မင်း အသက်ကြီးလာတဲ့အထိတော့ စောင့်ရမယ်
Vol. 4 Ch. 121
ထမင်းစားပြီးသောအခါ ကျုံးမင်းဝေက အားချိုးအား အိပ်ရာနှင့် ခေါင်းအုံးများ ပြောင်းရွှေ့ရန် တိုက်တွန်းလိုက်သည်။ အားချိုးက ရှက်သွေးဖြာစွာ အိပ်ရာခင်းကို လိပ်လိုက်ပြီး သူ့ကို အခန်းထဲသို့ ပို့ပေးလိုက်သည်။ ထို့နောက် ကျုံးမင်းဝေက သူမလက်ထဲမှ ဖြည်လျော့နေသော ကောက်ရိုးဖျာကို စူးစိုက်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ရုတ်တရက် မှုန်ကုပ်သွားသည်။
“သွားပစ်လိုက်မယ်”
အားချိုးက အလျင်အမြန် ပြောလိုက်သည်။
ကျုံးမင်းဝေက စကားမပြောသော်လည်း သူ၏မျက်နှာအရောင်မှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာသည်။ သူမ ပြောသည်ကို သဘောတူကြောင်း ထင်ရှားသည်။ ထိုအခါ အားချိုးက အိပ်ရာပေါ်သို့ စောင်ကို ချပြီး ကောက်ရိုးဖျာကို ကိုင်ကာ အပြင်သို့ ထွက်သွားသည်။ သို့သော် သူမသည် အနည်းငယ် ကပ်စေးနှဲတတ်သူဖြစ်သည်။ ထိုကောက်ရိုးဖျာကို ပစ်ရန် စိတ်မကူးသဖြင့် ခြေဖျားထောက်ကာ တိတ်တဆိတ် မူလအခန်းသို့ ပြန်ယူလာပြီး လိပ်လိုက်၍ နံရံတစ်နေရာတွင် ထောင်ထားလိုက်သည်။ ကျုံးမင်းဝေအား မသိစေရန် တံခါးနောက်တွင် အထူးတမင် ဖွက်ထားလိုက်သည်။
အားချိုးက သူမ၏ ဉာဏ်ပညာကို ဂုဏ်ယူစွာ နှုတ်ခမ်းကို ကွေးတင်လိုက်သည်။ ဤမျှကောင်းသော ဖျာကို ပစ်ရန် မဖြစ်နိုင်၊ တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်သေးသည်ဟု တွေးမိသည်။
အားချိုး အခန်းသို့ ပြန်ရောက်လာသောအခါ ကျုံးမင်းဝေသည် အပူပေးကုတင်ပေါ်တွင် ထိုင်နေပြီဖြစ်ပြီး သူမကို လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အားချိုး။ ကိုယ့်ကို အိပ်ရာပေါ် တင်ပေး”
“အိပ်ရာပေါ်မှာ အိပ်မှာလား”
အားချိုးက အံ့ဩစွာ မေးလိုက်သည်။
“အမြဲတမ်း အပူပေးကုတင်ပေါ်မှာ အိပ်နေတာမဟုတ်ဘူးလား။ နေရာပြောင်းစရာ မလိုပါဘူး။ ကျွန်မ အိပ်ရာပေါ်မှာ အိပ်လိုက်မယ်။”
“လာပြီးတော့သာ ကူညီပေး”
ကျုံးမင်းဝေက သူမနှင့် အချည်းနှီး မပြောလိုသဖြင့် ထပ်မံပြောလိုက်သည်။
အားချိုးက ပြောရင်း အိပ်ရာပေါ်သို့ တက်လိုက်ပြီး လိပ်ထားသော အိပ်ရာခင်းကို ဖြန့်လိုက်သည်။ ဖြန့်ပြီးသောအခါ အိပ်ရာပေါ်မှ ဆင်းရန်ပြင်လိုက်စဉ် အိပ်ရာပေါ်မှ စောင်မှာ သူမ၏စောင်ဖြစ်ကြောင်း သတိရလိုက်ပြီး ရှက်သွားသည်။ ကျုံမင်ဝေ့စောင်ကို အပူပေးကုတင်ပေါ်မှ ယူရန် ဆင်းမည့်အချိန်တွင် အနောက်မှ ကျုံးမင်းဝေက ပြောလိုက်သည်။
“ဘာမှမဖြစ်ဘူး။ အကုန်အတူတူပါပဲ”
‘ဘယ်နေရာမှာ အိပ်အိပ် အတူတူပဲတဲ့။ ရှင်အိပ်ဖူးတဲ့ အိပ်ရာပေါ်မှာ အိပ်ပြီး ရှင်ခြုံဖူးတဲ့ စောင်ကို ခြုံမယ်။ ငါက ဘယ်နေရာမှာအိပ်အိပ် ရတယ်ပေါ့’
သို့သော် အားချိုးက အလွန်အကျွံ စိတ်ပူနေခြင်းဖြစ်သည်။ ပန်းကန်များကို ဆေးကြောပြီး ရေနွေးကြမ်းဖြည့်ကာ နှစ်ယောက်စလုံး ရေချိုးပြီးသောအခါ သူမ၏ မှေးမှိန်နေသော မျက်ခွံများမှာ အိပ်ချင်နေပြီဖြစ်သည်။ သူမက ကျုံးမင်းဝေကို အိပ်ရာပေါ် တင်ပေးပြီးနောက် အပူပေးကုတင်ပေါ်သို့ တက်လိုက်ကာ ကျုံးမင်းဝေ၏ ခေါင်းအုံးပေါ်တွင် လှဲချလိုက်ပြီး ကျုံးမင်းဝေ၏ စောင်ဖြင့် ခြုံလိုက်သည်။ ဘာမှ ဖိအားမခံစားရဘဲ အိပ်ပျော်သွားခဲ့သည်။
ကျုံးမင်းဝေကတော့ အိပ်မပျော်နိုင်တော့ပေ။ အောက်ဖက်အိပ်ရာမှ အားချိုး၏ ကိုယ်သင်းရနံ့များ ထွက်ပေါ်နေသည်။ ၎င်းမှာ မွှေးရနံ့မဟုတ်သော်လည်း မိန်းမငယ်လေး၏ ထူးခြားသောအနံ့တစ်မျိုးဖြစ်သည်။ ကျုံးမင်းဝေအတွက် ထိုအရာသည် အလွန်ရှုပ်ထွေးစေသည်။ အထူးသဖြင့် ညဉ့်နက်သန်းခေါင်အချိန်တွင် အားချိုးက သူနှင့် မဝေးသော အပူပေးကုတင်ပေါ်တွင် လှဲနေချိန်၌ ပို၍ပင် ရှုပ်ထွေးသလို ခံစားရသည်။
ဖယောင်းတိုင်မှာ မီးထွန်းထားဆဲဖြစ်ပြီး မီးလျှံများက တလှုပ်လှုပ် ခုန်နေသည်မှာ ကျုံးမင်းဝေ၏ နှလုံးခုန်သံနှင့်ပင် အလွန်တူသည်။ သူက ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး အားချိုး၏ အိပ်ပျော်နေသော မျက်နှာကို မြင်သောအခါ အကြည့်လွှဲရန် သတိမရတော့ပေ။
“ဖူး”
ကျုံးမင်းဝေက ဖယောင်းတိုင်ကို မှုတ်လိုက်သည်။
“ကျုံးမင်းဝေ…”
အမှောင်ထဲတွင် အားချိုး၏ ဝါးတားတားအသံကို ကြားလိုက်ရသည်။ ၎င်းမှာ ကယောင်ကတမ်း ရေရွတ်သံဖြစ်ပြီး သူ၏နားထဲတွင် ပဲ့တင်ထပ်နေလေသည်။
ကျုံမင်းဝေ၏ နားထင်များ ပြင်းပြင်းထန်ထန် ခုန်နေသည်။
“ရှင်… ရှင် စာမဖတ်တော့ဘူးလား”
အားချိုး၏ အသံမှာ ပို၍ပင် ဝါးတားလာပြီး ကိုယ်လှည့်သံနှင့်အတူ ဆက်ပြောလိုက်သည်။
“ဘာလို့… ဘာလို့ မီးအိမ်ကို စောစောမှုတ်လိုက်တာလဲ”
အမှောင်ထဲတွင် ကျုံးမင်းဝေက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။
“မဖတ်တော့ဘူး။ မနက်ဖြန်မှ ဖတ်မယ်။”
ခဏကြာသောအခါ သူက တိုးညင်းစွာ ပြောလိုက်သည်။
“အို့… ရှင် ဘယ်တော့ အားမှာလဲ။ စာအုပ်ထဲက ဇာတ်လမ်းတွေကို ကျွန်မကို ဘယ်တော့ ဖတ်ပြပေးမှာလဲ…။”
အားချိုး၏ အသံမှာ ပို၍တိုးညှင်းလာပြီး နောက်ဆုံးတွင် အသံပင်မထွက်နိုင်တော့ဘဲ ပြောလိုက်သည်။
“ကျွန်မ.... ဇာတ်လမ်းတွေ နားထောင်ရတာ အကြိုက်ဆုံးပဲ”
“ကောင်းပြီ၊ ငါ မင်းကို ဖတ်ပြပါ့မယ်။”
ကျုံးမင်းဝေက နူးညံ့စွာ ပြောလိုက်သည်။ ပြောလိုက်သည့် စကားလုံးတိုင်းတွင် ထူးထူးဆန်းဆန်း နူးညံ့မှုများ ပါဝင်နေသည်။
“ဒါပေမယ့် မင်း အရွယ်ရောက်လာတဲ့အချိန်ထိတော့ စောင့်ရမယ်”
ကျားရှန်မြို့တော် သုံးဆယ့်နှစ်နှစ်၊ သြဂုတ်လ ၁၅ ရက်။
စီနင်းနန်းဆောင်။
မယ်တော်ကြီးသည် ဝူတိုင်းတောင်တွင် အမြဲတမ်း ကျင့်ကြံအားထုတ်နေသူဖြစ်ပြီး တောင်အောက်သို့ အလွယ်တကူ မဆင်းလာတတ်ပေ။ ထို့ကြောင့် ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နန်းတော်တွင် ဆောင်းဦးပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။ သက်တော်ရှည်မင်း ကျုံးဇီဟန်သည် ၎င်းကို အလေးထားသည်မှာ သဘာဝကျပြီး ထိုနေ့တွင် သက်တော်ရှည်မင်းက စီနင်းနန်းဆောင်တွင် မယ်တော်ကြီးနှင့်အတူ ဆောင်းဦးပွဲတော် ညစာကို သုံးဆောင်ခဲ့သည်။ အခြားမိဖုရားများနှင့် မင်းသားများကမူ ဤနေရာသို့ လာရောက်လိုသည့်ဆန္ဒ ပြင်းပြကြသော်လည်း သက်တော်ရှည်မင်းကြီးက မနက်စောစောကတည်းက “ဤနှစ်၏ ဆောင်းဦးပွဲတော်ကို မယ်တော်ကြီးနှင့် သားအမိနှစ်ယောက်တည်းသာ ကျင်းပမည်”ဟု အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်သည် မနက်စောစောကတည်းက အလှပြင်ဆင်ထားသော မိန်းမလှငယ်များ၏ စိတ်ကို နာကျင်စေခဲ့သည်မှာတော့ အမှန်ပင်။