အခန်း (၂၆၉၆)
Vol. 115 Ch. 2696
ယခုကဲ့သို့ လှောင်ပြောင်နေရခြင်းမှာ ရန်ကိုင်အနေဖြင့် အချိန်ဆွဲလိုသည့်အတွက်ကြောင့် ဖြစ်လေသည်။ ကမ္ဘာငယ်လေးထဲတွင် မိန်းမောအိပ်စက်နေသော ကျောက်တုံးရုပ်သေးရုပ်ကို ထိန်းချုပ်၍ တန်ကျွင်းဟောင်ကို တိုက်ခိုက်ခဲ့ရာတွင် သူ့စိတ်စွမ်းအင်များစွာ ကုန်ဆုံးခဲ့ရသည်။ ထို့အတွက်ကြောင့်ပင်လျှင် ယခုအချိန်အထိ သူ့ခေါင်းမှာ တဆစ်ဆစ်ကိုက်ခဲနေဆဲ။ ကံကောင်းစွာဖြင့် ဝိဉာဉ်ကြာပန်း၏ အကူအညီ ရှိနေသည့်အတွက်ကြောင့် ခဏမျှလောက်သာ အနားယူလိုက်မည်ဆိုပါက ကုန်ဆုံးသွားသော စိတ်စွမ်းအင်များ အတန်အသင့် ပြန်ပြည့်လာနိုင်ပေသည်။
တန်ကျွင်းဟောင်မှာလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့ရသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ကျောက်တုံးကိုယ်ပွား၏ လက်သီးချက်ကို ခုခံဖို့ရာ သူ့အတွက်ပင် မလွယ်ကူလှကြောင်း မြင်တွေ့နိုင်ပေသည်။ ရန်ကိုင်သည် တန်ကျင်းဟောင် အထွဋ်အထိပ်အခြေအနေ၌ ရှိနေစဉ်ကပင် သူ့အား တိုက်ခိုက်ရဲခဲ့လေရာ ယခုကဲ့သို့ ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့် အခြေအနေမျိုးတွင်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
ဤခွေးအိုကြီးသည် လူချင်း မတွေ့ခင်ကတည်းက သူ့အား အကွက်ချကြံစည်ခဲ့သဖြင့် ရန်ကိုင်သည် ဤခွေးအိုကြီးအား မသတ်ရပါက နေသာထိုင်သာ ရှိလိမ့်မည်မဟုတ်ချေ။ ထို့အပြင် သူ၏လျှို့ဝှက်ချက်များကို ထိုခွေးအိုကြီးက သိထားနေပေသေးသည်။
“သေချင်နေတာပဲ ဂျူနီယာ…” တန်ကျွင်းဟောင်သည် သူ့လက်ကိုမြှောက်၍ ကမ္ဘာကြီးတစ်ခုလုံးအား ဆုပ်ကိုင်သည့်ဟန်ပန်မျိုး လုပ်လျက် အံကြိတ်ကာ ပြောလိုက်လေ၏။ “မင်းက ငါ့ကို လာလှည့်စားရဲတယ်ဆိုမှတော့ ငါကလည်း မင်းကို သေမင်းဆီ ပို့ပေးရသေးတာပေါ့…”
တန်ကျွင်းဟောင်၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့ပြီး သူ့နားတစ်ဝိုက်တွင် စုဝေးလာကြလေသည်။
ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့ပြီး ထိုလူများအား ဝေ့ကြည့်လိုက်ရာ ထိုလူအားလုံးသည် မကြာသေးခင်က လေလံစံအိမ်ထဲတွင် ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်နေကြကြောင်း တွေ့လိုက်ရလေသည်။ ထိုလူအများစုမှာ ဧကရာဇ်ပထမအဆင့်များသာ ဖြစ်ကြသည့်တိုင် ထိုလူများထဲတွင် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ပညာရှင်အချို့လည်း ပါပေသေးသည်။ ထိုဧကရာဇ်အဆင့်လူအရေအတွက်မှာ အတော်လေးကိုမှ များပြားလှကာ သုံးဆယ်နီးပါးပင် ရှိနေခဲ့သည်။
ထိုဧကရာဇ်အဆင့် ပညာရှင်များမှာလည်း တန်ကျွင်းဟောင်၏ ဆင့်ခေါ်ခြင်း ခံလိုက်ရပြီးသည့်နောက် ဇဝေဇဝါ ဖြစ်နေကြလေသည်။ တန်ကျွင်းဟောင်မှ အစီအရင်ကို အသက်သွင်းလိုက်စဉ်က သူတို့အားလုံး သီးခြားအမှောင်ထုထဲဆီသို့ ရောက်သွားခဲ့ရသည်။ ထိုစဉ်ကတည်းက ထွက်ပေါက်ကို တောက်လျှောက် လိုက်ရှာခဲ့ပါသော်ငြား မည်သို့မှ ရှာမတွေ့ခဲ့ချေ။
သို့ရာတွင် ယခုအခါမှ ထူးထူးဆန်းဆန်းစွမ်းအားတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူတို့အားလုံးကို ဤနေရာသို့ ဆွဲခေါ်လာခဲ့သည်။ ထို့နောက်တွင် သူတို့သိလိုက်သည်မှာ သူတို့သည် ရန်ကိုင်နှင့် လူအိုကြီတစ်ဦး ရှိနေသည့် နေရာဆီသို့ ရောက်နေကြသည်ဟူသော အချက်ပင်။
တန်ကျွင်းဟောင်၏ဒဏ်ရာကို သတိပြုမိလိုက်သော် ဧကရာဇ်အဆင့်ပညာရှင်အားလုံး ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။
တန်ကျွင်းဟောင်ဆီမှ ဧကရာဇ်တတိယအဆင့်အရှိန်အဝါတို့ ဖြာထွက်နေကြောင်း သူတို့ခံစားမိကြသည်။ သို့တိုင် တန်ကျွင်းဟောင်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့လေသည်။ ဤနေရာ၌ သူတို့အပြင် တန်ကျွင်းဟောင်နှင့် ရန်ကိုင်တို့သာ ရှိနေကြသည်။ ထိုသို့ဖြစ်လေရာ တန်ကျွင်းဟောင်၏ဒဏ်ရာမှာ ရန်ကိုင်ကြောင့် ရထားခြင်းပေလော။ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးလေရာ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော တန်ကျွင်းဟောင်ကို ဤမျှ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားအောင် မည်ကဲ့သို့များ လုပ်နိုင်ရလေသနည်း။
“ဟာ… အကြီးအကဲတန်လား…” တန်ကျွင်းဟောင်အား သေသေချာချာ စိုက်ကြည့်နေပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးတစ်ဦးက ရုတ်တရက် အံ့အားသင့်နေဟန်ဖြင့် ရှေ့သို့တက်ကာ လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “မင်္ဂလာပါ အကြီးအကဲတန်… အကြီးအကဲတန် ဘာလို့ ဒီရောက်နေတာလဲ…”
တန်ကျွင်းဟောင်က ထိုလူကိုကြည့်၍ “မင်းငါ့ကိုသိတယ်ပေါ့…”
ထိုလူသက်လတ်ပိုင်းလူကြီးက ပြုံးလျက် ပြန်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက ကံကောင်းထောက်မပြီးတော့ ကျုပ် ကြယ်ဝိဉာဉ်နန်းတော်မှာရှိတဲ့ ကောင်းကင်အဆင့်ကျင့်ကြံရေးခန်းမှာ ခဏလောက်ကျင့်ကြံခွင့် ရခဲ့ပါတယ်… အဲ့အချိန်တုန်းက အဲ့မှာ အကြီးအကဲတန်ကို မြင်ခဲ့တာပါ… အကြီးအကဲတန်ကတော့ ကျုပ်ကို သိလောက်မှာမဟုတ်ပါဘူး..”
သက်လတ်ပိုင်းလူကြီးသည် ဂိုဏ်းချုပ်တစ်ဦးဖြစ်ပါသော်ငြား သူကိုယ်တိုင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးပြီး သူ့ဂိုဏ်းမှာလည်း ဒုတိယအဆင့် အင်အားစုတစ်ခုသာ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးရှေ့တွင် သူ့ကိုယ်သူ နှိမ့်နှိမ့်ချချ နေရလေ၏။ ထို့အပြင် သူသည် ထိုကောင်းကင်အဆင့် ကျင့်ကြံရေးခန်းထဲ၌ ကျင့်ကြံခွင့်ရခဲ့သည့် အတွက်ကြောင့်သာလျှင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်လာနိုင်ခဲ့ခြင်း ဖြစ်သည် မဟုတ်လော။
ထို့အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်အား ကျေးဇူးတင်နေခဲ့လေရာ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးကို ဤနေရာတွင် မြင်လိုက်သည့်အခိုက် တလေးတစားဖြင့် လာရောက်နှုတ်ဆက်သည်မှာ အထူးအဆန်းတော့မဟုတ်ပေ။
တန်ကျွင်းဟောင်သည် ခေါင်းသာညိတ်လိုက်ပြပြီး ဘာမှထပ်မပြောတော့ချေ။
မည်သို့ပင်ဖြစ်နေစေကာမူ သက်လတ်ပိုင်းလူကြီး၏ စကားလုံးများမှာတော့ လူတိုင်းအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။
“အကြီးအကဲတန်… ကြယ်ဝိဉာဉ်နန်းတော်… ဒါကြီးက…”
ဤနေရာတွင်ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင်အများစုမှာ တန်ကျွင်းဟောင်အား မသိကြသလို သူ့အား တစ်ခါမှလည်း မမြင်ဖူးပါသော်ငြား လက်ရှိအခြေအနေနှင့်ပတ်သက်၍ အနည်းအကျဉ်းတော့ ခန့်မှန်းမိကြပေသည်။
ကြယ်ဝိဉာဉ်နန်းတော်သည် မဟာဧကရာဇ်တစ်ပါးမှ ကြီးစိုးအုပ်ချုပ်နေသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ ထိုဂိုဏ်းတွင် အကြီးအကဲရာထူးကို ရရှိရန်အတွက် ဧကရာဇ်တတိယအဆင့်သို့ ဦးစွာ ရောက်ထားရပေမည်။ ကြယ်ဝိဉာဉ်နန်းတော်တစ်ခုလုံးတွင်ပင် ဧကရာဇ်တတိယအဆင့်ပညာရှင် အနည်းငယ်သာ ရှိကြသည်။
ထို့အတွက်ကြောင့် တန်ကျွင်းဟောင်အား တစ်ခါမှ မတွေ့ခဲ့ရဖူးသည့်တိုင် သူ့နာမည်ကိုတော့ ကြားဖူးကြပေသည်။
လက်ရှိ သူတို့ရှေ့တွင် ရှိနေသည့် အကြီးအကဲမှာ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲမှန်း သိလိုက်ရပြီးသည့်နောက် အကုန်လုံး အံ့အားသင့်သွားခဲ့ကြပြီး ကပျာကယာ သွားရောက်နှုတ်ဆက်ကြလေသည်။ “မင်္ဂလာပါ အကြီးအကဲတန်…”
“ဒါမျိုးတွေလုပ်နေစရာမလိုဘူး…” တန်ကျွင်းဟောင်သည် စီနီယာပညာရှင်တစ်ဦး၏ ပုံစံမျိုးဖြင့် သူ့လက်အား အသာအယာ ဝှေ့ယမ်းပြလိုက်သည်။
အစောပိုင်းက စကားပြောခဲ့သော သက်လတ်ပိုင်းလူကြီးက အလေးအနက်အမူအယာဖြင့် မေးလိုက်လေသည်။ “အကြီးအကဲတန်… ဘယ်သူကများ ရာရာစစ အကြီးအကဲတန်ကို ရန်စရဲတာလဲ… ပြီးတော့ အကြီးအကဲတန်ကိုကြည့်ရတာ ဒဏ်ရာရထားသလိုပဲ…”
တန်ကျွင်းဟောင်သည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ဒီကမိတ်ဆွေလေးပေါ့… ဒီကောင် ငါ့ကို အငိုက်ချောင်းတိုက်ခိုက်ခဲ့တာလေ…”
တန်ကျွင်းဟောင်ပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင် ယဲ့ယဲ့လေးသာ ပြုံးလိုက်သည်။ သူ တန်ကျွင်းဟောင်အား အလစ်အငိုက်ချောင်းကာ တိုက်ခိုက်ခဲ့သည်မှာ မှန်ပါသော်ငြား တန်ကျွင်းဟောင်သည် သူ့အား ပထမဦးစွာ ခြိမ်းခြောက်လာခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးကို မည်သူကများ ရူးရူးမိုက်မိုက်နှင့် သွားရောက်ရန်စကာ တိုက်ခိုက်ပါမည်နည်း။
ထိုစကားကိုကြားသော် သက်လတ်ပိုင်းလူကြီးမှာ ဒေါသူပုန်ထသွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင်အား လက်ညှိုးငေါက်ငေါက်ထိုးလျက် “မင်းပဲလား ခွေးသူတောင်းစားလေး.. အကြီးအကဲတန်က ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ကွ… သူ့လိုလူမျိုးက လူအများက လေးစားရတဲ့ ပုဂ္ဂိုလ်မျိုး… အဲ့ဒါကိုတောင် အကြီးကဲတန်နဲ့တွေ့ရတာ ဂုဏ်မယူဘဲ အလစ်ချောင်းတိုက်ခိုက်ဖို့ ကြိုးစားတယ်ပေါ့ ဟုတ်လား… အခုချက်ချင်း ဒူးထောက်ပြီး မင်းအပြစ်ကို ဝန်ခံလိုက်စမ်း… အကြီးအကဲတန်က ကြင်နာတတ်တော့ မင်းအသက်ကို ချမ်းသာပေးရင်ပေးမှာ… ဒါပေမယ့် မင်း ဆက်ပြီး ခေါင်းမာမာနဲ့ လုပ်နေဦးမယ်ဆိုရင် ငါတို့အားလုံးပေါင်းပြီး မင်းကို သတ်ပစ်မှာနော်…”
သက်လတ်ပိုင်းလူကြီး၏စကားကို ကြားပြီးသည့်နောက် တန်ကျွင်းဟောင်၏ မျက်နှာထက် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာခဲ့လေသည်။
သို့သော်ငြား ဤနေရာတွင် ရှိနေသည့် ဧကရာဇ်အဆင့် ပညာရှင်များမှာတော့ အမူအယာအမျိုးမျိုး ဖြစ်နေကြလေ၏။ သက်လတ်ပိုင်းလူကြီးကဲ့သို့ မတူသည်မှာ သူတို့သည် ကြယ်ဝိဉာဉ်နန်းတော်မှ မည်သည့်အကျိုးကျေးဇူးမှ မရရှိခဲ့ပေ။ ထို့အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်ကို လေးစားသည့်တိုင် တန်ကျွင်းဟောင်အား သွား၍တော့ ဖားယားနေကြလိမ့်မည်မဟုတ်။
သို့သော်ငြား သူတို့အနေဖြင့် သက်လတ်ပိုင်းလူကြီး၏စကားကို ငြင်းဆန်ဖို့ရာမှာလည်း မသင့်တော်ပြန်။ ထို့အတွက်ကြောင့် ဘာမှမပြောဘဲ ငြိမ်ငြိမ်လေး ရပ်၍သာ ရန်ကိုင်အား ကရုဏာသက်နေသည့်အကြည့်ဖြင့် ကြည့်နေကြလေ၏။
ယခုမှသာလျှင် ရန်ကိုင်သည် လေလံပွဲ၌ ကြယ်ဝိဉာဉ်နန်းတော်အကြီးအကဲဟူသော စကားအား ပြောခဲ့ကြောင်းကို သူတို့ ပြန်သတိရသွားခဲ့သည်။ ကြည့်ရသလောက် သူပြောနေသည့်လူသည် ဤတန်ကျွင်းဟောင် ဖြစ်သည့်ပုံပင်။
တန်ကျွင်းဟောင်နှင့် ရန်ကိုင်ကြား မည်ကဲ့သို့သော ရန်ငြိုးရန်စများ ရှိနေကြသလဲ မည်သူမှမသိကြ။ ထို့အပြင် တန်ကျွင်းဟောင်အား ရန်စပြီးသည့်နောက် ရန်ကိုင်အနေဖြင့် တောင်ဘက်နယ်မြေထဲ မည်ကဲ့သို့များ အသက်ရှင်နေနိုင်သေးသလဲ ဆိုသည်ကိုလည်း မသိကြချေ။ လူငယ်များသည် အလွန်ကိုမှ တဇွတ်ထိုးနိုင်ကြသည်မှာတော့ အထူးအဆန်း မဟုတ်ကြချေ။ ကိုယ့်အခြေအနေကိုယ် မသိကြဘဲ အလွန်ကိုမှ မောက်မာကြကာ တစ်ခုခုဆိုလျှင် တဇွတ်ထိုးသာ လုပ်ချင်ကြသည်ဟုသာ သူတို့စိတ်ထဲ တွေးနေမိကြသည်။
“အာ… ဘယ်သူလဲမှတ်နေတာ လက်စသတ်တော့ ချီး ၃ကီလိုဂရမ်စားခဲ့တဲ့ အခန်း(၁၃)က ကျုပ်ရဲ့မိတ်ဆွေလေး ဖြစ်နေတာကိုး… ခင်ဗျားပါးစပ် ဒီလောက်နံနေတာ မထူးဆန်းတော့ပါဘူးလေ…” ရန်ကိုင်သည် သက်လတ်ပိုင်းလူဆီမှ မျက်နှာလွှဲဖယ်လိုက်ရင်း သူ့နှာခေါင်းရှေ့တွင် လက်ဖြင့် ယပ်ခတ်သလို လုပ်လိုက်လေသည်။
“ဟမ်…”
“တကယ်ကြီးသူလား..”
“သူ တကယ်ကြီး ချီးစားလိုက်တာလား…”
“ငါ့လခွမ်း… ငါ တကယ်မယုံနိုင်ဘူးဟေ့…”
ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် ဧကရာဇ်အဆင့် ပညာရှင်အားလုံးသည် သက်လတ်ပိုင်းလူကြီးအား မျက်လုံးအပြူးသားဖြင့် တစ်ပြိုင်တည်း လှည့်ကြည့်လာကြလေသည်။ အချို့ဆိုလျှင် သက်လတ်ပိုင်းလူကြီးနှင့် ခပ်နီးနီးတွင် မနေရဲတော့သည့်အလား ချက်ချင်း ခပ်ဝေးဝေးသို့ ရှောင်ခွာသွားကြလေ၏။
ရုတ်တရက် သက်လတ်ပိုင်းလူကြီး၏ ဘေးပတ်ပတ်လည်၌ လူများ ပြောင်ရှင်းသွားခဲ့လေသည်။ မမြင်နိုင်သော လက်တစ်စုံသည် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာနှင့် သက်လတ်ပိုင်းလူကြီးအား ပူးကပ်၍မရအောင် ခွဲထားသည့်အလား။ တန်ကျွင်းဟောင်သည်ပင်လျှင် မျက်မှောင်ကြုတ်လျက် သက်လတ်ပိုင်းလူကြီးအား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်လာခဲ့လေသည်။
“မင်း…” သက်လတ်ပိုင်းလူကြီးမှာ ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် ကြည့်လိုက်လေ၏။ သူ့မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းနေခဲ့လေသည်။
အခန်း(၁၃)တွင် ဖြစ်ခဲ့သည့်ကိစ္စမှာ သူ့ဘဝအတွက် ဖျောက်ဖျက်၍မရသည့် အမည်းစက်ကြီး ဖြစ်ပေသည်။ ထိုကဲ့သို့ အရှက်ကွဲခံရမည့်အစား သူ့စိတ်ထဲ အသေသာ ခံလိုက်ချင်မိသည်။ ထို့အတွက်ကြောင့်ပင်လျှင် ထိုစဉ်ကတည်းက ရန်ကိုင်အား ပြန်လက်စားချေရန်အတွက် သူ့စိတ်ထဲ ကြိတ်၍ တွေးထားခဲ့ခြင်း ဖြစ်ပေသည်။
ယခု တန်ကျွင်းဟောင်မှ သူ့အား ဤနေရာသို့ ဆင့်ခေါ်လာသည်ကို မြင်လိုက်သည့်အခါ တန်ကျွင်းဟောင်ရထားသည့် ဒဏ်ရာနှင့်တကွ ရန်ကိုင်ကိုပါ မြင်လိုက်ရသော် အကြောင်းစုံကို သက်လတ်ပိုင်းလူကြီး ချက်ချင်း နားလည်သွားခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် တန်ကျွင်းဟောင်၏နာမည်ကို အသုံးချလျက် ရန်ကိုင်အား စတင်၍ ဖိအားပေးတော့လေသည်။
သို့သော်ငြား သူမထင်ထားခဲ့သည်မှာ ရန်ကိုင်မှ သူ့အား နောက်တစ်ကြိမ် ထပ်မံ၍ အရှက်ခွဲလာမည်ကိုပင်။
ဘေးပတ်မှ သူ့အား မနှစ်မြို့သည့် အမူအယာများဖြင့် စိုက်ကြည့်နေကြသည့် မျက်လုံးပေါင်းများစွာကို ကြည့်ရင်း သက်လတ်ပိုင်းလူကြီး၏ စိတ်ထဲ တွင်းတစ်တွင်းတူး၍ ပြေးပုန်းချင်စိတ်များသာ ဖြစ်ပေါ်လာရတော့သည်။ “အဲ့ခွေးကောင်လေးပြောတာကို နားထောင်မနေနဲ့… အဲ့ဒါ ငါမဟုတ်ဘူး…” သက်လတ်ပိုင်းလူကြီးက အလျင်စလို ပြန်လည်ငြင်းဆိုလိုက်လေသည်။
သို့သော်ငြား မည်သူမျှ သူပြောသည်ကို မယုံကြတော့ချေ။ လေလံပွဲတွင် သက်လတ်ပိုင်းလူကြီး စကားပြောခဲ့သည်ကို လူတိုင်း ကြားခဲ့ရသည်။ ယခု သက်လတ်ပိုင်းလူကြီး စကားပြောသည့်အသံသည် အခန်း(၁၃)မှ စကားပြောလိုက်သည့်လူ၏ အသံနှင့် တစ်ထေရာတည်းတူနေကြောင်း သူတို့အားလုံး သတိထားမိသွားခဲ့ကြသည်။ ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီး မည်သို့ပင် ငြင်းဆန်နေစေကာမူ ကျန်သည့်လူအားလုံး ယုံကြတော့လိမ့်မည်မဟုတ်ချေ။
“ခွေးကောင်လေး… မင်းနဲ့ငါ တစ်မိုးအောက်တည်းမှာ အတူမရှိနိုင်ဘူးကွ…” သူမည်သို့ပင်ပြောနေစေကာမူ အခြားလူအားလုံး တိတ်နေသည်ကို မြင်သည့်အခါ သူ့ဂုဏ်သတင်း အဖတ်ဆယ်မရအောင် ပျက်စီးသွားပြီမှန်း သက်လတ်ပိုင်းလူကြီး သိလိုက်လေသည်။ ဤကိစ္စအားလုံး ပြီးပြတ်သွားခဲ့မည်ဆိုလျှင်ပင် အပြင်ဘက်သို့ ပြန်ရောက်သည့်အခါ တစ်စုံတစ်ဦးသည် သူ့နာမည်အကြောင်း ပြောလာသည်နှင့်တစ်ပြိုင်နက် သူတို့အားလုံး ပထမဦးဆုံး အစဖော်မည့်အရာမှာ သူမှ ချီး၃ကီလိုဂရမ် စားခဲ့သည့်ကိစ္စပင်။
ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် “အားတော့နာပါတယ်ဗျာ… ဒီသခင်လေးက ချီးစားတဲ့လူတွေနဲ့ စကားမပြောဘူး… ဒီတော့ ခင်ဗျားပါးစပ်ကို ပိတ်နေပေးလို့ရမလား…”
“ဖူး…” သက်လတ်ပိုင်းလူကြီးမှာ အလွန်ကိုမှ ထိန်းမနိုင်သိမ်းမရဖြစ်အောင် ဒေါသထွက်နေခဲ့ပါသော်ငြား သူ့ဒေါသအား ဖွင့်ထုတ်ပစ်ရမည့်နေရာမရှိ ဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ အဆုံးတွင် သွေးတစ်ပွက် ထိုးအန်မိလေ၏။ ဤသို့ဖြစ်သွားပြီးသည့်နောက် သက်လတ်ပိုင်းလူကြီးမှာ စိတ်လွတ်သွားသည့်အလား သူ့ခေါင်းထဲ ရန်ကိုင်အား သတ်မည့်အတွေးသာ ရှိတော့သည့်နှယ် အံကိုတင်းတင်းကြိတ်၍ ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေ၏။ “ငါ မင်းကိုသတ်မယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ထက်ရှသည့်ဓါးတစ်ချောင်း သူ့လက်ထဲ၌ ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ဧကရာဇ်ချီကိုလှည့်ပတ်၍ သူ့ကိုယ်သူ ဓါးအလင်းဖြင့် လွှမ်းခြုံစေကာ ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။
ဤကဲ့သို့သော ကြမ်းကြုတ်ခက်ထန်သည့် တိုက်ကွက်မျိုးသည် သက်လတ်ပိုင်းလူကြီးမှ အစွမ်းကုန်ထုတ်သုံးနေသည်ဟု ပြောနိုင်ပေသည်။ အခြားသော ဧကရာဇ်အဆင့် ပညာရှင်များသည်ပင်လျှင် သက်လတ်ပိုင်းလူကြီး၏ တိုက်ကွက်ကို မြင်ပြီးသည့်နောက် သူတို့၏မျက်နှာ အနည်းငယ် တည်ကြည်သွားခဲ့ကြလေ၏။
သို့သော်ငြား ရန်ကိုင်ကမူ အထင်အမြင်တသေးဖြင့်သာ ကြည့်နေခဲ့လေသည်။ သူ့လက်ထဲ၌ ဓါးတစ်ချောင်း ရုတ်တရက် ပေါ်လာပြီး အေးစက်စက်လေသံဖြင့် ပြန်လည်တုံံ့ပြန်ပြောဆိုလိုက်လေ၏။ “ခင်ဗျားက ဒီလောက် သေချင်နေတယ်ဆိုမှတော့ ဒီသခင်လေးကလည်း ခင်ဗျားဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့…”
“သေမှာက မင်းကွ…” သက်လတ်ပိုင်းလူကြီးက ထအော်လိုက်လေသည်။ သူ့စွမ်းအားအကုန်အစင်ကို တိုက်ကွက်တစ်ကွက်တည်း၌ ထည့်သွင်းထားသည့်အလား ရန်ကိုင်မျက်နှာတည့်တည့်ဆီသို့ ခုတ်ချလိုက်လေ၏။
ရန်ကိုင်သည် ရှေ့သို့ တစ်လှမ်းတိုး၍ အနန္တဓါးဖြင့် ခုတ်ပိုင်းချလိုက်လေသည်။ ရုတ်တရက်ဆိုသလို စူးရှတောက်ပသည့် ဓါးအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး သက်လတ်ပိုင်းလူကြီးဆီသို့ တိုးဝင်သွားလေ၏။
ဆုတ်ဖြဲခံလိုက်ရသည့် ပိတ်စတစ်စနှယ် ရန်ကိုင်မျက်နှာဆီသို့ တိုးဝင်လာနေသော ဓါးအလင်းတန်းမှာ ရုတ်တရက် နှစ်ပိုင်းကွဲထွက်သွားခဲ့ပြီး ရန်ကိုင်၏ ဘယ်ဘက်နှင့် ညာဘက်ဆီမှ အသီးသီး ဖြတ်ပျံသန်းသွားကြလေသည်။ ခဏအကြာတွင် ပိုင်းဖြတ်ခံလိုက်ရသည့် အလင်းတန်းနှစ်ခုစလုံး အရောင်မှိန်ကျသွားခဲ့ပြီး မြေပြင်ပေါ်သို့ ‘ဘုတ်’ ဟူသော မြည်သံနှင့်အတူ ပြုတ်ကျသွားခဲ့လေသည်။
“ဟူး…”
လူတိုင်းမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း အလွန်တရာကိုမှ မယုံကြည်နိုင် ဖြစ်နေကြလေသည်။
ပိုင်းဖြတ်ခံလိုက်ရသည့် အလင်းတန်း ဖြတ်သန်းသွားရာလမ်းတစ်လျှောက်တွင် သွေးများ ကျကျန်ခဲ့ပြီး ကိုယ်တွင်းအင်္ဂါများမှာလည်း ပြုတ်ကျကျန်ရစ်နေခဲ့လေသည်။ သက်လတ်ပိုင်းလူကြီး၏ ခန္ဓာကိုယ်မှာ ရန်ကိုင်၏ ဓါးအလင်းတန်းကြောင့် နှစ်ပိုင်းပြတ်ထွက်နေခဲ့လေပြီ။
ရန်ကိုင်၏ ဓါးချက်တစ်ချက်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးအား နှစ်ပိုင်းဖြတ်ပစ်နိုင်ခဲ့လေသည်။ ထို့အပြင် ရန်ကိုင်ပုံစံကို ကြည့်ရသည်မှာ သူ့ဓါးအား သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည့်ပုံစံမျိုးသာဖြစ်ပြီး တကယ်ကြီး ခွန်အားအကုန်အစင်ကို ထုတ်သုံးထားသည့် ပုံမပေါ်ချေ။
ရန်ကိုင် အလွန်တရာကိုမှ အားကောင်းမှန်း လူတိုင်းသိထားကြပါသော်ငြား သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်ရှေ့မှောက်၌ ဤမျှပင် အားနည်းနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
သို့သော်ငြား တကယ့်တကယ်တွင်မူ သက်လတ်ပိုင်းလူကြီးမှာ အားနည်းနေခြင်းမဟုတ်ဘဲ ရန်ကိုင်ကကို ယုတ္တိတန်တန်နှင့် စဉ်းစား၍ မရလောက်အောင် အားကောင်းနေခြင်း ဖြစ်သည်။
ရန်ကိုင်မှ အခန်း(၇)တွင် ရှိနေသော လူကြီးအား ခြေတစ်ချက်ဆောင့် ဓါးတစ်ချက်ဝှေ့ယမ်းကာ သတ်ပစ်လိုက်သည်ကို မြင်ပြီးသည့် အချိန်မှစ၍ ရန်ကိုင် မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်းကို လူတိုင်း သိသွားကြသည်။ သို့သော်ငြား ယခုမှသာလျှင် ရန်ကိုင်၏ခွန်အားကို အထင်သေးမိနေသေးမှန်း သူတို့ ထပ်မံနားလည်သွားခဲ့ရလေ၏။
ရန်ကိုင်သည် အနန္တဓါးပေါ်တွင် ပေကျန်ရစ်နေသော သွေးများကို ဓါးအား ခါ၍ ဖယ်ရှားပစ်လိုက်ပြီးသည့်နောက် ပြုံးဖြီးလျက် “ဒီနေရာက ခင်ဗျားတို့နဲ့ မဆိုင်တဲ့ နေရာ… ဘာလို့ အလုပ်ရှုပ်ခံပြီး ထိုင်ကြည့်နေကြတာလဲ… ထွက်သွားလို့ရတုန်း မြန်မြန်ထွက်သွားထားကြ…”
တန်ကျွင်းဟောင်သည် ထိုဧကရာဇ်အဆင့်ပညာရှင်များကို အကြောင်းမဲ့သက်သက် ဆင့်ခေါ်လိမ့်မည်မဟုတ်။ သူတစ်ခုခုကြံနေသည်မှာ အသိသာပင်။ တန်ကျွင်းဟောင်မှာ ထိုလူများကိုအသုံးချ၍ ရန်ကိုင်အား တိုက်ခိုက်ခိုင်းရန် ကြိုးစားနေသည်မှာ ဖြစ်နိုင်ချေ အလွန်များသည်။
ရန်ကိုင်သည် လူပေါင်းများစွာနှင့် ရန်သူမဖြစ်ချင်ပေ။ သူ၏ပစ်မှတ်မှာ တန်ကျွင်းဟောင်တစ်ယောက်တည်းသာ ဖြစ်လေသည်။
ရန်ကိုင်၏စကားကိုကြားသော် ဧကရာဇ်အဆင့်ပညာရှင်အားလုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ကြလေသည်။ ဤလူငယ်လေးမှာ အသက်အရွယ်နှင့်မလိုက် အလွန်တရာကိုမှ မောက်မာဝံ့ကြွားလွန်းလှသည်ဟု သူတို့စိတ်ထဲ ခံစားရပါသော်ငြား ရန်ကိုင်တွင် ထိုကဲ့သို့ မောက်မာနိုင်သည့် စွမ်းရည်မျိုး ရှိနေသည်ဟူသော အချက်မှာလည်း ငြင်း၍မရချေ။ ရန်ကိုင်ကဲ့သို့သော လူတစ်ဦးကို သူတို့ခွန်အားလောက်ဖြင့် သွားရန်စသည်မှာ ကောင်းသည့်အရာတစ်ခုတော့ မဟုတ်ချေ။ ထို့အပြင် သူတို့နှင့် ရန်ကိုင်ကြား ရန်ငြိုးရန်စမရှိလေရာ ဘာကြောင့်များ အလကားသက်သက် အလုပ်ရှုပ်ခံ၍ သူ့အား သွားရန်စရမည်နည်း။