သွားမည် စိုးသောကြောင့် တောင်ပေါ်ကို အလျင်အမြန် ပြန်တက်လာခဲ့သည်။
အာချိုး အိမ်သို့ ပြန်ရောက်သောအခါ ချွေးများ စိုရွှဲ နေလေပြီ။
အာချိုးက ချွေးသုတ်ရင်း အိမ်ထဲကို အော်ပြောလိုက်သည်။ အိမ်ပြန်ရောက်တိုင်း အိမ်ထဲကို အော်ပြောတတ်သည့် အကျင့်ရှိသော်လည်း ဤတစ်ကြိမ်တွင် ကျုံးမင်းဝေက ပုံမှန်ကဲ့သို့ ပြန်မဖြေပေ။ အာချိုးက ထူးဆန်းသွားပြီး ငါးကို သစ်သားဇလုံထဲ ထည့်ကာ ရေစိမ်ထားလိုက်ပြီး လမုန့်တွေနှင့်အတူ အခန်းထဲ ဝင်သွားလိုက်သည်။
အိပ်ခန်းထဲ ဝင်လိုက်သောအခါ အပူပေးကုတင်ပေါ်တွင် ဘယ်သူမှ မရှိသည်ကို မြင်သောကြောင့် အာချိုးက အံ့သြလွန်းလို့ ပါးစပ်တောင် မစိနိုင်တော့ပေ။
အပူပေးကုတင်ခြောက်သွားပြီးနောက် ကျုံးမင်းဝေက အပူပေးကုတင်ပေါ်တွင် နေဖို့ ပြောင်းလာခဲ့သည်။ ကျုံးမင်းဝေက ဒုက္ခမခံချင်သောကြောင့် မရွှေ့ချင်သော်လည်း အာချိုးက အပူပေးကုတင်က ပြတင်းပေါက်ဘေးတွင် နေရောင်ခြည်ရသောကြောင့် သူ့ကို အတင်းရွှေ့ခိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အခု ကျုံးမင်းဝေသည် ကုတင်ပေါ်တွင် မရှိပေ။ အာချိုးက လိပ်ပြာ လွင့်သွားမတတ် လန့်သွားလေသည်။
သူ့ခြေထောက်နဲ့က ခြံထဲကို ထွက်ဖို့ဆိုတာ ကူမှ ရတာ။ ဒါဆို ဘယ်ကို သွားနိုင်မှာလဲ။
ဒါမှမဟုတ် မြို့တော်က တစ်ယောက်ယောက် တိတ်တိတ်လေး လာသွားတာလား။
အာချိုး၏ နှလုံးခုန်သံ ရပ်တော့မလို ဖြစ်သွားပြီး လှည့်ထွက်ကာ အပြင်ကို အလျင်အမြန် ပြေးသွားသည်။
အာချိုးက စိုးရိမ်လွန်းလို့ ငိုတော့မတတ် ဖြစ်သွားသည်။ ခြံထဲမှာ ဘယ်သူမှ မရှိပေ။ မီးဖိုချောင်ထဲမှာလည်း မရှိ။ ကျုံးမင်းဝေ ဘယ်ကို သွားနိုင်မှာလဲ။
အာချိုးက အပြင်မှာ သွားရှာကြည့်ဖို့ အတွေးရလိုက်ပြီး တံခါးလက်ကိုင်ကို လက်နဲ့ ထိလိုက်သည့်အချိန် ရုတ်တရက် ရပ်သွားသည်။ မျက်ရည်တွေကို အလျင်အမြန် သုတ်လိုက်ပြီး အိမ်ထဲသို့ ပြန်ပြေးဝင်လာသည်။
သူမ ပြန်လာတုန်းက တံခါးကို သော့ခတ်ထားတုန်းပါပင်။ ဒါဆို ကျုံးမင်းဝေက အိမ်ထဲမှာပဲ ရှိရမယ်။
အာချိုးက လေမုန်တိုင်းတစ်ခုလို ဧည့်ခန်းထဲ ဝင်လာပြီး အိပ်ခန်းထဲတွင် အပေါ်အောက် လိုက်ရှာသည်။ ကုတင်အောက်ထိတောင် ရှာကြည့်ပေမယ့် ဘယ်သူမှ မရှိပေ။ ထို့ကြောင့် ထပြီး သူမ၏ အိပ်ခန်းဆီ တန်းသွားလိုက်သည်။ လမ်းလျှောက်နေရင်း စိတ်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေမိသည်။
သို့သော်လည်း လုံးဝ မတူညီ ခြားနားသော ဆုတောင်းသံတစ်ခု သူမ နှလုံးအိမ်ထဲမှ ထွက်လာပြန်သည်။
“ကျုံးမင်းဝေ။ ကျေးဇူးပြုပြီး ကျွန်မ အခန်းထဲ မရှိပါစေနဲ့။ ကျေးဇူးပြုပြီး။”
တံခါးဖွင့်သံနှင့်အတူ အာချိုးက တံခါးဝမှာ ကြောင်အမ်းသွားပြီး အထဲကို မလှုပ်မယှက် ကြည့်နေမိသည်။ လက်ထဲက လမုန့်အိတ်သည် ဖုတ်ခနဲ ကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်။