အခန်း (၂၆၉၇)
Vol. 115 Ch. 2697
ဧကရာဇ်အဆင့်သို့ ရောက်လာသည့်လူတိုင်း မည်သူမျှ အရူးမဟုတ်ကြချေ။ ရန်ကိုင်နှင့် တန်ကျွင်းဟောင်ကြားရှိ ပြဿနာသည် သူတို့ဝင်ပါနိုင်သည့် အရာမဟုတ်မှန်း အကုန်လုံး သိနေကြသည်။
ထိုအခိုက်အတန့်တွင် တစ်ယောက်ယောက်သည် လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “အကြီးအကဲတန်… ကျုပ်မှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိနေသေးလို့ အရင်သွားလိုက်ပါဦးမယ်နော်…”
ထိုသို့ပြောပြီးသည့်နောက် လှည့်ထွက်သွားလေ၏။
အခြားသူများသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပထမလူလုပ်သွားသည့်အတိုင်း တန်ကျွင်းဟောင်အား နှုတ်ဆက်စကားဆိုကာ ထွက်ပြေးရန် ကြိုးစားကြလေသည်။ မျက်တောင်တစ်ခတ်အတွင်း လူတစ်ဝက်လောက်မှာ ထွက်သွားကုန်ကြပြီး ကျန်တစ်ဝက်မှာတော့ တုံ့ဆိုင်းနေဟန်ဖြင့် မျက်မှောင်ကြုတ်နေကြသည်။
လက်ရှိအခြေအနေသည် သူတို့ထိန်းချုပ်နိုင်သည့် အရာမဟုတ်မှန်း ထိုလူများ သိနားလည်ထားကြသည့်ပုံပင်။ တန်ကျွင်းဟောင်သည် အစီအရင်တစ်ခုကို ဤနေရာတွင် ကြိုတင်ခင်းကျင်းထားခဲ့သလို သူတို့အား အမှောင်ထုထဲမှာ ဆင့်ခေါ်နိုင်ခဲ့သည့်အတွက်ကြောင့် ယခုကဲ့သို့ဆင့်ခေါ်ပြီးမှဖြင့် သူတို့အားလုံးကို အလကားသက်သက် ထွက်သွားခွင့်ပေးမည် မဟုတ်သည်မှာတော့ သေချာပေသည်။ ယခုကဲ့သို့အခြေအနေမျိုးတွင် ထွက်သွားရန်ကြိုးစားခြင်းသည် တန်ကျွင်းဟောင်အား ရန်စသည်နှင့် အတူတူသာလျှင် ဖြစ်ပေသည်။
ထိုကဲ့သို့စဉ်းစားမိလိုက်သည့်အခိုက် ထိုလူအားလုံးမှာ အလွန်တရာကိုမှ စိတ်ညစ်သွားခဲ့ကြလေသည်။ အရိပ်ဓါးပျံမြို့၏ လေလံပွဲ၌ ပါဝင်ရန်အတွက် အရိပ်ဓါးပျံမြို့သို့ မလာလျှင် အကောင်းသားဟုပင် တွေးမိလာကြသည်။ ယခုမူ လောဘတက်၍ လေလံပွဲသို့ လာခဲ့သည့်အတွက်ကြောင့် အခြားလူများ၏ ပြဿနာများထဲ အလကားသက်သက် ဆွဲခေါ်ခံလိုက်ရလေပြီ။
သူတို့ထင်ထားသည့်အတိုင်းပင် တန်ကျွင်းဟောင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ထွက်ခွာသွားသည့် ဧကရာဇ်အဆင့်ပညာရှင်များကိုကြည့်ရင်း “မင်းတို့ထွက်သွားနိုင်မယ်လို့ ထင်နေကြတာလား…”
ထိုဧကရာဇ်အဆင့်ပညာရှင်များ၏ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားခဲ့ကြပြီး တန်ကျွင်းဟောင်ဘက်သို့ ပြန်လှည့်ကြည့်လာကြသည်။
ပထမဦးဆုံးစကားပြောခဲ့သည့်သူက မျက်မှောင်ကြုတ်လျက် “အကြီးအကဲတန်… ဒါ ဘာသဘောလဲ…”
သူ၏လေသံထဲ မေးခွန်းထုတ်လိုသည့်အသံတို့ စွက်ဖက်ပါဝင်နေခဲ့လေသည်။ တန်ကျွင်းဟောင်သည် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သည့်အတွက်ကြောင့် မြင့်မားသည့်အဆင့်အတန်းနှင့် အားကောင်းသောခွန်အားကို ပိုင်ဆိုင်ထားသည့်တိုင် သူ့အနေဖြင့် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ၏ လွတ်လပ်ခွင့်ကို အကြောင်းမဲ့သက်သက် လိုက်လံထိန်းချုပ်ဖို့ရာ မဖြစ်နိုင်ပေ။ ရန်ကိုင်သည် သူ့ရန်သူဖြစ်သည်။ ရန်ကိုင်သည် ထိုလူများ၏ရန်သူမဟုတ်။ သို့သော်ငြား တန်ကျွင်းဟောင်ပြောလိုက်သည့်စကားနှင့် ပတ်သက်၍ တစ်ခုခုမှားယွင်းနေသလို သူတို့စိတ်ထဲ ခံစားနေကြရသည်။
တန်ကျွင်းဟောင်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “ဘာမှမဟုတ်ပါဘူး… ဒီလူအိုကြီးက ဒီမှာ အစီအရင်တစ်ခု ခင်းကျင်းထားပြီးသား… ဒီတော့ ဒီလူအိုကြီးရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဒီနေရာကနေ ထွက်သွားလို့ရမှာမဟုတ်ဘူး…”
တန်ကျွင်းဟောင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူများ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။
အစောပိုင်းက စကားပြောလိုက်သည့်လူက မျက်မှောင်ကြုတ်၍ “အကြီးအကဲတန်… ကြယ်ဝိဉာဉ်နန်းတော်က တောင်ဘက်နယ်မြေတစ်ခုလုံးရဲ့ အရှင်သခင်… တောင်ဘက်နယ်မြေမှာရှိနေတဲ့ ကျင့်ကြံသူတွေကို ကာကွယ်ပေးနေတဲ့ ဂိုဏ်းတစ်ဂိုဏ်းမလို့ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ အကြီးအကဲတန်ကို ကျုပ်တို့လေးစားတယ်…တစ်ခုခု အရေးကြုံပြီဆို ကြယ်ဝိဥာဉ်နန်းတော်ကို အားကိုးအားထား ပြုရတာ။ ဒါကြောင့် ကျုပ်တို့ ဒီနေရာကနေ ဘယ်လိုလုပ်မှ ထွက်သွားလို့ရမလဲဆိုတာကို ကျေးဇူးပြုပြီး ပြောပြပေးလို့ရမလား…”
သူ့အား အခြားသော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးမှသာ ယခုကဲ့သို့ လာလုပ်မည်ဆိုပါက တစ်ဖက်လူ မှတ်လောက်သားလောက်ဖြစ်သွားအောင် ကောင်းကောင်း ဆုံးမပေးလိုက်လေပြီ။ မည်သူကများ မိမိ၏လွတ်လပ်ခွင့် အကြောင်းအရင်းမရှိ ချုပ်ခြယ်ခံရသည်ကို သည်းခံနိုင်ပါမည်နည်း။ သို့သော်ငြား တန်ကျွင်းဟောင်ကမူ မတူတော့ချေ။ သူသည် အားကောင်းသည့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ရုံသာလျှင်မဟုတ် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးလည်း ဖြစ်နေခဲ့သည်။ မည်သူမျှ သူ့ရှေ့တွင် မောက်မာဝံ့ကြွားစွာ မပြုမူရဲပေ။ ထို့အတွက်ကြောင့် ထိုလူစိတ်ထဲ အလွန်တရာကိုမှ ဒေါသထွက်နေသည့်တိုင် သူ့ဒေါသကို အတင်းအကြပ် ချုပ်တည်း၍ စကားလုံးများကို သေချာသတိထားရင်း ပြန်၍မေးမြန်းလိုက်လေ၏။
“ဟုတ်တယ် အကြီးအကဲတန်… ကျေးဇူးပြုပြီး ကျုပ်တို့ကို ပြောပြပေးပါလား…” တစ်ယောက်ယောက်ကလည်း ချက်ချင်း လိုက်ပြောလိုက်လေသည်။
တန်ကျွင်းဟောင်က ယဲ့ယဲ့လေးပြုံးလျက် “မင်းတို့ ဒီနေရာကနေ ထွက်သွားချင်တယ်ဆိုရင် ဘာမှမခက်ဘူး…” ထိုသို့ပြောပြီးသည့်နောက်တွင် တန်ကျွင်းဟောင်သည် ရန်ကိုင်အား လက်ညှိုးထိုး၍ ပြောလိုက်လေသည်။ “ငါ့ကိုကူပြီး အဲ့ကောင်ကိုသတ်ပေး… အဲ့ဒါဆိုရင် ငါ မင်းတို့အားလုံးကို ထွက်သွားခွင့်ပေးမယ်…”
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း မျက်လုံးပြူးသွားကုန်ကြလေသည်။ သူတို့စိတ်ထဲလည်း ခါးသက်သက် ခံစားလိုက်ရလေသည်။
ရန်ကိုင်အား သွားရန်စခဲ့သည့်လူများ မည်ကဲ့သို့ ဖြစ်သွားခဲ့သလဲဆိုသည်ကို အကုန်လုံး မြင်တွေ့ခဲ့ကြရသည်။ ထိုလူငယ်လေး၏စွမ်းအားမှာ သူတို့ သွားရောက်တုပယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်မှန်းလဲ သိနေကြသည်။ ထို့အတွက်ကြောင့် ဤနေရာတွင်ရှိနေသည့် မည်သည့်ဧကရာဇ်အဆင့် ကျင့်ကြံသူမှ ရန်ကိုင်အား အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိကြချေ။
ယခု တန်ကျွင်းဟောင်မှ ရန်ကိုင်အား သွားသတ်ရန် ပြောနေသည်မှာ သူတို့အား မီးတွင်းထဲသို့ ခုန်ဆင်းခိုင်းနေသည်နှင့် မခြားတော့ချေ။
သူသည် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦး ဟုတ်မှဟုတ်ပါလေစွ။ ရုတ်ချည်းဆိုသလို သူတို့စိတ်ထဲရှိ ဂုဏ်သရေရှိ ကြီးကျယ်ခမ်းနားလှသော ကြယ်ဝိဉာဉ်နန်းတော်၏ ပုံရိပ်မှာ တမုဟုတ်ချည်း ပြိုကျပျက်စီးသွားခဲ့ရလေသည်။ သူတို့စိတ်ထဲ ကြယ်ဝိဉာဉ်နန်းတော်အပေါ် စိတ်ပျက်မှုတို့သည်သာ ကျန်ရစ်တော့လေ၏။
ကြယ်ဝိဉာဉ်နန်းတော်သည် တောင်ဘက်နယ်မြေ၏ အရှင်သခင်တစ်ပါး ဖြစ်ပါသော်ငြား ထိုနန်းတော်မှအကြီးအကဲများသည် အကျိုးသင့်အကြောင်းသင့်မဟုတ်ဘဲ သူတို့၏စွမ်းအားကို လက်လွတ်စပယ် အသုံးပြုကြကာ ကြီးနိုင်ငယ်ညှင်း လုပ်ကြလေသည်။ ထိုသို့ဖြစ်လေရာ ထိုကဲ့သို့သော အင်အားစုတစ်ခုကို မည်သူကများ လေးစားပါဦးမည်နည်း။
“အကြီးအကဲတန်… ခင်ဗျား နောက်နေတာလား… ကျုပ်နဲ့အဲ့ညီငယ်လေးကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမဟုတ်ဘူးလေ…”
“ဟုတ်တယ်အကြီးအကဲတန်… ကျေးဇူးပြုပြီး ကျုပ်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့လား..”
ရုတ်ချည်းဆိုသလို လူအုပ်ကြီးတစ်ခုလုံးမှာ ပွက်ပွက်ညံသွားခဲ့လေသည်။ သို့သော်ငြား သူတို့အား အမိန့်ပေးနေသည့်လူမှာ တန်ကျွင်းဟောင်ဖြစ်နေသည့်အတွက်ကြောင့် သူတို့၏ဒေါသကို တတ်နိုင်သလောက် ချုပ်တည်းထားခဲ့ပြီး ရိုင်းရိုင်းစိုင်းစိုင်းတော့ ပြန်မပြောခဲ့ပေ။
တန်ကျွင်းဟောင်ကမူ မလှုပ်မယှက် ရပ်နေရင်းဖြင့်သာ ပြန်အော်ပြောလိုက်လေ၏။ “ဒီကောင်က တကယ်ကို စည်းမရှိကမ်းမရှိတဲ့ကောင်ကွ… ငါ့ကိုလာရန်စရုံတင်မဟုတ်ဘူး ငါ့တပည့်ကိုပါ ဒဏ်ရာရအောင် လုပ်သွားသေးတယ်… အဲ့ဒါတင်မကျေနပ်နိုင်သေးပဲ ငါ့ရဲ့ အဖိုးတန်ရတနာကိုလည်း လာခိုးသွားသေးတယ်… မင်းတို့သာ ငါ့ကိုကူပြီးတော့ အဲ့ကောင်ကိုသတ်ပေးမယ်ဆိုရင် ငါမင်းတို့ကို ကောင်းကောင်းဆုချပေးမယ်…”
“အဲ့လိုမျိုးဖြစ်သွားတာလား… ဒါဆိုရင်တော့ ဒါ ဒီကောင့်အမှားဖြစ်သွားပြီ…”
“ဟုတ်တယ်… အကြီးအကဲတန်က ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်လေ… အဲ့ဒါကို အကြီးအကဲတန်ကို ရန်စစော်ကားရုံတင်မဟုတ်သေးဘဲ အကြီးအကဲတန်ရဲ့ ရတနာကိုပါ ခိုးသွားတယ်ဆိုတော့ ဒီကောင့်လုပ်ရပ်က တော်တော်လွန်သွားပြီ…”
“ဟုတ်တယ်… အဲ့ကောင် တောင်းပန်မှဖြစ်လိမ့်မယ်… ဒီကောင် ကျိန်းသေကို တောင်းပန်ရမယ်…”
ချက်ချင်းဆိုသလို လူအုပ်ကြီးမှာ ပွစိပွစိ ထပ်ဖြစ်လာပြန်တော့လေသည်။ အကုန်လုံးမှာ တန်ကျွင်းဟောင်ဘက်မှ ဝင်ကူပြောပေးနေကြပါသော်ငြား မည်သူမျှ တစ်ချက်မှ မလှုပ်ရှားကြချေ။ သူတို့ ဘာကြောင့် လှုပ်ရှားရမည်နည်း။ သူတို့သည် အရူးမှမဟုတ်လေပဲ။ ရန်ကိုင်အား သွားရန်စခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးနေခြင်းနှင့်မခြားချေ။ ထို့အတွက်ကြောင့် တန်ကျွင်းဟောင်ဘက်မှ ဝင်ပြောနေခဲ့ပါသော်ငြား စကားဖြင့်သာ ပြောနေကြပြီး တစ်ချက်မှ လက်မပါခဲ့ပေ။
ရန်ကိုင်ကမူ ထိုမြင်ကွင်းအား ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ ကြည့်နေခဲ့လေသည်။ ထို့နောက် လှမ်း၍ အော်ပြောလိုက်လေ၏။ “ခွေးအိုကြီးတန်… ခင်ဗျားက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်မဟုတ်ဘူးလား… ခင်ဗျားရဲ့ကျင့်ကြံခြင်းအဆင့်က ဒီသခင်လေးထက် နှစ်ဆင့်ပိုမြင့်နေတာတောင် အခြားလူတွေရဲ့အကူအညီကို အရှက်မရှိ လိုက်တောင်းနေသေးတယ်ပေါ့ ဟုတ်လား… ခင်ဗျား ယောက်ျားဆိုရင် အခြားလူတွေကို ဆွဲခေါ်မနေနဲ့… ဒီသခင်လေးနဲ့ တစ်ယောက်ချင်းလာယှဉ်တိုက်လိုက်…”
ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အပေါ် လူတိုင်း၏အထင်အမြင်မှာ ရုတ်ချည်းဆိုသလို တိုးတက်သွားခဲ့ရလေသည်။ ရန်ကိုင်ပြောသည်မှာ ယုတ္တိရှိသည်ဟုလည်း ခံစားနေခဲ့ရသည်။
အခြားတစ်ယောက်၏ပြဿနာထဲ ဘာကြောင့်များ သူတို့ဝင်ပါရမည်နည်း။ အကြီးအကဲတန်သည် တကယ်ကို အကျိုးအကြောင်းမသင့်သည့် လူတစ်ဦးဖြစ်သည်။
တန်ကျွင်းဟောင် မျက်နှာပျက်သွားခဲ့ပြီး ရန်ကိုင်အား ခါးသက်စွာဖြင့် လှမ်း၍ ကြည့်လိုက်သည်။ ထို့နောက် လူအုပ်ကြီးကိုဝှေ့ကြည့်လျက် မေးလိုက်လေသည်။ “မင်းတို့ ဒီလူအိုကြီးကို တကယ် မကူညီချင်တာလား…”
ထိုစကားကိုကြားသော် အကုန်လုံးသည် ရှက်ကိုးရှက်ကန်းအမူအယာများဖြင့် တန်ကျွင်းဟောင်နှင့် အကြည့်ချင်းမဆုံမိအောင် မျက်နှာလွှဲထားလိုက်ကြလေသည်။
ပထမဦးဆုံး စကားစပြောခဲ့သည့်လူက မကျေမနပ်ဖြင့် “အကြီးအကဲတန်… ကျေးဇူးပြုပြီး ကျုပ်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့လား… ကိစ္စတိုင်းမှာ အကျိုးအကြောင်းဆိုတာ ရှိသင့်တယ်လေ… အခု အကြီးအကဲတန်ရဲ့ကိစ္စကို အကြီးအကဲတန်ဘာသာ ဖြေရှင်းလိုက်ရင် ပိုမကောင်းဘူးလား… အကြီးအကဲတန်ရဲ့ ကျင့်ကြံခြင်းနဲ့ဆို ဒီဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတဲ့ ညီငယ်လေးကို အနိုင်ယူဖို့ လွယ်မှာပေါ့… ဘာဖြစ်လို့ ကျုပ်တို့အကူအညီကို တောင်းနေရသေးတာလဲ…”
ထိုလူမှ ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် တန်ကျွင်းဟောင်သည် ထိုလူကိုကြည့်၍ ရုတ်တရက် လက်ကွက်တစ်ခု ဖန်တီးလိုက်လေသည်။
ထိုလူသည် မခံမရပ်နိုင်လောက်အောင်ကို နာကျင်လာသည့်အလား ရုတ်တရက် ထအော်လေသည်။ အလွန်ပြင်းထန်သည့် နာကျင်မှုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့ပြီး သူ့လည်ပင်းနားရှိ အရေပြားအောက်ဝယ် ဘုလုံးကြီးတစ်လုံး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ပိုးကောင်တစ်ကောင်သည် ထိုအရေပြားအောက်ဝယ် ရွစိရွစိဖြင့် သွားနေသည့်အလား။
“ဘာဖြစ်တာလဲ…” လူတိုင်း ထိတ်လန့်သွားခဲ့ပြီး ထိုလူကြီးဆီမှ ခပ်ဝေးဝေးသို့ ခုန်ဆုတ်သွားခဲ့ကြလေသည်။
“ရောင်းရင်းလျို… ရောင်းရင်းလျို…” ကျင့်ကြံသူတစ်ဦးက အလျင်စလို လှမ်းအော်လေသည်။
သို့သော်ငြား မျိုးရိုးနာမည်လျိုနှင့် ကျင့်ကြံသူမှာတော့ ပြန်မထူးနိုင်သေးဘဲ နာကျင်စွာသာ အော်ဟစ်နေလေ၏။ ခဏအကြာတွင် သူ့မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ဇောချွေးပြန်သွားခဲ့လေသည်။
ရုတ်တရက်ဆိုသလို မျိုးရိုးနာမည်လျိုနှင့်လူသည် သူ့အင်္ကျီများကို ဆုတ်ဖြဲ၍ သူ့ရင်ဘတ်နေရာဆီသို့ ငုံ့ကြည့်လိုက်လေသည်။ ထိုနေရာတွင် ပိုးကောင်လေးတစ်ကောင်သည် သူ့အရေပြားအောက်ဝယ် ရွစိရွစိဖြင့် သွားနေသည်ကို တွေ့လိုက်ရလေ၏။
“ဒါ… ဒါ ဘာကြီးလဲ…” မျိုးရိုးနာမည်လျိုနှင့်လူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် တန်ကျွင်းဟောင်အား စိုက်ကြည့်ရင်းမှ “ခင်ဗျား… ခင်ဗျား ကျုပ်ကို ဘာလုပ်ထားတာလဲ…”
“နှလုံးချုပ်အင်းစက်…” ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။
တန်ကျွင်းဟောင်သည် သူ့လက်ကွက်အား ဖော်ဆောင်ထားရင်းမှ ခြိမ်းခြောက်လိုက်လေ၏။ “ဒါ ငါ့အမိန့်ကို မနာခံတဲ့လူတွေရဲ့ ကံကြမ္မာပဲ…” ထိုသို့ပြောပြီးသည့်နောက် ဆက်၍ သတိပေးလိုက်ပြန်လေ၏။ “ဒါနဲ့ မင်းဧကရာဇ်ချီကို လှည့်ပတ်ဖို့ မကြိုးစားနဲ့နော်… မဟုတ်ရင် မင်း မြန်မြန်သေသွားရလိမ့်မယ်…”
သို့သော်ငြား သူပြောသည်မှာ နောက်ကျလွန်းသွားခဲ့သည်။ မျိုးရိုးနာမည်လျိုနှင့် ကျင့်ကြံသူသည် သူ အသက်အန္တရာယ်ရှိနေသည်ဟု ခံစားလိုက်ရချိန်တည်းက သူ၏ဧကရာဇ်ချီကို လှည့်ပတ်ပြီးနေခဲ့လေပြီ။ တန်ကျွင်းဟောင်ပြောသည့်အတိုင်း သူ့ဧကရာဇ်ချီကို လှည့်ပတ်နေသည်နှင့်အမျှ နှလုံးချုပ်အင်းစက်မှာ ပို၍ ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့ရာ မျက်တောင်တစ်ခတ်အတွင်း ထိုအင်းစက်သည် သူ့နှလုံးတည့်တည့်ဆီသို့ ရောက်သွားခဲ့လေသည်။
မကြာမီ အရိုးခိုက်မတတ် နာကျင်မှုတို့ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာသည်ကို သက်လတ်ပိုင်းလူကြီး ခံစားလိုက်ရလေသည်။
မျိုးရိုးနာမည်လျိုနှင့်လူသည် သူ့ကိုယ်ထဲတွင် ရှိနေသည့်အရာကို ဆွဲထုတ်ရန် ကြိုးစားနေသည့်အလား စူးရှနာကျင်စွာ အော်ဟစ်ရင်းမှ သူ့ရင်ဘတ်ထဲသို့ လက်ဖြင့် ထိုးနှိုက်နေခဲ့လေသည်။ ထိုလုပ်ရပ်ကြောင့် သူ့ရင်ဘတ်နေရာဆီမှ သွေးများ ပန်းထွက်လာခဲ့ရလေ၏။
သို့သော်ငြား သူ့အနေဖြင့် ဘာမှ မလုပ်နိုင်သေးခင်မှာပင် ဖောက်ခနဲမြည်သံနှင့်အတူ သူ့နှလုံးတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ ထိုသက်လတ်ပိုင်းလူကြီး၏ နှလုံးခုန်သံ ရပ်တန့်သွားခဲ့ပြီး မျက်လုံးများ ပြူးကျယ်သွားကာ မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားခဲ့လေ၏။
“ဟူး…” ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်း သက်ပြင်းရှိုက်မိသွားကြလေသည်။ သူတို့စိတ်ထဲ အလွန်တရာကိုမှလည်း ထိတ်လန့်တုန်လှုပ်နေကြလေ၏။
တန်ကျွင်းဟောင် သက်လတ်ပိုင်းလူကြီးအား တိုက်ခိုက်လိုက်သည့် အရိပ်အယောင်ကို သူတို့မတွေ့ရချေ။ တန်ကျွင်းဟောင်လုပ်လိုက်သည်မှာ လက်ကွက်တစ်ခု ဖော်ဆောင်လိုက်ခြင်းသာ ရှိပေသည်။ ထို့နောက်တွင် မျိုးရိုးနာမည်လျိုနှင့် ကျင့်ကြံသူမှာ နှလုံးချုပ်အင်းစက်၏ လက်ချက်ကြောင့် အသက်ထွက်သွားခဲ့ရလေ၏။ ကြည့်ရသလောက် နှလုံးချုပ်အင်းစက်သည် သက်လတ်ပိုင်းလူကြီး၏ ခန္ဓာကိုယ်ထဲ အစောကြီးတည်းက ရှိနေသည့်ပုံပင်။
မျိုးရိုးနာမည်လျိုနှင့် ကျင့်ကြံသူပင် ဤကဲ့သို့ဖြစ်သွားရသည်ဆိုပါက သူတို့ဆိုလျှင်ရော။
သူတို့သိချင်နေသည့်အဖြေကို တစ်ခဏအတွင်း သိသွားခဲ့ရလေသည်။ တန်ကျွင်းဟောင်သည် လူအုပ်ကြီးကို ဝေ့ကြည့်လျက် သူ၏လက်ကွက်ကို ထပ်မံပြောင်းလဲလိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ ဧကရာဇ်အဆင့် ပညာရှင် အယောက်နှစ်ဆယ်ကျော်စလုံး တစ်ပြိုင်တည်း အော်ငြီးလိုက်ကြလေသည်။ သူတို့၏လည်တိုင်ထက် အဖုလေးတစ်လုံး ထွက်ပေါ်လာခဲ့ပြီး ပိုးကောင်လေးတစ်ကောင်သည် သူတို့၏ ရင်ဘတ်နေရာဆီသို့ ရွစိရွစိဖြင့် အလျင်အမြန် ကူးသွားတော့လေ၏။
“အကြီးအကဲတန် ခင်ဗျား…”
“ဘယ်ချိန်တည်းကလဲ…”
ဧကရာဇ်အဆင့် ပညာရှင်များမှာ သူတို့ကိုယ်ထဲသို့ မည်သည့်အချိန်တည်းက နှလုံးချုပ်အင်းစက် ထည့်သွင်းထားခံရကြောင်း မသိ ဖြစ်နေကြလေသည်။ ထို့နောက် လေလံပွဲသို့ သူတို့တက်ရောက်နေစဉ်အတောအတွင်း သူတို့လုပ်ခဲ့သည့် အကြောင်းအရာ၊ ကြုံတွေ့ခဲ့သည့် အကြောင်းအရာအားလုံးကို သေချာပြန်စဉ်းစားလိုက်ကြလေ၏။ မကြာမီ တစ်ယောက်ယောက်က ရုတ်တရက် ထအော်လေသည်။ “ရေနွေးကြမ်း…”
တန်ကျွင်းဟောင်က ခေါင်းညိတ်လျက် ပြောလိုက်သည်။ “ဟုတ်တယ်… လက်ဖက်ခြောက်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာ…”
ရန်ကိုင်သည်လည်း ထိတ်လန့်သွားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း စိတ်သက်သာရာရသွားခဲ့လေသည်။ သူ့အနေဖြင့် သတိကြီးကြီးထား၍ ရီကျင်းဟန်မှ သူမ၏ ကိုယ်ပိုင်လက်ဖက်ရည်နှင့် ရေနွေးအိုးကိုသုံး၍ ပြင်ဆင်ပေးခဲ့သည့် ရေနွေးကြမ်းအား သောက်ခဲ့မိသည်မှာ ကံကောင်းသွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက သူကိုယ်တိုင်သည်လည်း ထိုလူများကဲ့သို့ နှလုံးချုပ်အင်းစက် ကူးစက်ထားခြင်း ခံရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ သူ့ဘဝသည် တန်ကျွင်းဟောင်၏လက်ထဲသို့ ရောက်သွားရပေလိမ့်မည်။
နှလုံးချုပ်အင်းစက်မှာ အလွန်တရာကိုမှ ရင်ဆိုင်ရခက်လှပေသည်။ ဧကရာဇ်အဆင့် ပညာရှင်များသည်ပင်လျှင် ထိုနှလုံးချုပ်အင်းစက် အသက်မဝင်လာသေးသရွေ့ ထိုနှလုံးချုပ်အင်းစက် သူတို့ခန္ဓာကိုယ်ထဲ၌ ရှိနေသည်ကို အာရုံမခံနိုင်ခဲ့ပေ။ ကြည့်ရသလောက် တန်ကျွင်းဟောင်သည် ထိုနှလုံးချုပ်အင်းစက်များကို နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်လာခဲ့သည့်ပုံပင်။ ထိုသို့သာမဟုတ်ပါက သူ့တွင် နှလုံးချုပ်အင်းစက် ထိုမျှများပြားစွာ ရှိနေလိမ့်မည်မဟုတ်ချေ။
ဤလူအိုကြီးသည် အမှန်တကယ်ကို ကောက်ကျစ်ဉာဏ်များလွန်းလှလေသည်။ ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည့်တိုင် ယခုကဲ့သို့သော အောက်တန်းကျသည့် နည်းလမ်းများကို အမှန်တကယ် အသုံးပြုရဲခဲ့သည်။
“အကြီးအကဲတန်… ခင်ဗျား ရူးနေတာပဲ…” တစ်ယောက်ယောက်သည် တန်ကျွင်းဟောင်ကိုကြည့်ရင်းမှ ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
တောင်ဘက်နယ်မြေတွင်ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင် အယောက်သုံးဆယ်ခန့်နီးပါးသည် ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ဤနေရာတွင် ဖြစ်ပျက်သွားခဲ့သည့် အကြောင်းများသာ သတင်းပြန့်သွားမည်ဆိုပါက တန်ကျွင်းဟောင်သည် ကြယ်ဝိဉာဉ်နန်းတော်၏ သတ်ဖြတ်ရသည့် စာရင်းထဲသို့ ရောက်သွားပေလိမ့်မည်။ လမင်းမဟာဧကရာဇ်သည် ကြယ်ဝိဉာဉ်နန်းတော်၏ ဂုဏ်သတင်း ပျက်စီးရမည်ကို မည်ကဲ့သို့များ ရပ်ကြည့်နေပါမည်နည်း။
သို့သော်ငြား သေချာစဉ်းစားကြည့်လိုက်ပြန်သည့် အခါတွင်လည်း သူတို့အားလုံး၏ ခန္ဓာကိုယ်ထဲတွင်သာ နှလုံးချုပ်အင်းစက်များ ရှိနေမည်ဆိုပါက မည်သူကများ ဤအကြောင်းကို သတင်းဖြန့်ရဲမည်နည်း။
ယခုကဲ့သို့ ဖြစ်လာသည့်နောက် ထိုလူအားလုံးမှာ တန်ကျွင်းဟောင်၏ အစေခံများ ဖြစ်လာကြကာ သူတို့အနေဖြင့် တန်ကျွင်းဟောင်ပြောသည့်အတိုင်း လုပ်ရုံသာ ရှိတော့ပေသည်။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက် လူတိုင်း စိတ်ဓာတ်ကျသွားကုန်ကြလေ၏။ သူတို့စိတ်ထဲ အလွန်တရာကိုမှ ဒေါသထွက်နေမိပါသော်ငြား ထိုဒေါသကို မည်သည့်နေရာသို့ ဖွင့်ထုတ်လို့ဖွင့်ထုတ်ရမှန်းမသိ ဖြစ်နေခဲ့လေသည်။
တန်ကျွင်းဟောင်သည် ရန်ကိုင်၏ ရတနာများကို ရနိုင်ရန်အတွက် မည်သည့်အရာကိုမဆို လုပ်ရဲသည်ဟူသော အချက်ကိုတော့ သူတို့မသိကြချေ။ တန်ကျွင်းဟောင်သည် အင်မော်တယ်သစ်ပင်ကိုသာ ရနိုင်မည်ဆိုပါက ကြယ်ဝိဉာဉ်နန်းတော်၏ လိုက်လံသတ်ဖြတ်ခြင်းအား ခံရမည်ကိုပင်လျှင် ဂရုစိုက်နေလိမ့်မည်မဟုတ်။ သူ့ဘာသာ အေးအေးဆေးဆေး နေရာတစ်ခုရှာကာ ထိုအင်မော်တယ်သစ်ပင်အား သန့်စင်လိုက်ပေလိမ့်မည်။ အင်မော်တယ်သစ်ပင်ကိုသာ သန့်စင်သွားနိုင်မည်ဆိုပါက မဖျက်ဆီးနိုင်သည့် အင်မော်တယ်ခန္ဓာကိုယ်ကို ရရှိသွားမည်ဖြစ်လေရာ လမင်းမဟာဧကရာဇ်ကရော သူ့အား ဘာလုပ်နိုင်ဦးမည်နည်း။
ထိုသို့ဖြစ်လာသည့်အခါ သူ့အနေဖြင့် မည်သည့်အရာကိုမှ ကြောက်နေစရာ လိုတော့လိမ့်မည်မဟုတ်။ ဤအဖြစ်အပျက်များ ပေါက်ကြားသွားလျှင်ပင် ကိစ္စမရှိတော့ချေ။
ထိုအကြောင်းကြောင့်ပင်လျှင် တန်ကျွင်းဟောင်သည် သူ့ရည်ရွယ်ချက် ပြည့်မြောက်နိုင်ရန်အတွက် နှလုံးချုပ်အင်းစက်များကို အသုံးပြုရန် ဝန်လေးမနေခဲ့ခြင်း ဖြစ်ပေသည်။
“ဒီလူအိုကြီးကို ကူပြီး အဲ့ကောင်ကို သတ်ပေးတဲ့လူတိုင်း ကောင်းကောင်းဆုချခံရမယ်…” တန်ကျွင်းဟောင်သည် ရန်ကိုင်အား လက်ညှိုးထိုး၍ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ သူ၏သရုပ်မှန်ကို ထုတ်ဖော်လိုက်ပြီဖြစ်လေရာ အခြား ဘာကိုမှ စိတ်ပူနေစရာ မလိုတော့ချေ။ ထို့အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်များအားလုံးကို ချက်ချင်း လှုပ်ရှားရန် အမိန့်ပေးလိုက်လေသည်။
တန်ကျွင်းဟောင်၏အမိန့်ကိုကြားသော် လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကူကယ်ရာမဲ့နေဟန်ဖြင့် ကြည့်လိုက်ကြလေသည်။