အခန်း (၂၆၉၀)
Vol. 115 Ch. 2690
မိသားစုခေါင်းဆောင်ကုန်းသည် ဘေးပတ်ဝန်ကျင်းအား လှည့်ပတ်ကြည့်ရင်းမှ ညွှန်ပြလျက် “ဒီမှာ ဒြပ်ကြီးငါးပါး ပိတ်လှောင်ခြင်းအစီအရင်အပြင် အဲ့အစီအရင်နဲ့ ချိတ်ဆက်ထားတဲ့ နောက်ထပ် အစီအရင်တစ်ခုလည်း ရှိနေသေးတယ်”
“အစီအရင်ထဲမှာ နောက်ထပ်အစီအရင် ထပ်ခင်းကျင်းထားတာလား” ပြောလိုက်သူ၏ အမူအရာ သုန်မှုန်သွားခဲ့သည်။ သူသည် အစီအရင်ပညာကို မကျွမ်းကျင်သော်ငြား ထပ်ပေါင်းအစီအရင်များ အကြောင်းကိုတော့ သိပေသည်။ ထိုကဲ့သို့သော အစီအရင်များသည် တစ်ခုချင်းစီ ရှိနေသော အစီအရင်များထက် အများကြီး ပိုခင်းကျင်းရ ခက်ပေသည်။
“မိသားစုခေါင်းဆောင်ကုန်းတောင် မသိဘူးပေါ့” မျက်နှာမွှေးရှိသည့် သက်လတ်ပိုင်းလူကြီးတစ်ဦးက မေးလိုက်သည်။ မိသားစုခေါင်းဆောင်ကုန်း ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ဤအစီအရင်ကို ဖျက်စီးဖို့ရာ မခက်လောက်ဟု ထင်ထားခဲ့ပါသော်ငြား ယခုမှသာလျှင် သူထင်ထားသလို ဟုတ်မနေမှန်း သိလိုက်ရလေသည်။
မိသားစုခေါင်းဆောင်ကုန်းက ခေါင်းခါလျက် “မသိတာမဟုတ်ဘူး။ အဲ့အစီအရင်က ဟိုးအတွင်းပိုင်းထဲမှာ ရှိနေတာ”
“မိသားစုခေါင်းဆောင်ကုန်း အဲ့ဒါကို ဖျက်စီးပစ်နိုင်လား”
မိသားစုခေါင်းဆောင်ကုန်းက ပြန်ပြောလိုက်၏ “ဖျက်စီးလို့ရတယ်။ ဒါပေမယ့် အချိန်အရမ်း ကြာလိမ့်မယ်”
သူ့အရည်အချင်းနှင့်ဆိုလျှင် အချိန်သုံးလေးရက်လောက်သာ ရပါက ထိုအစီအရင်ကို ဖျက်စီးပစ်နိုင်သည်ဟု ယုံကြည်ချက်ရှိပေသည်။ သို့သော်ငြား ထိုအချိန်လောက်ဆို လေလံပွဲမှာ ပြီးလို့ပင် အသစ်တစ်ပွဲ ပြန်စလို့ ရနေလောက်ပြီ။ လေလံပွဲပြီးသွားသည့်နောက် အစီအရင်ကိုလည်း ခင်းကျင်းထားသည့်လူမှ ဖွင့်ပေးလောက်ပေပြီ။ ထို့ကြောင့် ထိုမျှအချိန်ကုန်ခံ၍ အစီအရင်ကို ဖျက်စီးရန် ကြိုးစားနေလည်း အပိုပင်။
“စိတ်မပူနဲ့ အားလုံး”
ထိုစဉ် နောက်ဘက်ဆီမှ အသံတစ်သံ ထွက်လာခဲ့သည်။ အကုန်လုံး လှမ်းကြည့်လိုက်ရာ ညစ်ကျယ်ကျယ်ပြုံးလျက် ရပ်နေသော ဝူမင်ကို တွေ့လိုက်ရလေသည်။
“ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းက ဘာကြံနေတာလဲ။ မင်းတို့ငါ့တို့ကို ရှင်းပြချက် ပေးသင့်တယ် မထင်ဘူးလား” မျက်နှာမွှေးရှိသည့် သက်လတ်ပိုင်းလူကြီးက လူအုပ်ကြီးထဲမှ ခုန်ထွက်လာပြီး ဝူမင်ကို စိုက်ကြည့်၍ မေးလိုက်လေသည်။ ဝူမင်သည် ဤလေလံစံအိမ်၏ မန်နေဂျာဖြစ်သည်ဟု သက်လတ်ပိုင်းလူကြီး ထင်နေခြင်းပင်။ တကယ်တော့ ဧည့်သည်များ ရောက်လာစဉ် ဝူမင်သည် အပြင်ထွက်၍ အားလုံးကို ကြိုဆိုခဲ့သည် မဟုတ်ပေလော။
အခြားသူများသည်လည်း ဝူမင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။
ဝူမင်က ယဲ့ယဲ့လေးပြုံးလျက် “ခင်ဗျားတို့အားလုံးက အဖိုးတန်ဧည့်သည်တွေပဲကို ကျုပ်က ခင်ဗျားတို့ကို ဘာလုပ်ပါ့မလဲ။ ဒါပေမယ့် ဒီလေလံပွဲမပြီးမချင်း တစ်ယောက်မှ ထွက်မသွားရဘူးလို့ ကျုပ်ဆရာက အမိန့်ပေးထားတော့ အကုန်လုံး ကျေးဇူးပြုပြီး ကိုယ့်နေရာကိုယ် သွားပြန်နေပေးလို့ရမလား။ လေလံပွဲ ပြီးသွားတာနဲ့ အစီအရင်ကို ဖယ်ပေးမှာပါ။ အဲ့အခါကျ အားလုံး ထွက်သွားလို့ရပါပြီ”
“မင်းငါတို့ကို အနိုင်ကျင့်ချင်နေတာလား။ ငါထွက်သွားချင်သွားမယ်ကွာ။ ငါတို့ကို ဟိုဟာလုပ်ဒီဟာလုပ်ဆိုပြီး လာပြောမနေနဲ့။ အစီအရင်ကို မြန်မြန်ဖွင့်ပေး”
ဝူမင်သည် စကားပြောလိုက်သည့်လူအား ပြုံးကာ ကြည့်လိုက်လေသည်။ ဝူမင်သည် ဘာတစ်ခုမှ မလုပ်ပါသော်ငြား၊ လှုပ်ပင် မလှုပ်လိုက်သော်ငြား၊ ရုတ်တရက်ဆိုသလို မိုးမြေစွမ်းအင်များ စုဝေးလာပြီး ထက်ရှသည့် ငါးရောင်ခြယ်ဓါးတစ်ချောင်းအသွင်သို့ စုဝေးလျက် စကားပြောလိုက်သည့်လူဆီသို့ တိုးဝင်သွားလေ၏။
လမ်းတွင်ရှိနေသည့် ကျင့်ကြံသူများမှာတော့ ကြောက်ကြောက်လန့်လန့်ဖြင့် အလျင်စလို ခုန်ရှောင်လိုက်ကြလေသည်။
စကားပြောလိုက်သည့် ဧကရာဇ်အဆင့် ပညာရှင်၏ မျက်နှာ ဖြူလျော်သွားခဲ့၏။ ဧကရာဇ်ချီကို ကမန်းကတန်း လှည့်ပတ်၍ တိုးဝင်လာနေသည့် တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားလိုက်ပါသော်ငြား ငါးရောင်ခြယ်ဓါးသွားအား မည်သို့မှ တားဆီးမရကြောင်း တွေ့လိုက်ရသည်။ ဓါးသွားသည့် သူ၏ ဧကရာဇ်ချီအကာအကွယ်ကို ထိုးဖောက်၍ သူ့ရင်ဘတ်ထဲသို့ စိုက်ဝင်သွားခဲ့လေသည်။
သွေးများ အဘက်ဘက်သို့ ပန်းထွက်လာခဲ့လေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး သက်ပြင်းရှိုက်မိသွားကြသည်။
ထိုလူမှာ ချက်ချင်းသေမသွားခဲ့ဘဲ သူ့ရင်ဘတ်ကို အရင်ငုံ့ကြည့်လိုက်၏။ ထို့နောက် ဝူမင်ဆီသို့ ပြန်လှည့်ကြည့်လျက် ကတုန်ကရင် လေသံဖြင့် “မင်း...” ထိုစကား တစ်ခွန်းကို ပြောပြီးနောက် မြေပြင်ပေါ်သို့ ပက်လက်လှန် လဲကျသွားခဲ့လေသည်။
ဧကရာဇ်အဆင့် ပညာရှင်အားလုံးမှာ အထိတ်လန့် ဖြစ်နေကုန်ကြလေ၏။ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းသည် သူတို့ လေလံပွဲသို့ တက်ရောက်လာသည့် လူများကိုပင် နိုင်ထက်စီးနင်းလုပ်ကာ သတ်ပစ်ရဲလိမ့်မည်ဟု မထင်ထားကြချေ။ ငါးရောင်ခြယ်ဓါးသွား ဘာဖြစ်သလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ မိသားစုခေါင်းဆောင်ကုန်းသည်ပင်လျှင် မသိပေ။ အကြောင်းမှာ ထိုဓါးသွားသည် ကျင့်ကြံသူတစ်ဦးမှ ဖန်တီးသည့် ဓါးတစ်ချောင်းမဟုတ်ဘဲ အစီအရင်မှ ဖန်တီးထားသည့် ဓါးတစ်ချောင်း ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ဒြပ်ကြီးငါးပါးပိတ်လှောင်ခြင်း အစီအရင်သည် ဟင်းလင်းပြင်ကို ခွဲထုတ်ပစ်နိုင်ရုံမက အစီအရင်ထဲ၌ ပိတ်မိနေသည့် ရန်သူများကိုလည်း တိုက်ခိုက်နိုင်ပေသည်။
ဝူမင်သည် ပြုံးကာ ရပ်နေကြပါသော်ငြား အားလုံး၏ အမြင်တွင်တော့ သူ့အပြုံးသည် အလွန်ကိုမှ ချောက်ခြားဖွယ်ကောင်းနေခဲ့သည်။
အစောပိုင်းက ရန်ကိုင်သည် အခန်းခုနှစ်မှ ကျင့်ကြံသူအား ခြေတစ်ချက်ဆောင့်၍ ဓါးတစ်ချက်ဖြင့် သတ်ပစ်ခဲ့သည်။ သို့သော်ငြား ဝူမင်ကမူ သူ့လက်တစ်ချက်ကိုင် မလှုပ်ခဲ့ဘဲ သက်လတ်ပိုင်းလူကြီးအား သတ်ပစ်နိုင်ခဲ့သည်။ မည်သို့များ ထိုသို့ ဖြစ်ရသနည်း။
ရုတ်တရက်ဆိုသလို ဝူမင်မှ သူ့ဆရာဆိုသည့် လူတစ်ယောက်လည်း ရှိနေသေးကြောင်း ပြောလိုက်သလို အကုန်လုံး သတိထားမိသွားကြသည်။
ဝူမင်သည်ပင် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေသော်၊ သူ့ဆရာဆိုသည့် လူမှာ ဧကရာဇ်တတိယအဆင့်သာလျှင် ဖြစ်နိုင်တော့လိမ့်မည် မဟုတ်လော။
ထိုဧကရာဇ်ဒုတိယ၊ တတိယအဆင့် ကျင့်ကြံသူနှစ်ဦးသာ အစီအရင်အကူအညီဖြင့် ဆိုပါက သူတို့အားလုံးကို တိုက်ပင်တိုက်စရာမလိုဘဲ အလွယ်လေး သတ်ပစ်နိုင်ကြောင်း အကုန်လုံး နားလည်သွားကြသည်။ ထိုအချက်ကို စဉ်းစားမိလိုက်သော် လူတိုင်း အထိတ်ထိတ်အလန့်လန့် ဖြစ်သွားကုန်ကြလေသည်။
“ဘယ်သူ ထွက်သွားချင်သေးလဲ” ဝူမင်သည် လူအုပ်ကြီးကို ပြုံးကာ ကြည့်နေခဲ့သည်။
မည်သူမှ ပြန်မဖြေခဲ့ကြချေ။
ဝူမင်က ခေါင်းညိတ်လိုက်၏ “ဒါဆို ဒီလမ်းအတိုင်း ပြန်လာပေးကြပါနော်”
ထို့နောက်တွင် ဝူမင်သည် နောက်သို့တစ်လှမ်းဆုတ်၍ အားလုံး သွားလို့ရစေရန် လမ်းဖယ်ပေးလိုက်လေသည်။
အကုန်လုံးမှာ အကြည်ချင်းဖလှယ်လိုက်ကြသည်။ မည်သူမှ ဝူမင် ပြောသည့်အတိုင်း မလုပ်ချင်သလို ဒေါသအမျက်ချောင်းချောင်း ထွက်နေခဲ့ပါသော်ငြား လတ်လတ်ဆတ်ဆတ် သေထားသည့် အလောင်းကြီးသည် သူတို့အား အမှားမလုပ်မိစေရန် သတိပေးနေလေရာ အကုန်လုံးမှာ သူတို့နေသည့် နေရာဆီသို့ ပြန်သွားရုံသာ တတ်နိုင်ကြလေသည်။
“မိသားစုခေါင်းဆောင်ကုန်” ဝူမင်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။
မိသားစုခေါင်းဆောင်ကုန်း၏ ခြေလှမ်းတို့ရပ်သွားခဲ့ပြီး ဝူမင်ဘက်သို့လှည့်၍ “ဘာဖြစ်လို့လဲ လူကြီးမင်း”
ဝူမင်က ပြုံးလျက် “မိသားစုခေါင်းဆောင်ကုန်း ယဉ်ကျေးလွန်းနေပါပြီ။ ဒီလို ဘာမဟုတ်တဲ့ လေလံပွဲလေးတစ်ခုက မိသားစုခေါင်းဆောင်ကို ဆွဲဆောင်နိုင်မယ်လို့ မထင်ထားခဲ့ဘူး။ ကျုပ်ဆရာလည်း မိသားစုခေါင်းဆောင်ကုန်း ရောက်လာတဲ့အပေါ် အတော်လေး အံ့ဩနေတာ။ မိသားစုခေါင်းဆောင်ကုန်းနဲ့ စကားလေးဘာလေး ပြောချင်လို့ လာခဲ့ဖို့လည်း ဖိတ်ခေါ်လိုက်သေးတယ်”
“မင်းရဲ့ ဆရာက...” မိသားစုခေါင်းဆောင်ကုန်းက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ဝူမင်က ယဲ့ယဲ့လေးပြုံးလျက် “ရောက်ရင် မိသားစုခေါင်းဆောင်ကုန်း သိပါလိမ့်မယ်”
မိသားစုခေါင်းဆောင်ကုန်းက ချောက်ကပ်ကပ်ရယ်မောလျက် “ဒီလူအိုကြီးမှာ ရွေးစရာကော ရှိသေးလို့လား”
သူသာ ပြောသည့်အတိုင်း မလုပ်ပါက သူ့အတွက် အဆုံးသတ် ကောင်းလိမ့်မည် မဟုတ်မှန်း မိသားစုခေါင်းဆောင်ကုန်း သိနေခဲ့သည်။ အစီအရင်အကြောင်းအား ထုတ်ဖော်ပြောဆိုခဲ့သည်ကိုပင် သူ့စိတ်ထဲ နောင်တရနေခဲ့လေပြီ။ ဤအစီအရင်အား ဤနေရာတွင် ဘာကြောင့် ခင်းကျင်းထားလဲ မသိပါသော်ငြား အစီအရင်ကို ခင်းကျင်းထားသည့်လူသည် မိသားစုခေါင်းဆောင်ကုန်းမှာ အစီအရင်ပညာရှင် တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့အား စိတ်ပူနေသည်မှာ သိသာလှသည်။
ဝူမင်က မျက်လုံးမှေးစဉ်းလျက် ပြန်ပြောလိုက်၏ “ဆရာက တလေးတစားနဲ့ ဖိတ်ခေါ်နေတာကို မိသားစုခေါင်းဆောင်ကုန်း မငြင်းသင့်ဘူး”
သူ့လေသံမှာ သာမန်သာ ဖြစ်ပါသော်ငြား သူခြိမ်းခြောက်နေသည်ကို မည်သူမဆို သတိထားမိနိုင်ပေသည်။
သူ့အနေဖြင့် ဘာမှပြန်လုပ်နိုင်လိမ့်မည်မဟုတ်မှန်း နားလည်သည့်အလျောက် မိသားစုခေါင်းဆောင်ကုန်းက ပြောလိုက်လေ၏ “အဲ့ဒါဆို သွားကြတာပေါ့”
သူသည်လည်း ဤအစီအရင်ကို ခင်းကျင်းထားသည့်လူ မည်သူ ဖြစ်မလဲ ဆိုသည်ကို သိချင်နေမိပေသည်။
“ဒီလမ်းအတိုင်းအကြွပါ” ဝူမင်က တစ်ဖက်သို့လှည့်၍ ညွှန်ပြလိုက်သည်။ သို့သော်ငြား ခြေတစ်လှမ်းပင် မလှမ်းရသေးခင်မှာပင် မြင်လိုက်ရသည့်အရာကြောင့် ဝူမင် အလွန်ကိုမှ ကြောက်လန့်သွားခဲ့လေ၏။
သူနှင့် ခပ်လှမ်းလှမ်း၍ ရန်ကိုင်သည် ရပ်ကာ သူ့အား ပြုံးပြနေခဲ့လေသည်။
ဝူမင်သည် သူ့အား လေလံစံအိမ်ရှေ့၌ ဖူးရောင်ကိုင်းအောင် ရိုက်နှက်သွားခဲ့သည့် ဤလူငယ်လေးကို အလွန် လန့်နေမိလေသည်။ သူ၏ ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံခြင်းသည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ထိုလူငယ်လေးရှေ့၌ ဘာဆိုဘာမှ မဟုတ်တော့ချေ။
ထို့ကြောင့် ရန်ကိုင်မှ သူ့လမ်းအား ပိတ်ရပ်နေသည်ကို မြင်သည်နှင့် ဝူမင်သည် အလျင်စလို နောက်သို့ ခုန်ဆုတ်လိုက်ပြီး ထအော်ပြောလေသည် “ရန်ကိုင်၊ မင်းဘာလုပ်ချင်နေတာလဲ”
ရန်ကိုင်သည် ဝူမင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လျက် ခေါင်းညိတ်ကာ ပြောလိုက်လေ၏ “ဒြပ်ကြီးငါးပါးပိတ်လှောင်ခြင်း အစီအရင်က ဒီစံအိမ်ကို အပြင်ဘက်ကနေ ခွဲထုတ်ပစ်နိုင်တာလား။ ခင်ဗျားတို့က ဒီသခင်လေးအတွက် သေချာပြင်ဆင်ပေးထားတာပဲ”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မိသားစုခေါင်းဆောင်ကုန်း ပြောနေသည်ကို ကြားသွားပြီမှန်း ဝူမင် သိသွဦးခဲ့လေသည်။ သူ့ဆရာ ဤအစီအရင်ကို ခင်းကျင်းရခြင်းမှာ ရန်ကိုင်၏ လေဟာနယ်နိယာမစွမ်းအားကို ကန့်သတ်ပစ်ရန်အတွက် ဖြစ်ပေသည်။ ဤအစီအရင်သာ ရှိနေမည်ဆိုပါက ရန်ကိုင်အနေဖြင့် လေဟာနယ်နိယာမစွမ်းအားကို သုံး၍ တည်နေရာခုန်ကူးကာ ထွက်ပြေးနိုင်တော့လိမ့်မည် မဟုတ်ချေ။
တစ်ဖက်လူမှ သိသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဝူမင်လည်း ဖုံးကွယ်မနေတော့ဘဲ ပြန်၍သာ ပြောလိုက်လေသည် “ငါမင်းကို သတိပေးလိုက်မယ်။ ပြောတဲ့အတိုင်း လိုက်လုပ်ပေးလိုက်ရင် မင်းအတွက် ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ မင်းအကြီးအကျယ် နောင်တရသွားရလိမ့်မယ်”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ငါနောင်တရရ မရရ မင်းဂရုစိုက်နေစရာမလိုဘူး။ ဒါပေမယ့် မင်းနောက်တစ်ကြိမ် ငါ့ရှေ့မှာ လာဇောင်းကြွရဲရင် နောက်တစ်နေ့ နေထွက်တာကို မမြင်စေရတော့ဘူးလို့ ငါကတိပေးတယ်”
ထိုစကားကိုကြားသည့်အခါ ဝူမင်၏ မျက်နှာ အေးစက်သွားခဲ့ပါသော်ငြား မည်သည့်စကားမှ ပြန်မပြောရဲခဲ့ချေ။ ရန်ကိုင် မည်မျှ အားကောင်းကြောင်းကို သူကိုယ်တိုင် ကြူံဖူးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အလကားသက်သက် ကိုယ့်သေတွင်း ကိုယ်မတူးချင်ချေ။ ရန်ကိုင်ကိုသာ ဒေါမာန်တကြီးဖြင့် မမှိတ်မသုံ စိုက်ကြည့်နေလေ၏။
“မိသားစုခေါင်းဆောင်ကုန်း။ ကျုပ်ခင်ဗျားကို လေးစားနေတာကြာပြီ” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်သည်။
“ဒီတော့ မင်းက ရန်ကိုင်ပေါ့” မိသားစုခေါင်းဆောင်ကုန်းသည် ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်ရင်း ပြောလိုက်သည်။
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “မိသားစုခေါင်းဆောင်ကုန်း ကျုပ်အကြောင်းကို ကြားဖူးလို့လား”
မိသားစုခေါင်းဆောင်ကုန်းက ရှင်းပြလိုက်လေသည် “ဟိုကောင်လေးဝမ်ရှန်း မင်းအကြောင်း ငါ့ကို ပြောပြဖူးတယ်လေ။ ပြီးတော့ မင်းကိုယ်တိုင် အဆုံးမဲ့ရတနာ ဆေးလုံးကို ဖော်စပ်ပြီး တောင်ဘက်နယ်မြေတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားအောင် လုပ်တဲ့ သတင်းတွေကလည်း အပြင်မှာ ပလူပျံနေတာပဲကို၊ မသိစရာ နေမှာလား”
“ကုန်းဝမ်ရှန်း” ရန်ကိုင်၏စိတ်ထဲ လူတစ်ယောက် ပေါ်လာခဲ့လေသည်။ ရန်ကိုင်သည် ကုန်းဝမ်ရှန်းနှင့် မရင်းနှီးသော်ငြား ဥတုလေးမျိုး နယ်မြေထဲ၌ ကုန်းဝမ်ရှန်းနှင့်တော့ တွေ့ခဲ့ဖူးပေသည်။
ထို့အပြင် ရီကျင်းဟန်မှ ဧကရာဇ်တောင်ကြားကို ပြန်ပြင်ရန်အလို့ငှာ မေပယ်မြို့သို့လာ၍ ရန်ကိုင်အား လာရှာရခြင်းမှာ ကုန်းဝမ်ရှန်း၏ တိုက်တွန်းချက်ကြောင့် ဖြစ်ပေသည်။
“သခင်လေးရန်က တကယ်ကို ပါရမီရှင်တစ်ဦးပဲ။ ဒီလောက် အသက်ငယ်ငယ်လေးနဲ့တောင် ဧကရာဇ်အဆင့်ကို ရောက်နေပြီ။ ဝမ်ရှန်းဆိုတဲ့ ကောင်ကတော့ အခုထိ တာအိုသခင်အဆင့်ကနေ မကတ်နိုင်သေးဘူး” မိသားစုခေါင်းဆောင်ကုန်းက သက်ပြင်းချ၍ ပြောလိုက်သည်။ ရန်ကိုင် ဤမျှ မြန်မြန် အဆင့်တက်နိုင်ရခြင်းမှာ သူသောက်ထားသည့် အဆုံးမဲ့ရတနာဆေးလုံးနှင့် တစ်နည်းတစ်ဖုံ ပက်သက်နေလိမ့်မည်ဟုလည်း ကြိတ်တွေးနေခဲ့လေသည်။
ထိုစဉ်က ရန်ကိုင်သည် အဆုံးမဲ့ရတနာဆေးလုံးများကို ဖော်စပ်ခဲ့ပြီး ထိုဆေးလုံးများကို အဖိုးတန်ရတနာများနှင့် လဲလှယ်ပစ်ခဲ့သည်။ ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ဝူချန်းနှင့် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ မိန်းကလေးတို့ တစ်ယောက်တစ်လုံးစီ ရသွားခဲ့ကြသည်။
“မိသားစုခေါင်းဆောင်ကုန်း ချီးကျူးလွန်းနေပါပြီ။ ဒီဂျူနီယာက ကံနည်းနည်း ကောင်းသွားရုံပါပဲ” ရန်ကိုင်က သူ့ကိုယ်သူ နှိမ့်ချ၍ ပြန်ပြောလိုက်သည် “ဂျူနီယာ မိသားစုခေါင်းဆောင်ကုန်းကို ကျုပ်အခန်းဆီ ဖိတ်ခေါ်ချင်ပါတယ်။ မိသားစုခေါင်းဆောင်ကုန်း စိတ်ဝင်စားလားမသိဘူး”
ရန်ကိုင်သူ့အား ကူညီပေးနေခြင်းဖြစ်မှန်း သိသည့်အလျောက် မိသားစုခေါင်းဆောင်ကုန်းသည် ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်လိုက်သည်။ သို့သော် ရန်ကိုင်၏ အမေးကို ချက်ချင်း သဘောမတူသေးဘဲ တုန့်ဆိုင်းနေဟန်ဖြင့် ဝူမင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ရန်ကိုင်သည် ဝူမင်ဘက်သို့လှည့်၍ မှုန်ကုတ်ကုတ်အမူအရာဖြင့် “မိသားစုခေါင်းဆောင်ကို ငါနဲ့အတူ ခေါ်သွားမယ်။ မင်းဘာပြောချင်လဲ”
ဝူမင်မှာ အရူးတစ်ပိုင်းနှယ် ဖြစ်သော်ငြား မကန့်ကွက်ရဲခဲ့ပေ။
“ကြည့်၊ သူလည်း သဘောတူတယ်တဲ့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် မိသားစုခေါင်းဆောင်ကုန်းကို လက်ယပ်ခေါ်လိုက်လေ၏ “ကျေးဇူးပြုပြီး ကြွပါ”
ထိုအခါမှသာ မိသားစုခေါင်းဆောင်ကုန်း စိတ်သက်သာရာ ရသွားခဲ့ပြီး သူ့လက်ကို ဆန့်ထုတ်၍ ပြန်ပြောလိုက်လေ၏ “သခင်လေးရန် အရင်သွားပါ”
ထို့နောက်တွင် နှစ်ဦးစလုံး လေလံခန်းဆီသို့ လမ်းလျှောက်လာခဲ့ကြလေသည်။ မသွားခင်တွင် ရန်ကိုင်သည် ဝူမင်ဘက်သို့လှည့်၍ ပြောလိုက်၏ “ပြန်သွားပြီး ဒီသခင်လေး သူ့ခေါင်းကို လာယူမှာမို့လို့ မင်းဆရာလည်ပင်းကို ရေးဆေးထားဖို့ ပြောလိုက်”
ထိုစကားကိုကြာပြီးနောက် မိသားစုခေါင်းဆောင်ကုန်း ခလုတ်တိုက်လဲကျလုမတတ် ဖြစ်သွားခဲ့လေသည်။ ရန်ကိုင်သည် အရမ်းကိုမှ တဇွတ်ထိုးနိုင်လွန်းသည်ဟုလည်း သူစိတ်ထဲ ခံစားနေခဲ့ရသည်။ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူလေးသည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးအား မည်ကဲ့သို့များ စိန်ခေါ်ရဲသနည်း။
ဝူမင်သည် တဖြည်းဖြည်း ထွက်သွားသည့် လူနှစ်ဦး၏ ကျောပြင်ကို မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။ သူ့စိတ်ထဲတွင်လည်း ကြိတ်၍ ကြုံးဝါးနေခဲ့လေ၏ (မင်းဟောင်နိုင်တုန်း ဟောင်ထားပေါ့ကွာ။ နောက်ကျမှ မင်းရဲ့ ခွေးပါးစပ် ငါနဲ့ တွေ့မယ်)
ရန်ကိုင်သည် မိသားစုခေါင်းဆောင်ကုန်းကို အခန်းတစ်ဆီ ပြန်ခေါ်လာပြီး ယင်ဖေး၊ ရီဟန်၊ အခြားသူများနှင့် မိတ်ဆက်ပေးလိုက်လေသည်။
မိသားစုခေါင်းဆောင်ကုန်းကလည်း သူ့အား ကျဉ်းထဲကြပ်ထဲမှ ဝင်ရောက် ကူညီပေးခဲ့သည့် ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလျက် “ကျုပ်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး မိသားစုခေါင်းဆောင်ကုန်း။ ဝူမင် ခင်ဗျားကို ဘာလို့ ခေါ်သွားချင်နေလဲ ကျုပ်မသိပေမယ့် ခင်ဗျားကိုသုံးပြီး ကျုပ်ကို ဒုက္ခပေးဖို့ ကြံနေမှန်းတော့သိတယ်။ ခင်ဗျားကို ဒီနေရာဆီ ခေါ်လာတာ ကျုပ်ရဲ့ ကိုယ့်ကျိုးအတွက်ပဲ”
ကျွမ်းကျင် အစီအရင်ပညာရှင်တစ်ဦးကို ရန်ကိုင် အထင်မသေးရြချေ။ မိသားစုခေါင်းဆောင်ကုန်းသာ ဝူမင်တို့နှင့်ပူးပေါင်း၍ အစီအရင်ကို သူကိုယ်တိုင် ထိန်းချုပ်ပေးမည်ဆိုပါက အစီအရင်ခွန်အားမှာ ကျိန်းသေ တိုးတက်လာပေလိမ့်မည်။ ထို့ကြောင့်သာ မဟုတ်ပါက ချီယွဲ့၊ အိုင်အောင်းနှင့် အခြားသူများမှာ ဝူမင်တို့လက်ထဲ ဓါးစာခံအဖြစ် ရှိနေသေးသည်ကို ရန်ကိုင် အလျင်စလို လှုပ်ရှားခဲ့လိမ့်မည် မဟုတ်ချေ။ သူသည် တစ်ဖက်လူ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သည့် လုပ်ရပ်မျိုး လုပ်လိုက်ပါက သူ့အတွက် မည်သည့်ကောင်းသည့်အရာမှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။