← Chapters

အခန်း (၂၆၇၆)

Vol. 115 Ch. 2676

အခန်း (၂၆၇၆)

Vol. 115 Ch. 2676

ရန်ကိုင်သည် သူ့ဒေါသကို ချုပ်တည်းထားခဲ့ရသည်။ ဤမိန်းမငယ်လေးနှင့် တိုက်ပွဲသည် ရှေးဟောင်းကုန်းမြေထဲ၌ ရှီဟွော့နှင့်တိုက်ခိုက်စဉ်က ခံစားခဲ့ရသည့် ကူကယ်ရာမဲ့မှုကို နောက်တစ်ကြိမ် ထပ်မံခံစားခဲ့ရစေသည်။

ထိုစဉ်က သူသည် ရှီဟွော့အား မသတ်နိုင်ခဲ့ပေ။ ယခုတစ်ကြိမ်တွင်လည်း ဤမိန်းမငယ်လေးအား ရှီဟွော့ကဲ့သို့ပင် မသတ်နိုင်ပဲနေမည်လား။

ထိုအကြောင်းကိုတွေးရင်း ရန်ကိုင်စိတ်ထဲ ဒေါသစိတ်တို့ တနုံ့နုံ့ ထွက်လာခဲ့သည်။ အမျိုးသမီး၏ ကြောက်မက်ဖွယ်ရာ ရုပ်ခွန်အားကြောင့် ရန်ကိုင်မှာ တိုက်ခိုက်ရမည့်အစား တောက်လျှောက်နီးပါး ခုသာ ခုခံနေခဲ့ရပါသော်ငြား တိုက်ပွဲချိန်ကြာမြင့်လာသည်နှင့်အမျှ သူ့စိတ်ထဲ ပိုပို၍ ဒေါသထွက်လာခဲ့ရသလို စိတ်လည်း လှုပ်ရှားလာခဲ့ရလေသည်။ ထို့နည်းတူစွာပင် သူ့စွမ်းအင်လှည့်ပတ်နှုန်းမှာလည်း ပိုပို၍ ချောမွေ့လာခဲ့လေ၏။

“ဘုန်း… ဘုန်း… ဘုန်း…”

ရန်ကိုင်တို့နှစ်ဦးသည် ဟိုမှသည်သို့ ကူးကလန်ခတ်ရင်း တစ်ဦးနှင့်တစ်ဦး မီးကုန်ယမ်းကုန် တိုက်ခိုက်နေခဲ့ကြသည်။ သူတို့၏တိုက်ပွဲကြောင့် တောင်များ တစ်လုံးပြီးတစ်လုံး ပြိုကျကုန်ရကာ ထိုတောင်များအနီးတစ်ဝိုက်တွင် နေထိုင်နေကုန်ကြသော သက်ရှိများမှာလည်း အဘက်ဘက်သို့ ထွက်ပြေးကုန်ကြရလေသည်။ တိုက်ပွဲအတွင်း ရန်ကိုင်သည် တောက်လျှောက်ကို သွေးမြေခခဲ့ရသည်။ သို့သော်ငြား လုံးဝလဲကျသွားခြင်းမရှိဘဲ တစ်ခါလဲကျသွားလျှင်ပင် ပြန်ကုန်းထ၍ ထပ်မံတိုက်ခိုက်လေသည်။

သူ့အဝတ်အစားအများစုမှာလည်း ပျက်စီးကုန်နေလေပြီး ယခုအချိန်ဆိုလျှင် ရန်ကိုင်၏အပေါ်ပိုင်းခန္ဓာကိုယ်တစ်ခုလုံး ဗလာကျင်းနေခဲ့ကာ သူ၏အတွင်းကျကျနေရာများကို ဖုံးကွယ်ထားခဲ့သည့် အဝတ်အစားအချို့သာ ကျန်ရစ်နေတော့သည်။

ရန်ကိုင်သည် ကိုယ်ကျပ်အကာအကွယ်များကို တစ်ခါမှ ဝတ်ဆင်ခဲ့ခြင်းမရှိပေ။ သူ့တွင် ထိုမှော်ရတနာများ မရှိသည်မဟုတ် ရှိပေသည်။ လွန်ခဲ့သောနှစ်များအတွင်း ပညာရှင်ပေါင်းများစွာကို သတ်ဖြတ်ပစ်ခဲ့လေရာ ထိုပညာရှင်များ၏ သိုလှောင်လက်စွပ်များထဲဆီမှ ကိုယ်ကျပ်အကာအကွယ်ပေါင်းများစွာ ရရှိခဲ့သည်။ သို့သော်ငြား ထိုမှော်ရတနာများကို မလိုလောက်ဟု ထင်သည့်အတွက်ကြောင့် ရန်ကိုင်သည် ထိုမှော်ရတနာများအား သန့်စင်ခြင်းမရှိခဲ့ပေ။ ကိုယ်ကျပ်အကာအကွယ်သည် သူ့အား အင်္ကျီများနှင့်စာသော် ပို၍ကာကွယ်ပေးနိုင်ပါသော်ငြား အန္တရာယ်အပေါ် သူ၏ခံစားနိုင်စွမ်းကိုလည်း လျော့ကျသွားစေနိုင်ပေသည်။

ပြင်ပအကူအညီများတွင် အလွန်အမင်း အားကိုးခြင်းမှာ မကောင်းလှချေ။ သို့သော်ငြား သာမန်အဝတ်အစားများသည် ဤကဲ့သို့သော ကြမ်းတမ်းလှသည့် တိုက်ပွဲတစ်ပွဲကို မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။ တိုက်ပွဲချိန် ကြာမြင့်လာသည်နှင့်အမျှ ရန်ကိုင်၏ အဝတ်အစားများမှာ တဖြည်းဖြည်း စုတ်ပြဲထွက်လာခဲ့လေရာ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက မကြာမီတွင် သူ့တစ်ကိုယ်လုံး မိမွေးဖမွေးအတိုင်း ဖြစ်သွားပေတော့မည်။

အံ့အားသင့်ဖွယ်ကောင်းစွာပင် ဤမိန်းမငယ်လေးမှာတော့ လုံးဝကို မရှက်ခဲ့ပေ။ ရန်ကိုင်၏ ဝတ်လစ်စားလစ် ခန္ဓာကိုယ်အစိတ်အပိုင်းများကို လုံးဝမမြင်သည့်အလား။ သူမကိုယ်တိုင်သည် ယောက်ျားတစ်ဦး၏ မိမွေးဖမွေး ခန္ဓာကိုယ်ပုံစံကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးသည့်တိုင် ထိုအကြောင်းအရာများကိုတော့ ကြားခဲ့ဖူးပေလိမ့်မည်။ သို့သော်ငြား သူမအတွက် စိတ်ဝင်စားစရာမဟုတ်။ ထို့အပြင် လူသေတစ်ဦး မည်သို့မည်ပုံ ရှိနေသလဲဆိုသည်ကို သူမအနေဖြင့် ခေါင်းခြောက်ခံ၍ တွေးနေစရာမှမလိုလေပဲ။

ရန်ကိုင်၏ စုတ်ပြတ်သပ်နေသည့် အခြေအနေနှင့်ယှဉ်လိုက်သော် မိန်းမငယ်လေးအတွက်မူ အလွန်ကိုမှ လွယ်ကူအဆင်ပြေနေခဲ့လေသည်။ ရန်ကိုင်၏တိုက်ခိုက်မှုများ မည်မျှပင် ပြင်းထန်နေစေကာမူ ကောင်မလေးသည် ထိုတိုက်ကွက်အားလုံးကို အလွယ်တကူ ချေဖျက်သွားခဲ့သည်။ သူမပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ရာခွန်အားသည် အလွန်တရာကိုမှ ဩချဖွယ် ကောင်းလှပေသည်။ အားအကောင်းဆုံးသော မွန်းစတားသားရဲများသည်ပင်လျှင် သူမနှင့် ရုပ်ခွန်အားချင်း ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဖူး…”

ရန်ကိုင် နောက်တစ်ကြိမ် သွေးတစ်ပွက် ထိုးအန်လိုက်ရပြန်လေသည်။ ထို့နောက် မြေပြင်ပေါ်သို့ ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် ထိုးကျသွားခဲ့ရာ မြေပြင်ထက် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။ ယခုတစ်ကြိမ်တိုက်ပွဲကြောင့် ရန်ကိုင်ကိုယ်ပေါ်တွင်ရှိနေသော နောက်ဆုံးလက်ကျန်အဝတ်အစားအားလုံး ပျက်စီးသွားကုန်ရလေသည်။

ထိုအချင်းအရာကိုကြည့်ရင်း မိန်းမငယ်လေးမှာတော့ မျက်မှောင်ကျုံ့နေခဲ့သည်။ ဤရန်ကိုင်ဆိုသည့်လူသည် အလွန်ကိုမှ ခေါင်းမာလွန်းသည်ဟု ခံစားနေခဲ့ရလေသည်။

သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသာ ဆိုပါက သူမ၏လက်ချက်ကြောင့် ယခုအချိန်လောက်ဆိုလျှင် စိစိညက်ညက် ကြေနေလောက်ပေပြီ။ သို့သော်ငြား ရန်ကိုင်ကမူ အသက်ရှင်နေသေးရုံမက သူ့ပုံစံမှာ အလွန်ကိုမှ စုတ်ပြတ်သပ်နေပါသော်ငြား သူ့တိုက်ပွဲဝင်လိုစိတ်မှာတော့ လျော့ကျသွားခြင်းမရှိ ပိုပို၍ပင် အားကောင်းလာနေခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရန်ကိုင်၏ ထူးဆန်းလွန်းလှသော ရွှေရောင်သွေးကြောင့် ဖြစ်ရလိမ့်မည်ဟု မိန်းမငယ်လေး ခန့်မှန်းလိုက်လေသည်။ ထို့ကြောင့်သာမဟုတ်ပါက ဤလူ သေသွားသည်မှာ ကြာနေလောက်ပေပြီ။

သူမထင်သည့်အတိုင်းပင် ရန်ကိုင်အနေဖြင့် ထပ်တလဲလဲ ဒဏ်ရာရနေသည့်တိုင် ယခုကဲ့သို့ ဆက်လက်တိုက်ခိုက်နေနိုင်ရခြင်းမှာ သူ၏ရွှေရောင်သွေးစက်များကြောင့် ဖြစ်ပေသည်။

ရန်ကိုင်တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်နေခဲ့သည်။ သွေးတစ်ပွက်ကို ထိုးအန်လိုက်ပြီးသည့်နောက် အမျိုးသမီးအား မမှိတ်မသုန် စိုက်ကြည့်လိုက်လေသည်။

ယခုကဲ့သို့ ခွန်အားကွာခြားချက် ကြီးမားလွန်းလှသည့် အခြေအနေမျိုးသည် သူမှ လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က အနက်ရောင်စာအုပ်အား ရရှိခဲ့သည့် အဖြစ်အပျက်ကို ပြန်တွေးမိသွားစေခဲ့လေသည်။ ရန်ကိုင်၏ အရှုံးမပေးလိုသော စိတ်ဓာတ်ကြောင့်သာလျှင် ရန်ကိုင်သည် အနက်ရောင်စာအုပ်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ကာ သိုင်းတာအိုခရီးလမ်းကို စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအခြေအနေသည် ထိုစဉ်ကအဖြစ်အပျက်နှင့် အလွန်ကိုမှ တူနေခဲ့လေသည်။

သို့သော်ငြား ထိုအဖြစ်အပျက်မှာ အလွန်ကိုမှ ကြာညောင်းနေပြီဖြစ်လေရာ ရန်ကိုင်သည် ထိုခံစားချက်ကိုပင်လျှင် မေ့လျော့ခါနီး ဖြစ်နေခဲ့သည်။

သို့သော်ငြား ယခုအဖြစ်အပျက်‌ကြောင့် အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့သော ရန်ကိုင်၏ အနိုင်မခံ အရှုံးမပေးလိုသည့် တိုက်ပွဲဝင်လိုစိတ်မှာ တစ်ဖန်ပြန်လည်နိုးထလာခဲ့ရလေသည်။

(ငါသာ အရှုံးမပေးရင် ဘယ်သူက ငါ့ကို လာရပ်တန့်နိုင်မှာလဲ…)

ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက်မှာပင် ရန်ကိုင်သည် တစ်ခုခုအား နားလည်သွားသလို ခံစားလိုက်ရလေသည်။ သူ့ကိုယ်ထဲရှိသွေးများသည် အလွန်တရာကိုမှ မြန်ဆန်နှုန်းဖြင့် လည်ပတ်လာလေရာ သူ့ဒဏ်ရာများမှာလည်း လျင်မြန်စွာ ပျောက်ကင်းလာရတော့သည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ ခန္ဓာကိုယ်တွင် ပေကျံနေသော သွေးကွက်များကို ဖယ်ထုတ်လိုက်ရာ အရေပြားအသစ်တစ်ခု အစားထိုးထွက်ပေါ်လာခဲ့လေ၏။

“ငါသိသွားပြီ…” ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာတော့လေသည်။

လွန်ခဲ့သောနှစ်များအတွင်း ရန်ကိုင်သည် မှော်ရတနာများ၊ ကျင့်စဉ်များအပေါ်တွင် အလွန်အမင်း အားကိုးခဲ့သည့်အတွက်ကြောင့် အနိုင်မခံအရှုံးမပေးသည့် တိုက်ပွဲဝင်လိုစိတ်ကိုပင် မေ့လျော့ခါနီး ဖြစ်သွားခဲ့ရသည်။ ယနေ့ သူရရှိလိုက်သော ဉာဏ်အလင်းသည် သူ့အတွက် အမှန်တကယ်ကိုမှ အကျိုးများပေသည်။

“နင်…” မိန်းမငယ်လေးသည် ရန်ကိုင်နှင့်ပတ်သက်၍ တစ်ခုခုပြောင်းလဲသွားမှန်း သတိထားမိလိုက်သော် မျက်မှောင်ကျုံ့သွားမိသည်။ သို့သော်ငြား ရန်ကိုင် မည်သို့မည်ပုံ ပြောင်းလဲသွားသလဲဆိုသည်ကိုတော့ မပြောနိုင်ခဲ့ပေ။

ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ အဝတ်အစား အသစ်တစ်စုံကို ထုတ်ဝတ်လိုက်သည်။

ထို့နောက် မိန်းမငယ်လေးအား လက်ယက်ခေါ်ကာ စိန်ခေါ်ရန်စလိုက်လေသည်။ “နောက်တစ်ကြိမ်…”

ထိုအချင်းအရာကိုမြင်လိုက်သည့်အခါ မိန်းမငယ်လေးမှာ ဒေါသထွက်သွားခဲ့ပြီး အံကြိတ်၍ “နင် ဒီလောက်သေချင်နေမှတော့ ငါကလည်း နင့်ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်ဆီသို့ မဆိုင်းမတွ ပြေးဝင်သွားပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။

ရန်ကိုင်လည်း အမျိုးသမီးတည့်တည့်အား သူ့လက်သီးဖြင့် ပြန်ထိုးချလိုက်လေသည်။ ယခုတစ်ကြိမ်တွင်တော့ သူ့လက်သီးထဲ အတိုင်းမသိအောင်များပြားလှသော စွမ်းအားတို့ ကိန်းအောင်းနေသလို ခံစားလိုက်ရသည်။

“ဘုန်း…”

ရန်ကိုင် နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ မိန်းမငယ်လေးသည်ပါ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရလေသည်။

“ဘာဖြစ်သွားတာလဲ…” မိန်းမငယ်လေး ထိတ်လန့်သွားခဲ့လေ၏။ ယခင်က ရန်ကိုင် မည်သို့ပင် တိုက်ခိုက်နေစေကာမူ သူမအား နောက်တစ်လှမ်းဆုတ်သွားအောင် လုပ်ရန်မဆိုထားနှင့် လှုပ်ပင် လှုပ်မသွားစေခဲ့ပေ။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရလေသည်။ ထိုအချက်သည် ရန်ကိုင်၏လက်သီးချက်ထဲတွင် ပါဝင်နေသည့် စွမ်းအားမှာ ယခင်ထက် အဆပေါင်းများစွာ မြင့်မားနေပြီဖြစ်ကြောင်းကို မီးမောင်းထိုးပြနေခဲ့လေသည်။

ရန်ကိုင် မည်ကဲ့သို့ ပြောင်းလဲသွား၍များ ဤမျှများပြားလှသည့် ခွန်အားကို ရုတ်တရက်ကြီး ပိုင်ဆိုင်လာရလေသနည်း။

“ဟား ဟား ဟား…” ရန်ကိုင်သည် ကောင်းကင်ပေါ်တွင် ဂျွမ်းပစ်နေသည့်တိုင် သည်းလှိုက်အူလှိုက် အော်ရယ်မောနေခဲ့လေသည်။ မကြာမီတွင် ကောင်းကင်ပေါ်မှ ပြုတ်ကျကာ တောင်တစ်လုံးအား သွားဝင်ဆောင့်လေ၏။ “တစ်ထွာပေးလို့ တစ်တောင်လာလိုချင်နေတယ်… နင့်ကိုယ်နင် ဘယ်လောက်အားနည်းလဲ ကြည့်လိုက်စမ်း… နောက်ဆုံး‌တော့ မိန်းမဆိုတာက မိန်းမပါပဲ…”

အမျိုးသမီးမှာ ရန်ကိုင်၏ ရန်စစကားကြောင့် ဒေါသထွက်သွားခဲ့ပြီး ရန်ကိုင်တည့်တည့်သို့ လက်သီးပေါင်းများစွာကို တဟုန်ထိုး ပစ်လွှတ်လိုက်လေသည်။

ချက်ချင်းဆိုသလို ကောင်းကင်တစ်ခွင်လုံး လက်သီးအရိပ်များဖြင့် ပြည့်နှက်သွားတော့လေသည်။

ခဏကြာပြီးသည့်နောက် ရန်ကိုင်တို့နှစ်ဦး လူချင်းခွဲလိုက်ကြလေသည်။ မိန်းမငယ်လေး၏ ခြေထောက်အောက်ရှိမြေပြင်မှာ အက်ကွဲနေခဲ့ပြီး သူမ၏အသက်ရှူနှုန်းမှာ အနည်းငယ်မြန်ဆန်နေခဲ့သည်။ ရန်ကိုင် အသစ်ထပ်မံဝတ်ဆင်ထားသည့် အဝတ်အစားများမှာလည်း ထပ်မံ၍ စုတ်ပြဲကုန်နေလေပြီ။ သူ့အရေပြားများမှာ အက်ကွဲနေကုန်ကာ ရွှေရောင်သွေးများမှာ ထိုအက်ကွဲကြောင်းများမှတစ်ဆင့် အပြင်သို့ တတောက်တောက်စီးကျနေခဲ့လေ၏။ သူ့ပုံစံမှာ အတော်လေးကိုမှ စုတ်ပြတ်သပ်နေသည့်တိုင် ရန်ကိုင်မှာတော့ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့လေသည်။ ဤကဲ့သို့သော တိုက်ပွဲလောက် သူ့အား စိတ်လှုပ်ရှားစေသည့် အရာမျိုး မရှိတော့သည့်အလား။

နောက်ဆုံးတွင် အမျိုးသမီး၏အကြည့် လေးနက်တည်ကြည်သွားခဲ့ပြီး ရန်ကိုင်အားကြည့်ရင်းမှ မေးလိုက်သည်။ “နင့်နာမည်ဘယ်လိုခေါ်လဲ…”

မြို့သခင်စံအိမ်ရှေ့တွင် ရှိစဉ်က အမျိုးသမီးသည် ရန်ကိုင်၏နာမည်ကို မေးခဲ့ပေသည်။ သို့သော်ငြား ထိုစဉ်က ရန်ကိုင်ဆိုသည့်လူအား မျက်လုံးထဲကို အရှင်းမထည့်သည့်အတွက်ကြောင့် သူ့နာမည်အား ဒီလောက်ကြီး စိတ်မဝင်စားခဲ့ပေ။ သူမအတွက်တော့ ရန်ကိုင်သည် သေလူတစ်ဦးသာ ဖြစ်လေရာ ဘာကြောင့်များ သေလူတစ်ဦး၏နာမည်ကို သိနေစရာ လိုပါဦးမည်နည်း။

ယခုတစ်ကြိမ်တွင်တော့ သူ၏နာမည်ကို သူမ တကယ်သိချင်လာလေပြီ။

သူမအထင်သေးခဲ့သော ဤလူသားသည် နောက်ဆုံးတွင် သူမအာရုံစိုက်ဖို့ရာ ထိုက်တန်လာခဲ့လေပြီ။

အားကောင်းသည့်လူများသည်သာ လေးစားမှုနှင့်တန်သည်ဆိုသည်မှာ အမှန်ပင်ဖြစ်လေသည်။

“ရန်ကိုင်…”

တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် အမျိုးသမီးက ပြန်ပြောလိုက်သည်။ “ကျုချင်း…”

ရန်ကိုင်ကြောင်သွားခဲ့လေ၏။ သို့သော်ငြား မကြာမီတွင် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ငါမှတ်ထားမယ်…”

ကျုချင်းသည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့်ကြည့်၍ မေးခွန်းထုတ်လိုက်လေသည်။ “ဒီဘုရင်မရဲ့နာမည်ကိုကြားပြီး နင့်မှာ ဘာမှပြောစရာမရှိဘူးလား…”

အမျိုးသမီး၏ပြောစကားကို ကြားပြီးသည့်နောက် ရန်ကိုင်သည် တစ်ချက်မျှစဉ်းစားကြည့်လိုက်သည်။ ထို့နောက် ပြန်၍ဖြေလိုက်လေသည်။ “နာမည်လေးက မဆိုးဘူးပဲ… ရိုးရိုးရှင်းရှင်းလေးနဲ့ အဓိပ္ပာယ်ရှိတယ်… မဆိုးဘူး မဆိုးဘူး…”

ကျုချင်း ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြည့်မိလိုက်လေသည်။ ဤကောင်သည် သူမနာမည်ကို ကြားပြီးသည့်တိုင် ဘာကိုမှ မသိခဲ့ပေ။ ယခုမှသာလျှင် ရန်ကိုင် ဘာကြောင့် ဤမျှ အကြောက်အရွံ့ကင်းမဲ့နေသလဲဆိုသည်ကို ကျုချင်း နားလည်သွားတော့သည်။ ထိုအကောင်သည် လုံးဝကို ရူးနှမ်းနေသည့် အရူးကောင်တစ်ယောက် ဖြစ်နေသည်ကိုး။ ဤကဲ့သို့သောပုံစံမျိုးဖြင့် ဤရန်ကိုင်ဆိုသည့်လူ ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦး မည်ကဲ့သို့ဖြစ်လာသလဲဆိုသည်ကိုပင်လျှင် သူမစဉ်းစားမိသွားလေသည်။

ဤလူငယ်လေးမှာ ပါရမီရှိသည်မှန်ပါသော်ငြား သူသည် မလုပ်သင့်သည့်အရာကို လုပ်ခဲ့သည်။ ဤလောကကြီးသည် သူ၏လုပ်ရပ်ကို လုံးဝသည်းမခံနိုင်ပေ။ ထို့ကြောင့် ရန်ကိုင် သေကိုသေရပေမည်။

“ထားလိုက်ပါတော့လေ…” ကျုချင်းက စိတ်ပျက်ပျက်ဖြင့် လက်ဝှေ့ယမ်းလျက် “ကဲ… အခု အတည်ချဖို့ အချိန်ရောက်ပြီပေါ့…”

“ဟမ့်… ဒီသခင်လေးလည်း အစွမ်းကုန်မတိုက်ရသေးပါဘူးနော်… နင်က မိန်းမတစ်ယောက်ဖြစ်နေလို့သာ တစ်ချိန်လုံး အလျှော့ပေးနေခဲ့တာ…”

ရန်ကိုင်မှာ ထိုကဲ့သို့ ‌မောက်မာပြောဆိုနေပါသော်ငြား သူ့စိတ်ထဲတွင်တော့ အလန့်တကြား အော်ဟစ်နေမိလေသည်။ (ဒီအရူးမ ဘာတွေပြောနေတာလဲ… ခုနတုန်းက တစ်ချိန်လုံး အတည်မတိုက်ပဲနဲ့ ဒီအတိုင်း ပေါ့ပျက်ပျက်လျှောက်လုပ်နေတာပေါ့… မောက်မာလိုက်တာကွာ… ဒီလိုမိန်းမတစ်ယောက်ရှေ့မျိုးမှာ အားနည်းပြနေလို့မဖြစ်ဘူး…)

“ငါသိတယ်…” ကျုချင်းက ယဲ့ယဲ့လေးပြုံးလိုက်သည်။

သူ၏စကားကို ကြားပြီးသည့်နောက် ကျုချင်းဆိုသည့် မိန်းမငယ်လေးမှာ ဒေါမာန်တကြီးဖြင့် ပြန်ပြောလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ယခုကဲ့သို့အဖြေမျိုး ပြန်ထွက်လာလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ချေ။

“နင်ဘာသိတာလဲ…” ရန်ကိုင်မျက်ခုံးပင့်သွားခဲ့သည်။

ကျုချင်းသည် ဆံပင်ကို နားသယ်နောက်သို့သပ်တင်၍ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။ “နင် အဲ့အရာတွေကို သန့်စင်ထားတယ်ဆိုပေမယ့် တစ်ခါမှ ထုတ်မသုံးရသေးဘူးလေ.. ဒါကြောင့် နင် အားကုန်ထုတ်မသုံးသေးဘူးဆိုတာကို ငါယုံတာပေါ့…”

ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့သည်။ “နင် အဲ့ဒါတွေ အဲ့ဒါတွေ လို့ပဲပြောနေတယ်… နင်ဘာကို ပြောချင်နေတာလဲ…”

ကျုချင်းသည် ရန်ကိုင်မှ မသန့်စင်သင့်သည့် အရာတစ်ခုခုအား သန့်စင်ထားသည်ဟု ပြောခဲ့သည်။ ထို့ကြောင့်ပင်လျှင် ဤတိုက်ပွဲ စခဲ့ရခြင်း ဖြစ်လေသည်။ သို့သော်ငြား ယခုကဲ့သို့ လိုရင်းကိုတန်းမပြောဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေသည့် လူစားမျိုးကို ရန်ကိုင် အလွန်မုန်းပေသည်။ တစ်ဖက်လူအား မည်သို့တိုက်တိုက် မနိုင်သည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်သည် ကျုချင်းဆိုသည့်မိန်းမအား သင်ခန်းစာကောင်းကောင်း ပေးပစ်လိုက်ပေပြီ။

ကျုချင်း၏အမူအယာ အေးစက်သွားခဲ့ပြီး ချက်ချင်းပြန်ပြောလေ၏။ “နင် ဘာကို သန့်စင်ခဲ့လဲဆိုတာကိုတောင် မမှတ်မိတော့ဘူးပေါ့…”

ချက်ချင်းဆိုသလို သူမ၏အရှိန်အဝါမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ အစောပိုင်းက ကျုချင်းသည် အန္တရာယ်မရှိသည့် အမျိုးသမီးတစ်ဦးဆိုပါက ယခုအချိန်တွင်တော့ ပင်လယ်ထဲမှခုန်ထွက်လာ၍ သတ်ဖြတ်မှုကို စတင်တော့မည့် ရေနဂါးတစ်ကောင်နှယ် ဖြစ်နေခဲ့လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဒီသခင်လေးက ပစ္စည်းတွေအများကြီးကို သန့်စင်ခဲ့တာ… ဒီတော့ နင်မပြောပဲနဲ့ ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ…”

“အဲ့လိုဆိုမှတော့လည်း…” ကျုချင်းသည် ချိုသာစွာပြုံးလျက် ပြန်ပြောလိုက်လေသည်။ “နင်မှတ်မိသွားအောင် ငါကူညီပေးရသေးတာပေါ့…”

ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျုချင်းသည် ရန်ကိုင်ရှေ့၌ ပြန်ပေါ်လာခဲ့ပြီး သူမ၏လက်ကို လက်သည်းအသွင်သို့ ပြောင်းလျက် ရန်ကိုင်၏ရင်ဘတ်တည့်တည့်အား ကုတ်ချလိုက်လေသည်။ သူမ၏အမြန်နှုန်းမှာ အလွန်တရာကိုမှ မြန်ဆန်လှလေရာ ရန်ကိုင်မှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။

သူ့စိတ်ထင်ပဲလားတော့မသိရ ကျုချင်းမှ သူမလက်အား လက်သည်းအသွင်သို့ ပြောင်းလိုက်ချိန် နဂါးဟိန်းသံသဲ့သဲ့ကို ကြားလိုက်ရသလို ရန်ကိုင် ခံစားလိုက်ရလေသည်။ ကျုချင်းသည် အကာအကွယ်အားလုံးကိုထိုးဖောက်၍ သူ့နှလုံးကို တစ်ချက်တည်း ဖောက်ယူရန် ကြံနေသည့်အလား။ သူမ အစွမ်းကုန်ထုတ်မသုံးခဲ့ဟု ပြောခဲ့သည်မှာလည်း တကယ်ကိုမှန်ပေသည်။ ရန်ကိုင်သည် ကြောက်လန့်တကြားဖြင့် အလျင်စလို နောက်သို့ ခုန်ဆုတ်လိုက်လေသည်။

သို့သော်ငြား ကျုချင်းမှာမူ အရိပ်ပမာ သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့လေသည်။ ကျုချင်း သူ့အနားသို့ ရောက်လာသည့်အခါ သူမဆီမှ သစ်ခွပန်းရနံ့ကို ရန်ကိုင် ရလိုက်လေသည်။ တစ်ချိန်တည်းတွင် ကျုချင်းမှ သူ့အား သတိပေးလိုက်လေ၏။ “နင် အဲ့ဒါကို အခုနေထုတ်မသုံးတော့ရင် နောက်တစ်ကြိမ်ထုတ်သုံးဖို့ အခွင့်အရေးရတော့မှာမဟုတ်ဘူး…”

သေရေးရှင်ရေးအခြေအနေမျိုးတွင် ရန်ကိုင်သည် ကျုချင်း ဘာကို ဆိုလိုသလဲဆိုသည်ကို နားလည်သွားခဲ့ပြီး ချက်ချင်း အော်ပြောလိုက်လေ၏။ “နဂါးအသွင်ပြောင်းလဲခြင်း…”

ရန်ကိုင်၏အရှိန်အဝါမှာ ရုတ်ချည်းဆိုသလို အတိုင်းအတာတစ်ခုထိသို့ တိုးတက်သွားခဲ့လေသည်။ သူ၏မွန်းစတားဆန်လှသော စွမ်းအားမှာလည်း ဧကရာဇ်တတိယအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်လာခဲ့လေသည်။ အကြေးခွံများ ရန်ကိုင်၏ခန္ဓာကိုယ်တစ်လျှောက် ထွက်ပေါ်လာခဲ့ပြီး သူ့လက်နှစ်ဖက်စလုံးသည် နဂါးလက်သည်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်၏နောက်ကျောဘက်တွင်လည်း ရွှေရောင်အလင်း တဖျတ်ဖျတ် လက်သွားခဲ့ပြီး ဧရာမရွှေနဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျုချင်းမှာ ဘာကြောင့်မှန်းမသိ ရင်တဒုန်းဒုန်း ခုန်သွားမိသည့်အတွက်ကြောင့် ခေါင်းမော့၍ ရန်ကိုင်၏နောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား ဘာကိုမှ မတွေ့ရချေ။

ကျုချင်းမှာ ကြက်သေသေနေသည့်အလား မျက်လုံးအပြူးသားဖြင့် ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေမိ၏။

သို့သော်ငြား ထိုတစ်ခဏတာ သတိလက်လွတ် ဖြစ်သွားသည့်အတွက်ကြောင့် သူမ၏အရှိန်အဟုန်မှာ သိသိသာသာကို ထိုးကျသွားခဲ့ရသည်။

ရန်ကိုင်သည် သူ၏နဂါးလက်သည်းဖြင့် သူမလက်အား လှမ်းဖမ်းဆွဲလိုက်လေသည်။

“အိုး… မဟုတ်ဘူး…” ကျုချင်း၏မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး အလျင်စလို နောက်သို့ ပြန်ဆုတ်လေသည်။ သို့သော်ငြား ရန်ကိုင်နှင့် အလွန်နီးကပ်နေသည့်အတွက်ကြောင့် နောက်ကျသွားခဲ့ရလေပြီ။ ရန်ကိုင်သည် ကျုချင်းလက်ကို အောင်မြင်စွာ ဖမ်းဆုပ်လိုက်နိုင်ပြီး တင်းတင်းကြပ်ကြပ် ဖျစ်ညှစ်ချလိုက်လေ၏။ အားကောင်းလှသည့် နဂါးလက်သည်းကြောင့် ကျုချင်းမှာ သူမလက် နာကျင်လာသည်ကို ခံစားလိုက်ရသည်။

“နင့်ကိုမိပြီ…” ရန်ကိုင်၏မျက်နှာထက် ဝိုးတဝါးတားထွက်ပေါ်နေသော နဂါးအကြေးခွံများ ရှိနေခဲ့လေသည်။ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးပြီးသည့်နောက်တွင် ရန်ကိုင်၏ပုံစံမှာ လုံးဝကို ပြောင်းလဲသွားခဲ့ရသည်။

“ငါ့ကိုလွှတ်…” ကျုချင်းသည် ကျန်လက်တစ်ဖက်ဖြင့် ရန်ကိုင်ရင်ဘတ်ကိုထိုးရင်း အော်ဟစ်လိုက်လေသည်။

ရန်ကိုင်ကမူ တုတ်တုတ်မျှမလှုပ်။ ကျုချင်းကိုသာ သူ့ရင်ဘတ်အား ထိုးခွင့်ပေးထားလိုက်သည်။ သတ္တုချင်း ထိခတ်သံများနှင့်အတူ မီးပွားများ ထွက်ပေါ်လာကာ သူ့ရင်ဘတ်မှာလည်း အနည်းငယ် ချိုင့်ဝင်သွားခဲ့ရသည်။ ရန်ကိုင်တစ်ကိုယ်လုံး ဒယီးဒယိုင် ဖြစ်သွားခဲ့လေ၏။ သို့သော်ငြား ကျုချင်းလက်အား တင်းတင်းကြပ်ကြပ် ဆက်၍ ဆုပ်ကိုင်ထားဆဲပင်။

ကျုချင်း မင်သက်သွားခဲ့လေသည်။ သူမ၏တိုက်ခိုက်မှုသည် ဤမျှအားနည်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အားနည်းသွားသည်မှာ သူမ၏လက်သီးချက်မဟုတ် ရန်ကိုင်ကိုယ်တိုင်ကကို အဆများစွာ ပိုမိုအားကောင်းလာခြင်း ဖြစ်ပေသည်။

နောက်တစ်ကြိမ်ထပ်ထိုးတော့မည်အပြု ရန်ကိုင်သည် ကျန်လက်တစ်ဖက်ဖြင့် လွတ်နေသော သူမ၏လက်ကို လှမ်းဖမ်းဆွဲလိုက်သည်။ လက်မောင်းနှစ်ဖက်စလုံး ချုပ်ခံထားလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် ကျုချင်းမှာ ရန်ကိုင်အား မည်သို့မှ မတိုက်ခိုက်နိုင်တော့ချေ။ သူတို့နှစ်ဦး၏ခန္ဓာကိုယ်မှာလည်း အလွန်ကိုမှ နီးကပ်နေလေရာ ရန်ကိုင်နှင့် သူမမျက်နှာကြား လက်ညှိုးတစ်ချောင်းစာ အကွာအဝေးသာ ခြားနေတော့လေသည်။

All Chapters