ဂိုဏ်းပြင်ပသို့ ထွက်ခွာလာသော ရှောင်ချန်း
Vol. 1 Ch. 47
အာရုံတက် ဝေလီဝေလင်းအချိန်တွင်ဖြစ်သည်။ နေရောင်ခြည်များပင်လျှင် ကောင်းကင်တခွင်တွင် ဖြာထွက်နေပြီ။ ထိုစဥ် ပိုင်ရှောင်ချန်း၏ ဂိုဏ်းတံဆိပ်ပြားက တုန်ခါလာသည်။ ရှောင်ချန်းသည် ခြံဝန်းလေးရှေ့တွင်ရပ်ကာ သူနှစ်နှစ်လောက်နေထိုင်ခဲ့သည့် သစ်လုံးအိမ်လေးကို ငေးမောကြည့်ရင်း သက်ပြင်းအရှည်ကြီးကိုချလိုက်သည်။
"ငါတော့ သေချာကို ဂရုစိုက်ရတော့မယ်။ ငါ့ရဲ့မရှိမဲ့ ရှိမဲ့အသက်ကလေးကိုတော့ အသေမခံနိုင်ပါဘူး''
ပိုင်ရှောင်ချန်း၏မျက်နှာတွင် တုန်လှုပ်နေသောအရိပ်အယောင်များကို အတိုင်းသားတွေ့မြင်နေရသည်။ သူသည် ထုံးစံအတိုင်း သားရေဝတ်ရုံကြီး ရှစ်ထပ်ကို ဝတ်ဆင်ထားလေသည်။ ထို့အပြင် ဖက်တီးကျန်းကြီး၏ အနက်ရောင် ဒယ်အိုးကြီးကိုပါ သူ့နောက်မှာ လွယ်ထားသေးသည်။ ရှောင်ချန်းသည် ပိန်ပါးပါးလေးဖြစ်သော်လည်း ယခုပုံစံက လေပြည့်နေသော ပူဖောင်းကြီးကဲ့သို့ ဖြစ်နေသည်။
အင်မတန်စိုးရိမ်နေသော မျက်နှာသွင်ပြင်နှင့်ရှောင်ချန်းသည် မွှေးရနံ့တိမ်တောင်မှ ထွက်ခွာလာကာ တောင်ဘက်ဂိုဏ်း၏ နယ်စပ်အထိမ်းအမှတ်ဖြစ်သော တံခါးဂိတ်မကြီးဆီသို့ ရှေးရှုလိုက်သည်။ လမ်းတစ်လျှောက်တွင် ဂိုဏ်းသားများအားလုံးသည် ပိုင်ရှောင်ချန်း၏ သာမန်မဟုတ်သည့် ဝတ်စားးဆင်ယင်ဟန်ကြောင့် ငေးမောကြည့်ကာ အံ့သြနေကြသည်။
ပိုင်ရှောင်ချန်းသည် အင်မတန် စိတ်ညစ်နေပြီး မျက်နှာရှစ်ခေါက်ချိုးနှင့် လျှောက်လာသည်။
လမ်းတလျှောက်တွင် မည်သည့်အချိန်တည်းက သိထားသည့်သူပင်ဖြစ်ပါစေ လက်ပြနှုတ်ဆက်ရုံထက် မပိုပေ။ ဂိတ်ကိုရောက်သောအခါ သူ့ထက်အရင်ရောက်နှင့်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုထဲက တစ်ယောက်သည် တင်ပျဉ်ခွေကာ ထိုင်လျက်ရှိသည်။ နောက်တစ်ယောက်သည် မိန်းမပျိုတစ်ဦးဖြစ်ပြီး ဂိတ်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ သို့သော် ထိုမိန်းကလေးက သူ့ကိုလှမ်းကြည့်လိုက်စဥ်တွင်တော့ ရင်းနှီးကျွမ်းဝင်ပြီးသား မျက်နှာဖြစ်နေလေသည်။
" တုလင်ဖေးလား '' တုလင်ဖေးကို မြင်လိုက်ရသောအခါ ရှောင်ချန်းသည် တော်တော်အံ့သြသွားသည်။
တုလင်ဖေးမှာမူ ပိုင်ရှောင်ချန်းကို တွေ့လိုက်ရသည်နှင့် မေးကြောကြီးများထောင်ထလာသည်။ တဆက်တည်းမှာပင် ပိုင်ရှောင်ချန်းဝတ်ထားပုံကြောင့် မျက်မှောင်ကြုတ်သွားသည်။
" နင်က အကိုကြီးဟိုကို ရှာဖို့တာဝန်ကျတဲ့ အဖွဲ့ရဲ့နောက်ဆုံးတစ်ယောက်လား''
တုလင်ဖေးကမေးလိုက်သည်။
"ဟုတ်တယ် တိုက်ဆိုင်ချက်ပဲ'' ရှောင်ချန်းက ခြောက်ကပ်စွာ ခြောင်းတစ်ချက်ဟန့်လိုက်ရင်းပြောသည်။ ထို့နောက် ရှောင်ချန်းသည် တုလင်ဖေးကိုကျော်ကာ ကျန်တစ်ယောက်ကိုကြည့်လိုက်သည်။ ထိုလူ၏ မျက်နှာအမူအရာကို အကဲခတ်၍ မရနိုင်သော်လည်း ရက်စက်ကြမ်းကြုတ်ဟန်များက အထင်းသားပေါ်လွင်နေသည်။ ပိုင်ရှောင်ချန်းက သူ့ကိုကြည့်လိုက်သည်နှင့် မျက်လုံးဖွင့်လာကာ ရန်သူဆန်သောအပြုံးက သူ့မျက်နှာပေါ်တွင်ပေါ်လာသည်။
ပိုင်ရှောင်ချန်း တုန်လှုပ်သွား၏။ အရာရာကို စစ်ဆေးပြီးသည့်နောက်တွင် ချန်သကျင်းသည် လုပ်ငန်းလုပ်ဆောင်ရမည့်အဖွဲ့ထဲတွင် သူလက်ပါးစေကို ထည့်ထားရန် စီစဥ်ထားကြောင်း သူ ရိပ်မိလိုက်သည်။ ထို့နောက် ဂိုဏ်းက ထွက်ခွာသည်နှင့် ထိုသူက ရှောင်ချန်းကို အပျောက်ရှင်းပစ်လိုက်မည်ဖြစ်သည်။
ထိုအခိုက်တွင် ပိုင်ရှောင်ချန်းသည် ထိုသူတို့နှစ်ယောက်အပေါ် သံသယများပွားနေသည်။ ခုချိန်ထိတော့ ပိုင်ရှောင်ချန်းသည် ပေါ့ပေါ့ပါးပါးဟန်နှင့် ထိုသူကို အားရပါးရပင် ပြုံးပြလိုက်၏။
"ပိုင်ရှောင်ချန်း ရောက်လာပြီလား'' သူကပြောသည်။
" အကိုကြီး...အကိုကြီးက... ဘယ်သူလဲ ''
"မြစိမ်းတောင်က ဖိန်းယန်'' ထိုလူက ပြုံးရင်းပြန်ပြောသည်။
ပိုင်ရှောင်ချန်းသည် လေးစားမှုအပြည့်ဟန်နှင့် လျင်မြန်စွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
"အိုး...အကိုကြီးဖိန်းလား။ ကြည့်လိုက်တာနဲ့ အကိုကြီးဖိန်း မှန်းတန်းသိလိုက်ရမှာ။ မြင်မြင်ချင်းတည်းက အကိုကြီးက သူများနဲ့မတူဘဲ ထူးခြားနေတယ်လို့တော့ထင်သား။ ကျွန်တော်က ခုမှ ဂိုဏ်းပြင်ကိုထွက်ပြီး ပထမဆုံးအကြိမ်တာဝန်ထမ်းဆောင်ဖူးတာလေ။ ကျွန်တော့်ကို ဘယ်လိုတွေလုပ်ရမယ်ဆိုတာ သင်ကြားပြသပေးပါဦးဗျ။ အားကိုးမယ်နော် အကိုကြီးဖိန်း"
နှုတ်ဆက်လိုက်စဥ်မှာပင် ဖိန်းယန်၏ ကျင့်ကြံမှုအခြေခံမှာ အဆင့်ခုနစ်ရှိပြီမှန်း သူ သိလိုက်ရသည်။
"ကိစ္စ မရှိပါဘူး။ အဲ့လောက် မျက်နှာချိုသွေးမနေပါနဲ့''
ဖိန်းယန်၏မျက်ဝန်းထဲတွင် အထင်သေးသည့် အကြည့်များ ဖြတ်ပြေးသွားသည်။ ဖိန်းယန်သည် ဤတာဝန်ကိုလက်ခံလိုက်ရသည့် အကြောင်းအရင်းမှာ အတွင်းစည်းဂိုဏ်းသား ချန်သကျင်းက ပိုင်ရှောင်ချန်းကိုသာ လျှို့ဝှက်စွာသတ်ပေးမယ်ဆိုလျှင် စွမ်းဆောင်မှုရမှတ်တွေ အမြောက်အမြားရအောင် ဖန်တီးပေးမည်ဟု ကတိပေးထားသောကြောင့်ဖြစ်သည်။
တကယ်တော့ ရှောင်ချန်းကို သတ်ပစ်ရန်မှာ မခက်ခဲလှပေ။ သို့သော် ချန်သကျင်းပေးသော
ဖိန်းယန်း၏ အဓိကတာဝန်မှာ ရှောင်ချန်းသည် တာဝန်ကိုဆောင်ရွက်ရင်း မတော်တဆမှု ကြုံရသည့်ပုံစံမျိုးအသွင်ဖြစ်အောင် ပိပိရိရိဆောင်ရွက်ပေးရန်ဖြစ်သည်။ တခါတည်းသေသွားလျှင် ပိုကောင်းသည်။
တစ်ခုတည်းသော သတိထားလုပ်ဆောင်ရမည့်အချက်မှာ ထိုအကြောင်းအရာများကို တုလင်ဖေး မရိပ်မိစေရန်ဖြစ်သည်။ ဟုတ်ပေသည်။ တုလင်ဖေးကိုလည်း ချန်သကျင်းကြောင့် စွမ်းဆောင်မှုရမှတ်များရရှိမည်ဟုဆွဲဆောင်ကာ ထိုတာဝန်ကို လိုက်ပါ ဆောင်ရွက်ရန် စည်းရုံးထားခြင်းဖြစ်သည်။
လက်ရှိတွင် တုလင်ဖေးသည် မျက်မှောင်ကြုတ်လျက်ရှိသည်။ သူ့ဘဝတွင် အင်မတန်မုန်းတီးရွံရှာသူများထဲက တစ်ယောက်နှင့် အတူတူ ဂိုဏ်းပြင်ထွက်ကာ တာဝန်ထမ်းဆောင်ရလိမ့်မည်ဟု အိပ်မက်မျှပင်မမက်ဖူးပေ။ ဘယ်သူကမျှ သည်တာဝန်ကို ယူကိုယူရမည်ဟု တွန်းအားမပေးသော်လည်း သူ့သဘောနှင့်သူလိုက်ပါလာခဲ့ခြင်းဖြစ်သည်။ သည်အလုပ်နှင့်ပတ်သက်ကာ အနည်းငယ် အန္တရာယ်များကောင်းများနိုင်သော်လည်း ရိုးရိုးလေးနှင့် စွမ်းဆောင်မှုရမှတ်တွေအများကြီးရမည့်တာဝန်ဖြစ်နေသည်။
တုလင်ဖေးသည် ချီစုစည်းမှုအဆင့်ငါးတွင် အချိန်အတန်ကြာ ရပ်တန့်နေခဲ့၏။ ထိုအဆင့်ကိုကျော်ဖြတ်ရန် တိမ်ပျံအမွှေးတိုင်အချို့ကိုလိုအပ်နေသည်။ ထိုအမွှေးတိုင်များကို စွမ်းဆောင်မှုရမှတ်များနှင့်ဝယ်ရမည်ဖြစ်သည်။ တုလင်ဖေးသည် တိမ်ပျံအမွှေးတိုင်အကြောင်းကိုတွေးလိုက်မိသည်နှင့် ပိုင်ရှောင်ချန်းကို မုန်းလွန်းသဖြင့် ခေါင်းများပင်ချာချာလည်လာသည်။
" သူရဲဘောကြောင်တဲ့ကြွက်စုတ် '' ရှောင်ချန်းကို အစာမကြေသည့်အကြည့်ဖြင့်စိုက်ကြည့်ကာ တုလင်ဖေး တွေးနေသည်။ အထူးသဖြင့် သေရမှာကြောက်လွန်းသဖြင့် ကာကွယ်ထားသည့် ဘောလုံးလိုဖြစ်နေသောအသွင်အပြင်နှင့် အမည်းရောင် ဒယ်အိုးကြီးကြောင့် ပိုမိုကာ အထင်အမြင်သေး စက်ဆုပ်ရွံရှာမိနေသည်။
ဟွန်းကနဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ တုလင်ဖေးသည် ပိုင်ရှောင်ချန်းကို လုံးဝလျစ်လျူရှုလိုက်ပြီး ဖိန်းယန်ဆီသို့ ဦးတည်သွားကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
"အကိုကြီး...ကျွန်မတို့အားလုံးလူစုံပြီဆိုတော့ လေဟုန်စီးလှေငယ်ကို ကျေးဇူးပြုပြီးထုတ်လိုက်ပါတော့လား။ တာဝန်မြန်မြန်ပြီးတော့လည်း မြန်မြန်ပြန်လို့ရတာပေါ့။''
ဖိန်းယန်သည် ပြုံးလိုက်ပြီး သူ့အိတ်ကိုပုတ်လိုက်ရာ စူးရှသော အလင်းတန်းများ ထွက်လာ၏။ လေများတဝူးဝူးတိုက်ပြီးနောက်တွင် အလင်းတန်းများက ခြောက်မီတာခန့်ရှည်သော လှေငယ်လေးအဖြစ်သို့ပြောင်းလဲသွားသည်။ လှေငယ်လေးမှ စိတ်စွမ်းအင်များ ထွက်ပေါ်နေ၏။
ပိုင်ချန်းသည် လှေကိုတချက်စူးစမ်းလိုက်ပြီးနောက်တွင် ''အကိုကြီးဖိန်း ဒါကဘာလဲ''
ဤအရာမျိုးကို ပိုင်ရှောင်ချန်းဘဝတွင် ပထမဦးဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ထိုလှေသည် လေထဲတွင်ဝဲနေပြီး စီးစရာယာဥ်တမျိုး ဖြစ်နေသည်။ တုလင်ဖေး၏မျက်ဝန်းထဲတွင် အထင်အမြင်သေးဟန်များကို တွေ့လိုက်ရသောအခါ ဖိန်းယန်ကရယ်လိုက်သည်။
"ဒါက လေဟုန်စီးလှေငယ်လေ။ ဂိုဏ်းနဲ့ဝေးရာကို တာဝန်အရသွားရတဲ့အခါမှာ တာဝန်အမြန်ပြီးအောင် ဂိုဏ်းကထောက်ပံ့ပေးထားတာပေါ့။ စိတ်စွမ်းအင်တွေအများကြီးသုံးပစ်ရမယ့်အစား ဝိညာဥ်ကျောက်တုံးအနည်းငယ်ကိုပဲ သုံးတော့မှာပေါ့။''
လှေငယ်သည် လေထဲတွင် တည်ငြိမ်သွားသောအခါ ဖိန်းယန်က ဦးဆောင်ကာ လှေပေါ်သို့တက်လိုက်သည်။
တုလင်ဖေးသည်လည်း လျင်မြန်စွာလိုက်လာသည်။ သူတို့လုပ်သလို ပိုင်ရှောင်ချန်းကလည်း လိုက်လုပ်လိုက်သည်။ လှေကလေးမှာ သိပ်မကြီးသဖြင့် အနည်းငယ်ကြပ်ချင်သော်လည်း သူတို့သုံးယောက်အတွက်တော့ နေရာအလုံအလောက်ရှိနေသေးသည်။ ပိုင်ရှောင်ချန်းသည် လှေနောက်ဘက်ဆုံးတွင်ထိုင်ချလိုက်ပြီး လှေငယ်ကို အနီးကပ်စူးစမ်းလေ့လာတော့သည်။ သူသည် သေသေချာချာ ကြည့်လေလေ မဖြစ်နိုင်သောအရာကြီးပါလားဟု တွေးမိလေလေဖြစ်သည်။
"တစ်ရက်ရက်မှာတော့ ဒါမျိုးတွေနဲ့ ကိုယ်တိုင်သွားနိုင်ရမယ်'' ရှောင်ချန်းက ကိုယ့်ကိုကိုယ် တီးတိုးပြောလိုက်သည်။
တုလင်ဖေးသည် ပိုင်ရှောင်ချန်းကို တကယ့် လူနုံတစ်ယောက်ကဲ့သို့ ကြည့်လိုက်ပြီး ထေ့ပြောချင်စိတ်ကိုမထိန်းနိုင်ဖြစ်နေသည်။
" နင့်ကိုယ်နင်ရောင်းရင်တောင် ဒီလှေကို မဝယ်နိုင်ဘူး ''
ပိုင်ရှောင်ချန်းသည် တုလင်ဖေးကို အကဲခတ်လိုက်ပြီး ခေါင်းကိုညိတ်လိုက်သည်။
"ဟုတ်တာပေါ့...ဒါပေမယ့် မင်းကိုရောင်းလိုက်မယ်ဆိုရင်တော့ စီးနိုင်မယ်ဆိုတာ သေချာတာပေါ့ ''
"နင်...''
တုလင်ဖေး၏ ဖီးနစ်ငှက်ကဲ့သို့သော မျက်လုံးလေးများ ဝိုင်းစက်သွားသည်။ တုလင်ဖေးသည် စကားနိုင်လုကာ အနိုင်ပိုင်းမည့် စကားလုံးတစ်လုံးလုံးကိုရှာပြီး ပြန်ပြောရန်ကြိုးစားနေစဥ်တွင် ဖိန်းယန်က လှေကို အလင်းတန်းကဲ့သို့ အရှိန်တင်လိုက်လေသည်။
သူတို့လှေကလေးသည် အရှိန်အမြင့်ဆုံးနှုန်းနှင့် သွားနေကြသည်ဖြစ်ရာ လေကိုခွင်းဖို့ရာ လှေပတ်ဝန်းကျင်တွင် အကာအရံတစ်ခုပေါ်လာလေသည်။ သူတို့သည် လေတဝူးဝူးအသံများကို ကြားနေရသော်လည်း လှေထဲတွင်မူ တည်ငြိမ်လျက်ရှိသည်။
ထိုအချိန်တွင် မွှေးရနံ့တိမ်တောင် နယ်လှည့်သမားတော်ဆောင်တွင် အကြီးအကဲရွှီသည် ရာထူးတိုးရလဒ်များကို စစ်ဆေးနေရာ ကျောက်စိမ်းပေလွှာကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။
"တရားစီရင်ရေးအဆောင်က ပိုင်ရှောင်ချန်းကို မွှေးရနံ့တိမ်တောင်ကနေထွက်ခိုင်းပြီး အပြင်တာဝန်ထမ်းဆောင်ခိုင်းတယ်ဆိုပါလား ''
ကျောက်စိမ်းပေလွှာကို သေသေချာချာ လေ့လာပြီးနောက်တွင် မျက်မှောင်ကြုတ်နေသည်များ တဖြည်းဖြည်း ပြေလျော့လာသည်။ တာဝန်ကို သေချာစစ်ဆေးပြီးသည့်နောက်တွင် ပိုင်ရှောင်ချန်းအတွက် အန္တရာယ်ရှိနိုင်သော်လည်း သေစေလာက်သည်အထိ မဟုတ်ဟု နားလည်လိုက်သည်။
ထို့နောက် လီချင်းဟောက်က ပိုင်ရှောင်ချန်းအကြောင်းပြောပြသည်ကို သူတွေးမိလိုက်သည်။
"ဒီကလေးက နည်းနည်းအပျင်းကြီးတာမှန်ရင် အပြစ်မပေးလို့တော့ မရဘူးလေ''
နောက်ဆုံးတွင် ကျောက်စိမ်းပေလွှာကိုချကာ ဆေးကိုဆက်ဖော်နေလေသည်။
တချိန်တည်းမှာပင် ချန်သကျင်းသည် အတွင်းစည်းဂိုဏ်းထဲက သူ၏အင်မော်တယ်ဂူရှေ့တွင်ရပ်ကာ လှေငယ်လေးဂိုဏ်းထဲက ပျံသန်းထွက်ခွာသွားသည်ကို စောင့်ကြည့်နေပြီး အေးစက်စက်အပြုံးတစ်ခုက မျက်နှာတွင်ပေါ်လာလေသည်။
"ဖိန်းယန်ရဲ့ ကျင့်ကြံမှုအခြေခံနဲ့ဆိုရင် ပိုင်ရှောင်ချန်းကို လက်ကလေးနဲ့ ဖျစ်ညှစ်လိုက်ပြီးတောင် သတ်ပစ်လိုက်လို့ရတယ်။ ပိုင်ရှောင်ချန်း...ပိုင်ရှောင်ချန်း...။ မင်းက အပင်နဲ့အသီးအရွက်ကျမ်းမှာ သူမတူအောင်ကျွမ်းကျင်တယ်ဆိုပေမယ့် မင်းဘာမှထပ်လုပ်နိုင်တော့မယ်မထင်ဘူး။ ဘာလို့ဆို မင်းကသေရတော့မှာလေ။''
ချန်သကျင်း၏ မျက်ဝန်းထဲတွင် အန္တရာယ်အငွေ့အသက်များ လက်ခနဲပေါ်လာပြီး အေးစက်စက်တစ်ချက် ပြုံးကာ သူ၏အင်မော်တယ်ဂူထဲသို့ ပြန်ဝင်သွားလေသည်။
ကောင်းကင်ယံတွင် မိုးသားတိမ်လိပ်များကင်းရှင်းနေ၍ မိုးသားရောင်ကောင်းကင်ပြင်ကြီးကို အထင်းသားတွေ့မြင်နေရသည်။ ပိုင်ရှောင်ချန်းသည် လှေပေါ်တွင်ထိုင်နေရင်း စိတ်ပူပန်သောကရောက်နေ၏။ ထိုစဥ် ပတ်ဝန်းကျင်မြင်ကွင်းများ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
များပြားလှသော တောင်တန်းကြီးများကို တွေ့လိုက်ရပြီး တောင်ထိပ်များက ကောင်းကင်ကိုအံတုနေသည့် ဓားတွေအလား ရှိနေကာ တောင်တန်းတွေက နဂါးကြီးတစ်ကောင် အိပ်စက်နေဟန်နှင့် တူနေသည်။ ၎င်းအပြင် အံ့အားသင့်ဖွယ်ကောင်းသည့် မြစ်တစ်စင်းလည်းရှိနေ၏။
"ကောင်းကင်တံတားမြစ်'' သူက အသက်ကို ပြင်းပြင်းရှူရင်းပြောသည်။ အပြင်စည်းဂိုဏ်းသားဖြစ်လာချိန်တွင် အကြောင်းအရာအများအပြားကို သူလေ့လာခဲ့သည်။ ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးက ကောင်းကင်တံတားမြစ်ကြီးအပေါ်မှာ မှီခိုနေရ၏။
ထိုမြစ်ကြီးသည် စိတ်စွမ်းအင်အားလုံး၏ ပင်မ အရင်းအမြစ်ဖြစ်သည်။
ထို့ကြောင့် ဂိုဏ်းများအားလုံးက မြစ်ဘေးမှာတည်ထားကြ၏။ ထို့ပြင် မြစ်၏အထက်ပိုင်းကိုဆန်တက်လေလေ စိတ်စွမ်းအင်များ ပိုမိုအားကောင်းလာလေဖြစ်သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ယေဘုယျပြောလျှင် အောက်ဘက်ပိုင်းတွင် တည်ရှိသည်ဟုဆိုသော်လည်း ထိုနေရာ၌ပင်လျှင် နှစ်သောင်းပေါင်းများစွာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့၏။ ပိုင်ရှောင်ချန်းဖတ်မိသလောက်ကမူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် တစ်နေရာတည်းတွင် အမြဲတမ်းတည်ရှိနေသောဂိုဏ်းမျိုးမဟုတ်ပေ။ အစက ထိုဂိုဏ်းသည် မြစ်ဝကျွန်းပေါ်ဒေသတွင်ရှိလေသည်။ သို့သော် အလွန်ထူးကဲစွာအစွမ်းထက်သော ခေါင်းဆောင်တစ်ယောက် မျိုးနွယ်စုတွေနှင့် ဂိုဏ်းတွေကြားမှာ ပေါ်ထွက်လာခဲ့၏။ သူသည် ပြင်းထန်သော တိုက်ပွဲများကိုဆင်နွှဲရင်း ဂိုဏ်းကြီးတစ်ဂိုဏ်း၏အသိအမှတ်ပြုခြင်းကိုခံရကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို အောက်ပိုင်းမှာ နေခွင့်ရသွားသည်။
"မြစ်အထက်မှာရှိတဲ့ ဂိုဏ်းတွေက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထက် အစွမ်းကြီးမားလွန်းတယ်။ ဒဏ္ဍာရီတွေအရ မြစ်ဖျားခံရာဒေသရှိ ဂိုဏ်းတွေက ပိုမိုရက်စက်ကြမ်းကြုတ်သည်ဟု အဆိုရှိတယ် ''
ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်ပြီးနောက် သည်တာဝန်ကိုထမ်းဆောင်ရာတွင် အင်မတန်သတိထားဖို့ ကိုယ့်ကိုကိုယ် သတိပေးလိုက်သည်။
အဝေးကကြည့်လျှင် ကောင်းကင်တံခါးမြစ်ကြီးသည် ရွှေရောင်တောက်နေကာ လှိုင်းများတလွန့်လွန့်လူးနေသည့် ပင်လယ်ကြီးတစ်ခုနှင့်ပင်တူလေသည်။ ထို့အပြင် မြစ်ကြီးသည် တောင်လေးလုံးကိုပင် ပတ်ကာစီးဆင်းနေ၏။
"ဒါက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့မြောက်ဘက်ခြမ်းဖြစ်ရမယ်'' ပိုင်ရှောင်ချန်းကတွေးနေသည်။ အမြင်အရဆိုလျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ရှိရာတောင်ကြီးသည် မြစ်ကြီးအပေါ်က တံတားတစ်စင်းကဲ့သို့ဖြစ်နေသည်။
"တာအို သစ်စေ့တောင်''
တကယ်တော့ လီချင်းဟောက်က သူ့အား ဂိုဏ်းကိုစစချင်း ခေါ်လာသည့်နေ့က တွေ့ဖူးပြီးသားဖြစ်သည်။ သို့သော် ထိုအချိန်တုန်းက သူက သာမန်လူတစ်ယောက်မျှသာဖြစ်ပြီး ယခုအချိန်တွင် အပြင်စည်းဂိုဏ်းသားဖြစ်နေပြီဖြစ်ရာ ခံစားချက်များမှာ မတူတော့ပေ။
လှေကလေးသည် အမြန်ဆုံးနှုန်းနှင့် သွားနေဆဲဖြစ်သည်။ သူတို့သည် ရေလှိုင်းတွန့်များအတိုင်းလိုက်လာရာ တဖြည်းဖြည်းနှင့် မြစ်အောက်ခြေအနက်ပိုင်းဘက်သို့ပင်ရောက်လာကြပြီဖြစ်သည်။
"ဂိုဏ်းတူညီမငယ်တု...ဂိုဏ်းတူညီငယ်ပိုင်...မင်းတို့နှစ်ယောက်လုံးက ဒီတာဝန်ရဲ့အသေးစိပ်အကြောင်းအရာတွေကိုလေ့လာပြီးပြီလို့ ယူဆလိုက်မယ်။''
ဖိန်းယန်က အေးစက်စက်ပြောသည်။ သူ့အသံမှာ အင်မတန်တိုးလှသည်ဖြစ်ရာ ကြားရရုံမျှသာရှိသည်။
"ငါတို့က ကောင်းကင်တံတားအောက်ဘက်က ကြယ်ကြွေတောင်တန်းတွေဆီကို ဦးတည်သွားနေတာ။ ဂိုဏ်းတူညီလေးဟိုရဲ့ နောက်ဆုံးအဆက်အသွယ်က အဲ့ဒီနေရာတဝိုက်ကလာတာပဲ။ ကြယ်ကြွေတောင်တန်းဆိုတာက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အာဏာစက်သက်ရောက်ရာ နယ်စပ်တံတိုင်းဖြစ်တယ်။ အဲ့ဒီကိုလွန်ရင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းပိုင်နက်ထဲကို ရောက်မယ် ''
"ငါတို့ကိုယ် ငါတို့စောင့်ရှောက်ရလိမ့်မယ်။ ပြီးတော့ အဓိက ပြဿနာကြီးတွေကို ရင်ဆိုင်နေရသလိုမျိုး အမြဲတမ်းသတိရှိနေရမယ်''
"ဒါပေမယ့် ငါတို့ရဲ့ နောက်ဆုံးပန်းတိုင်က နည်းနည်းလှမ်းတဲ့နေရာမှာရှိတာဆိုတော့ အဲ့ဒီကိုသွားနိုင်ဖို့ ဝိညာဥ်ကျောက်တုံးတချို့လိုတယ်။ ငါတို့တာဝန်ရဲ့ အချိန်အများစုကို ခရီးသွားခြင်းနဲ့ကုန်ဆုံးရလိမ့်မယ်။ ဒါပေမယ့်လည်း ဒီလေဟုန်စီးလှေငယ်လေးနဲ့ပဲသွားရမှာပါ။ အခုထက်ပိုပြီးကြမ်းတဲ့မြေအနေအထားတွေကို ဖြတ်ကျော်ရလိမ့်မယ်''
ပြောစရာရှိတာ ပြောပြီးသည့်နောက်တွင် မျက်ဝန်းထဲတွင် မှိန်ဖျော့သောအရောင်တချို့သမ်းပြီးနောက် မျက်လုံးများမှိတ်ကာ တင်ပျဉ်ခွေထိုင်နေသည်။
တုလင်ဖေးသည် ပိုင်ရှောင်ချန်း ကိုလျစ်လျူရှုလိုက်ပြီး အသက်ရှုကျင့်စဥ်ကို စတင်ကျင့်ကြံလေ၏။
ပိုင်ရှောင်ချန်းသည် အချိန်တိုင်း နိုးနိုးကြားကြားရှိနေသည်။ သူသည် မျက်လုံးများမှိတ်ကာ တင်ပျဉ်ခွေထိုင်ကာ သူတို့နှစ်ယောက်ထဲက ဘယ်သူက ချန်သကျင်းလွှတ်ထားသည့်လူလဲဟု စဉ်းစားနေ၏။
"တုလင်ဖေးကတော့မဟုတ်လောက်ဘူး" သူ တွေးလိုက်သည်။
" အဲဒါဆို ဖိန်းယန်ဖြစ်ဖို့က ရှစ်ဆယ်ရာခိုင်နှုန်းကနေ ကိုးဆယ်ရာခိုင်နှုန်းလောက်အထိရှိတယ်ပေါ့ ''