အခန်း (၂၆၉၁)
Vol. 115 Ch. 2691
ကံကောင်းစွာဖြင့် ဝူမင်၏ဆရာသည် ကိစ္စတစ်ခုခုဖြင့် အလုပ်ရှုပ်နေသည့်ပုံပင်။ ရန်ကိုင်မှ မိသားစုခေါင်းဆောင်ကုန်းအား ပြန်ခေါ်လာခဲ့သည်ကိုပင် ဂရုမစိုက်အားခဲ့ပေ။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ဟွာချင်းစီ စင်ပေါ်သို့ ပြန်ရောက်လာခဲ့လေသည်။
အကုန်လုံး စင်ပေါ်သို့ တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။ လေလံပွဲ၏ဒုတိယပိုင်းမှာ စတင်ပြီမှန်း သိနေကြလေသည်။
စင်မြင့်ထက်တွင် ရှိနေသော ဟွာချင်းစီသည် သာယာချိုသာသည့်အသံဖြင့် ကြေညာလိုက်လေ၏။ “အခုလိုစောင့်ဆိုင်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်… အခုတစ်ကြိမ် လေလံတင်မယ့်ပစ္စည်းကတော့ တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးပါ…”
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့ပြီး အကုန်လုံးသည် စင်မြင့်အား အားတက်သရောဖြင့် စိုက်ကြည့်နေကြလေသည်။
အဆင့်နိမ့်ကြယ်စီရင်စုမှ ကြယ်သခင်တစ်ဦး လေလံပွဲတွင် ပေါ်လာလိမ့်မည်ဟု သတင်းပျံ့နေခဲ့သည့်မှာ ကြာလေပြီ။ ယခု တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးအား လေလံတင်လာခဲ့လေရာ ထိုကျင့်ကြံသူသည် ကြေညာထားသည့် ကြယ်သခင်သာ ဖြစ်ရပေလိမ့်မည်။
ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင်ပင်လျှင် ကြယ်သခင်များမှာ အတော်လေးကိုမှ ရှားပါးလှသဖြင့် ကျင့်ကြံသူများမှာ ကြယ်သခင်ဆိုသည့်လူအား အတော်လေးကိုမှ စိတ်ဝင်စားနေကြလေသည်။ ဟိုးယခင်အခါက ကြယ်တာရာအစုအဝေးထဲ ကြယ်သခင်ပေါင်းများစွာ ရှိခဲ့ပါသော်ငြား ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကြောင့် အဆင့်နိမ့်ကြယ်စီရင်စုများသို့ သွားသည့် လမ်းကြောင်းမှာ မဟာဧကရာဇ်များ၏ ချိတ်ပိတ်ခြင်း ခံလိုက်ရလေသည်။ ထို့အတွက်ကြောင့် ကြယ်တာရာအစုအဝေးမှ ကျင့်ကြံသူများမှာ အဆင့်နိမ့်ကြယ်စီရင်စုများဆီသို့ မသွားနိုင်ကြတော့သလို ကြယ်အမြုတေများကိုလည်း မသန့်စင်နိုင်ကြတော့ချေ။
ထိုသို့ဖြင့် ကြယ်သခင်များမှာ တစ်နေ့ထက်တစ်နေ့ ပိုပို၍ ရှားပါးလာရတော့သည်။
ကြယ်သခင်တိုင်းသည် ပြီးပြည့်စုံသည့် ကြယ်အမြုတေတစ်ခုကို ပိုင်ဆိုင်ထားကြပေသည်။ ကြယ်အမြုတေကိုသာ ထုတ်ယူနိုင်ပါက တစ်စုံတစ်ဦးအနေဖြင့် ကိုယ်တိုင် ကြယ်သခင်တစ်ပါး ဖြစ်လာနိုင်လေ၏။ ထိုသို့ဖြစ်လာသည့်အခါ သူတို့၏ကျင့်ကြံခြင်းခရီးလမ်းမှာလည်း ပို၍ လွယ်ကူချောမွေ့သွားပေလိမ့်မည်။
ပိန်လှီလှီ သုန်သုန်မှုန်မှုန်အရှိန်အဝါကို ထုတ်လွှတ်ထားသော လူအိုကြီးတစ်ဦးသည် စင်နောက်ဘက်မှ တစ္ဆေတစ်ကောင်အလား လမ်းလျှောက်ထွက်လာခဲ့လေသည်။ ထိုလူအား ချိတ်စည်းတစ်ခုခုဖြင့် ချိတ်ပိတ်ထားသည့်အလား သူ့အရှိန်အဝါမှာ လုံးဝကို ဖိနှိပ်ထားခံရသည်။ သို့တိုင် ထိုလူအိုကြီးသည် ခြောက်ခြားဖွယ်ရာခံစားချက်ကို ပေးစွမ်းနေဆဲ။ အထူးသဖြင့် မျက်တွင်းဟောက်ပက်ဖြစ်နေသော ၎င်း၏မျက်လုံးနှစ်လုံးထဲ ရစ်သိုင်းနေသည့် တစ္ဆေမီးတောက်များပင်။
“အဲ့ဒါ ကြယ်သခင်လား…”
“ဘာမှထူးခြားတဲ့ပုံလည်း မပေါ်ပါလား…”
“ကြယ်အမြုတေရှိပေမည့် တာအိုသခင်ဒုတိယအဆင့်ကိုပဲ ရောက်သေးတာဆိုတော့ သူ့အရည်အချင်းက သိပ်မကောင်းတဲ့ပုံပဲ…”
“မင်းဘာသိလို့လဲ… အဆင့်နိမ့်ကြယ်စီရင်စုကနေ ကြယ်တာရာအစုအဝေးကို တက်လာတဲ့လူတွေအကုန်လုံးက ပါရမီရှင်တွေချည်းပဲ… အဲ့ဒါကြောင့်ပဲ သူတို့ကြယ်စီရင်စုအသီးသီးမှာ အရှင်သခင်တွေဖြစ်ခဲ့တာ… သူတို့ကြယ်စီရင်စုမှာ အရှင်သခင်မဖြစ်ပဲနဲ့ ကြယ်တာရာအစုအဝေးကို ဘယ်လိုလုပ်ပြီး လာနိုင်မှာလဲ… ရှင်းရှင်းပြောရရင် အဲ့အဆင့်နိမ့်ကြယ်စီရင်စုက လာတဲ့ လူတွေအကုန်လုံးက ငါတို့ ဒီကထိပ်တန်းဂိုဏ်းတွေက ပင်မတပည့်တွေနဲ့ အရည်အချင်း အတူတူလောက်ပဲ…”
ခန်းမတစ်ခုလုံး တီးတိုးဆွေးနွေးသံများဖြင့် ပွက်လောရိုက်သွားခဲ့လေသည်။ လူတိုင်းသည် ပိန်လှီလှီဖြစ်နေသော လူအိုကြီးအား ကြည့်ရင်း တီးတိုးဆွေးနွေးနေကြလေသည်။
သူတို့အနေဖြင့် ကြယ်သခင်တစ်ပါးကို တစ်ခါမှ မမြင်ခဲ့ဖူးလိမ့်မည် ဖြစ်ပါသော်ငြား ကြယ်သခင်များနှင့် ပတ်သက်သည့် ကောလဟာလများကိုတော့ ကြားခဲ့ဖူးပေသည်။
အဆင့်နိမ့်ကြယ်စီရင်စုများမှ ကြယ်တာရာအစုအဝေးသို့ ရောက်လာကြသည့် ကျင့်ကြံသူများမှာ အလွန်ကိုမှ များပြားခြင်း မရှိပါသော်ငြား လူတိုင်းကမူ ထိုလူများသည် အလွန်တရာကိုမှ ရှားပါးလှသည့် ပါရမီကို ပိုင်ဆိုင်ထားကြသည့် လူများမှန်း သိနေကြလေသည်။ ထို့ကြောင့်သာမဟုတ်ပါက သူတို့နေထိုင်ရာ ကြယ်စီရင်စုအသီးသီး၏ အထွဋ်အထိပ်သို့ ရောက်ရှိအောင် မည်ကဲ့သို့များ ကျင့်ကြံနိုင်ခဲ့ပါမည်နည်း။
တစ်ခုသိထားရမည်မှာ ထိုကြယ်စီရင်စုများတွင် အရင်းအမြစ်များ အလွန်ကိုမှ ရှားပါးသည်ဟူသော အချက်ပင်။
ထိုအကြောင်းကြောင့်ပင်လျှင် သူမတို့ကဲ့သို့သော ကျင့်ကြံသူများကို ကြယ်တာရာအစုအဝေး၌ ရှိနေသော အင်အားစုကြီးများမှ အလွန်ကိုမှ ကြိုဆိုကြောင်း လျို့ရှန်းယွင်မှ ရန်ကိုင်အား ပြောပြခဲ့ခြင်း ဖြစ်ပေသည်။ သူတို့သည် အဆင့်နိမ့်ကြယ်စီရင်စုမှ လာသည်ဟု ပြောပြလိုက်ရုံပင်။ ဂိုဏ်းကြီးများသည် သူတို့အား အလိုလို ဖိတ်ခေါ်ကြပေလိမ့်မည်။
အကြောင်းမှာ အဆင့်နိမ့်ကြယ်စီရင်စုမှ လာသည့် ကျင့်ကြံသူအများစုသည် ကြယ်တာရာအစုအဝေးထဲ၌ ရှိနေသော ကျင့်ကြံသူအများစုထက် ဧကရာဇ်အဆင့်သို့ ရောက်နိုင်ချေ ပိုများသည့်အတွက်ကြောင့်ပင်။
“ကွေ့ဇူလား…” ရန်ကိုင်သည် သူ့အခန်းထဲမှနေ၍ စင်မြင့်ပေါ်တွင်ရှိနေသော ပိန်လှီလှီလူအိုကြီးအား လှမ်းကြည့်လိုက်လေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူအိုကြီးမည်သူမှန်း ချက်ချင်း တန်းမှတ်မိသွားခဲ့သည်။
ကွေ့ဇူတစ်ကိုယ်လုံးကို ယင်ချီများမှ အမြဲလိုလို လွှမ်းခြုံထားလေ့ရှိသဖြင့် သာမန်လူများဆိုလျှင် သူ့မျက်နှာကိုပင်လျှင် မမြင်နိုင်ကြချေ။ သို့သော်ငြား သူ၏ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခြင်း ခံရသည့်အတွက်ကြောင့် လက်ရှိကွေ့ဇူသည် သူ၏ပုံမှန်အရှိန်အဝါကို မထုတ်လွှတ်နိုင်တော့ပေ။ သူ၏ ပိန်လှီလှီပုံစံမှာ အနှိပ်စက်ခံထားရသည့်အတွက်ကြောင့် ဖြစ်နေရသည့်ပုံစံမဟုတ်။ ထို့အစား သူ၏မူရင်းပုံစံသာ ဖြစ်လေသည်။ တစ္ဆေတာအိုကို ကျင့်ကြံထားသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ၏ရုပ်ခန္ဓာမှာ ပုံမှန်လူများထက် ပိန်လှီခြောက်ကပ်နေခဲ့လေသည်။
စင်မြင့်ပေါ်တွင်ရှိနေသော ဟွာချင်းစီက ဆက်၍ပြောလိုက်သည်။ “သူက ကြယ်သခင်တစ်ယောက်မဟုတ်ဘူး… ဒါပေမယ့် အဲ့ကြယ်သခင်ရဲ့ မိတ်ဆွေတစ်ယောက်ပဲ… ပြီးတော့ အဆင့်နိမ့်ကြယ်စီရင်စုကလာတဲ့ ကျင့်ကြံသူတစ်ယောက်… ဒီတော့ သူ့အရည်အချင်းနဲ့ပတ်သက်ပြီး ဘာမှ စိတ်ပူနေစရာမလိုဘူး…”
“ကြယ်သခင်မဟုတ်ဘူးလား…”
“အဲ့ဒါဆို ဘာလာလုပ်နေသေးတာလဲ…”
“ကြယ်သခင်မဟုတ်တဲ့လူတွေကို ငါတို့က လေလံပစ်ပြီး ဘာလုပ်ရမှာလဲ… ဒီကောင်တွေ ငါတို့ကို လာနောက်နေတာလား…”
စင်အောက်ဘက်တွင်ရှိနေသော လူများမှာ တစ်ယောက်ပြီးတစ်ယောက် ထအော်ကြတော့လေသည်။
“ငဲ ငဲ ငဲ ငဲ…” ကွေ့ဇူသည် ဓါးစာခံတစ်ဦး ဖြစ်နေပါသော်ငြား ကြောက်လန့်နေခြင်းမရှိဘဲ ခြောက်ခြားဖွယ်ရာကောင်းလှသည့် ရယ်မောသံကြီးဖြင့် ရယ်မောလိုက်လေရာ စင်အောက်ဘက်တွင်ရှိနေသည့် ကျင့်ကြံသူများ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကုန်ကြရလေသည်။
“အစ်မဟွာ… တော်လောက်ပြီ…” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်သည်။ “အစ်မဟွာရဲ့ဆရာလည်း အဆင်သင့်ဖြစ်နေလောက်ပြီ… သူ့ကို တိုက်ရိုက်သာ ခေါ်ထုတ်လိုက်တော့…”
ကွေ့ဇူ အရယ်ရပ်သွားခဲ့ပြီး တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက်တွင် သူ၏မျက်လုံးများထဲရှိ တစ္ဆေမီးတောက်များမှာ ပြိုးပြိုးပြက်ပြက် လင်းလက်တောက်ပလာလေတော့၏။
ဟွာချင်းစီက မဲ့ပြုံးပြုံးလျက် “ကောင်းပြီ…”
သူမသည်လည်း ဤပုံစံအတိုင်း ဆက်မသွားချင်တော့ချေ။ သို့သော်ငြား အခြေအနေမသာသဖြင့် သူမဆရာပေးသည့် အမိန့်အတိုင်းသာ လုပ်နေခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်က ဤကဲ့သို့ ပြောလာမှဖြင့် သူမလည်း ပျော်ပျော်ရွှင်ရွှင်ကြီးကို ပူးပေါင်းပေးပေလိမ့်မည်။ အရေးကြီးဆုံးအချက်မှာ သူမဆရာမှ ရန်ကိုင့်စကားကို အနည်းငယ်လေးမျှပင် ဝင်မကန့်ကွက်ခဲ့ခြင်းပင်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် သူမဆရာ စီစဉ်မှုအားလုံး ပြီးလုနီးပါး ဖြစ်သည်ဟု ရန်ကိုင်ပြောလိုက်သည့်စကားမှာ မှန်နေကြောင်း သိနိုင်ပေသည်။
ထိုသို့ပြောပြီးသည့်နောက် ဟွာချင်းစီမှ အချက်ပြလိုက်ရာ ဝန်ထမ်းမလေးတစ်ဦးသည် ကွေ့ဇူအား အခန်းတစ်ခန်းဆီသို့ ခေါ်ဆောင်သွားလေသည်။ အခန်းတံခါးပွင့်သွားခဲ့ပြီး ကွေ့ဇူ အခန်းထဲသို့ ဝင်လာခဲ့သည်။ ရန်ကိုင်အား မြင်လိုက်သည့်အခါ စိတ်လှုပ်ရှားစွာဖြင့် လှမ်းသီးဆုပ်၍ ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်…”
“အကြီးအကဲချုပ် ခံစားလိုက်ရပြီ… တော်တော် ဒုက္ခရောက်လိုက်ရတာပဲ…” ရန်ကိုင်က ထူမပေးလိုက်သည်။
“ဟင်း… ဒီလူအိုကြီးညံ့လို့ပါ…” ကွေ့ဇူက ပြန်ပြောလိုက်သည်။
ဟုန်းလော့ကြယ်စီရင်စုကြီးတွင် ရှိစဉ်က သူသည် ထိပ်တန်းအဆင့်ပညာရှင်တစ်ပါး မဖြစ်ခဲ့ပါသော်ကြား အထွဋ်အထိပ်သို့ ရောက်နေသည့် ပညာရှင်များအနက် တစ်ပါးအပါအဝင် ဖြစ်ခဲ့လေသည်။ ထို့အတွက်ကြောင့် ထိုကြယ်စီရင်စုကြီးထဲ သူ့စိတ်ကြိုက် မင်းမူနိုင်ခဲ့သည်။ သို့သော်ငြား ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက် သွားလေရာ ပြဿနာများနှင့် ကြုံရတော့သည်။ သူတွေ့သမျှလူတိုင်းလိုလိုသည် သူ့ထက်ပို၍ အားကောင်းနေလေရာ အဆုံးတွင် အကျဉ်းသားအဖြစ် ဖမ်းဆီးခြင်း ခံလိုက်ရပြီး လေလံစံအိမ်တွင် လေလံပစ္စည်းတစ်ခုအဖြစ် လေလံတင်ခံလိုက်ရလေသည်။
ဤသည်မှာ သူ့ဘဝအတွက် အလွန်ကိုမှ အရှက်ရစရာပင်။
သူ့ရန်သူ မည်မျှအားကောင်းကြောင်းကို ကွေ့ဇူသိသည်။ ထိုရန်သူသည် သူ့လက်ရှိခွန်အားဖြင့် သွားရောက်ရန်စနိုင်သည့်လူမျိုး မဟုတ်ချေ။ ရန်ကိုင်သာ ပေါ်မလာပါက သူ့အနေဖြင့် အခြားတစ်ဦး၏လက်ထဲသို့ လေလံပစ္စည်းအဖြစ် ရောက်သွားရပေတော့မည်။
တစ်ဖက်လူ၏ ကျွန်ဘဝသို့ ရောက်သွားရမည့်အကြောင်း တွေးလိုက်ရုံဖြင့် ကွေ့ဇူ တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။
ရီဟန်၊ ရီကျင်းဟန်နှင့် အခြားသူများမှာ သူ့အား အလျင်စလို လာရောက်နှုတ်ဆက်ကြလေ၏။
ကွေ့ဇူနှင့် အခြားသူများသည် ရွက်တစ်ထောင်ဂိုဏ်းနှင့် အချိန်အတော်ကြာအောင် နေခဲ့သဖြင့် သူတို့အားလုံးမှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေကြလေသည်။ ထို့အတွက်ကြောင့် ကွေ့ဇူ သူတို့ဆီသို့ ပြန်ရောက်လာသည်ကို မြင်သည့်အခါ အကုန်လုံး ဝမ်းသာကြပေသည်။
“အဲ့ချိတ်စည်းကို ကျုပ်ဖယ်ပေးမယ်…” ရန်ကိုင်သည် ကွေ့ဇူ၏ပုခုံးပေါ် လက်တင်၍ သူ့ကောင်းကင်စိတ်အာရုံဖြင့် ကွေ့ဇူ၏အခြေအနေကို စတင်စစ်ဆေးကြည့်လေ၏။ တစ်ချိန်တည်းတွင် ထပ်၍မေးလိုက်လေသည်။ “ချီယွဲ့နဲ့ အခြားသူတွေရော…”
ကွေ့ဇူက ပြန်ပြောလိုက်သည်။ “သူတို့လည်း အသက်အန္တရာယ်မရှိဘူး…. ဒါပေမယ့် သူတို့ရဲ့ကျင့်ကြံခြင်းတွေက ချိတ်ပိတ်ထားခံရတယ်… ကြည့်ရတာ သူတို့ကိုလည်း လေလံတင်မယ်နဲ့တူတယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “ကျုပ်သိတယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့ကိုယ်ထဲရှိ ဧကရာဇ်ချီများသည် ကွေ့ဇူ၏ ခန္ဓာထဲသို့ စီးဝင်သွားလေသည်။
ကွေ့ဇူ၏ ဖြူဖတ်ဖြူလျော်မျက်နှာမှာ ရုတ်တရက်ဆိုသလို နီမြန်းလာပြီး အနက်ရောင်သွေးတစ်ပွက်ကို ထိုးအန်လေ၏။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး လွတ်လပ်ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။ သူ့ကိုယ်ထဲ ချိတ်ပိတ်ထားခြင်းခံရသော အရင်းအမြစ်ချီတို့မှာ သူ့သွေးကြောများထဲ ချောချောမွေ့မွေ့ စတင် လည်ပတ်လာတော့လေ၏။
ခြောက်ခြားဖွယ်ရာ တစ္ဆေချီမှာလည်း သူ့ကိုယ်ထဲမှ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ “ဂိုဏ်းချုပ်… မင်းရဲ့ကျင့်ကြံခြင်းက…” ကွေ့ဇူ မင်တက်နေခဲ့လေသည်။
သူ့အား ချိတ်ပိတ်ခဲ့သည့်လူ၏စွမ်းအား မည်မျှအားကောင်းသလဲဆိုသည်ကို သူမသိပါသော်ငြား အနည်းအကျဉ်းတော့ ခန့်မှန်းမိပေသည်။
ထိုလူသည် ဒဏ္ဍာရီလာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။
သို့သော်ငြား တစ်ခဏလေးအတွင်း သူ့ဂိုဏ်းချုပ်မှာ ထိုလူမှ သူ့ကိုယ်ပေါ်တွင် တင်ထားသည့် ချိတ်စည်းကို အလွယ်တကူဖယ်ရှားပစ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဆိုလိုသည်မှာ ရန်ကိုင်၏ကျင့်ကြံခြင်းသည် ထိုလူအိုကြီးနှင့် ယှဉ်နိုင်သည့်အဆင့်သို့ ရောက်နေပြီလော။ ထို့အတွက်ကြောင့် ထိုအချက်ကိုနားလည်လိုက်စဉ် ကွေ့ဇူ အလွန်ကိုမှ အံ့အားသင့်သွားသည်မှာလည်း အထူးအဆန်းတော့မဟုတ်ချေ။
တကယ်တော့ သူတို့အားလုံးသည် ကြယ်တာရာအစုအဝေးသို့ အတူတကွ လာခဲ့ခြင်း မဟုတ်ပေလော။ သူနှင့် သူ၏ညီအစ်ကိုရောင်းရင်းများ တာအိုသခင်ဒုတိယအဆင့်သာ ရှိသေးချိန် ရန်ကိုင်ကမူ သူတို့ထက် အများကြီး ရှေ့ကြိုရောက်နေခဲ့သည်။ ယခင်နှစ်များအတောအတွင်း ရန်ကိုင် မည်ကဲ့သို့များ ဤမျှမြန်မြန် အဆင့်တက်နိုင်ခဲ့သလဲ ဆိုသည်ကို ကွေ့ဇူ လုံးဝ နားမလည်နိုင်ခဲ့ပေ။
“ကျုပ် ဧကရာဇ်အဆင့်ကို ရောက်ထားတာ သိပ်မကြာသေးဘူး…” ရန်ကိုင်က ကွေ့ဇူ၏ပုခုံးကိုပုတ်လျက် “နောက်မှပဲ ဆက်ပြောကြတာပေါ့…”
ကွေ့ဇူ ခေါင်းညိတ်လိုက်ပါသော်ငြား သူ့စိတ်ထဲတော့ အံ့အားသင့်နေခဲ့လေသည်။ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ သူထင်ထားသည်ထက် အများကြီးပို၍ နိမ့်ကျနေခဲ့ပါသော်ငြား ဤမျှအချိန်တိုအတွင်း ရန်ကိုင်အနေဖြင့် ဧကရာဇ်အဆင့်သို့ ရောက်နိုင်ခဲ့သည်မှာ အမှန်တကယ်ကို အံ့အားသင့်စရာပင်။
ပို၍အံ့အားသင့်ဖို့ကောင်းသည်မှာတော့ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသည့်တိုင် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးမှ ဖန်တီးထားသည့် ချိတ်စည်းအား အလွယ်တကူ ဖယ်ရှားနိုင်သည့်အချက်ပင်။
ဟုန်းလော့ကြယ်စီရင်စုတွင်ရှိစဉ်က ရန်ကိုင်သည် ဆန်းကြယ်မှုများကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖန်တီးခဲ့ပြီး သူ့ထက်ပို၍အားကောင်းသည့် ပြိုင်ဘက်များကို အနိုင်ယူခဲ့လေသည်။ ကြည့်ရသလောက် ကြယ်တာရာအစုအဝးသို့ ရောက်လာသည့်တိုင် ထိုအချက်မှာ ပြောင်းလဲသွားခြင်းမရှိသည့်ပုံပင်။
ထိုအချက်ကိုနားလည်လိုက်သော် ကွေ့ဇူ စိတ်လှုပ်ရှားသွားခဲ့သည်။
ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက် သူတို့အားကိုးနိုင်သည့်လူဆို၍ အနည်းငယ်လောက်သာ ရှိကြသည်။ သူတို့နေထိုင်နေသည့် ရွက်တစ်ထောင်ဂိုဏ်းသည်ပင်လျှင် ရှင်းပစ်ခံလိုက်ရလေသည်။ သို့သော်ငြား ရန်ကိုင်ထုတ်ပြသွားသည့် ခွန်အားကို မြင်ပြီးသည့်နောက် သူတို့တွင် အားကောင်းသည့်နောက်ခံရှိလာပြီမှန်း ကွေ့ဇူသိလိုက်လေသည်။
ထိုစဉ် စင်နောက်ဘက်ဆီမှ လူတစ်ဦး လမ်းလျှောက်ထွက်လာခဲ့သည်။ ရန်ကိုင်လည်း လှမ်းကြည့်လိုက်သည့်အခါ ထိုလူမှာ ဓါးအဖွဲ့အစည်း၏ ခေါင်းဆောင် ကုချန်းယွင်ဖြစ်နေကြောင်း သိလိုက်ရလေသည်။
ဟွာချင်းစီသည် ကုချန်းယွင်ကို မိတ်ပင်ဆက်မနေတော့ဘဲ ဝန်ထမ်းမလေးအား သူ့အား ရန်ကိုင်အခန်းဆီသို့ ခေါ်သွားပေးရန် အချက်ပြလိုက်သည်။
မကြာမီ ကုချန်းယွင် ရန်ကိုင်အခန်းဆီသို့ ရောက်လာခဲ့လေသည်။
ကုချန်းယွင်မှာ ရန်ကိုင်အား မြင်လိုက်ရသည့်အပေါ် ဝမ်းလည်းဝမ်းသာ အံ့လည်းအံ့အားသင့်မိသွားခဲ့သည်။ ကောင်းကင်ကြိုးကြာမြို့တွင်ရှိစဉ်က သူတို့အား ကယ်ဆယ်ခဲ့သူမှာ ရန်ကိုင်ဖြစ်ပေသည်။ ယခု နှစ်အနည်းငယ်ကြာပြီးသည့်နောက် သူတို့ ပြဿနာထပ်တက်နေသည့်အခါတွင်လည်း လာရောက်ကယ်ဆယ်သည့်လူမှာ ရန်ကိုင်ပင် ထပ်ဖြစ်နေခဲ့သည်။
ထို့အတွက်ကြောင့် ကုချန်းယွင်မှာ သူ့အနေဖြင့် အသက်ဆက်ရှင်နိုင်ရန်အတွက် အခြားသူများအပေါ် ထပ်တလဲလဲ အားကိုးနေရမည်လားဟုပင် တွေးမိသွားခဲ့လေသည်။
ယခုတစ်ကြိမ် စင်မြင့်ပေါ်သို့ ရောက်လာသူမှာတော့ အိုင်းအောင်သာ ဖြစ်လေသည်။
လေလံခန်းမမှာ ခြောက်ခြားဖွယ်ရာကောင်းစွာ တိတ်ဆိတ်နေခဲ့သည်။ လေလံပွဲ၏ပထမပိုင်းမှာတော့ အတော်လေးကိုမှ ထူးဆန်းလှသည်ဟု ထင်ခဲ့လေသည်။ လေလံပွဲတစ်ခုလုံးသည် ရန်ကိုင်နှင့် ဟွာချင်းစီမှ စကားပြောနေသည်များသာ ရှိကြပြီး အခြားသူများဝင်ရှုပ်ရန် အခွင့်အရေးမရခဲ့ပေ။ သို့သော်ငြား ဒုတိယအပိုင်းနှင့် ကြုံပြီးမှသာ ဤဒုတိယပိုင်းသည် ပထမတစ်ပိုင်းထက်ပင် ပိုဆိုးနေကြောင်း တွေ့လိုက်ရလေသည်။
လေလံတင်သည့်လူသည် လေလံပစ္စည်းများကိုပင် ကြေညာမနေသလို အခြားသူများအား လေလံပစ်ရန်လည်း အခွင့်အရေး ပေးမနေခဲ့ဘဲ လေလံတင်လာသည့် ပစ္စည်းအားလုံးကို အခန်းတစ်ခန်းဆီသို့သာ စုပြုံပို့ပေးနေခဲ့လေသည်။
သူတို့အား ပို၍ အံ့အားသင့်သွားစေခဲ့သည်မှာ သီးသန့်ခန်းများထဲတွင် ရှိနေကြသည့် ဧကရာဇ်အဆင့် ကျင့်ကြံသူများလည်း တိတ်နေကြခြင်းပင်။ မည်သူမျှ မေးခွန်းထုတ်မလို အထွန့်လည်း မတက်ကြချေ။
သူတို့ဘဝတစ်လျှောက်လုံး ဤမျှထူးဆန်းလှသည့် လေလံပွဲမျိုးနှင့် တစ်ခါမျှ မကြုံခဲ့ရဖူးချေ။ လေလံပွဲကြီးတစ်ခုလုံးမှာ အရှုပ်ထုပ်ကြီးတစ်ခုနှင့်ပင် တူနေပေသေးသည်။
“ပြီးတော့မယ်…” အိုင်းအောင်အား အခန်းထဲတွင် ထိုင်ခိုင်းလိုက်ပြီးသည့်နောက် ရန်ကိုင်သည် မျက်လုံးမှေးစင်းလျက် ပြောလိုက်လေသည်။
“ဘာပြီးတော့မှာလဲ…” အိုင်းအောင်သည် နားမလည်နိုင်ဟန်ဖြင့် ရန်ကိုင်အား ကြည့်လိုက်လေသည်။
ရန်ကိုင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားပြီဖြစ်ကြောင်း ကြားလိုက်ရသည့်အချိန် ရန်ကိုင်မှ သူ့ကျင့်ကြံခြင်းအား ချိတ်ပိတ်ထားသည့် ချိတ်စည်းကို မဖယ်ပေးပြီးသည့်အချိန်အထိ အိုင်းအောင်မှာ ယုံကြည်နိုင်ခဲ့ခြင်းမရှိ။
ရန်ကိုင်၏ ယောက္ခထီးတစ်ဦး ဖြစ်သည့်အလျောက် အိုင်းအောင်မှာ ယခုကိစ္စနှင့်ပတ်သက်၍ ပျော်ရခက် စိတ်ညစ်ရခက် ဖြစ်နေလေသည်။ သူ့သမီးလေး လူကောင်းတစ်ယောက်နှင့် တွေ့သွားသည့်အပေါ် ဝမ်းသာမိပါသော်ငြား လက်ရှိအချိန်အတောအတွင်း ဤသမက်ကောင်းလေးသည် ကြယ်တာရာအစုအဝေးထဲ မည်ကဲ့သို့များ ပွေရှုပ်နေမလဲ ဆိုသည်ကိုတော့ သူလည်း မပြောနိုင်ခဲ့ပေ။
ကြယ်တာရာအစုအဝေးထဲတွင် မိန်းမချောမိန်းမလှပေါင်းများစွာ ရှိကြကာ ရန်ကိုင်၏ စွမ်းရည်အရ သူ့အနေဖြင့် သူ့အနားတွင် မိန်းမအချို့ ခေါ်ထားသည်မှာ သဘာဝသာ ဖြစ်လေသည်။
ရွှယ့်ယွယ်သည်သာ တစ်နေ့ ကြယ်စီရင်စုကြီးမှ ကြယ်တာရာအစုအဝေးသို့ ရောက်လာခဲ့သည်ရှိသော် သူမအနေဖြင့် ကြယ်တာရာအစုအဝေးထဲတွင် ရှိနေသည့် ပါရမီရှင်မိန်းကလေးများနှင့် မယှဉ်နိုင်မည်ကို အိုင်းအောင်စိတ်ပူနေရသည်။ ဖအေတစ်ယောက်ဖြစ်သည့်အလျောက် သူ့အနေဖြင့် ထိုကိစ္စကို စိတ်မပူဘဲ ဘယ်နေမည်နည်း။ တစ်ခါတစ်ရံ သူရွေးချယ်လိုက်သည့် သမက်တစ်ယောက် အလွန်ကိုမှ ထူးချွန်နေသည်မှာ ကောင်းမှ ကောင်းပါလေစွဟုပင် တွေးမိသွားရသည်အထိပင်။