← Chapters

ဘယ်တော့ပြန်လာမှာလဲလို့ မင်း ငါ့ကို မေးတယ်၊ ငါ့မှာ အဖြေမရှိဘူး ( ၃ )

Vol. 3 Ch. 33

ဘယ်တော့ပြန်လာမှာလဲလို့ မင်း ငါ့ကို မေးတယ်၊ ငါ့မှာ အဖြေမရှိဘူး ( ၃ )

Vol. 3 Ch. 33

ခေါင်းဆောင်လဲ့က နောက်မှလိုက်သွားချင်ပါသော်လည်း ကောင်းကင်ကြီးက ပုံမှန်မဟုတ်ဘဲ နီစွေးနေသည်ကို မြင်လိုက်ရပြီး ချက်ချင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထို့နောက် သူ့ ခံစားချက်များ မငြိမ်မသက်ဖြစ်လာကာ လတ်ဆတ်သော သွေးတစ်ပွက်အန်လိုက်ပြီး သူ့ခန္ဓာကိုယ်သည်လည်း စိမ်းပုပ်လာသည်။ သူ ပြိုလဲတော့မည့်အနေအထားသို့ ရောက်နေသည်မှာ ထင်ရှားသည်။

ရွှီချင်းက အလျင်အမြန် ပြေးသွားကာ ခေါင်းဆောင်လဲ့ကို ဖေးမလိုက်သည်။

ရွှီချင်းက မောဟိုက်ပင်ပန်းနေသော ခေါင်းဆောင်လဲ့ကို သစ်ပင်ကြီးတစ်ပင်အောက်တွင် ချထားလိုက်ပြီး သွေးအရိပ်အဖွဲ့ခေါင်းဆောင် ထွက်ပြေးသွားသည့် တောအုပ်ထဲကို လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းများက လူသတ်ချင်စိတ်များဖြင့် ဝင်းလက်နေသည်။

“ မင်းတစ်ယောက်တည်း သူ့နောက်ကို မလိုက်နဲ့။ သွေးအရိပ်အဖွဲ့ ပျက်စီးသွားပြီဆိုတော့ သူ ဘာမှ မလုပ်နိုင်တော့ဘူး။ ပြီးတော့ ကောင်းကင်ကြီး ဒီလိုနီမြန်းနေပုံကို ကြည့်ရတာ … အရင်တုန်းက ဒီလိုအဖြစ်အပျက်မျိုး ငါ မြင်ခဲ့ဖူးသလိုပဲ ”

ခေါင်းဆောင်လဲ့က ရွှီချင်းကို ဆွဲထားလိုက်ပြီး ကောင်းကင်ကြီးကို မခွာတမ်းမော့ကြည့်နေသည်။

“ သူက အန္တရာယ်ဖြစ်လာနိုင်တဲ့ ဆူးငြောင့်တစ်ခုပဲ ”

ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။

သူသည် ကျူပင်ခုတ်ကျူငုတ်မကျန် ရှင်းပစ်ချင်သည့် လူစားမျိုးဖြစ်ပြီး တားမြစ်နယ်မြေတောအုပ်ထဲ၌ သူ့ကိုယ်သူ ယုံကြည်မှု ရှိနေသည်။ မီးကျီးကန်းကို သတ်ဖြတ်သည့်အတိုင်း သွေးအရိပ်အဖွဲ့ခေါင်းဆောင်ကိုလည်း သေခြင်းတရားနှင့် မိတ်ဆက်ပေးချင်နေသည်။ သို့သော် ခေါင်းဆောင်လဲ့၏စကားကိုကြား၍ မိုးကုတ်စက်ဝိုင်းဆီသို့ သူ စူးရှစွာ ကြည့်လိုက်သည်။

ထိုအခိုက်…

တောအုပ်ထဲမှ ချိုသာကြည်လင်သော သီချင်းသံ တိုးတိုးသဲ့သဲ့ လွင့်ပျံလာသည်။

တားမြစ်နယ်မြေထဲရှိ သားရဲဟိန်းသံများအားလုံး တိခနဲ ငြိမ်ကျသွားသည်။

တိတ်ဆိတ်ခြင်းကြီးစိုးသွားသော တောအုပ်ထဲ၌ သီချင်းသံက ကြည်လင်ပြတ်သားလာသည်။

အမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူ ခွဲခွာသွားသည့်အတွက် ဆွဲဆွဲငင်ငင် ငိုညည်းနေသံနှင့် ဆင်တူသည်။ အသံကြားရာသို့ လိုက်ကြည့်လိုက်မည်ဆိုပါက သွေးအရိပ်အဖွဲ့ခေါင်းဆောင် ထွက်ခွာသွားသည့်ဘက်၌ အနီရောင်မြူခိုးများ ပေါ်လာသည်ကို မြင်ရပေမည်။

အသံက ပတ်ဝန်းကျင်တစ်ခွင် လွင့်ပျံသွားကာ လေထဲ ပြည့်နှက်နေတော့သည်။

ရွှီချင်း၏ခန္ဓာကိုယ် ရုတ်ခြည်း တုန်ရီလာသည်။ သစ်ပင်ကြီး၏အောက်တွင် ထိုင်နေသော ခေါင်းဆောင်လဲ့သည်လည်း ဆတ်ခနဲ တုန်ခါသွားသည်။ သူတို့နှစ်ယောက်သား သီချင်းညည်းသံ လွင့်ပျံလာရာသို့ ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။

ရွှီချင်းသည် သတိကြိးကြီးထားနေဟန်တူပြီး ခေါင်းဆောင်လဲ့ကိုကြည့်ရသည်မှာ အတွေးထဲနစ်မျောနေဟန်တူသည်။

သီချင်းညည်းသံက အဆုံးအစမဲ့စွာ ဆက်လက်လွင့်ပျံနေပြီး ရွှီချင်း၏ နားထဲ ဝင်ရောက်လာသောအခါ သူ့ခန္ဓာကိုယ်ထဲ မဖော်ပြနိုင်သော အေးစက်ခြင်းများဖြင့် ပြည့်နှက်သွားသည်။ ယခင်က မြို့ပျက်ကြီးထဲရှိ ရေခဲတမျှ အေးစက်သော မိုးရေစက်များထဲ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။

လက်ရှိတွင် သူက အပြင်ခန္ဓာအဆင့်သုံးကို ရောက်နေသည့်တိုင်အောင် ထိုသီချင်းညည်းသံကို တောင့်မခံနိုင်သေးချေ။ သူ့သွားများ တဖတ်ဖတ် ရိုက်နေပြီး သူ့ခန္ဓာကိုယ်သူ ထိန်းချုပ်မှု ကင်းမဲ့သွားရသည်။

ရွှီချင်း၏ဦးနှောက်တစ်ခုလုံး ယောက်ယက်ခတ်နေသည်။ တားမြစ်နယ်မြေထဲ ရောက်လာသည့်အချိန်တုန်းက ကြက်ခြေခတ်ပြောခဲ့သည့် သတိထားရမည့်အချက်များကို ပြန်လည် တွေးတောမိလိုက်သည်။

သူတို့ လှမ်းကြည့်နေသော နေရာ၌ သွေးအရိပ်အဖွဲ့ခေါင်းဆောင်သည်လည်း ရပ်နေသည်။ သူ့ခန္ဓာကိုယ်သည်လည်း အထိန်းအကွပ်မဲ့စွာ တုန်ရီနေတော့သည်။

ထိုစဉ် မမြင်နိုင်သော အရာတစ်ခု ချဉ်းကပ်လာနေသည့်အလား သူ ထွက်ပြေးရန် အားအင်များ ကင်းမဲ့နေသည်။

ရွှီချင်းသည် သွေးအရိပ်အဖွဲ့ခေါင်းဆောင်၏ ဒွါရခုနစ်ပါးထဲမှ အဖြူရောင်မြူခိုးများ လွင့်ပျံထွက်လာပြီး လေထဲရှိ သွေးရောင်မြူခိုးများနှင့် ပေါင်းစပ်နေသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ ထိုဖြစ်စဉ်အတောအတွင်း သွေးအရိပ်အဖွဲ့ခေါင်းဆောင်၏ ခန္ဓာကိုယ်ကြီးသည် ညှိုးနွမ်းခြောက်ကပ်သွားကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲ၍ လွင့်ပါးပျောက်ကွယ်သွားလေသည်။

ထိုနေရာတစ်ခွင် ဖုံးလွှမ်းထားသော မြူခိုးများသည် ခေါင်းဆောင်လဲ့နှင့် ရွှီချင်းရှိရာသို့ ပျံ့နှံ့လာသည်။

မြူခိုးများ အနီးသို့ ရောက်သောအခါ ရွှီချင်း တုန်ရီသွားသည်။ နောက်ဆုံး၌ သွေးအရိပ်အဖွဲ့ခေါင်းဆောင် သေဆုံးသွားရသည့်အကြောင်းရင်းကို သူ မြင်သွားသည်။ ယင်းမှာ အနီရင့်ရင့် အမျိုးသမီး၏ စုတ်ပြတ်နေသော ဖိနပ်တစ်ရံကြောင့် ဖြစ်ပေသည်။

“ ဒါက… ”

ရွှီချင်းသည် အာခေါင်များခြောက်လာကာ မျက်လုံးများ ပြူးကျယ်သွားသည်။ ဖိနပ်တစ်ရံက မြူခိုးများ၏ရှေ့မှနေ၍ သူတို့ထံကို တစ်လှမ်းချင်း လျှောက်လာနေသည်ကို သူ မြင်နေရပေသည်။

ဖိနပ်၏အထက်တွင် မည်သည့်အရာမှ ရှိမနေချေ။ ဝမ်းနည်းကြေကွဲဖွယ်ရာကောင်းသော သီချင်းညည်းသံသည်သာ တစတစ နီးကပ်လာပေသည်။

ဖိနပ်နီတစ်ရံကို စီးထားသော ကိုယ်ပျောက်အမျိုးသမီးသည် သီချင်းကလေးညည်း၍ လျှောက်လာနေသည့်အလားပင်။

သီချင်းသံက ပို၍ ကြည်လင်ပြတ်သားလာသည်။ မြေပြင်ပေါ် လျှောက်နေသော ကြက်သွေးရောင် ဖိနပ်တစ်ရံသည် ရွှီချင်းထံ ဦးတည်လာနေ၏။

ထိုထူးဆန်းသော မြင်ကွင်းက ရွှီချင်း၏မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။ သူ လှုပ်ရှားချင်ပါသော်လည်း လှုပ်၍မရချေ။

အအေးဓာတ်က သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားကာ သွားများကိုပင် တဖတ်ဖတ် ရိုက်နေမိစေသည့်အလားပင်။ သွေးနီရောင်ဖိနပ်တစ်ရံက သူနှင့် ကျန့်ဝက်မျှသာ ဝေးတော့သည့်နေရာသို့ ရောက်လာသည်အထိ သူ့အနေဖြင့် ကြည့်နေရုံမှတစ်ပါး တခြားမလုပ်နိုင်ပေ။

ထိုအခိုက် ရွှီချင်း၏စိတ်ထဲ သေစေနိုင်သော အန္တရာယ်အငွေ့အသက်တစ်ခု ဖုံးလွှမ်းလာသည်။ သူ နောက်ဆုတ်ချင်ပါသော်လည်း အားအင်မဲ့နေရ၏။ သူ အပြင်းအထန် ရုန်းကန်နေခြင်းကြောင့် သူ့မျက်ဝန်းများထဲ သွေးကြောများစွာသာ ပေါ်လာနေသည်။

ကြက်သွေးရောင်ဖိနပ်တစ်ရံက သူ့အနီးသို့ တိုးကပ်လာတော့မည့်ဆဲဆဲ ရွှီချင်း၏ဘေးမှ တုန်ရီနေသော အသံတစ်သံ လွင့်ပျံလာသည်။ ထိုအသံပိုင်ရှင်ကား ခေါင်းဆောင်လဲ့ပင် ဖြစ်သည်။

“ မက်မွန်နီ… မင်းလား… ”

အသံက ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး မသေချာမရေရာမှုများ ရောယှက်နေသည်။

ထိုစကားများကို သူ ပြောလိုက်ချိန်မှာပင် ထူးဆန်းသော သီချင်းသံက တိခနဲ ရပ်သွား၏။

ဘေး၌ လေထဲ မြောက်သွားသော ဖိနပ်သည် ဆတ်ခနဲ ရပ်သွားပြီး ဦးတည်ချက် ပြောင်းသွားသည်။ ထိုအခိုက် ထိုနေရာ၌ ရပ်နေသော အမျိုးသမီးသည် ခေါင်းဆောင်လဲ့ဘက်သို့ လှည့်ကြည့်လိုက်ဟန်တူသည်။

ထိုမြင်ကွင်းကို မြင်ပြီးနောက် ခေါင်းဆောင်လဲ့၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏ အသက်ရှူသံများ မြန်ဆန်လာသည်။ သို့သော် မောပန်းနွမ်းနယ်နေသော သူ၏ခန္ဓာကိုယ်သည် လက်ကျန်အားအင်များဖြင့် ရုန်းကန်ထကြွလာဟန်တူသည်။ သူ့မျက်ဝန်းများထဲ မသေချာမရေရာသော အလင်းများဖြင့် တဖိတ်ဖိတ် လက်နေပြီး ဖိနပ်တစ်ရံအပေါ်ရှိ လေဟာနယ်ထဲကို မမှိတ်မသုန် ကြည့်နေလေသည်။

ထိုနေရာ၌ သူ့အတွက် အသက်တမျှ အရေးကြီးသော အမျိုးသမီးတစ်ဦး ရပ်နေသည့်အလားပင်။

သူတို့နှစ်ဦးသည် ယင်နှင့်ယန်ပမာ၊ ကမ္ဘာခြင်း ခြားနေသည့်အလား တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။

ထိုစဉ် စိတ်ဓာတ်ကြံ့ခိုင်ပါသည်ဆိုသော ခေါင်းဆောင်လဲ့၏မျက်လုံးများထဲမှ မျက်ရည်စများ အတားအဆီးမဲ့စွာ စီးကျလာသည်။

“ မင်း… ပြန်လာပြီပေါ့… ”

သူသည် တစ်စုံတစ်ခုကို ဖမ်းဆုပ်ချင်နေသည့်အလား တုန်တုန်ချိချိဖြင့် လက်ကို မြှောက်လိုက်သည်။ ထိုအနီရောင်ဖိနပ်တစ်ရံသည်လည်း ဖြည်းညင်းစွာ မြှောက်သွားကာ ခေါင်းဆောင်လဲ့ထံ လျှောက်လာသည်။ ထို့နောက် ၎င်းတို့က အတန်ငယ် ကိုင်းညွတ်သွားသည်။

ကိုယ်ပျောက်အမျိုးသမီးသည် ခေါင်းဆောင်လဲ့၏ရှေ့၌ သိမ်မွေ့စွာ ထိုင်ချလိုက်ပြီး သူ၏တုန်ရီနေသော လက်ဖြင့် သူမ၏မျက်နှာကို ထိတွေ့ခွင့်ပေးလိုက်သည်။

သို့သော်လည်း ခေါင်းဆောင်လဲ့၏လက်က လေဟာနယ်ကိုသာ ဖမ်းဆုပ်မိသွားသည်။ သူ၏ ကြိုးစားအားထုတ်မှုက အချည်းနှီး ဖြစ်သွားရသည်ဖြစ်၍ မျက်ရည်များသာ ပို၍ စီးကျလာတော့သည်။

ဝမ်းနည်းပူဆွေးစိတ်ကြောင့် တဖွဖွရေရွတ်နေရုံမှတစ်ပါး သူ တခြားမလုပ်နိုင်တော့ပြီ။

အချိန်အတော်ကြာပြီးနောက် မည်သည့်နေရာမှမသိ အမျိုးသမီး၏ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ထိုဖိနပ်နီတစ်ရံက တဖြည်းဖြည်း ခပ်မတ်မတ်ဖြစ်သွားပြီး နောက်သို့ ဆုတ်သွားသည်။

၎င်းက သုံးကျန့်အကွာအထိ ဆုတ်ခွာသွားပြီးနောက် ဦးတည်ချက်ပြောင်းကာ ရွှီချင်းကို ဖြတ်ကျော်၍ အနီရောင်မြူခိုးများနောက်သို့ လျှောက်သွားသည်။

“ ဘယ်တော့ပြန်လာမှာလဲလို့ မင်း ငါ့ကို မေးတယ်၊ ငါ့မှာ အဖြေမရှိဘူး ”

ပြန်လာမည့်နေ့ရက်က မရေမရာခြင်းများဖြင့် ပြည့်နှက်နေသည်။

မြူခိုးများက ရက်စက်ကြေကွဲဖွယ်ရာ အခြေအနေကို ဖုံးလွှမ်းသွားပြီး သီချင်းညည်းသံ လွင့်ပျံလာသည်။

သီချင်းညည်းသံက ဆက်လက် ပျံ့လွင့်နေ၏။ ခါးသီးသောခံစားချက်များ ကိန်းအောင်းနေသည့် မချိတင်ကဲလေသံများဖြင့် ပြည့်နှက်လာဟန်တူသော ထိုသီချင်းသံသည် တဖြည်းဖြည်း ဝေးကွာသွားတော့သည်။

သီချင်းသံသာမက သွေးရောင်မြူများသည်လည်း သူတို့ကို ကျော်ဖြတ်သွားပြီး မြေပြင်ကို လှဲကျင်းတိုက်ခတ်သွားကာ လွင့်မျောသွားဟန်တူသည်။

မြူခိုးများ ပျောက်ကွယ်သွားပြီးနောက်မှသာ သီချင်းသံက အားပျော့လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

နောက်ဆုံး၌ ရွှီချင်း ပြန်လည်လှုပ်ရှားလာနိုင်သည်။ သူက အမောတကောဖြင့် အသက်ရှူလိုက်ပြီး သူ့မျက်ဝန်းများထဲ ကြောက်လန့်တုန်ရီခြင်းများဖြင့် ပြည့်နေသည်။ သူ ပထမဆုံးလုပ်သည်မှာ ထိုနေရာတွင် ထိုင်နေသော ခေါင်းဆောင်လဲ့ကို လှည့်ကြည့်ခြင်း ဖြစ်သည်။

ထိုအချိန်၌ ခေါင်းဆောင်လဲ့သည် အဝေးကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေ၏။ မျက်ရည်များသည်လည်း တိတ်ဆိတ်စွာ ကျဆင်းနေဆဲပင်။

ရွှီချင်း ငြိမ်သက်သွားသည်။ မည်သည့်မေးခွန်းကို သူ မေးစေချင်နေကာမူ ယခုအချိန်တွင် အဖြေရနိုင်မည် မဟုတ်ပေ။

အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်လဲ့ထံမှ ခပ်ဖျော့ဖျော့အသံ ထွက်လာသည်။

“ မင်း ထူးဆန်းတယ်လို့ မထင်ဘူးလား ”

ရွှီချင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ ငါက သီချင်းညည်းသံကြားပြီး အသက်ရှင်တဲ့လူနည်းစုထဲက တစ်ယောက်ဆိုတာ ကြက်ခြေခတ်က မင်းကို ပြောပြဖူးတယ်မလား ”

ခေါင်းဆောင်လဲ့က အဝေးကို လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုးလေသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ ဒီတားမြစ်နယ်မြေထဲက သီချင်းညည်းသံက တကယ်ထူးဆန်းတယ်ဆိုတာ မင်း အခု သိသွားပြီ။ အဲဒီသီချင်းသံကို ကြားလိုက်တဲ့လူအများစုက သေသွားကြရတယ်။ လူနည်းစုလောက်ပဲ အသက်ရှင်နိုင်တာ ”

“ ဒါပေမဲ့ အဲဒီသီချင်းသံကိုကြားပြီး အသက်ရှင်ခဲ့ရင် ဒီတားမြစ်နယ်မြေကနေ ဆုလာဘ်တစ်ခု ချီးမြှင့်တယ်။ အဲဒီသီချင်းသံကို နောက်တစ်ကြိမ် ကြားရတဲ့အခါ တစ်ဘဝလုံး အမြဲသတိရနေတဲ့ လူတစ်ယောက်ကို မြင်ခွင့်ပေးတယ် ”

“ အဲဒါက ဒဏ္ဍာရီတစ်ခုလို့ အစက ငါ ထင်ထားခဲ့တာ။ ငါ ဒီစခန်းမှာ ဆယ်စုနှစ်ကြာအောင် ဆံပင်တွေဖြူလာတဲ့အထိ စောင့်နေခဲ့တာဟာလဲ အဲဒီဒဏ္ဍာရီကြောင့်ပဲ ”

“ ပြီးတော့ ဒီနေ့ ငါ မြင်ခွင့်ရခဲ့ပြီ ”

ထိုနေရာအရောက်တွင် ခေါင်းဆောင်လဲ့သည် များစွာ အိုစာသွားဟန်တူသည်။ သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများ တလိပ်လိပ်ထလာပြီး စိတ်ထိခိုက်နေသည့်အသွင် ဖြစ်လာသည်။

“ မင်းမှာ သေခြင်းတရားကြောင့် ကွေကွင်းသွားခဲ့ရပြီး ထပ်တွေ့ ချင်တဲ့လူ ရှိလား။ တကယ်လို့ ရှိခဲ့ရင် ငါ့လိုမျိုး ဒီနေရာမှာ ထိုင်စောင့်မနေနဲ့ ”

“ မင်း မြင်ခွင့်ရခဲ့ရင်တောင် အဆုံးသတ်ကျ စိတ်ထိခိုက်ရမှာပဲ …”

ခေါင်းဆောင်လဲ့က ခါးသက်စွာ ရေရွတ်နေသည်။ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး မျက်ရည်များက သူ့မျက်နှာမှတစ်ဆင့် အင်္ကျီပေါ်သို့ အတားအဆီးမဲ့စွာ ကျဆင်းနေတော့သည်။

ရွှီချင်း တိတ်ဆိတ်ငြိမ်သက်နေသည်။ သူက ခေါင်းမော့၍ အသံပျောက်သွားသည့်နေရာကို လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲရှိ အနက်ရှိုင်းဆုံးတစ်နေရာ၌ သိမ်းဆည်းထားသော မှတ်ဥာဏ်တစ်ပိုင်းတစ တိုးထွက်လာသည်။

သူ့မှာလည်း မြင်တွေ့ချင်သည့် လူတစ်ယောက် ရှိနေပေသည်။

ထိုလူက သူ အမှန်တကယ်ကို လွမ်းဆွတ်နေခဲ့ရသောလူပင်။

All Chapters