← Chapters

အခန်း (၂၆၉၂)

Vol. 115 Ch. 2692

အခန်း (၂၆၉၂)

Vol. 115 Ch. 2692

“ဒါနဲ့ ချိုက်ဟူရော…” ရန်ကိုင်သည် ရုတ်တရက် တစ်ယောက်ယောက်အား စဉ်းစားမိသွားလေသည်။

ချိုက်ဟူသည် ဟုန်းလော့ကြယ်စီရင်စုကြီးမှ ရောက်လာခဲ့ခြင်းမဟုတ်ဘဲ ကြယ်တာရာအစုအဝေး၏ ဒေသခံတစ်ဦး ဖြစ်ပေသည်။

သို့သော်ငြား သူသည် ကွေ့ဇူ၊ အိုင်းအောင်၊ ချီယွဲ့၊ ကုချန်းယွင်တို့နှင့် အလွန်ကိုမှ ရင်းနှီးလေရာ သူတို့နှင့် သွေးသောက်ညီအစ်ကိုမောင်နှမများပင် ဖြစ်လာခဲ့ကြသည်။

ထိုစဉ်က ရန်ကိုင်နှင့်အတူ ဟုန်းလော့ကြယ်စီရင်စုကြီးမှ လာခဲ့သည့် စုစုပေါင်း လူငါးဦးရှိပေသည်။ ဝူတောက်၊ ကွေ့ဇူ၊ အိုင်းအောင်၊ ချီယွဲ့နှင့် ကုချန်းယွင်တို့ပင်။

ထိုလူများအနက် ဝူတောက်သည် အားအကောင်းဆုံး ကျင့်ကြံသူဖြစ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ကံကြမ္မာသည် သူ့ဘက်တွင် ရှိမနေခဲ့ပေ။ တာအိုသခင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်စဉ် ဝူတောက်သည် မိုးမြေကောင်းချီးအောက်၌ အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အတွက်ကြောင့်ပင်လျှင် ချီယွဲ့၊ အိုင်းအောင်၊ ကုချန်းယွင်နှင့် ကွေ့ဇူတို့သာ ကျန်ရစ်တော့လေ၏။

သူတို့လေးဦး ကောင်းကင်ကြိုးကြာမြို့တွင် ရုန်းကန်နေရစဉ်က ချိုက်ဟူမှ သူတို့အား ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်ပင်လျှင် နောက်ပိုင်း သူတို့ကြား ဆက်ဆံရေးမှာ ပိုပို၍ ခိုင်မြဲလာခဲ့ကာ သွေးသောက်ညီအစ်ကိုများ ဖြစ်လာရခြင်းမှာပင်။

ကွေ့ဇူသည် အကြီးဆုံးအစ်ကိုဖြစ်ပြီး အိုင်းအောင်မှာတော့ ဒုတိယလိုက်ကာ ကုချန်းယွင်သည် တတိယနေရာတွင်ရှိ၍ ချိုက်ဟူမှာတော့ လေးယောက်မြောက်ဖြစ်ပေသည်။ ချီယွဲ့သည် အားလုံးအနက် အငယ်ဆုံးဖြစ်၏။

ရန်ကိုင် ကောင်းကင်ကြိုးကြာမြို့နားမှ ဖြတ်သွားစဉ် ကောင်းကင်ကြိုးကြာမြို့၏ မြို့သခင်ဖြစ်သော လော့ကျင်းသည် ချီယွဲ့အား သူနှင့် အတင်းအကြပ် လက်ထပ်ခိုင်းနေကြောင်း တွေ့လိုက်ရလေသည်။ ထိုစဉ်က ချိုက်ဟူသည် ချီယွဲ့ကိုကယ်ဆယ်နိုင်ရန်အတွက် လော့ကျင်း၏သမီးဖြစ်သော လော့ပင်းကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ သို့သော်ငြား သူ၏ကြိုးစားမှုမှာ အချည်းအနှီးသည်သာ။ ရန်ကိုင်မှ ဝင်ရောက်ကူညီပေးခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက ချိုက်ဟူသည်ပင်လျှင် ပြဿနာတက်နေလောက်ပေပြီ။

နောက်ပိုင်းတွင် ရန်ကိုင်သည် ကောင်းကင်ကြိုးကြာမြို့၏ မြို့သခင်စံအိမ်ထဲတွင် ပြဿနာရှာခဲ့ပြီး ကျင့်ကြံသူပေါင်းများစွာကို သတ်ပစ်ခဲ့သည်။ ထို့နောက် သူ့စီနီယာများကို ကယ်ဆယ်ကာ ရွက်တစ်ထောင်ဂိုဏ်းသို့ ပြန်ခေါ်လာခဲ့လေသည်။

ယခုမှသာလျှင် ရန်ကိုင်လည်း ချိုက်ဟူကို ပြန်စဉ်းစားမိတော့သည်။

ရန်ကိုင်၏အမေးကိုကြားသော် ကွေ့ဇူက ရယ်သွမ်းသွေးလျက် “လေးယောက်မြောက်ညီလေးက အချစ်နောက်လိုက်သွားပြီ…”

“ဘယ်သူနဲ့လဲ…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။

အိုင်းအောင်က ညစ်ကျယ်ကျယ်အမူအယာဖြင့် “ဟိုကောင်မလေး လော့ပင်းနဲ့လေ…”

“သူလား…” ရန်ကိုင်ကြောင်သွားခဲ့လေသည်။

ချိုက်ဟူသည် ထိုစဉ်က လော့ပင်းအား ပြန်ပေးဆွဲခဲ့ဖူးသည်။ သူတို့နှစ်ဦးသည် ရန်သူမဟုတ်ကြသည့်တိုင် သူတို့နှစ်ဦးသားကြား ဤကဲ့သို့သော ခံစားချက်များ ပေါက်ဖွားမလာသင့်ပေ။ ထို့အတွက်ကြောင့် သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုက်သွားသည်မှာ သိပ်၍တော့ ယုတ္တိမရှိလှ။

အိုင်းအောင်က ရှင်းပြလိုက်သည်။ “လေးယောက်မြောက်ညီလေး အဲ့ကောင်မလေးကို ပြန်ပေးဆွဲတုန်းက အဲ့ကောင်မလေးလည်း ဒုက္ခရောက်နေတာလေ… ဒီတော့ လေးယောက်မြောက်ညီလေးက အခြားအကြံအစည်နဲ့ သူ့ကို ကယ်ဆယ်ခဲ့တာတောင်ကို အဲ့ကောင်မလေးကတော့ လေးယောက်မြောက်ညီလေးကို ကျေးဇူးရှင်အဖြစ် တန်ဖိုးထားတုန်းပဲ… ကြည့်ရတာ သူလည်း ကျေးဇူးနဲ့ ရန်ငြိုးကို ကောင်းကောင်းခွဲခြားတတ်တဲ့ ပုံပါပဲ… ဒါပေမယ့် သူ့အဖေက မင်းလက်မှာသေသွားတာ… လေးယောက်မြောက်ညီလေးက ငါတို့ရဲ့ သွေးသောက်ညီအစ်ကိုဆိုတော့ အဲ့ကောင်မလေးက သူ့ရဲ့ခံစားချက်တွေကို ဘယ်လိုမှ ထုတ်မပြောနိုင်ခဲ့ဘူး… အဲ့ကောင်မလေး လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ထွက်သွားတယ်… ဒါပေမယ့် လေးယောက်မြောက်ညီလေးက သူ့ကိုစိတ်မချလို့ဆိုပြီး သူ့နောက်ကိုလိုက်သွားတာ… အခုချိန်ထိ ဘာသတင်းမှကို မကြားရတော့ဘူး…”

ကုချန်းယွင်က ဆက်ပြောလိုက်သည်။ “ကံကောင်းတယ်လို့ပဲ ပြောရမလား… ကံဆိုးတယ်လို့ပဲ ပြောရမလား… သူ အဲ့ကောင်မလေးနောက် လိုက်သွားလို့ပဲ ငါတို့လို ဒုက္ခမရောက်ခဲ့တာ…”

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ချိုက်ဟူသည် ရွက်တစ်ထောင်ဂိုဏ်းတွင် ရှိမနေသည့်အတွက်ကြောင့် သူ့အား စိတ်ပူစရာ မလိုတော့ချေ။ ရန်ကိုင် ရုတ်တရက် ကောက်မေးလိုက်ရခြင်းမှာ ချိုက်ဟူသည် ကွေ့ဇူတို့နှင့် သွေးသောက်ညီအစ်ကို ဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူနှင့် ချိုက်ဟူသည် အမှန်တကယ်တမ်း ရင်းနှီးခြင်းမရှိပေ။

“ငါးယောက်မြောက်ညီမလေးကတော့ အဲ့ခွေးသူတောင်းစားရဲ့ လက်ထဲမှာ ရှိနေသေးတယ်…” အိုင်းအောင်က သုန်သုန်မှုန်မှုန်ဖြင့် ပြောလိုက်သည်။ “သူ့ကို ဘယ်ချိန်မှ လေလံတင်မလဲမသိဘူး….”

ကွေ့ဇူသည်လည်း စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူတို့အကုန်လုံးကို လေလံတင်ခဲ့လေရာ ချီယွဲ့ကိုလည်း လေလံတင်သင့်ပေသည်။

သို့ရာတွင် ရန်ကိုင်က ခေါင်းခါလျက် “ကျုပ်သာ အဲ့လူဆိုရင်တော့ အနည်းဆုံး ဓါးစာခံတစ်ဦးလောက်ကို လိုရမယ်ရ ခေါ်ထားမှာ….”

သူတို့အကုန်လုံး အံ့အားသင့်သွားခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် စင်မြင့်ပေါ်၌ ရှိနေသော ဟွာချင်းစီက ပြောလိုက်သည်။ “ဧည့်သည်တို့ ဒီနေ့လေလံပွဲ ပြီးသွားပြီ… ဒါပေမယ့် ကျေးဇူးပြုပြီး ကိုယ့်နေရာမှာပဲကိုယ် ဆက်ပြီး ထိုင်နေပေးကြပါ… ရှင်တို့အားလုံးက အဝေးကြီးကနေလာပြီးတော့ ဒီလေလံပွဲကို တက်ရောက်ပေးခဲ့တဲ့အတွက်ကြောင့် ကျွန်မဆရာက ရှင်တို့အားလုံးအတွက် လက်ဆောင်လေးတစ်ခု ပြင်ဆင်ပေးထားပါတယ်… ရှင်တို့အားလုံး အဲ့လက်ဆောင်ကို ကြိုက်နှစ်သက်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်…”

“တကယ်ကြီးခေါ်ထားတာပဲ…” အိုင်းအောင်မျက်နှာ သုန်မှုန်သွားခဲ့သည်။

လေလံပွဲမှာ ပြီးသွားပြီဖြစ်ပါသော်ငြား ချီယွဲ့ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရသေးချေ။ ထို့အတွက်ကြောင့် ချီယွဲ့အား ဓါးစာခံလုပ်ထားသည်မှာ အထင်းသားပင်။

သူတို့အားလုံးမှာ ထိုလူအိုကြီး၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး သူတို့၏ကျင့်ကြံခြင်းပင် ချိတ်ပိတ်ခံခဲ့ရပါသော်ငြား ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည်ကို လုံးဝ နားမလည်ခဲ့ပေ။

“မွန်းစတားဘုရင်… သူတို့ကို ကာကွယ်ထားလိုက်…” ရန်ကိုင်က အမိန့်ပေးလိုက်လေသည်။ ထို့နောက် အခန်းထဲမှ ပျံထွက်သွားပြီး လေလံခန်းမ၏ ဟင်းလင်းပြင်ထဲတွင် ပြန်ပေါ်လာခဲ့သည်။ ထို့နောက် စင်မြင့်အနောက်ဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။

လက်ရှိအချိန်၌ ထိုနေရာတွင် မည်သူမျှ ရှိမနေခဲ့ပေ။ ပုံမှန်ရှိနေကြ ဝူမင်ကိုပင်လျှင် မတွေ့ရတော့။ ရန်ကိုင်သည် ဟွာချင်းစီကို အချက်ပြ၍ ပြောလိုက်သည်။ “အစ်မဟွာ… အခန်း(၁)ဆီ သွားနေလိုက်…”

ထိုနေရာတွင် ယင်ဖေးရှိနေသည့်အတွက်ကြောင့် တစ်ခုခုသာ ဖြစ်လာပါက သူမအား ကာကွယ်ပေးထားနိုင်ပေသည်။

ဟွာချင်းစီလည်း ခေါင်းညိတ်လိုက်ပြီး အခန်း(၁)ဆီသို့ ပျံသန်းသွားလေ၏။

သီးသန့်ခန်းများထဲတွင် ရှိနေသည့် ကျင့်ကြံသူအားလုံးမှာတော့ ရန်ကိုင်အား စုပြုံကြည့်နေလေသည်။ ဤကောင်လေး နောက်တစ်ကြိမ် ဘာပြဿနာထပ်ရှာဦးမလဲ သူတို့သိချင်နေကြသည်။

ရန်ကိုင်သည် သူ၏ကောင်းကင်စိတ်အာရုံကို ဒီရေလှိုင်းလုံးနှယ် ဖြန့်ကျက်၍ အော်ပြောလိုက်သည်။ “ခွေးအိုကြီး… ခင်ဗျား ဒီလေလံပွဲကိုသုံးပြီး ဒီသခင်လေးကို ပေါ်လာအောင် လုပ်ခဲ့တယ်… ခင်ဗျားလုပ်ခဲ့တဲ့အတိုင်းပဲ ဒီသခင်လေး တကယ်ရောက်လာတယ်… အခု ကျုပ်မိတ်ဆွေတွေကိုသုံးပြီးတော့ အချိန်ထပ်ဆွဲသေးတယ်… ကျုပ်လည်း ခင်ဗျားကြိုးဆွဲရာအတိုင်းပဲ လိုက်ကပေးလိုက်တယ်… အခုချိန်လောက်ဆို ခင်ဗျားပြင်ဆင်တာတွေအကုန်လုံး ပြီးသင့်နေလောက်ပြီ… ဘာဖြစ်လို့ အခုထိ လူလုံးထွက်မပြသေးတာလဲ… ခင်ဗျား ဒီလောက်တောင် ကြောက်နေတာလား…”

ရန်ကိုင်မှ ထိုကဲ့သို့ အော်ပြောလိုက်ပါသော်ငြား မည်သည့်တုံ့ပြန်သံမှ မထွက်လာခဲ့ပေ။

သို့သော်ငြား ခန်းမထဲတွင်ရှိနေသည့် ကျင့်ကြံသူအားလုံးမှာတော့ ရန်ကိုင်ပြောသည်ကိုကြားပြီးသည့်နောက် အချင်းချင်း တီးတိုးဆွေးနွေးကုန်ကြလေ၏။

“ခွေးအိုကြီး… ဒီလောက်တောင်ကြောက်နေတာ ခင်ဗျားကိုယ်ခင်ဗျား မရှက်တတ်ဘူးလား… ကြယ်ဝိဉာဉ်နန်းတော်လို အင်အားစုကြီးရဲ့ အကြီးအကဲတစ်ယောက်ဖြစ်နေပြီး ဘာတွေ ဒီလောက်တောင် ကြောက်နေရတာလဲ…” ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်လေသည်။

“ဘာ… ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲ…”

“ဒီမှာ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက် ရှိနေတာလား…”

“ဒီကောင် ဘာတွေပြောနေတာလဲ…”

ရန်ကိုင်၏စကားလုံးများသည် လူအုပ်ကြီးတစ်ခုလုံးအား ကျွတ်ကျွတ်ညံသွားစေခဲ့လေသည်။

ကြယ်ဝိဉာဉ်နန်းတော်သည် တောင်ဘက်နယ်မြေရှိ သာမညဂိုဏ်းတစ်ဂိုဏ်းမဟုတ်။ ကြယ်ဝိဉာဉ်နန်းတော်တစ်ခုလုံးကို ကိုယ်စားပြုနေသည့် အရှင်သခင်တစ်ပါးလည်း ဖြစ်ပေသည်။ တကယ်တော့ ကြယ်ဝိဉာဉ်နန်းတော်သည် တောင်ဘက်နယ်မြေတစ်ခုလုံးကို ကာကွယ်ပေးထားသည့် မဟာဧကရာဇ်တစ်ပါးမှ တည်ထောင်ထားသည့် ဂိုဏ်းပင် မဟုတ်လေလော။

ပုံမှန်အားဖြင့် ကြယ်ဝိဉာဉ်နန်းတော်မှ အကြီးအကဲတစ်ဦးအား မြင်ရရန် အတော်လေးကိုမှ ခဲယဉ်းလှသည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ထိပ်တန်းဂိုဏ်းများ၏ ဂိုဏ်းချုပ်နှင့် အဆင့်အတန်းအတူတူတွင် ရှိနေပေသည်။

ယခုလက်ရှိ ရန်ကိုင်ပြောသည်ကို ကြည့်ရသလောက် ရန်ကိုင်သည် ထိုကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲနှင့် ရန်ငြိုးရန်စများ ရှိနေသည့်ပုံပင်။

သူ့လုပ်ရပ်သည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လေလော။

ထိုကောင်လေးသည် တောင်ဘက်နယ်မြေတွင် ရှိနေသည့် လူများအနက် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲကိုမှ သွားရောက်ရန်စခဲ့သည်။ ထိုသို့ရန်စပြီးသည့်တိုင် ယခုကဲ့သို့လည်း အရှက်မဲ့စွာဖြင့် ကြွားလုံးထုတ်ကာ ပြောဆိုနေခဲ့သည်။ ကောင်းကင်နှင့်မြေပြင် မည်မျှကွာခြားသလဲဆိုသည်ကို ထိုကောင် တကယ်မသိလေသလော။

လက်ရှိတွင် လူပေါင်းများစွာသည် ရန်ကိုင်အား သေလူတစ်ယောက်ကိုကြည့်နေသည့်အလား စိုက်ကြည့်နေကြလေသည်။

ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးအား ရန်စပြီးမှဖြင့် ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ အသက်ရှင်နိုင်ပါတော့မည်နည်း။

“ဟား ဟား ဟား ဟား….” ရုတ်တရက် ထွက်ပေါ်လာသည့် ခြောက်ခြားဖွယ်ရာ ရယ်သံကြီးကြောင့် လူအုပ်ကြီးတစ်ခုလုံး ရင်တမမ ဖြစ်သွားခဲ့ရသည်။ သီးသန့်ခန်းများထဲတွင် ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များမှာ ထိုရယ်သံကြီးကို ကြားလိုက်ရပြီးသည့်နောက် သူတို့၏အရှိန်အဝါများ မတည်မငြိမ်ဖြစ်သွားသည်ကို ခံစားမိလိုက်ကြကာ အလွန်ကိုမှ ထိတ်လန့်သွားကုန်ကြလေသည်။ သူတို့၏ဧကရာဇ်ချီကိုပင်လျှင် ထိုရယ်သံအောက်ဝယ် ကောင်းကောင်း မထိန်းချုပ်နိုင်တော့ပေ။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ရယ်မောနေသည့်လူ မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။

ထိုလူသည် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲပေလော။ ကြယ်ဝိဉာဉ်နန်းတော်တွင် အကြီးအကဲ များများစားစား မရှိလှ။ သို့သော်ငြား ရယ်သံတစ်ချက်တည်းဖြင့် သူတို့အား ဤကဲ့သို့ ဖြစ်သွားစေနိုင်လောက်သည့်လူကမူ အနည်းငယ်သာ ရှိပေသည်။

“မိတ်ဆွေလေးရန်နဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွေကြားခဲ့ဖူးတာ ကြာနေပြီ… ဒီနေ့မှပဲ အဲ့ဇာတ်လမ်းတွေက ချဲ့ကားပြောထားတာတွေမဟုတ်တော့မှန်း သိသွားရတယ်…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီသခင်လေးက မျက်နှာမရှိတဲ့လူတွေကို စကားမပြောဘူး… လူလုံးထွက်ပြလာလိုက်…”

တစ်ခဏကြာ တိတ်ဆိတ်နေပြီးသည့်နောက် အသံပိုင်ရှင်က ပြန်ပြောလိုက်လေသည်။ “မိတ်ဆွေလေးရန်က ဒီလောက်တောင်တောင်းဆိုနေမှတော့လည်း ဒီလူအိုကြီးကလည်း ဖြည့်ဆည်းပေးရတာပေါ့…”

ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး မှိန်ကျသွားခဲ့ပြီး လေလံစံအိမ်တွင် ရှိနေသည့် ဟင်းလင်းပြင်အစီအရင်များမှာလည်း တဖျတ်ဖျတ် တောက်ပလာကြတော့လေသည်။ ထို့နောက်တွင် ကမ္ဘာကြီးတစ်ခုလုံး အထက်အောက်ပြောင်းပြန်လန်ကာ ဟင်းလင်းပြင်တစ်ခုလုံး ပျက်စီးတော့မလို အကုန်လုံး ခံစားလိုက်ကြရလေသည်။ မမြင်နိုင်သည့် ဆွဲအားတစ်ရပ်သည် အကုန်လုံးအား အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ ဆွဲခေါ်နေသည့်အလား။

“ဟမ်… ယွမ်ရှစ်သွယ်အကာအကွယ်အစီအရင်လား…” အခန်း(၁)တွင်ရှိနေသော မိသားစုခေါင်းဆောင်ကုန်း၏အမူအယာ သုန်မှုန်သွားခဲ့ပြီး ချက်ချင်းပဲ အစီအရင်အလံတိုင်များကိုထုတ်၍ ထိုအစီအရင်အလံတိုင်များထဲသို့ သူ၏ဧကရာဇ်ချီကို ထည့်သွင်းလိုက်လေသည်။ ထို့‌နောက် သူ့လက်ကိုဝှေ့ယမ်းလျက် ထိုအလံတိုင်များကို ဟင်းလင်းပြင်ထဲရှိ နေရာတစ်ခုဆီသို့ ပစ်လွှတ်လိုက်လေသည်။

အစီအရင်အလံတိုင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်မှာ ချက်ချင်း တည်ငြိမ်သွားခဲ့လေသည်။

“ကုန်းထိုင်… မင်း သေချင်နေတာလား…” ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်လာခဲ့သည်။ ထိုအသံသည် ယခင်က ထွက်လာခဲ့သည့် ဆန်းကြယ့်သည့်အသံသာ ဖြစ်လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ထိုအသံထဲ မိသားစုခေါင်းဆောင်ကုန်း၏ လုပ်ရပ်နှင့်ပတ်သက်၍ အလွန်တရာကိုမှ ဒေါသထွက်နေသည့်အလား ဒေါသသံတို့ စွက်ဖက်နေခဲ့လေသည်။

ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းသည် ကုန်းထိုင်၏ အသိစိတ်ပင်လယ်အား လာရောက်ရိုက်ခတ်ရာ ကုန်းထိုင်မှာ ခေါင်းတစ်ခုလုံး မူးဝေသွားခဲ့ရသည်။ သူ့ခေါင်းတစ်ခုလုံးမှာလည်း တဆစ်ဆစ်ကို ကိုက်ခဲလာခဲ့လေရာ သွေးတစ်ပွက်ထိုးအန်၍ မြေပြင်ပေါ်သို့ လဲကျခါနီး ဖြစ်သွားခဲ့ရသည်။

အခြေအနေမှာ ထိုမျှနှင့်ပင် မပြီးသေး။ အခန်း(၁)ထဲ ငါးရောင်ခြယ်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ထက်ရှသည့် ဓါးတစ်ချောင်းအသွင်သို့ ပြောင်းလျက် ကုန်းထိုင်တည့်တည့်သို့ တိုးဝင်သွားလေသည်။

ထိုငါးရောင်ခြယ်အလင်းဓါးသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးအား သတ်ဖြတ်ပစ်ခဲ့သော အလင်းဓါးနှင့် အတူတူသာ ဖြစ်လေသည်။

ကုန်းထိုင်စိတ်ထဲ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူ့ဆီသို့ တိုးဝင်လာနေသည့် ဓါးသွားကိုကြည့်ရင်း ကုန်းထိုင်၏ မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့သည်။

ငါးရောင်ခြယ်ဓါးအလင်းတန်း သူ့အား ထိခါနီးမှာပင် စူးရှလှသည့် သိမ်းငှက်အော်သံနှင့်အတူ သိမ်းငှက်လက်သည်းတစ်ခု ဘေးဘက်ဆီမှ ထွက်ပေါ်လာပြီး ထိုဓါးသွားအား ရှေ့သို့ တိုးမရတော့အောင် တင်းတင်းကြပ်ကြပ် ဖမ်းကိုင်ထားလိုက်လေသည်။

ကုန်းထိုင်မှာတော့ အမောတကောကို အသက်ရှုနေခဲ့လေသည်။ ယခုမှသာလျှင် သေဘေးမှ ကပ်သီးလေးလွတ်သွားခဲ့မှန်း သဘောပေါက်သွားခဲ့သည်။

အကြောက်မပြေသေးသည့် အမူအယာဖြင့် ဘေးသို့ လှမ်းကြည့်လိုက်ရာ ယင်ဖေးမှ သူ့အား ခေါင်းညိတ်ပြနေကြောင်း တွေ့လိုက်ရလေသည်။ “စိတ်မပူနဲ့… ကျုပ်ရှိနေသရွေ့ ခင်ဗျားကို ဘယ်သူမှ မသတ်နိုင်စေရဘူး…”

ကုန်းထိုင်သည် ချက်ချင်းထရပ်၍ တလေးတစားဖြင့် လက်သီးဆုပ်လိုက်၏။ “ကျေးဇူးအများကြီးတင်ပါတယ် မွန်းစတားဘုရင်…”

ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲသည် သူ့အား သတ်ချင်နေချိန် မွန်းစတားဘုရင်သည် သူ့အသက်ကို ကယ်တင်ခဲ့သည်။ ဤအခြေအနေမှာ တကယ်ကိုမှ နားလည်ရခက်စရာပင်။

ယင်ဖေးက သူ့လက်ကိုဝှေ့ယမ်းလျက် “ဘာမှမဖြစ်ဘူး… ခင်ဗျားပြောတဲ့ ဒီယွမ်ရှစ်သွယ်အကာအကွယ်အစီအရင်က ဘာလုပ်တာလဲ…”

ရန်ကိုင်သည် ကုန်းထိုင်အား အခန်းထဲသို့ ပြန်ခေါ်လာပြီးသည့်နောက် သူနှင့် ခဏကြာမျှ စကားပြောခဲ့သည်။ ထို့အတွက်ကြောင့် ကုန်းထိုင် အစီအရင်ပညာရှင်တစ်ဦး ဖြစ်နေမှန်း ယင်ဖေးသိနေခြင်းပင်။ ထို့ကြောင့်သာမဟုတ်ပါက ကုန်းထိုင်အနေဖြင့် ယခုအသစ်စက်စက် အသက်ဝင်လာသည့်အစီအရင်အား တစ်ချက်ကြည့်လိုက်ရုံဖြင့် ခန့်မှန်းမိလိမ့်မည် မဟုတ်ချေ။

ကွေ့ဇူနှင့် အခြားသူများမှာလည်း ကုန်းထိုင်ဘက်သို့ လှည့်ကြည့်လာကြလေသည်။

ကုန်းထိုင်က သက်ပြင်းချလျက် “ယွမ်ရှစ်သွယ်အကာအကွယ်အစီအရင်ဆိုတာက ဟင်းလင်းပြင်အစိတ်အပိုင်းတစ်ခုကို သီးသန့်အစိတ်အပိုင်းတစ်ခု ဖြစ်သွားအောင် လုပ်ပစ်တဲ့ အစီအရင်တစ်မျိုးပဲ… ဒီမှာ ပင်မအစီအရင်ကြီးတစ်ခု ရှိနေမှန်းတော့ သိတယ်… အဲ့အစီအရင်က ယွမ်ရှစ်သွယ်အကာအကွယ်အစီအရင် ဖြစ်နေမယ်ဆိုတာကိုပဲ မသိခဲ့တာ…”

“ပင်မအစီအရင်… အခြားအစီအရင်တွေလည်း ရှိသေးတာလား…” ယင်ဖေး မျက်မှောင်ကျုံ့သွားခဲ့သည်။

“ဓာတ်ကြီးငါးပါးပိတ်လှောင်ခြင်းအစီအရင်လည်း ထပ်ရှိသေးတယ်…” ကုန်းထိုင်က ပြန်ပြောလိုက်သည်။ “အဲ့အစီအရင်နှစ်ခုက တစ်ခုနဲ့တစ်ခု အပြန်အလှန် အားဖြည့်ပေးတဲ့ အစီအရင်တစ်မျိုးပဲ… ကြည့်ရတာ အစီအရင်တွေကို ခင်းကျင်းသွားတဲ့လူက အစီအရင်ပညာမှာ တော်တော်လေး ကျွမ်းကျင်တဲ့ပုံပဲ…”

တစ်ချက်ရပ်ပြီးသည့်နောက် ကုန်းထိုင်သည် ယင်ဖေးအား ကြည့်၍ ပြောလိုက်သည်။ “မွန်းစတားဘုရင်… ကျုပ် တစ်ခုလောက် မေးလို့ရမလား… အဲ့ညီငယ်လေးနဲ့ ကြယ်ဝိဉာဉ်နန်းတော်ကြားမှာ ဘယ်လိုရန်ငြိုးရန်စတွေရှိနေလို့ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲက ဒီလိုအစီအရင်တစ်ခုကို ခင်းကျင်းပြီးတော့ သူ့ကို ပိတ်ဖမ်းရတာလဲ…”

ယင်‌ဖေးမျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “ခင်ဗျားပြောချင်တာက ဒီအစီအရင်တွေက လူတွေကို ဖမ်းနိုင်တယ်ပေါ့…”

ကုန်းထိုင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်…” ထို့နောက် ဆက်၍ ရှင်းပြလိုက်လေ၏။ “ဓာတ်ကြီးငါးပါး ပိတ်လှောင်ခြင်းအစီအရင်က လေလံစံအိမ်ထဲမှာ ရှိနေတဲ့ လူတွေအကုန်လုံးကို ပြင်ပကမ္ဘာကြီးနဲ့ ခွဲထုတ်ပစ်နိုင်တယ်… အခု လေလံစံအိမ်တစ်ခုလုံးက သီးခြားကမ္ဘာငယ်လေးတစ်ခုထဲကို ရောက်နေသလို ဖြစ်နေတာ… အဲ့အစီအရင်ကိုသာ မဖျက်ဆီးပစ်ရင် ကျုပ်တို့အားလုံး ဒီနေရာကနေ ဘယ်လိုမှ ထွက်သွားနိုင်တော့မှာမဟုတ်ဘူး… ယွမ်ရှစ်သွယ်အကာအကွယ်အစီအရင်ကတော့ အဲ့ဒါက ဒီနေရာမှာရှိနေတဲ့လူတိုင်းကို သီးသန့်ဟင်းလင်းပြင်တစ်ခုထဲဆီကို ခွဲထုတ်ပစ်တာ… ဒီလူအိုကြီးသာ မြန်မြန်မလုပ်လိုက်လို့ရှိရင် ဒီမှာရှိနေတဲ့လူတွေ တစ်ယောက်ချင်းစီတိုင်း သီးခြားနေရာတစ်ခုဆီကို ရောက်သွားပြီ…”

ထိုစကားကိုကြားသည့်အခါ ယင်ဖေး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ “ဒါဆိုအခြေအနေမကောင်းတော့ဘူး…”

ထို့နောက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်၏အရိပ်အယောင်ကို မမြင်ရကြောင်း တွေ့လိုက်ရလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပိန်းပိန်းပိတ်အောင် မည်းမှောင်နေခဲ့သည်။ အခန်းတစ်ခုလုံးသည် ဟင်းလင်းပြင်ထဲသို့ ရောက်သွားသည့်အလား။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်တိုင် မည်သူ၏အရှိန်အဝါကိုမှ ယင်ဖေး အာရုံခံမရခဲ့ပေ။ ကြည့်ရသလောက် ခန်းမထဲတွင်ရှိနေသည့် ထောင်နှင့်ချီသောလူများသည် လေထဲ ဗြုန်းစားကြီး ပျောက်ကွယ်သွားသည့်အလား။

All Chapters