← Chapters

အခန်း (၂၆၉၅)

Vol. 115 Ch. 2695

အခန်း (၂၆၉၅)

Vol. 115 Ch. 2695

ရန်ကိုင်က ခေါင်းခါလိုက်သည်။ “ကျုပ်ကိုလာပြောနေလို့ အပိုပဲ အကြီးအကဲတန်… ပြောချင်ရင် ဟွာချင်းစီကို တိုက်ရိုက်ပြောလိုက်… ခင်ဗျားက ဒီအစီအရင်ကို ထိန်းချုပ်နေတဲ့လူမလား… ဒီတော့ ခင်ဗျား သူ့ကို ဆက်သွယ်လို့ရမှာပေါ့…”

တန်ကျွင်းဟောင်က မျက်မှောင်ကျုံ့လျက် အနည်းငယ်စိတ်မရှည်ဟန်ဖြင့် “မိတ်ဆွေလေးရဲ့တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်တာ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့…”

“ဘာလို့လဲ…” ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့သည်။

တန်ကျွင်းဟောင်က ရှင်းပြလိုက်သည်။ “အခုလောလောဆယ် အခန်း(၁)က ဒီလူအိုကြီးရဲ့ အစီအရင်ကနေ ခွဲထွက်သွားပြီ… ဒီလူအိုကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေတော့ဘူး… ဒီလူအိုကြီးရဲ့အသံကိုလည်း အဲ့နေရာဆီ ပို့လို့မရတော့ဘူး…”

မူလကသာဆိုလျှင်တော့ သူ့အနေဖြင့် အခန်း(၁)ဆီသို့ သူ့အသံကို ပို့လွှတ်၍ ရနိုင်ပါသော်ငြား ကုန်းထိုင်မှ ဝင်ရှုပ်လိုက်သည့်အတွက်ကြောင့် အခန်း(၁)သည် သူ့ဘာသာသူ သီးခြားဟင်းလင်းပြင်တစ်ခုထဲ ရောက်သွားကာ တန်ကျွင်းဟောင်၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့ပေ။

အစီအရင်ပညာရှင်တစ်ဦး၏စွမ်းရည်မှာ ဟာသမဟုတ်ပေ။

“ခင်ဗျား တကယ်ပြောနေတာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

သူ့စိတ်ထဲ ကြိတ်၍လည်း ဝမ်းသာနေခဲ့လေသည်။ ဤသို့သာ ဖြစ်သွားမည်ဆိုပါက သူ့အနေဖြင့် ဟွာချင်းစီနှင့် သူ့မိတ်ဆွေများ၏ လုံခြုံရေးကို စိတ်ပူနေစရာ မလိုတော့ချေ။ အစကမူ ဟွာချင်းစီနှင့် ကျန်သူများ၏အသက်ကို တန်ကျွင်းဟောင်မှ နှလုံးချုပ်အင်းစက်ဖြင့် ထိန်းချုပ်ထားသည့်အတွက်ကြောင့် စိတ်ပူခဲ့ရပါသော်ငြား ယခု တန်ကျွင်းဟောင်ရှင်းပြသည်ကို ကြားပြီးသည့်နောက် သူ့စိတ်ထဲ ဝမ်းသာသွားခဲ့ရလေသည်။

အခန်း(၁)သည် တန်ကျွင်းဟောင်၏ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့သလို သူ၏ကောင်းကင်စိတ်အာရုံကိုလည်း ပို့လွှတ်၍ မရတော့သည့်အတွက်ကြောင့် နှလုံးချုပ်အင်းစက်များကိုသုံး၍ ဟွာချင်းစီတို့အား နှိပ်စက်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။

ကြည့်ရသလောက် မိသားစုခေါင်းဆောင်ကုန်းကို ရလိုက်သည်မှာ သူတို့အတွက် ကံကောင်းခြင်းတစ်ခု ဖြစ်သည့်ပုံပင်။

“ကောင်းပြီလေ… အခု မိတ်ဆွေလေးတောင်းဆိုတာတွေကို ဒီလူအိုကြီးဖြည့်ဆည်းပြီးသွားပြီ… အခု မိတ်ဆွေလေးအလှည့်ပဲ…” တန်ကျွင်းဟောင်သည် ရန်ကိုင်အား စိုက်ကြည့်၍ ပြောလိုက်လေ၏။

ရန်ကိုင်က သက်ပြင်းအမောကြီးချလျက် ကူကယ်ရာမဲ့စွာဖြင့် “အကြီးအကဲတန်ကို ယုံစားမိတာ မမှားဖို့ပဲ ကျုပ်မျှော်လင့်တယ်…”

ရန်ကိုင်သည် သူ့ကံတရားကို လက်ခံလိုက်သည့်အလား ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကမ္ဘာငယ်လေးအား တန်ကျွင်းဟောင်ဆီသို့ ပစ်ပေးလိုက်လေသည်။

တန်ကျွင်းဟောင်၏မျက်လုံးများ လင်းလက်တောက်ပသွားခဲ့ပြီး ကမ္ဘာငယ်လေးအား အလျင်အမြန် လှမ်းဖမ်းလိုက်သည်။ ရန်ကိုင်မှ ကမ္ဘာငယ်လေးအား တစ်ခုခုလုပ်ထားသည်ကို သူမတွေ့ရ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ကမ္ဘာငယ်လေးကို အမှန်တကယ် လက်လျှော့လိုက်ခြင်း ဖြစ်ဟန်တူပေသည်။

သို့သော်ငြး ဘာကြောင့်မှန်းမသိ ကမ္ဘာငယ်လေးအား လှမ်းဖမ်းခါနီးတွင် သူ့စိတ်ထဲ ပြဿနာတစ်ခုခု တက်ရတော့မည်ဟု ခံစားနေခဲ့ရလေသည်။

တန်ကျွင်းဟောင်၏ခွန်အားအရ သူ၏မသိစိတ်မှာ အလွန်တရာကိုမှ အားကောင်းလှသည်။ ထိုကဲ့သို့ ခံစားမိလိုက်သည့်အခိုက် မတော်တဆတစ်ခုခု ဖြစ်လာခဲ့သည်ရှိသော် အချိန်မရွေး သူ့ကိုယ်သူကာကွယ်နိုင်ရန်အတွက် ဧကရာဇ်ချီကို အပြည့်အဝလှည့်ပတ်ကာ သူ့ကိုယ်သူ ကာကွယ်ထားလိုက်လေသည်။

ထိုအခိုက်အတန့်တွင် ကမ္ဘာငယ်လေး၏မျက်နှာထက် အနက်ရောင်ဝဲကတော့တစ်ခု ဖြစ်လာခဲ့လေသည်။

ထို့နောက် ဧရာမလက်သီးကြီးတစ်လုံးသည် ထိုအနက်ရောင်ဝဲကတော့ထဲမှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို သယ်ဆောင်လျက် တန်ကျွင်းဟောင်ဆီသို့ ထိုးချလာလေ၏။

ထိုဧရာမလက်သီးကြီးကိုကြည့်ရင်း တန်ကျွင်းဟောင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး မျက်လုံးအပြူးသားဖြစ်သွားခဲ့လေသည်။ ကမ္ဘာငယ်လေးဆီသို့ လှမ်းနေသည့် သူ့လက်သည်ပင်လျှင် လေထဲ၌ ရပ်တန့်သွားခဲ့သည်။

“ဟား ဟား ဟား…” ရန်ကိုင်သည် ဝါးလုံးကွဲအော်ရယ်မောရင်း ကမ္ဘာငယ်လေးနောက်မှ အနီးကပ် လိုက်လာလျက် ပြောလိုက်လေ၏။ “ခင်ဗျားဉာဏ်ပြေးတယ်ဆိုရင်တောင် ဒီသခင်လေးရဲ့ ခြေဖျားကို မမီသေးဘူးကွ… သေလိုက်ပေတော့ ခွေးအိုကြီးတန်…”

ထိုသေရေးရှင်ရေးအခိုက်အတန့်တွင် ဧရာမလက်သီးကြီး၏ပိုင်ရှင်အား တန်ကျွင်းဟောင် ချက်ချင်းသိသွားခဲ့လေသည်။ ထို့နောက် အလန့်တကြားထအော်လေ၏။ “ကျောက်တုံးရုပ်သေးရုပ်…”

ဟွာချင်းစီမှတစ်ဆင့် တောင်တစ်လုံးမျှကြီးမားသော ကျောက်တုံးရုပ်ကြီးတစ်ရုပ် ရန်ကိုင်၏ကမ္ဘာငယ်လေးထဲတွင် ရှိနေကြောင်း တန်ကျွင်းဟောင် ကြားသိခဲ့ရသည်။

သို့သော်ငြား ထိုကျောက်တုံးရုပ်သေးရုပ်သည် အလွန်တရာကိုမှ အားကောင်းလှသော ရုပ်ခွန်အားကို ပိုင်ဆိုင်ထားပါသော်ငြား ၎င်း၏အစစ်အမှန်စွမ်းအားမှာ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးနှင့်သာ ယှဉ်ပြိုင်နိုင်ကြောင်း ဟွာချင်းစီမှ ပြောခဲ့သည်။ ထို့အတွက်ကြောင့် သူ၏အမြန်နှုန်းကိုသာ ကောင်းကောင်းအသုံးချနိုင်မည်ဆိုပါက ထိုကျောက်တုံးရုပ်သေးရုပ်နှင့် ရင်ဆိုင်ဖို့ရာ ပြဿနာရှိတော့လိမ့်မည်မဟုတ်ပေ။

ထို့အတွက်ကြောင့် တန်ကျင်းဟောင်မှာ ကျောက်တုံးရုပ်သေးရုပ်ကို လုံးဝ အရေးမထားခဲ့။ တကယ်တော့ သူသည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးပင် မဟုတ်လေလော။ ကျောက်တုံးရုပ်သေးရုပ်သည် အားကောင်းသည့်တိုင် ဧကရာဇ်ပထမအဆင့်စွမ်းအားကိုသာ ပိုင်ဆိုင်ထားလေရာ သူ့အား ထိခိုက်အောင် မည်သို့များ လုပ်နိုင်ပါမည်နည်း။

ထို့အတွက်ကြောင့်ပင်လျှင် တန်ကျွင်းဟောင်မှာ ဆူးချွန်များဖြင့် ပြည့်နေသည့် ဧရာမလက်သီးကြီးကို မမြင်ခင်အချိန်အထိ ကျောက်တုံးရုပ်သေးရုပ်အား သတိပင်မရခဲ့ပေ။

ယခု သတိရသွားသည့်အချိန် နောက်ကျသွားခဲ့လေပြီ။

သူ့အား ပို၍ပျာယာခတ်သွားစေသည်မှာ ထိုဧရာမလက်သီးကြီးထဲတွင် ပါဝင်နေသော စွမ်းအားမှာ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန်သုံး တိုက်ကွက်ထက်ပင် ပို၍ အားကောင်းနေခြင်းပင်။ သူ့ကဲ့သို့သော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ထိုတိုက်ကွက်အား ထိပ်တိုက်မရင်ဆိုင်ရဲပေ။ ထို့အပြင် ထိုကျောက်တုံးရုပ်သေးရုပ်၏ လက်သီးထက်တွင် သူ့အား အလွန်တရာကိုမှ အန္တရာယ်များသည့် အငွေ့အသက်ကို ပေးစွမ်းနေသည့် စွမ်းအင်တစ်လွှာလည်း ရှိနေပေသေးသည်။

ကျောက်တုံးရုပ်သေးရုပ်မှာ ရှီဟွော့၏အမြုတေအား သန့်စင်နေသည်ဆိုသောအချက်ကို တန်ကျွင်းဟောင်မသိခဲ့ပေ။ သန့်စင်ခြင်း ပြီးဆုံးသွားသည့်နောက်တွင် ကျောက်တုံးရုပ်သေးရုပ်သည် နတ်သားရဲရှီဟွော့အသစ် ဖြစ်လာပေလိမ့်မည်။

ယခု သန့်စင်ခြင်းဖြစ်စဉ်မှာ ပြီးဆုံးသေးခြင်းမရှိပါသော်ငြား ကျောက်တုံးရုပ်သေးရုပ်၏ လက်သီးချက်တွင် နတ်သားရဲစွမ်းအားအရိပ်အယောင်အချို့ ရစ်သိုင်းနေခဲ့လေပြီ။ ထိုစွမ်းအားသည် သာမန်ဧကရာဇ်ချီများကို ဖျက်ဆီးဖို့ရာ လွယ်လွန်းလှ၏။

ကျောက်တုံးရုပ်သေးရုပ်သည် ရှီဟွော့၏အမြုတေကို သန့်စင်ရန်အတွက် အနည်းဆုံး တစ်နှစ် နှစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။ ထိုအချိန်အတောအတွင်း သူ့အနေဖြင့် နိုးလာဖို့ရာ မဖြစ်နိုင်ပေ။ သို့သော်ငြား ကျောက်တုံးရုပ်သေးရုပ်၏ ကိုယ်ထဲတွင် ရှိနေသည့် ဝိဉာဉ်မှာ ရန်ကိုင်၏နာမ်ဝိဉာဉ်သာ ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ကျောက်တုံးရုပ်သေးရုပ်ကို ထိန်းချုပ်၍ တန်ကျွင်းဟောင်အား အလစ်ချောင်းတိုက်ခိုက်ဖို့ရာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ကမ္ဘာငယ်လေးထဲမှ ရုတ်တရက်ထွက်လာသည့် ဧရာမလက်သီးကြီးသည် ရန်ကိုင်၏ ထိန်းချုပ်မှုကြောင့်သာ ဖြစ်လေသည်။

ထိုကဲ့သို့ထိန်းချုပ်ရန်အတွက် ရန်ကိုင်ပြန်ပေးဆပ်လိုက်ရသည့် တန်ကြေးမှာလည်း မသေးလှ။ မြောက်မြားလှစွာသော စိတ်စွမ်းအင်များသည် သူ၏အသိစိတ်ပင်လယ်ထဲမှ ရေကာတာကျိုးပေါက်သည့်နှယ် တရဟောစီးထွက်နေခဲ့လေရာ ရန်ကိုင်မှာ ခေါင်းတဆစ်ဆစ် ကိုက်ခဲလာခဲ့ရသည်။

ဧရာမလက်သီးကြီး၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသလို ရန်ကိုင်မှလည်း တစ်ဖက်လူအား ဖြဲခြောက်လိုက်သည့်အတွက်ကြောင့် တန်ကျွင်းဟောင်မှာ ထိတ်လန့်တကြား ဖြစ်သွားရလေတော့သည်။ သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ငါးရောင်ခြယ်ဓါးသွားများ သူ့ရှေ့တွင် စုဝေးလာခဲ့ပြီး ကျောက်တုံးကိုယ်ပွား၏လက်သီးချက်ဆီသို့ တိုးဝင်သွားလေ၏။ တစ်ချိန်တည်းတွင် အလျင်စလို နောက်သို့ ပြန်ဆုတ်လိုက်လေသည်။

“ဘုန်း…” ငါးရောင်ခြယ်အလင်းဓါးသွားအားလုံး တစ်စစီ ဖျက်ဆီးခံလိုက်ရသည်။ ဧရာမလက်သီးကြီးမှာတော့ တစ်ချက်ကလေးမှပင် ရပ်တန့်သွားခြင်းမရှိဘဲ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ကို သယ်ဆောင်လျက် တန်ကျွင်းဟောင်ဆီသို့ ဆက်လက်တိုးဝင်လာနေခဲ့လေ၏။ လက်သီးထက်တွင် ရှိနေသော ဆူးချွန်များသည် တန်ကျွင်းဟောင်၏ ဧကရာဇ်ချီအကာအကွယ်ကို လွယ်လင့်တကူ ထိုးဖောက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက်တိုးဝင်သွားခဲ့လေသည်။ ထိုဆူးချွန်များဆီမှ ဖြာထွက်လာသည့် အလွန်ပြင်းထန်သော စွမ်းအားကြောင့် တန်ကျွင်းဟောင်မှာ သွေးအပွက်ပွက် အန်ထွက်ရင်း နောက်သို့ လွင့်စင်သွားခဲ့ရသည်။ သူ သေသလားရှင်သလားဆိုသည်ကိုပင် မသိရတော့ချေ။

ရန်ကိုင်ကမူ ဝူမင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလေ၏။

ရန်ကိုင်သည် ‘လိုက်စမ်း ခွေးအိုကြီး’ ဟုပြောခဲ့ပါသော်ငြား သူ့အနေဖြင့် တန်ကျွင်းဟောင်အား ထိပ်တိုက်ရင်ဆိုင်ရန် မစဉ်းစားထား။ သူ၏ပစ်မှတ်မှာ ချီယွဲ့အား ကယ်ဆယ်ရန်သာ ဖြစ်လေသည်။ ချီယွဲ့ကို ကယ်ဆယ်ပြီးသည့်နောက်မှသာ လက်ကျန်ကိစ္စကို စဉ်းစားပေမည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှ သူ့ဆီသို့ ပြေးလာဝင်နေချိန် ဝူမင်မှာ အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။

အကြည့်ချင်းဆုံလိုက်သည့်နောက် ဝူမင်မှာ အလွန်တရာကိုမှ ကြောက်လန့်သွားခဲ့ပြီး အလျင်စလိုထအော်လေ၏။ “ငါ့နားမလာနဲ့နော်… ငါ သူ့ကိုသတ်ပစ်မှာနော်…”

ထိုသို့ခြိမ်းခြောက်နေရင်းမှ ဝူမင်၏လက်ထဲ ဓါးတစ်ချောင်းပေါ်လာပြီး ချီယွဲ့အား ချက်ချင်း ခုတ်ချလိုက်လေသည်။

“အေးခဲလိုက်စမ်း…” ရန်ကိုင်က လေဟာနယ်နိယာစွမ်းအားများကို ထိန်းချုပ်လိုက်ရာ ဝူမင်၏ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ရုတ်ချည်း အေးခဲသွားခဲ့လေသည်။

ချီယွဲ့ကိုယ်ထဲသို့ စိုက်ဝင်သွားပြီးဖြစ်သင့်သော ဓါးမှာ ရုတ်တရက် အေးခဲသွားသည့် ဟင်းလင်းပြင်ကြောင့် ယာယီ နှေးကွေးသွားခဲ့ရလေသည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်သည် ချီယွဲ့အား ဝူမင်လက်ထဲမှ ဆတ်ခနဲ ဆွဲယူလိုက်ပြီး ဝူမင်၏ခေါင်းတည့်တည့်အား ခြေထောက်ဖြင့် ကန်ချလိုက်သည်။

နာကျင်စွာအော်ဟစ်သံနှင့်အတူ ဝူမင်မှာ လေထဲ ဂျွမ်းပစ်၍ အဝေးတစ်နေရာဆီသို့ ပြုတ်ကျသွားခဲ့ရလေသည်။ တစ်ချိန်တည်းတွင် သွားများစွာလည်း ကျွတ်ထွက်ကုန်လေ၏။

ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဝူမင်သည် ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်သည့်တိုင် ယခုကဲ့သို့ ပုံပျက်ပန်းပျက် လွင့်စင်ထွက်သွားဖို့ရာတော့ မဖြစ်နိုင်လှပေ။ သို့သော်ငြား ရန်ကိုင်မှ အလစ်ချောင်းတိုက်ခိုက်လိုက်သည့်အခိုက် သူ့စိတ်ထဲ အလွန်ကိုမှ ကြောက်ရွံ့သွားခဲ့ရသည်။ သူ့ဆရာပါ ဆိုးဆိုးရွားရွား ဒဏ်ရာသွားသည်ကိုမြင်သော် ဝူမင်အနေဖြင့် ရန်ကိုင်အား မည်ကဲ့သို့များ ယှဉ်ပြိုင်တိုက်ခိုက်ရန် တွေးရဲပါဦးမည်နည်း။ ကြောက်စိတ်တို့ ကြီးစိုးနေလေရာ ဝူမင်မှာ သူ့ခွန်အားတစ်ဝက်လောက်ကိုပင်လျှင် ထုတ်မသုံးနိုင်တော့ချေ။ ထို့အတွက်ကြောင့်ပင်လျှင် ယခုကဲ့သို့ ပုံပျက်ပန်းပျက် လွင့်စင်ထွက်သွားခဲ့ရခြင်း ဖြစ်လေသည်။

“စီနီယာအဆင်ပြေလား…” ရန်ကိုင်သည် ချီယွဲ့အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး၍ မေးလိုက်လေသည်။

ချီယွဲ့၏မျက်နှာမှာမူ အနည်းငယ်နီမြန်းနေခဲ့လေသည်။ ပြဲထွက်နေသော အဝတ်စများနေရာကို လက်ဖြင့်အုပ်၍ ခေါင်းခါလျက် ပြောလိုက်သည်။ “ငါအဆင်ပြေတယ်… ဒါပေမယ့် ငါ့ကျင့်ကြံခြင်းက ချိတ်ပိတ်ထားခံရတယ်…”

ရန်ကိုင်က ပြန်ပြောတော့မည်အပြု သူ့အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး တစ်ခုသောဘက်ဆီသို့ ကြည့်၍ အံကြိတ်ကာ ပြောလိုက်လေ၏။ “ဧကရာဇ်တတိယအဆင့်ဆိုတဲ့ အတိုင်းပါပဲလား…”

ထိုနေရာဆီမှ အလွန်တရာကိုမှ အားကောင်းသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့ပြီး တန်ကျွင်းဟောင်သည် အမှောင်ထုထဲမှ တစ်လှမ်းချင်းတစ်လှမ်းချင်း လမ်းလျှောက်ထွက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် တန်ကျွင်းဟောင်၏မျက်နှာထက် သိမ်မွေ့ပြေပြစ်သော အမူအယာကို လုံးဝအရှင်းမတွေ့ရတော့ဘဲ ထိုအစား ခက်ထန်ကြမ်းကြုတ်သည့် အမူအယာတစ်ခုကိုသာ မြင်တွေ့နေခဲ့ရလေသည်။ သူ့ပုံစံမှာ ရန်ကိုင်၏အသွေးအသားကို အရှင်လတ်လတ် အစိမ်းစားသောက်ပစ်ချင်နေသည့်အလား သူ့မျက်လုံးထဲ အမုန်းတရားဒေါသတို့ ပြည့်နှက်နေခဲ့လေသည်။

သူ့ကိုယ်ထက် အပေါက်များစွာ ရှိနေခဲ့ပြီး သူ့ရင်ဘတ်မှာလည်း မဆိုစလောက်ကလေး ချိုင့်ဝင်နေခဲ့လေသည်။ သူ့နေရာတွင်သာ အခြားလူတစ်ယောက်သာဆိုပါက ကျောက်တုံးကိုယ်ပွား၏ လက်သီးချက်ကြောင့် စိစိညက်ညက် ကြေသွားလောက်ပေပြီ။

တန်ကျွင်းဟောင်မှ မည်ကဲ့သို့သော နည်းလမ်းအား ထုတ်သုံးလိုက်သလဲ မသိရ သူ့ဒဏ်ရာများမှ သွေးများ စီးထွက်နေခြင်းမရှိတော့ချေ။ သို့သော်ငြား ယခင်စီးထွက်ထားသည့် သွေးများကြောင့် သူ့ဝတ်ရုံများမှာတော့ သွေးချင်းနီနေခဲ့လေ၏။

“ခွေးကောင်လေးကများ ငါ့ကိုလာလှည့်စားရဲတယ်… သေဖို့ပြင်ထားပေတော့…” တန်ကျွင်းဟောင်သည် အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။ သူ့လေသံသည် ငရဲကြီးကိုးထပ်မှ ဟိန်းခနဲ ထွက်လာသည့် သေမင်းခေါ်သံအလား ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှ၏။

ပြောပြီးသည့်နောက်တွင် သူ့လက်ကိုလှုပ်ရှားလျက် လက်ကွက်တစ်ခုကို ဖန်တီးလိုက်လေသည်။

ရန်ကိုင်ဘေးနားတွင် ရပ်နေသော ချီယွဲ့သည် ရုတ်တရက် နာကျင်စွာ ထအော်တော့လေ၏။

ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ချီယွဲ့၏ လည်တိုင်ထက်ရှိ နေရာဆီသို့ လှမ်းကြည့်လိုက်လေရာ ထိုနေရာတွင် ပိုးကောင်လေးတစ်ကောင်ကောင် သူမ၏အရေပြားအောက်ဝယ် ရွစိရွစိဖြင့် သွားနေကြောင်း တွေ့လိုက်ရလေသည်။

“နှလုံးချုပ်အင်းစက်…” ရန်ကိုင် ရေရွတ်လိုက်လေသည်။ ချီယွဲ့သည်လည်း ဟွာချင်းစီတို့ကဲ့သို့ပင် နှလုံးချုပ်အင်းစက်ဖြင့် ထိန်းချုပ်ထားခံရလေသည်။

တန်ကျွင်းဟောင်မှာ အလွန်ကိုမှ ဒေါသထွက်နေသည့်အတွက်ကြောင့် ချီယွဲ့ကိုအရင်သတ်ကာ လက်စားချေချင်နေခဲ့လေသည်။

“သောက်ကျင့်မကောင်းတဲ့ကောင်…” ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးကို သူ့ဆီသို့ ပြန်ဆင့်ခေါ်လျက် ချီယွဲ့အား ကောင်းကင်စိတ်အာရုံဖြင့် ရစ်ပတ်ကာ ကမ္ဘာငယ်လေးထဲသို့ ပို့လိုက်လေ၏။

နှလုံးချုပ်အင်းစက်အား ထိန်းချုပ်နေသော တန်ကျွင်းဟောင်သည် ရုတ်တရက် သူ၏နှလုံးချုပ်အင်းစက်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားသည်ကို ခံစားလိုက်ရလေသည်။ ထို့နောက် အံကြိတ်၍ ထဆဲတော့လေ၏။ “ငါ့လခွမ်းကွာ…”

ကမ္ဘာငယ်လေးမှာ သီးခြားကမ္ဘာတစ်ခု ဖြစ်ပေသည်။ ရန်ကိုင်သည် ကမ္ဘာငယ်လေးအား အရင်းအမြစ်စွမ်းအားဖြင့် ထပ်တလဲလဲ အားဖြည့်ပေးထားခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် နှလုံးချုပ်အင်းစက်မှာ အားကောင်းသည့်တိုင် နှလုံးချုပ်အင်းစက်နှင့် တန်ကျွင်းဟောင်တို့ကြား ကမ္ဘာခြားနေသည့်အလား တန်ကျွင်းဟောင်အနေဖြင့် နှလုံးချုပ်အင်းစက်အား မထိန်းချုပ်နိုင်တော့ချေ။ တန်ကျွင်းဟောင်သည်သာ ကမ္ဘာငယ်လေး၏ လောကနိယာမစွမ်းအားများကို မချိုးဖြတ်နိုင်သရွေ့ ကမ္ဘာငယ်လေးထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ပို့လွှတ်၍ ရလိမ့်မဟုတ်ချေ။

မဟာဧကရာဇ်များသည်ပင်လျှင် ထိုကဲ့သို့ မလုပ်နိုင်လေရာ တန်ကျွင်းဟောင်ကဲ့သို့ ဧကရာဇ်တတိယအဆင့်သာ ရှိသေးသည့် လူတစ်ဦးသာဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ချေ။

“ဟား ဟား ဟား…” ကမ္ဘာငယ်လေးထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ပို့လွှတ်၍ စစ်ဆေးကြည့်လိုက်ရာ ချီယွဲ့မှာ နှိပ်စက်ခံရခြင်း မရှိတော့ဘဲ အဆင်ပြေပြေဖြင့် ရှိနေကြောင်း တွေ့လိုက်ရပြီးသည့်နောက် ရန်ကိုင် ဝါးလုံးကွဲအော်ရယ်မောလိုက်လေသည်။ သူမ၏လည်ပင်းနေရာတွင် ရှိနေသော နှလုံးချုပ်အင်းစက်မှာလည်း တည်ငြိမ်နေခဲ့လေပြီ။ သူရွေးချယ်လိုက်သည်မှာ မှန်ကန်ကြောင်း သိသွားပြီးသည့်နောက် ရန်ကိုင် ဘာကိုမှ စိုးရိမ်မနေတော့ချေ။

တန်ကျွင်းဟောင်၏မျက်နှာမှာမူ ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေသည်။

အကုန်လုံးကို သေသေချာချာ စီစဉ်ခဲ့သလို အကုန်လုံးသည် သူ့လက်ခုပ်ထဲရှိရေ ဖြစ်နေခဲ့ပါသော်ငြား ရန်ကိုင်နှင့် ရင်ဆိုင်အတွေ့တွင် တန်ကျွင်းဟောင်မှာ ထပ်တလဲလဲကို စိတ်ပျက်ခဲ့ရလေသည်။

“ခွေးကောင်ကုန်းထိုင်…” တန်ကျွင်းဟောင်က ထပ်မံ၍ ကျိန်ဆဲလိုက်လေသည်။ ကုန်းထိုင်တွင်သာ ထိုကဲ့သို့ လုပ်နိုင်စွမ်းရှိမှန်း ကြိုသိခဲ့လျှင် အစောကြီးတည်းက ကုန်းထိုင်အား ဖမ်းခဲ့ပေသည်။ ကုန်းထိုင်မှ အခန်း(၁)အား သူ၏အစီအရင်ဖြင့် ကာကွယ်ပေးထားသည့်အတွက်ကြောင့် တန်ကျွင်းဟောင်မှာ ထိုနေရာတွင် ရှိနေသော လူများအား ဘာမှ မလုပ်နိုင်တော့ပေ။

လက်ရှိအချိန်တွင် အခန်း(၁)သည် ကမ္ဘာငယ်လေးကဲ့သို့ပင် သီးခြားကမ္ဘာတစ်ခု ဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် သူ့ထိန်းချုပ်မှုအောက်၌ ရှိမနေခြင်း ဖြစ်လေ၏။

ထိုကြောင့်သာ မဟုတ်ပါက တန်ကျွင်းဟောင်တွင် ဓါးစာခံများစွာ ရှိနေပေဦးမည်။ ထိုဓါးစာခံများနှင့်ဆိုပါက ရန်ကိုင်အား ဖိအားပေး၍ ရပေသည်။

ထိုကြောင့်ပင်လျှင် ဟွာချင်းစီမှ ဓါးစာခံများကို ပြန်ပို့သည့်အခါ သူဝင်မရှုပ်ခဲ့ခြင်းပင်။ ဓါးစာခံများ ရန်ကိုင်လက်ထဲသို့ ရောက်နေသည့်တိုင် သူအနေဖြင့် ဓါးစာခံများကို ထိန်းချုပ်နိုင်သေးသည်ဟု ထင်နေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်ငြား တစ်ချက်ကလေး မှားသွားခဲ့သည့်အတွက်ကြောင့် သူ့အစီအစဉ်တစ်ခုလုံး ကျရှုံးသွားခဲ့ရသည်။

“ခွေးအိုကြီးတန်… ခင်ဗျားမှာ ဘာဝှက်ဖဲတွေရှိသေးလဲ… မသေခင် အကုန်ထုတ်ပြထားနော်… မဟုတ်ရင် ပြီးမှ နောင်တရမနေနဲ့…” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် တန်ကျွင်းဟောင်အား စတင်၍ လှောင်ပြောင်တော့လေသည်။

All Chapters