မင်းက ဘာကြီးတုံး ( ၁ )
Vol. 3 Ch. 34
သီချင်းညည်းသံကြောင့် ဖြစ်ပေမည်၊ တားမြစ်နယ်မြေတောအုပ်ထဲရှိ သန္ဓေပြောင်းသားရဲများ၏ အူသံများက အချိန်အတော်ကြာသည်အထိ မထွက်ပေါ်လာတော့ပေ။ သီချင်းသံသည် ဤတားမြစ်နယ်မြေ၏ အုပ်ချုပ်သူ ဖြစ်နေသည့်အလားပင်။
သီချင်းသံပေါ်လာပြီးနောက် အရာအားလုံး ပကတိ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ခေါင်းဆောင်လဲ့သည် ငြိမ်သက်စွာ ထိုင်နေလျက် အဝေးကို မှိုင်တွေစွာ ငေးကြည့်နေဆဲပင်။ သူကြည့်နေသောနေရာ၌ အမှောင်ထုမှလွဲ၍ ဘာမှမရှိချေ။
ရွှီချင်း၏မျက်နှာပေါ်တွင် ရှုပ်ထွေးသောအမူအရာများ ရှိနေသည်။ ခဏအကြာ သူက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူ့အကြည့်က တစ္ဆေရိုင်းကြီး၏ တင်းပုတ်ကြီးနှင့် ကွဲထွက်နေသော ဒိုင်းကာအစိတ်အပိုင်းများကို ကြည့်လိုက်သည်။
တစ္ဆေရိုင်းကြီး၏ အလောင်းက ဤနေရာရှိ တခြားအလောင်းများကဲ့သို့ သီချင်းညည်းသံမြူခိုးများ လွင့်ပါးသွားပြီးနောက် ဖုန်မှုန့်များ ဖြစ်သွားသည်။ ဤကမ္ဘာမြေပေါ်၌ တစ်ခါမှ မရှိခဲ့ဖူးသည့်အလားပင်။
ရတနာမုဆိုးအများစုတွင် တွယ်တာစရာ ဆွေမျိုးများလည်း မရှိသည်ဖြစ်၍ သူတို့ပျောက်သွားသည့်အတွက် စိုးရိမ်ပူပန်နေမည့်လူများလည်း ရှိချင်မှ ရှိပေလိမ့်မည်။
အကယ်၍ ရှိနေခဲ့လျှင်တောင် အချိန်ကြာသည်နှင့် တဖြည်းဖြည်း မေ့သွားကြပေမည်။ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူတို့ကို သတိရသောသူ သို့မဟုတ် မှတ်မိနေသောသူ တစ်ယောက်မှ ရှိတော့မည် မဟုတ်ပေ။
ရွှီချင်းသည် ဆင်းရဲသားရပ်ကွက်တွင် နေထိုင်စဉ်အခါက သူ့အား ပညာသင်ကြားပေးခဲ့သော ဆရာဖြစ်သူကို ချက်ချင်း သတိရမိသွားသည်။ ထိုဆရာသည် အဖျားဝေဒနာကြောင့် မသေဆုံးခင် ကလေးများကို စကားတစ်ခွန်း ပြောခဲ့သည်။
“ ဘယ်တော့မှ မမေ့နိုင်တဲ့လူတစ်ယောက် ရှိနေတာက ဆင်းရဲဒုက္ခခံစားရခြင်းတစ်မျိုးပဲ။ ဒါပေမဲ့ ကိုယ့်ကို သတိရနေတဲ့လူတစ်ယောက် ရှိနေတာကတော့ ကောင်းချီးပေးခံရခြင်းပဲ ”
ထိုအချိန်က ထိုစကား၏အဓိပ္ပာယ်ကို ရွှီချင်း နားမလည်ခဲ့ပေ။ သို့သော် ယခု ခေါင်းဆောင်လဲ့၏ဖြစ်အင်ကိုကြည့်၍ ထိုစကား၏နောက်ကွယ်မှ အဓိပ္ပာယ်ကို သူ နားလည်သလိုလို ရှိလာသည်။ ထို့ကြောင့် သူက နှောင့်ယှက်မနေတော့ဘဲ တစ္ဆေရိုင်းကြီး၏အလောင်း ရှိခဲ့သော နေရာကို တိတ်ဆိတ်စွာ သွားလိုက်သည်။ ထို့နောက် သူက ဓားမြှောင်ကို ထုတ်၍ မြေပြင်ပေါ်တွင် ကျဉ်းတူးလိုက်သည်။
တစ္ဆေရိုင်းကြီးနှင့် သူ၏ကြားတွင် ရင်းနှီးသော ဆက်ဆံရေး မရှိသည့်တိုင်အောင် ပို၍ တိတိကျကျဆိုရလျှင် တစ်ယောက်နှင့်တစ်ယောက် သိသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး စကားများများစားစား မပြောဖူးပါသော်ငြား တစ္ဆေရိုင်းကြီးက တောအုပ်နှင့်ပတ်သက်သည့် ဗဟုသုတများကို သူ့အား ဝေမျှပေးခဲ့သည်။ သူတို့က ဝံပုလွေအုပ်ကြီးကို သက်စွန့်ဆံဖျား အတူတကွ ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ပြင် တစ္ဆေရိုင်းကြီး၏ လက်နက်ကြောင့်သာ သွေးနက်လုံးကြီးကို သူ ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်၍ တစ်ခုခု လုပ်ပေးသင့်သည်ဟု ရွှီချင်း တွေးနေမိသည်။
မြို့ပျက်ကြီးထဲမှ မထွက်ခွာခင် တစ်မြို့လုံးရှိ အလောင်းများကို မီးရှို့သင်္ဂြိုဟ်ပေးခဲ့သည့်အတိုင်း မြေပြင်၌ ကျဉ်းနက်နက် တူးလိုက်သည်။
ပြီးသည်နှင့် တစ္ဆေရိုင်းကြီး၏ တင်းပုတ်နှင့် ဒိုင်းကာအပိုင်းအစများကို မြှုပ်နှံလိုက်သည်။
ထိုအတောအတွင်း ရွှီချင်းမှာ အလွန်တရာ လေးနက်နေသည်။ ခေါင်းဆောင်လဲ့က တောအုပ်ထဲကို ကြည့်နေရာမှ အကြည့်လွှဲကာ သူ့နောက်မှ ကြည့်နေသည်ကိုပင် သူ သတိမထားမိတော့ချေ။
ယခင်က မြို့ပျက်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် ရွှီချင်းကို မြင်ခဲ့ရသည့်အတိုင်း ခေါင်းဆောင်လဲ့၏မျက်နှာပေါ်၌ အံ့အားသင့်သောအရိပ်အယောင်များ ရှိနေသည်။ ရွှီချင်းက တစ္ဆေရိုင်းကြီး၏ လက်နက်များကို မြေမြှုပ်၍ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူချင်နေသည်ကို သူ မြင်သောအခါ ပြောလိုက်သည်။
“ ရတနာမုဆိုးတွေက အထိမ်းအမှတ်ကျောက်တိုင် မလိုဘူး ”
“ လောကကြီးထဲ ရောက်လာတုန်းကလည်း လက်ဗလာနဲ့ပဲ၊ ပြန်ထွက်သွားတော့လည်း လက်ဗလာနဲ့ပဲ။ ဒါဟာ ရတနာမုဆိုးတစ်ယောက်ရဲ့ ဘဝပဲ။ အသက်ရှင်နေတုန်း လောကကြီးထဲ ရုန်းကန်လှုပ်ရှားကြရတယ်။ သေသွားရင်တော့ ဘာမှလုပ်ပေးနေစရာ မလိုပါဘူး။ ငြိမ်အေးသွားတယ်ဆိုရင် လုံလောက်ပါပြီ ”
ခေါင်းဆောင်လဲ့က ထိုစကားများကို ပြောနေရင်း အသက်ရှူသံတိုးလာသည်။ စိတ်သောကရောက်ရခြင်း၊ ဓာတ်နှောပမာဏများလာခြင်းနှင့် ပြင်းထန်သော ဒဏ်ရာများကြောင့် ခေါင်းဆောင်လဲ့မှာ ကြာရှည်စွာ တောင့်မခံနိုင်တော့ပေ။ တဖြည်းဖြည်း သူ၏အမြင်အာရုံများ ဝေဝါးလာကာ သတိလစ်သွားတော့သည်။
ရွှီချင်းက အနားတိုးလာပြီး သူ့အိတ်ထဲမှ ခုနစ်ရွက်မြက်ပင်ကိုထုတ်၍ ခေါင်းဆောင်လဲ့၏ ပါးစပ်ထဲ ထည့်လိုက်သည်။
၎င်းက အသုံးဝင်မည်၊ မဝင်မည်ကို သူ မသိပါသော်ငြား အဖြူရောင်ဆေးလုံး ဖော်စပ်ရာတွင် အရေးပါသော ပါဝင်ပစ္စည်းဖြစ်နေ၍ ဓာတ်နှောများကို ဟန့်တားရာတွင် တစ်စုံတစ်ခုသော အကျိုးသက်ရောက်မှုတော့ ရှိနေပေမည်။
ထို့နောက် ခေါင်းဆောင်လဲ့ကို သူ့ကျောပေါ်တင်၍ အဝတ်အစားများဖြင့် သူတို့နှစ်ဦးကို ချည်လိုက်သည်။ ပြီးသောအခါမှသာ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ညအချိန်ကြီး သူ ခရီးဆက်လိုက်လေသည်။
တစ္ဆေရိုင်းကြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသော နေရာကို ရောက်သောအခါ သားရေအိတ်ရှုံတစ်အိတ်ကို သူ တွေ့လိုက်ရသည်။ သူက သားရေအိတ်ကို ယူ၍ ဖွင့်ကြည့်လိုက်ရာ မည်သည့်ဆေးလုံးများမျှ ရှိမနေဘဲ တိုလီမိုလီပစ္စည်းများသာ ရှိနေသည်။
သူက သားရေအိတ်ကို သိမ်းဆည်းလိုက်ပြီး တဟုန်ထိုး ပြေးသွားသည်။
တစ်နာရီကြာပြီးနောက် အားနည်းနေသော ခေါင်းဆောင်လဲ့မှာ သတိရလာသည်။
ခန္ဓာကိုယ်လေးတစ်ခုက သူ့အား အိပဲ့အိပဲ့ဖြင့် သယ်ဆောင်နေသည်ကို သူ သတိထားမိလိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်ရာ သူ့ရှေ့ရှိ လူငယ်၏ဘေးတိုက်မျက်နှာအနေအထားကို မြင်လိုက်ရသည်။
သူ ငြိမ်သက်သွားသည်။
ရွှီချင်းက ခေါင်းဆောင်လဲ့ နိုးလာသည်ကို သိလိုက်ဟန်တူပြီး နွေးထွေးစွာ ပြောလိုက်၏။
“ အဘိုး သက်သာလာပြီလား။ နောက်ထပ်နာရီနည်းနည်းလောက် သွားရဦးမှာဆိုတော့ အဘိုး ဆက်အိပ်နေလို့ရတယ်။ အရုဏ်မတက်ခင် ကျွန်တော်တို့ တားမြစ်နယ်မြေအပြင်ဘက်ကို ရောက်လောက်မှာပါ ”
ခေါင်းဆောင်လဲ့က စကားတစ်ခွန်း မဆိုပေ။ သူ၏ချိနဲ့နေသော ခန္ဓာကိုယ်က သူ၏အိုမင်းသောအသက်အရွယ်ကို ဖုံးကွယ်ခြင်းငှာ မစွမ်းသာပေ။ သူက အားတင်း၍ မှောင်မည်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါသော်လည်း သူ့အမြင်အာရုံများက ဝေဝါးနေသည်။ သူ နောက်တစ်ဖန် သတိလစ်သွားတော့မည်ကို သိနေသည့်အလား လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ကလေး၊ အဲဒီမြို့ပျက်ကြီးထဲကနေ မင်းကို လိုက်ခဲ့ဖို့ ငါ ဘာကြောင့် နှစ်ခါခေါ်တာလဲ သိလား ”
ရွှီချင်းက ရပ်နားခြင်းမရှိဘဲ ခေါင်းကိုသာ ယမ်းပြလိုက်သည်။
“ ဒါဆို ငါတို့ ပထမဆုံး တွေ့ခဲ့တဲ့နေရာကို မှတ်မိလား ”
ခေါင်းဆောင်လဲ့၏လေသံက တိုးညင်းနေသည်။
“ မှတ်မိပါတယ် ”
ရွှီချင်း၏ခန္ဓာကိုယ်က လှုပ်ရှားသွားကာ သစ်ပင်ကြီးတစ်ပင်အပေါ် ခုန်တက်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်၍ သစ်ပင်ပေါ်တွင် ပုန်းနေသော သန္ဓေပြောင်းဖွတ်တစ်ကောင်ကို ဆတ်ခနဲ ဖမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ မြေပြင်ပေါ်မှ နွယ်ရှင်အမြောက်အမြား ထွက်ပေါ်လာကာ ဖွတ်ကြီးကို ရစ်ပတ်လိုက်သည်။ ဖွတ်ကြီးက ရုန်းကန်နေသည့်တိုင်အောင် ၎င်း၏အရေပြားများ ဖွာလန်ကြဲသွားကာ အသားများ ဝါးမျိုခံလိုက်ရသည်။
ရွှီချင်းက ထိုအန္တရာယ်ကို ရှောင်ရှားကာ ရှေ့ဆက်သွားလိုက်သည်။
ထိုစဉ် သူ့နောက်ရှိ စကားပြောသံက တိုးညင်းလာသည်။ သူတို့နှစ်ဦးက နီးကပ်နေသည့်တိုင်အောင် သူ့စကားကို မနည်းနားထောင်ရပေသည်။
“ အလောင်းတွေကို မင်း မီးသင်္ဂြိုဟ်ပေးနေတာကို ငါ မြင်လိုက်တယ်။ အဲဒီအချိန်တုန်းက မီးပုံးကြီးဘေးမှာ မင်းက ရပ်နေတာ။ မင်းကိုကြည့်ရတာ မီးတောက်ကြီးနဲ့ တစ်သားတည်း ပေါင်းစပ်သွားသလိုပဲ။ ဒီရက်စက်ကြမ်းတမ်းတဲ့ လောကကြီးထဲမှာ အနွေးဓာတ်ကလေးကို ငါ ခံစားလိုက်ရတယ် ”
ထို့နောက် ရွှီချင်း၏ ခြေလှမ်းများ ရပ်တန့်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုစဉ် ခေါင်းဆောင်လဲ့မှာ နောက်ထပ် သတိလစ်သွားပြန်သည်။
အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် ရွှီချင်းက တောအုပ်ထဲ ဆက်လက်ခရီးဆက်ကာ သစ်ပင်များစွာကို ကျော်ဖြတ်လာခဲ့သည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး နှစ်နာရီ ကျော်လွန်သွားခဲ့ပေပြီ။
ရွှီချင်းက အန္တရာယ်များကို ရှောင်တိမ်းလာခဲ့ပြီး တောအုပ်နယ်နိမိတ်နှင့် နီးကပ်သည်ထက် နီးကပ်လာတော့သည်။
ထိုစဉ် ကောင်းကင်ကြီးက အမှောင်မိုက်ဆုံးအခါသမယကို ရောက်လာပြီး တားမြစ်နယ်မြေထဲမှ အရိုးစိမ့်အောင်အေးသော အအေးဓာတ်က ပတ်ဝန်းကျင်ကို ရိုက်ခတ်လာသည်။ ကံကောင်းထောက်မ၍ ရွှီချင်းက မြန်ဆန်စွာ ခရီးဆက်နေသည်ဖြစ်ရာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အနွေးဓာတ်က အအေးဓာတ်ကို အံတုနေသည်။
သို့သော်လည်း သူ ရှေ့ဆက်လျှောက်လာသည်နှင့်အမျှ အအေးဓာတ်က လွန်ကဲလာသည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာသောအခါ ရွှီချင်းက ဆတ်ခနဲ ရပ်လိုက်သည်။ သူက တည်ကြည်သောအမူအရာဖြင့် ရှေ့တူရှုကို ကြည့်လိုက်သည်။