အခန်း (၂၆၈၈)
Vol. 115 Ch. 2688
“ခရက်…” ထိုအက်သံကြောင့် အကုန်လုံး အံ့အားသင့်သွားကုန်ကြလေသည်။ အခန်း(၇)တွင် ထိုင်နေသော လူအိုကြီးမှာလည်း ထိုအချင်းအရာကိုကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။ ရန်ကိုင်သည် အခန်း(၇)အား ကာရံထားသည့် အကာအကွယ်ကို အက်ရာထင်သွားအောင် လုပ်နိုင်လိမ့်မည်ဟု လုံးဝ မထင်ထားသည့်ပုံပင်။
လက်သီးတစ်ချက်တည်းနှင့်ပင် အကာအရံအား အက်ရာထင်သွားအောင် လုပ်နိုင်ခဲ့လေရာ သူသာ နောက်ထပ် ထပ်ထိုးမည်ဆိုပါက အကာအရံတစ်ခုလုံး မည်ကဲ့သို့ဖြစ်သွားမလဲဆိုသည်ကို တွေးကြည့်နိုင်ပေသည်။
(ခွေးမသား ခုနှစ်ရောင်စင်ကုန်သွယ်ရေးအဖွဲ့အစည်း… ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စောက်သုံးမကျတဲ့ အစီအရင်ကို ဒီမှာလာခင်းကျင်းထားတာလဲကွ…) လူအိုကြီးမှာ စိတ်ထဲမှနေ၍ ကြိတ်ကာ အော်ဆဲနေခဲ့သည်။
လူအိုကြီး ထိတ်လန့်နေစဉ်အတောအတွင်း ရန်ကိုင်သည် အနန္တဓါးကိုထုတ်၍ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်လိုက်ရာ ကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်းတို့ အနန္တဓါးဆီမှ ဖြာထွက်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် အားမာန်အပြည့်ဖြင့် ဓါးအား ခုတ်ချလိုက်လေသည်။
“ဘုန်း…”
ဓါးစွမ်းအားသည် ဟင်းလင်းပြင်ကိုထိုးဖောက်၍ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးအား မှောက်ခုံလန်သွားစေနိုင်သည့်အလား ဓါး၏စွမ်းအားကို ခံစားမိလိုက်သည့်အခါ သီးသန့်ခန်းများထဲတွင် ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်အားလုံး၏ အမူအယာများ လေးနက်တည်ကြည်သွားကုန်ကြလေသည်။
အစောပိုင်းက ရန်ကိုင်၏လက်သီးချက်ကြောင့် အက်ရာလေးသာထင်ခဲ့သော အလင်းအကာအရံမှာတော့ ဓါးချက်၏စွမ်းအားအောက်တွင် အပြီးတိုင် ကြေမွသွားခဲ့ရလေသည်။
ရုတ်ချည်းဆိုသလို အခန်း(၇)သည် ရန်ကိုင်၏မြင်ကွင်းထဲ ဟာလာဟင်းလင်း ထွက်ပေါ်လာတော့လေ၏။
ရန်ကိုင်သည် နောက်ထပ်ဓါးတစ်ချက်ဝှေ့ယမ်း၍ အခန်းတစ်ခုလုံးအား တစ်စစီဖြစ်အောင် ဖျက်ဆီးပစ်လိုက်သည့်အခါ သူ့အား မျက်လုံးအပြူးသား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေသော လူအိုကြီးကို တွေ့လိုက်ရလေသည်။
“ဝှစ်” ခနဲမြည်သံနှင့်အတူ ရန်ကိုင်သည် လူအိုကြီးဆီသို့ ရောက်သွားပြီး အနန္တဓါးကို လူအိုကြီး၏ ပုခုံးထက်တွင်တင်လျက် ပြောလိုက်လေ၏။ “သက်ကြားအိုကြီး ခင်ဗျားခေါင်း ကျုပ်ကိုပေးပေတော့…”
လူအိုကြီး ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့လေသည်။ ထို့နောက် ချောင်ပိတ်ခံလိုက်ရသည့် ခွေးတစ်ကောင်နှယ် အံကိုတင်းတင်းကြိတ်၍ ပြန်အော်ပြောလိုက်လေ၏။ “မပေးနိုင်ဘူးကွ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်လျက် ရန်ကိုင်ဆီသို့ ခုန်အုပ်လိုက်လေသည်။ လူအိုကြီးမှ သူ့လက်ချောင်းများကို လက်သည်းတစ်ခုအသွင်သဏ္ဍာန် ကွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့နောက်တွင် သိမ်းငှက်ပုံရိပ်ကြီးတစ်ခု ပေါ်လာခဲ့လေသည်။ ထိုသိမ်းငှက်ကြီး၏ လက်သည်းများသည် ကောင်းကင်တစ်ခုလုံးကို အုပ်မိုးနေခဲ့ပြီး ရန်ကိုင်အား တစ်စစီဆုတ်ဖြဲပစ်ချင်သည့်နှယ် သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာလေသည်။
ရန်ကိုင်သည် ပြိုင်ဆိုင်ရလွယ်ကူသည့်လူ မဟုတ်မှန်း သိနေပါသော်ငြား သူသည်လည်း ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ ထို့အပြင် သူ့၌ အခန်း(၁၃)မှ ရောင်းရင်း ရှိနေသေးလေရာ လူအိုကြီးမှာ ရန်ကိုင်အား အရမ်းကြီးကြောက်မနေတော့ချေ။ ထို့အတွက်ကြောင့် သူ့ခွန်အားအား ထိန်ချန်ထားနေခြင်းမရှိဘဲ ကိစ္စတစ်ခုလုံးကို တစ်ခါတည်း အပြီးဖြတ်ချင်သည့်အလား စွမ်းအားကုန်သုံး၍ တိုက်ခိုက်ခဲ့လေသည်။
သို့သော်ငြား ရန်ကိုင်နားသို့ ရောက်ခါနီး၌ ဧကရာဇ်ချီဖြင့် လွှမ်းခြုံထားသော ခြေထောက်တစ်ဖက်သည် သူ့မျက်နှာအား ဆောင့်ကန်လာခဲ့လေသည်။ ထိုတိုက်ကွက်မှာ အလွန်တရာကိုမှ ရိုးရှင်းလှသည့်တိုင် လူအိုကြီးမှ ထုတ်ဖော်ထားသော ဧရာမလက်သည်းကြီးများကို ဖျက်ဆီးပစ်လိုက်နိုင်ပေသည်။
လူအိုကြီးမှာ ရှောင်ရန် ကြိုးစားလိုက်ပါသော်ငြား ပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးခဲသလို ဖြစ်နေကြောင်း တွေ့လိုက်ရလေရာ တစ်ချက်ကလေးပင် လှုပ်မရခဲ့ချေ။
“ဘန်း…” ဟူသော မြည်သံနှင့်အတူ လူအိုကြီးမှာ ကြိုးပြတ်သွားသည့်စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့ပြီး နောက်ဘက်တွင်ရှိနေသော နံရံနှင့် သွားဝင်ဆောင့်လေ၏။ ထို့နောက် ဒယီးဒယိုင်ဖြင့် ပြန်ထလာခဲ့လေ၏။ သို့သော်ငြား ရန်ကိုင်၏ကန်ချက်ကြောင့် သူ့ခေါင်းတစ်ခုလုံးမှာ မူးဝေနေခဲ့ရာ ကြယ်များလများကိုပင် မြင်နေခဲ့ရလေသည်။ သူ့နှာခေါင်းမှလည်း သွေးများ စီးကျနေသေး၏။
လူအိုကြီး စိတ်ပြန်ကြည်သွားသည့်အခါ သူ့လည်ပင်းနေရာတွင် ဓါးတစ်ချောင်းရောက်နေကြောင်း တွေ့လိုက်ရလေသည်။ အေးစက်စက်ဓါးသွားထိပ်မှ သူ့လည်ပင်းအသားအား လာထိနေသည့် ခံစားချက်သည် လူအိုကြီး၏ ခြေဖျားလက်ဖျားများကို အေးစက်သွားစေခဲ့လေသည်။ သူ့ရှေ့တည့်တည့်တွင်တော့ ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် ရပ်နေခဲ့လေ၏။
လူအိုကြီး အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်နေခဲ့ရလေပြီ။ သူနှင့်ရန်ကိုင် နှစ်ဦးစလုံးသည် ဧကရာဇ်ပထမအဆင့် ပညာရှင်များ ဖြစ်သည့်တိုင် သူသည် ရန်ကိုင်၏ တိုက်ကွက်တစ်ကွက်ကိုပင်လျှင် မခုခံနိုင်ဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
(ဒီကောင် ဧကရာဇ်ပထမအဆင့်ရော ဟုတ်ရဲ့လား…) သက်ပြင်းရှိုက်သံများ သီးသန့်ခန်းများဆီမှ အစီအရီ ထွက်ပေါ်လာကြလေသည်။ အကုန်လုံးသည် လက်ရှိ သူတို့ရှေ့၌ ဖြစ်ပျက်သွားသည့် ကိစ္စအပေါ် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေကြလေသည်။
သူတို့အကုန်လုံးမှာ တိုက်ပွဲအား အစမှအဆုံး သေသေချာချာ ထိုင်ကြည့်နေခဲ့ခြင်း ဖြစ်လေသည်။ ပထမဦးစွာ ရန်ကိုင်သည် လက်သီးတစ်ချက်ဖြင့် အခန်း(၇)အား လွှမ်းခြုံထားသော အလင်းအကာအရံကို အက်ရာထင်သွားစေခဲ့သည်။ ထို့နောက် ဓါးတစ်ချောင်းကိုထုတ်၍ ထိုအကာအရံအား တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ကာ နောက်တစ်ချက်သုံးလျက် အခန်းတစ်ခုလုံးအား မွစာကြဲသွားစေခဲ့လေသည်။ ထို့နောက်တွင် နှစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြရာ မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရန်ကိုင်၏ တိုက်ကွက်တစ်ကွက်ကိုပင်လျှင် မခံနိုင်ခဲ့ဘဲ လွင့်ထွက်သွားခဲ့ရသည်။ ပြန်ကုန်းထလာပြီးသည့်နောက်တွင် သူ့အသက်သည် ရန်ကိုင်၏ဓါးဖျားထိပ်သို့ ရောက်နေရတော့လေ၏။
ဖြစ်ပျက်သွားသည့် ကိစ္စရပ်အားလုံးမှာ အလွန်ကိုမှ မယုံကြည်နိုင်စရာကောင်းလှသည်။ သူတို့ကိုယ်တိုင်သာ မမြင်တွေ့ရပါက ဤလောကကြီး၌ ဤကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပျက်ခဲ့သည့်အပေါ် သူတို့ လုံးဝ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဝါရင့်သမ္ဘာရင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်လေရာ အဆင့်တူကျင့်ကြံသူရှေ့မှောက်၌ မည်ကဲ့သို့များ ဤမျှ အားနည်းနေရလေသနည်း။
“ခင်ဗျားမှာ အကူအညီရှိတာလား…” ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် အခန်း(၁၃)ဆီသို့ လှမ်းကြည့်လိုက်သည်။
လက်ရှိအချိန်တွင် အခန်း(၁၃)၏ အခန်းတံခါးမှာ ပွင့်နေခဲ့ပြီး သက်လတ်ပိုင်းလူကြီးတစ်ဦးသည် အပြင်သို့ ပြေးထွက်လာရန် ပြင်နေခဲ့လေသည်။ သို့သော်ငြား ထိုသို့ပြင်နေစဉ်မှာပင် အခန်းဝ၌ တောင့်တောင့်ကြီး ဖြစ်သွားလေ၏။
သူ့ရှေ့တွင်မူ တံခါးဘောင်ကိုမှီလျက် ရပ်နေသော ယင်ဖေး ရှိနေခဲ့လေသည်။ သိမ်းငှက်မျက်လုံးအလား စူးရှသည့်အကြည့်ဖြင့် သက်လတ်ပိုင်းလူကြီးအား ကြည့်ကာ လှောင်ပြုံးပြုံးနေခဲ့သည်။
သူ့ဆီမှ မည်သည့်ရန်လိုစိတ်မှ ဖြာထွက်နေခြင်း မရှိခဲ့သလို မည်သည့်အရှိန်အဝါမှလည်း ဖြာထွက်နေခြင်းမရှိချေ။ ယင်ဖေးသည် သက်လတ်ပိုင်းလူကြီးအား အနည်းငယ်မျှပင်လျှင် ဖိအားပေးထားခြင်းလည်းမရှိ။ သို့သော်ငြား သူတည်ရှိနေသည့် အချက်သည်ကပင်လျှင် သက်လတ်ပိုင်းလူကြီး၏ နဖူးတစ်လျှောက် ချွေးအေးများ စီးကျလာစေလေတော့၏။
သူ့ရှေ့တွင် ရပ်နေသည့်လူသည် သူ့အား လွယ်လင့်တကူ သတ်ပစ်လိုက်နိုင်သည်ဟု သက်လတ်ပိုင်းလူကြီး ခံစားနေခဲ့ရလေသည်။
ထို့အတွက်ကြောင့် မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို သွားကူညီပေးချင်သည့်တိုင် ရှေ့သို့ တစ်လှမ်းပင် မလှမ်းရဲ ဖြစ်နေခဲ့သည်။
“ခင်ဗျားနေရာခင်ဗျား သွားပြန်နေလိုက်… သခင်လေးရန် မကြာခင် ခင်ဗျားဆီ ရောက်လာလိမ့်မယ်…” ယင်ဖေးသည် သက်လတ်ပိုင်းလူကြီးအား စိုက်ကြည့်နေရင်းမှ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
သက်လတ်ပိုင်းလူကြီးသည် တံတွေးတစ်လုပ်မျိုချလျက် အခန်းတံခါးကိုပိတ်ကာ မူလထိုင်နေသည့်နေရာတွင် သွားထိုင်နေလေ၏။ သူ၏ ခြေဖျားလက်ဖျားများမှာတော့ အေးစက်တုန်ရီနေခဲ့လေသည်။
အခန်း(၇)ထဲတွင် ရန်ကိုင်သည် မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို လှောင်ပြုံးပြုံးလိုက်ရင်းမှ ပြောလိုက်၏။ “ကြည့်ရတာ ခင်ဗျားကို စွန့်ပစ်သွားပြီနဲ့တူတယ်…”
အခန်း(၁၃)ထဲတွင် ရှိနေသော ဧကရာဇ်အဆင့်ပညာရှင် ဘာဖြစ်သွားသလဲ ဆိုသည်ကို ရန်ကိုင်သိပေသည်။ ယင်ဖေးသည် အခန်းတံခါးပေါက်ဝ၌ ရပ်စောင့်နေသည့်အတွက်ကြောင့် ထိုလူအနေဖြင့် သူ့အခန်းထဲမှ ထွက်လာဖို့ရာ မဖြစ်နိုင်တော့ပေ။ လက်ရှိ သူ့ရှေ့တွင်ရှိနေသော လူအိုကြီးအား လာကူညီဖို့ရာဆိုလျှင်တော့ ဝေးလာဝေးစွ။
သို့သော်ငြား မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှ ရန်ကိုင်ပြောသည့်စကားကို ကြားသည့်အခါ သူ့မျက်နှာ တမုဟုတ်ချည်း ဖြူလျော်သွားခဲ့လေသည်။
အစကမူ ရန်ကိုင်သည် သူနှင့် ကျင့်ကြံခြင်းအဆင့် တူသည့်အတွက်ကြောင့် ရန်ကိုင်အား သိပ်၍ မကြောက်ခဲ့ပေ။ ထို့အပြင် အခန်း(၁၃)မှကျင့်ကြံသူကပါ ကူညီပေးမည်ဆိုသည့်အတွက်ကြောင့် နှစ်ယောက်တစ်ယောက်တိုက်ပွဲဖြစ်လေရာ လူအိုကြီးမှာ ရန်ကိုင်အား လုံးဝ အရေးမစိုက်တော့။ သို့သော်ငြား တိုက်ပွဲစသည်နှင့်တစ်ပြိုင်နက် သူမည်မျှမှားယွင်းခဲ့ကြောင်း နားလည်သွားခဲ့ရသည်။
ဤဧကရာဇ်ပထမအဆင့် ဂျူနီယာလေးသည် သူရင်ဆိုင်ခဲ့ဖူးသော ဧကရာဇ်အဆင့်ပညာရှင်များနှင့် လုံးဝကို ကွာခြားပေသည်။
ထို့အပြင် သူ့အား ပို၍ ဒေါသထွက်သွားစေသည်မှာ အခန်း(၁၃)မှသူသည် ပြောသည့်အတိုင်း လုပ်မပေးခြင်းပင်။
အနန္တဓါးသွား၏ အေးစက်စက်အထိအတွေ့ကို ခံစားမိလိုက်သော် မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ တုန်တုန်ရီရီဖြစ်လာပြီး စတင်၍ တောင်းပန်တော့လေ၏။ “ကျုပ်တောင်းပန်ပါတယ် သခင်လေးရယ်… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါနော်…”
သေရေးရှင်ရေးအခြေအနေနှင့် ကြုံလာရသော် မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာလည်း သူ့ဂုဏ်သိက္ခာကို ဆက်၍ ဂရုမစိုက်နိုင်တော့ဘဲ အသက်ရှင်ဖို့ရာ တောင်းပန်ရတော့လေသည်။ အသက်သာမရှင်လျှင် သူလုပ်ချင်သည့် မည်သည့်အရာကိုမှ လုပ်နိုင်တော့လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်က ဖြည်းဖြည်းချင်းခေါင်းခါယမ်းလျက် “ကတိစကားဆိုတာ ကိုယ့်အသက်ထက်ပိုပြီး တန်ဖိုးကြီးတယ်တဲ့…”
ထိုစကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် အနန္တဓါးဖြင့် လူအိုကြီး၏လည်တိုင်ကို ခုတ်ချလိုက်လေသည်။
လူအိုကြီး၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်လန့်တကြားဖြင့်ကြည့်ရင်း သူ့လည်ပင်းအား လှမ်းကိုင်လိုက်လေသည်။ ထို့နောက် ရေရွတ်လိုက်လေ၏။ “မင်း…”
သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် လည်ပင်းဆီမှ သွေးများပန်းထွက်လာခဲ့ပြီး သူ၏ခေါင်းသည် ခန္ဓာကိုယ်ဆီ ပြတ်ထွက်သွားခဲ့လေသည်။
“အား…” အခန်းထဲဆီမှ ကြောက်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာကြသည်။
မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ဂိုဏ်းချုပ်သည် ယခုတစ်ကြိမ်တွင် သူနှင့်အတူ တပည့်တပန်းအချို့ကို ခေါ်လာခဲ့လေသည်။ ထို့အတွက်ကြောင့် ထိုတပည့်များမှာ ရန်ကိုင်မှ အခန်းကို ဖျက်ဆီးပစ်၍ အထဲသို့ဝင်လာသည်ကို မြင်သည့်အခါ မင်တက်ကုန်ကြလေ၏။ ထို့နောက် သူတို့၏ဂိုဏ်းချုပ် ခေါင်းဖြတ်ခံလိုက်ရသည်ကို မြင်သည့်အခါ ကြောက်လန့်တကြားဖြင့် ထအော်ကြတော့လေသည်။ မိန်းကလေးတပည့်နှစ်ဦးဆိုလျှင် အလွန်ကိုမှ ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအယာဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့လေ၏။
ရန်ကိုင်ကမူ ထိုလူများကို ဂရုစိုက်မနေခဲ့ဘဲ မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ခေါင်းကို ဆံပင်မှဆွဲကိုင်၍ သေချာစစ်ဆေးကြည့်လေ၏။ မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဧကရာဇ်အဆင့်ပညာရှင်ဆိုသည့်အတိုင်း ခေါင်းဖြတ်ခံလိုက်ရသည့်တိုင် ရန်ကိုင်အား ဒေါသတကြီးဖြင့် စိုက်ကြည့်နေပေသေးသည်။ သို့သော်ငြား တစ်ခဏအကြာတွင် သူ့မျက်လုံးထဲရှိ အလင်းရောင်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။
ခန်းမထဲတွင်ရှိနေသော ထောင်နှင့်ချီသည့် ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကိုကြည့်ရင်း တိတ်ဆိတ်နေကြလေသည်။
အစောပိုင်းက ရန်ကိုင်မှ သန်းရာနှင့်ချီသော အဆင့်မြင့်အရင်းအမြစ်ကျောက်များကိုထုတ်၍ သူတို့အတွက် ကျင့်ကြံရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခဲ့စဉ်က အကုန်လုံးမှာ ရန်ကိုင်သည် အလွန်တရာကိုမှ သဘောကောင်းလှလေတကားဟု ထင်ခဲ့ရသည်။ သို့သော်ငြား ယခု ရန်ကိုင်မှ စကားပြောမှားဆိုမှားဖြစ်၍ မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်အား ခေါင်းဖြတ်ပစ်သည်ကို မြင်လိုက်သည့်အခါ ရန်ကိုင် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို နားလည်သွားရတော့လေသည်။
အခြားသော သီးသန့်ခန်းများထဲတွင် ရှိနေကြသည့် ဧကရာဇ်အဆင့် ပညာရှင်များမှာ ထိုမြင်ကွင်းအား ထိတ်လန့်တကြားဖြင့် ကြည့်နေကြသည်။ ရန်ကိုင်အကြောင်း သိထားကြသည့် လူများမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ခေါင်းတခါခါ လုပ်နေကြလေ၏။
ဤလူငယ်လေးသည် လေလံစံအိမ်၏ ဝင်ပေါက်ရှေ့တွင် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ပညာရှင်တစ်ဦးကိုပင်လျှင် အမှောက်သိပ်ခဲ့သူတစ်ဦး ဖြစ်သည်။ ထို့အတွက်ကြောင့်ပင်လျှင် အကုန်လုံးမှာ ရန်ကိုင်အား သွားရန်မစမိအောင် သူတို့ကိုယ်သူတို့ ထိန်းနေကြခြင်း ဖြစ်လေသည်။ သို့သော်ငြား ထိုလူအိုကြီးကမူ ရန်ကိုင်အား သွားရန်စခဲ့လေသည်။ ထိုသို့ဖြစ်လေရာ သေခြင်းတရားမှလွဲ၍ သူ့အား အခြားမည်သည့်အရာကများ စောင့်ကြိုနေနိုင်ပါဦးမည်နည်း။
ရန်ကိုင်အကြောင်းကို မသိသေးသည့် ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ လက်ရှိအဖြစ်အပျက်ကို မြင်ပြီးသည့်နောက် အလွန်ကိုမှ ထိတ်လန့်သွားခဲ့ကြတော့သည်။ အများစုမှာ မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကဲ့သို့ပင် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများသာ ဖြစ်လေရာ ထိုလူအိုကြီးသည် ရန်ကိုင်ရှေ့မှောက်၌ အနည်းငယ်မျှပင် မခုခံနိုင်ခဲ့သည်ကို မြင်ပြီးသည့်နောက် အကုန်လုံးမှာ ရန်ကိုင်အား အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်သွားကြတော့လေသည်။ သူတို့သည်သာ လူအိုကြီး၏နေရာတွင် ဆိုပါက ထိုလူအိုကြီးကဲ့သို့ပင် အနည်းငယ်မျှပင်လျှင် ခုခံနိုင်လိမ့်မည်မဟုတ်။ အကုန်လုံးသည် ဤနတ်ဆိုးကောင်ကို သွားရန်စ၍မဖြစ်ဟု စိတ်ထဲမှနေ၍ တွေးလိုက်ကြလေသည်။ မဟုတ်ပါက သူတို့သည် လူအိုကြီး၏လမ်းစဉ်အတိုင်း လိုက်သွားရပေလိမ့်မည်။
“ခင်ဗျားခေါင်းကို ဒီသခင်လေးကို ကန်စေချင်တယ်ဆိုမှတော့လည်း ဒီသခင်လေးကလည်း ကန်ပေးရတာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လူအိုကြီး၏ခေါင်းကို လေထဲသို့မြှောက်၍ ခေါင်း အောက်သို့ ပြန်ကျလာသည်နှင့်တစ်ပြိုင်နက် သူ့ခြေထောက်ဖြင့် ဘောလုံးကိုကန်သည့်နှယ် အားပါးတရ ကန်ချလိုက်လေသည်။ ထို့နောက်တွင် ထိုဦးခေါင်းသည် လေလံတင်သည့်စင်မြင်ဆီသို့ တည့်တည့်ပျံသန်းသွားခဲ့ပြီး ဟွာချင်းစီ၏ခေါင်းပေါ်မှ ကျော်ကာ လေလံစင်မြင့်၏ အနောက်ဘက်ဆီသို့ တည့်တည့်တိုးဝင်သွားလေ၏။
လေလံစင်မြင့်နောက်ဘက်တွင် ရှိနေသော ဝူမင်သည် ပွဲကြီးပွဲကောင်းကြည့်ရပြီအထင်နှင့် ရပ်ကြည့်နေခဲ့ပါသော်ငြား ရန်ကိုင်သည် လူအိုကြီး၏ခေါင်းကို သူ့တည့်တည့်သို့ ကန်ပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အတွက်ကြောင့် အချိန်မီလေး ကောက်ရှောင်လိုက်ရာ ကပ်သီးလေး ရှောင်နိုင်ခဲ့ပါသော်ငြား သူ့ခန္ဓာကိုယ်ကိုတော့ သွေးများ စင်သွားလေသေး၏။ ထိုသို့ဖြစ်သွားသော် ဝူမင်၏မျက်နှာ ဒယ်အိုးဖင်နှယ် မည်းမှောင်သွားခဲ့လေသည်။ သို့သော်ငြား သူ့စိတ်ထဲ မည်သို့ပင် မကျေနပ်နေစေကာမူ သူ့ဒေါသကိုတော့ အတတ်နိုင်ဆုံး ချုပ်တည်းထားရလေသေး၏။
ထိုသို့လုပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သေဆုံးသွားပြီဖြစ်သော မီးခိုးရောင်ကောင်းကင်ဂိုဏ်းမှ ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကိုမြှောက်၍ အခန်း(၁၃)ဘက်သို့ကြည့်ရင်း ပြုံးကာ ပြန်ပြောလိုက်လေ၏။ “ချီး ၃ကီလိုဂရမ် စားမယ်လို့ ပြောတဲ့ ကျုပ်ရဲ့မိတ်ဆွေ ဘယ်ရောက်နေတာလဲ… သေချာပြင်ထားတော့နော်… ဒီမှာ လတ်လတ်ဆတ်ဆတ် အသားပုံကြီး ရှိတယ်…”
ထို့နောက်တွင် ရန်ကိုင်သည် လူအိုကြီး၏အလောင်းကို သယ်လျက် အခန်း(၁၃)ရှိရာဆီသို့ သွားလေ၏။
လူတိုင်းသည် အခန်း(၁၃)ရှိရာဆီသို့ ကရုဏာသက်နေသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်ကြလေသည်။
မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ သေသွားပြီဖြစ်ပါသော်ငြား သူသည် သေခြင်းတရားကို မြန်မြန်ဆန်ဆန် ကြုံတွေ့လိုက်ရခြင်း ဖြစ်ပေသည်။ ရန်ကိုင်သည် သူ့အား ဇိမ်ပြေနပြေ ထိုင်နှိပ်စက်မနေခဲ့ပေ။ သို့သော်ငြား အခန်း(၁၃)ထဲတွင် ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်မှာတော့ သေခြင်းတရားထက်ပင် ပို၍ဆိုးလှသော ကံကြမ္မာနှင့် ကြုံတွေ့ရပေတော့မည်။
အခန်း(၁၃)ထဲတွင်ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင် ကြုံတွေ့ရတော့မည့် အဖြစ်အပျက်ကိုတွေးရင်း ကျင့်ကြံသူပေါင်းများစွာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကုန်ကြလေသည်။
ရန်ကိုင်သည် သူပြောထားသည့်အတိုင်း တကယ်လုပ်မည်ကိုတော့ ယုံမှားသံသယရှိစရာမလိုပေ။ အစောပိုင်းက မီးခိုးရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရန်ကိုင်ကသာ သူပြောသည့်အတိုင်း အဆင့်မြင့်အရင်းအမြစ်ကျောက်များကို တကယ်ကြီး ထုတ်ပြလာနိုင်ပါက သူ့ခေါင်းအား ဘောလုံးသဖွယ် ကန်ခွင့်ပေးမည်ဟု ပြောခဲ့သည်။ ရန်ကိုင်လည်း သူပြောသည့်အတိုင်း တကယ်ဖြစ်အောင်ကို လုပ်ခဲ့လေသည်။ ထိုစဉ်က အခန်း(၁၃)တွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်မှာလည်း ရန်ကိုင်သာ ပြောသည့်အတိုင်း လုပ်ပြလာနိုင်ပါက ချီး ၃ကီလိုဂရမ်ကို စားမည်ဟု ပြောခဲ့သည်။ ကြည့်ရသလောက် သူတကယ်ကြီးစားရတော့မည့်ပုံပင်။ သို့သော်ငြား သူစားရမည်မှာ ချီးတော့မဟုတ်။ လတ်လတ်ဆတ်ဆတ်သေထားသည့် အလောင်းကြီးဖြစ်ပေသည်။
သူတို့ဘဝတွင် ဤကဲ့သို့သော လေလံပွဲအား တစ်ခါမျှ မတက်ခဲ့ဖူးသလို ဤကဲ့သို့ စည်းမဲ့ကမ်းမဲ့ ပြုလွန်းလှသည့် လူတစ်ဦးကိုလည်း တစ်ခါမှ မတွေ့ခဲ့ရဖူးပေ။
လေလံပွဲမှာ သုဿန်တစ်စပြင်နှယ် တိတ်ဆိတ်နေခဲ့ပြီး ကောင်းကင်စိတ်အာရုံပေါင်းများစွာသည် အခန်း(၁၃)တွင် စုပြုံနေကြလေသည်။ မည်သူမှ သူတို့၏သိချင်စိတ်အား မထိန်းထားနိုင်ကြချေ။ ဘာဖြစ်မလဲ သိကြပါသော်ငြား တကယ်ဘာဖြစ်နေလဲဆိုသည်ကိုလည်း အလွန်အမင်း ကြည့်ချင်စိတ် ပြင်းပြနေကြသည်။
“ဘုန်း…”
အခန်း(၁၃)၏အခန်းတံခါး ကန်ဖွင့်ခံလိုက်ရပြီး သက်လတ်ပိုင်းလူကြီး၏ငြီးတွားသံ ထွက်ပေါ်လာလေသည်။ “မင်းဘာလုပ်ချင်နေတာလဲ…”
“ဒီသခင်လေးက ခင်ဗျားဆန္ဒကို ဖြည့်ဆည်းပေးဖို့ ရောက်တာလာလေ… ဘာလုပ်ရမှာလဲ…”
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး… ငါ အဲ့လိုမပြောခဲ့ဘူး… အဲ့ဒါ ငါပြောတာမဟုတ်ဘူး…”
“ယောက်ျားကောင်းတစ်ယောက်ဆိုတာ ကိုယ်ပြောတဲ့စကားကို ကိုယ်တည်ရတယ်တဲ့… အခုနေမှတော့ ဘာဖြစ်လို့ ငြင်းချင်နေသေးတာလဲ…”
“သခင်လေး… ကျေးဇူးပြုပြီး ကျုပ်ကို ချမ်းသာပေးပါ… ကျုပ်မှားသွားပါတယ်… နော်… ကျေးဇူးပြုပြီး သခင်လေး ကျုပ်ကို ချမ်းသာပေးပါနော်…”
“နိုး နိုး နိုး… အဲ့လိုမျိုးလုပ်လို့မရဘူး… အဲ့လိုမျိုး လုံးဝ လုပ်လို့မရဘူး… အခုမှပဲ ဒီသခင်လေးရဲ့ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် လူတစ်ဦးက ဒီလိုမျိုးတောင်းဆိုတာကို ကြားရတာ… အဲ့တောင်းဆိုချက်ကို ကျိန်းသေ ဖြည့်ဆည်းပေးမှဖြစ်မယ်… မွန်းစတားဘုရင် သူ့ကို လုံးဝ မခုခံစေနဲ့…”
“ဟုတ်ကဲ့….”
“မင်း… မင်း ငါ့ကို သတ်ချင်သတ်ပစ်လိုက်ပေါ့… အခုလိုမျိုး လာအရှက်မခွဲနဲ့…”
“ငါ့အမိန့်မပါဘဲနဲ့ မင်း ဘယ်လိုတောင် လှုပ်ရှားရဲတာလဲကွ… သခင်လေးရန်… ၃ကီလိုဂရမ်က နည်းသေးတယ်… ကီလိုဂရမ်၃၀လောက် တစ်ခါတည်းကျွေးပစ်လိုက်…”