အခန်း ၁၁၈
Vol. 4 Ch. 118
“တကယ်နာသွားသေးလား။”
ကျုံးမင်းဝေက အားချိုး အချိန်ကြာကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ခေါင်းငုံ့ကာ မေးလိုက်ရာ အားချိုးက သူ့ကို မဝံ့မရဲ ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျုံးမင်းဝေ၏ နှလုံးခုန်သံများ ချက်ချင်းရပ်သွားပြီး ခေါ်လိုက်မိသည်။
“အားချိုး....”
“မနာဘူး… မနာပါဘူး”
အားချိုးက သူခိုးကြည့်နေသည်ကို မိသွားသည့်အတွက် ရှက်သွေးဖြာကာ အလျင်အမြန် ပြောလိုက်သည်။
“ကျွန်မ ရှင့် မကြည့်ဘူး။ ကျွန်မ… ကျွန်မ ကြည့်နေတာက.…”
အားချိုးက ဆက်မပြောနိုင်တော့ပေ။ ဘာ ပြန်ပြောရမည်နည်း။
“ကျွန်မ ရှင့်ကို မကြည့်ဘူး။ ရှင့်ရဲ့ လည်ဇလုတ်ကို ကြည့်နေတာ။”
အားချိုးက သူမကိုယ်သူမ အလွန်စွဲလမ်းသူတစ်ယောက်နှင့် အရှက်မရှိသူတစ်ယောက်နှယ် ခံစားမိသည်။
“ဘာမှ မဖြစ်ပါဘူး။ မင်း ကြည့်ချင်တဲ့နေရာ ကြည့်လို့ရပါတယ်။”
ကျုံးမင်းဝေက အားချိုး၏ ရှက်သွေးဖြာနေသော မျက်နှာကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။
အားချိုးက ဘာပြောရမှန်းမသိတော့ဘဲ ကျုံးမင်းဝေ၏ ခန္ဓာကိုယ်ပေါ်မှ ခုန်ဆင်းကာ အပြင်သို့ ပြေးထွက်သွားချင်သော်လည်း တံခါးဘေးတွင် ဆီစိမ်စက္ကူအိတ်ကို မြင်သောအခါ ရပ်သွားသည်။
သူမ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ဆီစိမ်စက္ကူအိတ်ကို ကောက်ယူလိုက်ကာ ကျုံးမင်းဝေရှေ့သို့ ပြန်လာထိုင်လိုက်သည်။ ထို့နောက် စက္ကူအိတ်ကို ဂရုတစိုက် ဖွင့်ကာ အနည်းငယ် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
“မကောင်းပါဘူး။ လမုန့်တွေဆိုတာ ဝိုင်းဝိုင်းပြည့်ပြည့်လေး စားရမှာ။”
အားချိုးက ကျုံးမင်းဝေ၏ စကားကို သဘောမတူဘဲ ချက်ချင်း စက္ကူအိတ်ကို ဖွင့်ကြည့်လိုက်ကာ ချက်ချင်း ပြုံးသွားသည်။ သူမက လမုန့်တစ်ခုကို ထုတ်ယူကာ ကျုံမင်ဝေ့ရှေ့တွင် ကမ်းပေးရင်း ပြောလိုက်သည်။
“ကြည့်အုံး၊ လပြည့်လေးလိုပဲ။ ဒီလို ဝိုင်းဝိုင်းလေး မစားချင်ဘူးလား။”
“အား ဟုတ်သားပဲ။”
ကျုံးမင်းဝေက ပြုံးရင်း အားချိုး၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်သည်။
အားချိုးက အနည်းငယ် ရှက်သွားပြီး ခေါင်းငုံ့ကာ လမုန့်ကို တစ်ကိုက်ကိုက်လိုက်ပြီးနောက် မုန့်ကို ကျုံးမင်းဝေ၏ ပါးစပ်နားသို့ ကမ်းပေးရင်း ပြောလိုက်သည်။
“လာ၊ ရှင်လည်း စားလေ။”
ထိုနေ့သည် မီးဖိုကို ပထမဆုံးအကြိမ် မီးမွေးခဲ့ခြင်းဖြစ်ပြီး ကျုံးမင်းဝေလည်း သူ့ဘဝတွင် ပထမဆုံးအကြိမ် မီးဖိုဘေးတွင် ထိုင်ဖူးခဲ့သည်။
“ရှင် တကယ်လုပ်နိုင်လို့လား။”
အားချိုးက ကျုံးမင်းဝေ၏ အနေအထားကို မသက်မသာ ကြည့်ရင်း မေးလိုက်သည်။ ကျုံးမင်းဝေသည် လက်တစ်ဖက်တွင် မီးညှပ်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် မီးဖိုထဲသို့ ထင်းများ ထည့်နေသော်လည်း သူ၏ မျက်နှာအမူအရာမှာ မီးမွေးနေသည့်ပုံမပေါ်ဘဲ သူကြီးသားတစ်ယောက် အေးအေးလူလူ ငါးမျှားနေသည် သို့မဟုတ် ပန်းများကို ကြည်နူးခံစားနေသည့်ပုံစံနှင့်သာ တူနေသည်။ အားချိုး၏ နှလုံးသားထဲတွင် စိုးရိမ်စိတ်များ တဒိန်းဒိန်း ခုန်နေသည်။
“ဆက်လုပ်လေ။”
ကျုံးမင်းဝေက ထိုင်ချလိုက်ပြီး ခဏမှ မတွန့်ဆုတ်သေးခင် အားချိုးက သုံးကြိမ်မေးနေခဲ့ပြီဖြစ်သော်လည်း သူက စကားပင် ပြန်မပြောချင်တော့ပေ။
“အားချိုး။ မင်း ငါး သတ်ရဲလို့လား။ မသတ်ရဲရင် ကိုယ်သတ်ပေးမယ်။”
“ရပါတယ်။ ငါးတွေက အသေတွေပါ။”
“သိပါပြီ။ မင်း ဒါကို ပြောနေတာ လေးခါတောင် ရှိနေပြီ”
“ရှင့်လက်မှာ ပြာတွေ ပြည့်နေတာကို။ ဒီလိုပဲ မျက်နှာကို သုတ်ရဲတယ်လား။ ရှင် ဘယ်လောက်ညစ်ပတ်နေလဲ ကြည့်”
“ယားနေလို့ ကုတ်လိုက်တာပါ”
ကျုံးမင်းဝေက ပိုမိုရှက်သွားပြီး အကြောင်းပြချက်များ ကြံဖန်ပြောလိုက်သည်။
“ဘယ်နားယားနေလဲ။ ကျွန်မ ကုတ်ပေးမယ်။ ဒီနားလား”
အားချိုးက သူမ၏ လက်ကိုင်ပဝါကို ဖယ်လိုက်ပြီး စိုစွတ်နေသော လက်ချောင်းများဖြင့် ကျုံးမင်းဝေ၏ မျက်နှာပေါ်သို့ တက်ကာ ခပ်ဖွဖွလေး ကုတ်ပေးရင်း မေးလိုက်သည်။
“ဒီနားလား။ ဒါမှမဟုတ် ဒီနားလား။”