← Chapters

အခန်း (၂၆၉၈)

Vol. 115 Ch. 2698

အခန်း (၂၆၉၈)

Vol. 115 Ch. 2698

သူတို့ဘက်တွင် လူအရေအတွက် ပိုများပါသော်ငြား တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက သူတို့ထဲမှ တစ်ဝက်ပင်လျှင် ရန်ကိုင်လက်ချက်ကြောင့် အသက်ရှင်လျင် ကံကောင်းဟု ပြောရပေမည်။ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အခြားလူတစ်ဦးအတွက် မိမိ၏အသက်အား စတေးပစ်ရမည်ကို မည်သူမှ လုပ်ချင်ကြလိမ့်မည်မဟုတ်ချေ။

သို့သော်ငြား တန်ကျွင်းဟောင်၏အမိန့်ကို မနာခံပါက မျိုးရိုးနာမည်လျိုနှင့် ကျင့်ကြံသူကဲ့သို့ အဆုံးသတ်သွားရပေလိမ့်မည်။ ရုတ်ချည်းဆိုသလို အကုန်လုံးမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ကြလေသည်။

ထိုလူများ ဘာတွေးနေသလဲဆိုသည်ကို နားလည်သည့်အလား တန်ကျွင်းဟောင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သူ့လက်ကွက်များကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်ပြန်လေ၏။

ဧကရာဇ်အဆင့်ပညာရှင်အားလုံး အော်ဟစ်ငြီးတွားလိုက်ကြပြီး ချွေးသီးချွေးပေါက်တို့သည် သူတို့၏နဖူးထက် ဝေ့သီလာကုန်ကြလေသည်။ သူတို့ကိုယ်ထဲတွင်ရှိနေသော နှလုံးချုပ်အင်းစက်များမှာတော့ အရေပြားအောက် ရွစိရွစိဖြင့် သူတို့၏နှလုံးတည့်တည့်ဆီသို့ သွားလာနေကြလေ၏။ နာကျင်မှုကို သည်းမခံနိုင်တော့သည့်အဆုံး တစ်ချို့သောဧကရာဇ်အဆင့်ပညာရှင်များဆိုလျှင် စူးရှစွာပင် ထအော်ကြလေသည်။

“အဲ့အင်းစက်တွေ မင်းတို့နှလုံးဆီရောက်သွားရင် မင်းတို့အားလုံး သေကုန်ကြမှာနော်…” တန်ကျွင်းဟောင်က ပြောလိုက်၏။ “မင်းတို့ထဲက ဘယ်သူမဆို ဒီကောင်လေးကို သတ်ပေးနိုင်လို့ရှိရင် ငါ မင်းတို့ကိုယ်ထဲမှာ ထည့်ထားတဲ့ နှလုံးချုပ်အင်းစက်တွေကို ပြန်ဖယ်ပေးမယ်…”

ထိုစကားကိုကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဧကရာဇ်အဆင့်ပညာရှင်များ၏ မျက်လုံးများ ဝင်းပသွားကုန်ကြလေ၏။ နှလုံးချုပ်အင်းစက်များကြောင့် ခံစားရသည့် နာကျင်မှုမှာ အလွန်ကိုမှ ဆိုးရွားလွန်းလှသည်။ သူတို့သာ ရန်ကိုင်အား ရှင်းပစ်ပြီးသည့်နောက် ထိုနှလုံးချုပ်အင်းစက်ကို ဖယ်ရှားနိုင်မည်ဆိုလျှင် ထိုက်တန်သည်ဟု ပြော၍ရပေသည်။ အရေးကြီးဆုံးအချက်မှာ သူတို့သာ တန်ကျွင်းဟောင်၏ အမိန့်ကို မနာခံပါက သေရမည့်အချက်ပင်။ သို့သော်ငြား တန်ကျွင်းဟောင်၏အမိန့်အတိုင်း ရန်ကိုင်ကို သွားရောက်တိုက်ခိုက်မည်ဆိုလျှင်တော့ သူတို့တွင် အသက်ရှင်နိုင်ချေ ရှိပေသေးသည်။

ဤသည်မှာ ရိုးရှင်းသည့် ရွေးချယ်မှုတစ်ခုသာ ဖြစ်ပေသည်။ သူတို့အား ရွေးစရာမရှိအောင် လုပ်ပစ်သွားသည့် ရိုးစင်းလွန်းလှသည့် ရွေးချယ်မှုတစ်ခုဟု ဆိုလျှင်လည်း မမှားပေ။

ထိုအခိုက်အတန့်တွင် ဧကရာဇ်အဆင့်ပညာရှင်များထဲမှ တစ်ယောက်သည် နာကျင်မှုဒဏ်ကို မခံစားနိုင်တော့ဘဲ တန်ကျွင်းဟောင်ဘက်သို့လှည့်၍ အော်ပြောလိုက်လေ၏။ “အကြီးအကဲတန် ကိုယ့်စကားကိုယ်တည်ရမှာနော်…”

တန်ကျွင်းဟောင်က ယဲ့ယဲ့လေးပြုံးလျက် “တည်မှာပေါ့… ငါ့စကားငါ မတည်စရာလား…”

“ကောင်းပြီလေ… အဲ့ဒါဆိုရင် ဒီရှ အကြီးအကဲတန်ကို ဒီနေ့ကူညီပေးမယ်… ဘယ်သူ ဒီရှနဲ့အတူ ပူးပေါင်းပြီးတော့ အဲ့ကောင်ကို သတ်ပစ်ချင်လဲ…” မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူသည် လူအုပ်ကြီးဘက်သို့လှည့်၍ မေးလိုက်လေသည်။ ဧကရာဇ်အဆင့်ပညာရှင်အားလုံး တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြလာကြလေ၏။ သူတို့တွင်မှ ရွေးစရာမရှိတော့လေဘဲ။ ရန်ကိုင်အား တိုက်ခိုက်ရုံမျှအပ အခြားဘာများ လုပ်နိုင်ပါဦးမည်နည်း။

ဧကရာဇ်အဆင့်ပညာရှင်များ၏ ထောက်ခံမှုကို ရရှိလိုက်သော် မျိုးရိုးနာမည်ရှနှင့်ကျင့်ကြံသူ ပို၍ ယုံကြည်ချက်ရှိသွားခဲ့လေသည်။ အကြီးအကျယ် စိတ်အားတက်သွားခဲ့ပြီး ဦးဆောင်ဦးဆောင် ပြုလိုသည့်ဟန်ဖြင့် သူ၏ဧကရာဇ်ချီကို လှည့်ပတ်၍ ကျင့်ကြံခြင်းကို ထုတ်ပြလိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာပင် မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူမှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့သည်။

ထို့နောက်တွင် ခေါင်းဆောင်တစ်ယောက်ဟန်ပန်ဖြင့် ဧကရာဇ်ချီကိုလှည့်ပတ်၍ ရန်ကိုင်ဆီသို့ ပထမဦးဆုံး ခုန်ဝင်သွားလေသည်။ မျိုးရိုးနာမည်ရှနှင့် ကျင့်ကြံသူမှာ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်လူများသည်လည်း သူ့နည်းအတိုင်း ရန်ကိုင်ဆီသို့ ပြေးဝင်သွားကုန်ကြလေ၏။

ရုတ်ချည်းဆိုသလို အလင်းတန်းပေါင်း သုံးဆယ်နီးပါးခန့်သည် ရန်ကိုင်ဆီသို့ တဟုန်ထိုး တိုးဝင်လာကုန်ကြလေသည်။ အမျိုးမျိုးသော သိုင်းပညာရပ်များ၊ ဧကရာဇ်အဆင့်မှော်ရတနာများမှာလည်း ထွက်ပေါ်လာခဲ့ပြီး တိုက်ခိုက်မှုပေါင်းစုံသည် ရန်ကိုင်ဆီသို့ စုပြုံကာ ရောက်ရှိလာကုန်ကြလေ၏။

သို့သော်ငြား မတိုက်ခိုက်ခင်တွင်တော့ ထိုဧကရာဇ်အဆင့်ပညာရှင်များထဲမှ အချို့က အရင်ဦးစွာ ပြောလိုက်ကြလေ၏။ “ညီငယ်လေး… ငါတို့ကိုတော့ အပြစ်မတင်ပါနဲ့ကွာ… ငါတို့လည်းမတတ်သာလို့ အခုလိုမျိုး လုပ်ရတာပါ…”

ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာမှ သူ့အား တစ်ပြိုင်တည်း တိုက်ခိုက်လာသည့်အတွက်ကြောင့် ရန်ကိုင်ခံစားနေရသည့်ဖိအားမှာ အကြီးအကျယ် မြင့်တက်သွားခဲ့ရလေသည်။ တောင်ပေါင်းများစွာသည် သူ့ကိုယ်ပေါ်သို့ ပြိုဆင်းကျလာနေသည့်အလား ရန်ကိုင်မှာ အသက်ပင်လျှင် ကောင်းကောင်း မရှူနိုင်တော့ချေ။ သို့သော်ငြား နောက်သို့ တစ်ချက်ပင် ဆုတ်မသွားခဲ့ဘဲ ကောင်းကင်ပေါ်သို့ ခေါင်းမော့၍ မာန်သွင်းအော်ဟစ်လိုက်ရင်းမှ ပြန်ပြောလိုက်လေ၏။ “ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်တတ်ရတာလဲ… ကိုယ်အသက်ရှင်ရမယ့် အရေးအတွက်မှ မတိုက်ခိုက်ချင်ဘူးဆိုရင်တော့ အစတည်းက တိုက်ခိုက်မနေနဲ့တော့… တကယ်ကို ကြောက်သွေးပါတဲ့လူတွေ…”

“ခွေးကောင်လေး… မင်း တယ်ကိုမောက်မာနေပါလားကွ… သေလိုက်ပေတော့…”

ရန်ကိုင်၏ လေလံပွဲမှလုပ်ရပ်သည် လူတော်တော်များများကို ဒေါသထွက်သွားစေခဲ့သည်မှာတော့ အမှန်တရားပင် ဖြစ်လေသည်။ လက်ရှိအချိန်တွင် သူ့ကြောင့်ပင်လျှင် သူတို့အားလုံးမှာ တန်ကျွင်းဟောင်၏ထိန်းချုပ်ခြင်း ခံလိုက်ရခြင်းလည်းဖြစ်သည်။ သို့သော်ငြား တန်ကျွင်းဟောင်ကိုတော့ သွားဒေါသထွက်၍မဖြစ်ပေ။ သူတို့ကိုယ်ထဲတွင် တန်ကျွင်းဟောင်မှ ထိန်းချုပ်နေသည့် နှလုံးချုပ်အင်းစက်များ ရှိနေသည်မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူတို့၏ဒေါသအလုံးစုံကို ရန်ကိုင်အပေါ်သို့သာ ပုံချရတော့လေသည်။

“ဘုန်း… ဘုန်း… ဘုန်း…”

ဧကရာဇ်အဆင့် ပညာရှင်အားလုံး၏ ဒေါမာန်တကြီး တိုက်ခိုက်မှုများသည် ရန်ကိုင်ဆီသို့ မိုးသီးမိုးပေါက်များအလား ကြွေဆင်းကြလာခဲ့သည်။ ထို့အတွက်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပေါက်ကွဲသံများဖြင့် ညံမစဲအောင် ဖြစ်သွားခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် တန်ကျွင်းဟောင်၏မျက်လုံးများ မှေးစင်းသွားခဲ့လေ၏။ သူသာ ထိုကဲ့သို့သော တိုက်ခိုက်မှုအားလုံးကို စုခံရမည်ဆိုပါက မသေလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလိမ့်မည်ဟု တွေးနေခဲ့သည်။ သူ့ကဲ့သို့သော လူမျိုးသည်ပင်လျှင် ထိုကဲ့သို့ဖြစ်ရလေသော် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ထိုလူငယ်လေးဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။ သို့သော်ငြား ထိုမျိုးရိုးနာမည်ရန်နှင့်ကောင်လေးသည် လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည်ဟူသော အချက်ကို တန်ကျွင်းဟောင်ပြန်သတိရသွားခဲ့သည်။ ထိုသို့သာဖြစ်မည်ဆိုလျှင်တော့ ထိုတိုက်ခိုက်မှုလောက်ဖြင့် ထိုကောင်လေးအား အမှောက်သိပ်ဖို့ရာ မဖြစ်နိုင်လောက်တော့ပေ။

တန်ကျွင်းဟောင်သည် ဓာတ်ကြီးငါးပါးပိတ်လှောင်ခြင်း အစီအရင်ကိုသုံးလျက် လေလံစံအိမ်တစ်ခုလုံးကို ပြင်ပလောကကြီးမှ တစ်သီးတစ်ခြား ခွဲခြားပစ်ထားခဲ့ပါသော်ငြား ရန်ကိုင်သည် အစီအရင်အတွင်းတွင်တော့ စိတ်ကြိုက် တည်နေရာ ခုန်ကူးနိုင်ပေသေးသည်။

ထိုအကြောင်းကြောင့်ပင်လျှင် တန်ကျွင်းဟောင်မှာ ဧကရာဇ်အဆင့် ပညာရှင်များ၏ အကူအညီကို ငှားယူခဲ့ခြင်း ဖြစ်လေသည်။ သူ့ဘာသာသူ ရန်ကိုင်အား အနိုင်မယူနိုင်သည့်အတွက်ကြောင့်တော့ မဟုတ်။ သူ့ဘာသာတစ်ယောက်တည်း ရန်ကိုင်အား သတ်ပစ်ရန် ကြိုးစားနေမည်ဆိုပါက အချိန်လည်းကုန် စွမ်းအားလည်းကုန်နိုင်သည့် အတွက်ကြောင့်ပင်။

ပေါက်ကွဲသံများ တိတ်ကျသွားခဲ့ပြီး လူများ ရှင်းလင်းသွားသည့်နောက်တွင် သူတို့အားလုံး စုပြုံတိုက်ခိုက်လိုက်သည့် နေရာမှာ ဗလာကျင်းနေကြောင်း ဧကရာဇ်အဆင့်ပညာရှင်များ တွေ့ရှိလိုက်ရသည်။

“ဒီကောင်သေသွားတာလား…” တစ်ယောက်ယောက်က မေးလိုက်၏။

“ဒီလောက် တိုက်ခိုက်မှုအများကြီးကို ကြုံပြီးမှတော့ အသက်ရှင်နိုင်စရာအကြောင်းတော့ မရှိပါဘူး… သူ့ခွန်အားက ပုံမှန်မဟုတ်ဘူးဆိုရင်တောင် ဒီလောက်ထိတော့ အားမကောင်းသင့်ဘူးလေ ဟုတ်တယ်မလား…”

“ဟား ဟား ဟား… ဒါ အကြီးအကဲတန်နဲ့ ရန်သူဖြစ်အောင် လုပ်ချင်တဲ့ အကျိုးကျေးဇူးပဲ… သေတာတောင် နည်းသေးတယ်…” လူတစ်ဦးက ဝါးလုံးကွဲ အော်ရယ်မောလိုက်လေသည်။

ယခု ရန်ကိုင်မှာ သေသွားပြီ ဖြစ်သည့်အတွက်ကြောင့် တန်ကျွင်းဟောင်အား ဖားယားရမည့်အချိန်သို့ ရောက်လာခဲ့လေပြီ။ တန်ကျွင်းဟောင်သာ စိတ်ကောင်းဝင်၍ သဘောကောင်းမည်ဆိုပါက သူတို့ကိုယ်ထဲမှ နှလုံးချုပ်အင်းစက်များကို ပြန်ဖယ်ကောင်း ဖယ်ပေးပေလိမ့်မည်။ ထိုသို့ဖြစ်သွားသည့်အခါ သူတို့၏လွတ်လပ်မှုကို ပြန်လည်ရရှိသွားကာ သူတို့၏သေခြင်းရှင်ခြင်းမှာလည်း သူတို့အပိုင် ပြန်ဖြစ်လာရပေလိမ့်မည်။

လူတော်တော်များများမှာတော့ နောင်တရနေကြလေသည်။ ရန်ကိုင်ကိုသာ ဤမျှ အလွယ်တကူ သတ်ပစ်နိုင်မှန်း သိခဲ့မည်ဆိုလျှင် အစောကြီးကတည်းက တန်ကျွင်းဟောင်၏ မျက်နှာသာပေးမှုကို ရရှိဖို့အရေး အားတက်သရော ကြိုးစားခဲ့ပေသည်။

“စွပ်…”

ထူးဆန်းသည့်အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့သည်။ ထိုအသံမှာ တိုးလျလျသာ ဖြစ်ပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်များကတော့ အတိုင်းသား ကြားလိုက်ရလေသည်။ အကုန်လုံး အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ရာ မြင်လိုက်သည့်မြင်ကွင်းကြောင့် ကြောက်လန့်တကြား ဖြစ်သွားကုန်ကြလေ၏။

လက်ရှိတွင် ဓါးရှည်တစ်ချောင်းသည် နောက်ဆုံးစကားပြောခဲ့သည့်လူ၏ ရင်ဘတ်မှ ဖောက်ထွက်နေခဲ့လေသည်။ သူ့နောက်ဘက်တွင် တစ္ဆေလိုလို ပုံရိပ်တစ်ခု ရှိနေခဲ့လေ၏။

“အား…” ထိုလူမှာ သူ့ရင်ဘတ်ရှိ အေးစက်စက်ခံစားချက်ကို ခံစားမိလိုက်သော် ခေါင်းငုံ့၍ ကြည့်လိုက်ရာ ဓါးတစ်ချောင်း သူ့ရင်ဘတ်အား ထုတ်ချင်းပေါက် စိုက်ဝင်နေသည်ကို မြင်လိုက်သော် ကြောက်လန့်တကြား ထအော်တော့လေ၏။

“ခင်ဗျားတို့အားလုံးက ဒီသခင်လေးကို သတ်ဖို့ ကြိုးစားမှတော့ ဒီသခင်လေး ပြန်သတ်တာကိုလည်း ခံရဖို့ ပြင်ထားသင့်တာပေါ့…” ရန်ကိုင်၏အသံသည် ငရဲကြီးကိုးထပ်မှ ထွက်ပေါ်လာသည့် သေမင်း၏ ခေါ်သံအလား လူတိုင်း၏စိတ်အစုံကို ထိတ်လန့်တုန်ရီသွားစေခဲ့လေသည်။

ထိုလူမတုံ့ပြန်နိုင်သေးခင်မှာပင် ရန်ကိုင်သည် အနန္တဓါးကို ဝှေ့ယမ်းချလိုက်ရာ ထိုလူ၏ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ထွက်သွားခဲ့လေ၏။ သွေးစသွေးနများ အဘက်ဘက်သို့ လွင့်စင်ထွက်လာခဲ့ပြီး ကိုယ်တွင်းအင်္ဂါများမှာလည်း မြေပြင်ပေါ်သို့ ပုံလျက်သား ကျသွားခဲ့လေသည်။ တကယ်ကို သွေးပျက်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ရပ်ပင်။

ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးမှာ သူမသိလိုက်ခင်လေးမှာပင် ဓါးဖြင့်ထိုးခံရပြီး နှစ်ပိုင်းပြတ်ထွက်သွားခဲ့ရသည်။ သို့သော်ငြား လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည့် အချက်မှာ ရန်ကိုင် သူတို့၏တိုက်ခိုက်မှုအားလုံးအား မည်ကဲ့သို့ ရှောင်သွားသလဲ ဆိုသည့်အချက်ပင်။

ထိုကောင်သည် တစ္ဆေသရဲလေလော။ ထိုအကြောင်းကိုတွေးရင်း လူတိုင်း စတင်၍ ကြောက်ရွံ့လာကြတော့သည်။

“ငါ မင်းတို့ကို သတိပေးဖို့မေ့သွားတယ်… ဒီကောင်က လေဟာနယ်တာအိုမှာ ကျွမ်းကျင်တယ်ကွ…” တန်ကျွင်းဟောင်၏အသံ ဘေးဘက်ဆီမှ ထွက်လာခဲ့သည်။

“ဘာ… လေဟာနယ်တာအို…”

“ဒါဆို ဒီကောင် အခုလေးတင် လေဟာနယ်ပညာရပ်ကိုသုံးပြီးတော့ ရှောင်သွားတာပေါ့…”

“လေဟာနယ်တာအိုကို ကျွမ်းကျင်တဲ့လူတွေကို သတ်ဖို့ တော်တော်ခက်တယ်လို့ ပြောကြတယ်ကွ… ဒီကောင်တွေက ထွက်ပြေးတဲ့နေရာတွေ လိုက်ဖမ်းတဲ့နေရာတွေမှာ ဆရာတစ်ဆူပဲတဲ့… အဲ့လိုလူတစ်ယောက်ကို ငါတို့က ဘယ်လိုသတ်ရမှာလဲ…”

တန်ကျွင်းဟောင်မှ ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားသည်ဟူသော အချက်ကို ထုတ်ပြောလိုက်ပြီးသည့်နောက် လူတိုင်း၏အမူအယာ ပြောင်းလဲသွားခဲ့ကြပြီး တန်ကျွင်းဟောင်အား စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲကြတော့လေသည်။ (ဒီလောက်အရေးကြီးတဲ့အချက်ကို ဘာလို့ အစောကြီးတည်းက ထုတ်မပြောခဲ့တာလဲ ခွေးအိုကြီးရဲ့… အခု အဲ့ကောင်ကို သွားတိုက်ခိုက်ပြီးမှ ငါတို့ကို လာပြောနေတယ်…)

ရန်ကိုင်မှ လေဟာနယ်နိယာမစွမ်းအားများကို အသုံးပြုနိုင်သည်ဟူသော အချက်အား မသိရှိထားရစဉ်ကတည်းက ရန်ကိုင်သည် သူတို့အတွက် အလွန်ကိုမှ ကြောက်စရာကောင်းသည့် ပြိုင်ဘက်တစ်ဦး ဖြစ်ခဲ့ရသည်။ သူတို့ကိုယ်ထဲတွင်ရှိနေသော နှလုံးချုပ်အင်းစက်များကြောင့်သာ မဟုတ်ပါက မည်သူမျှ တန်ကျွင်းဟောင်၏အမိန့်ကိုနာခံ၍ ရန်ကိုင်အား တိုက်ခိုက်ချင်ကြလိမ့်မည်မဟုတ်။ သို့သော်ငြား ရန်ကိုင်မှ လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားကြောင်း သိရှိသွားရသော် ရန်ကိုင်အား သတ်ဖြတ်ဖို့ရာ မဖြစ်နိုင်ဟု လူတိုင်း စတင်၍ တွေးတောကုန်ကြလေသည်။

“စိတ်မပူနဲ့… လိုရမယ်ရ ဒီလူအိုကြီး ပြင်ဆင်ထားတာ ရှိပြီးသား… ငါ မင်းတို့ကို တစ်ဖက်တစ်လမ်းကနေ ဝင်ကူညီပေးမယ်…” တန်ကျွင်းဟောင်အား ပြောလိုက်လေသည်။

ရန်ကိုင်သည် တန်ကျွင်းဟောင်အား အနန္တဓါးဖြင့် ချိန်ရွယ်ရင်းမှ ဧကရာဇ်အဆင့်ပညာရှင်များကို ဝေ့ကြည့်လျက် အော်ပြောလိုက်လေ၏။ “မပြောချင်ပေမယ့် ပြောတော့ ပြောရဦးမယ်… ခင်ဗျားတို့အားလုံးက အမှိုက်ကောင်တွေပဲ… ခွေးအိုကြီးတန်အမိန့်ကြောင့် ခင်ဗျားတို့ မတတ်သာလို့ လုပ်နေရတာကြောင့်သာ ဒီသခင်လေး နည်းနည်းထိန်းနေခဲ့တာ… ဒါပေမယ့် ခင်ဗျားတို့ဘက်က ဆက်ပြီးတော့ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ဒီနေရာတစ်ခုလုံး ခင်ဗျားတို့အလောင်းတွေနဲ့ ပြည့်သွားလိမ့်မယ်မှတ်… ကျုပ်ပြောတာကို မယုံမရှိနဲ့နော်”

ရန်ကိုင်၏မောက်မာဝံ့ကြွားမှုသည် လူတိုင်းအား ဒေါသထွက်သွားစေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင် အမှန်ကိုပြောနေခြင်းမှန်း လူတိုင်း သိနေကြသည်။ ယခု ရန်ကိုင် သူ့ကိုယ်သူထိန်းထားခဲ့သည်မှာ သေချာပေသည်။ ထို့ကြောင့်သာမဟုတ်ပါက ရန်ကိုင်လက်ချက်ကြောင့် အနည်းဆုံး ဤနေရာတွင် ရှိနေသည့် လူငါးဦးလောက် အသက်ပျောက်သွားလောက်ပေပြီ။

ကြည့်ရသလောက် ရန်ကိုင်သည်လည်း သူတို့အား စည်းလွတ်ဝါးလွတ် မသတ်ချင်သည့်ပုံပင်။

“ဘေးမှာသွားရပ်နေကြ… ခွေးအိုကြီးတန်ကို ဒီသခင်လေးရှင်းပစ်ပြီးသွားရင် ခင်ဗျားတို့ ဘာကိုမှ တွေးပူနေစရာမလိုတော့ဘူး…” ရန်ကိုင်က အော်ပြောလိုက်သည်။

ရန်ကိုင်၏စကားလုံးများသည် လူတိုင်းအား အမှန်အကန်ကို စိတ်လှုပ်ရှားသွားစေခဲ့လေသည်။

ထိုစဉ် တန်ကျွင်းဟောင်က ဝင်ပြောလိုက်လေ၏။ “ကောင်လေး… မင်းက တယ်ကြွားပါလားကွ… ငါက မင်းသတ်ချင်တယ်ဆိုတိုင်း သတ်ပစ်နိုင်တဲ့လူ… ဟမ်…” သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် တန်ကျွင်းဟောင် မျက်နှာပျက်သွားခဲ့ပြီး သူ့လက်ကို ကမန်းကတန်း ဝှေ့ယမ်းလျက် သူ့ရှေ့၌ အလင်းအကာအရံတစ်ခုကို ရုတ်တရက် ကောက်ဖန်တီးလိုက်ရသည်။

ရန်ကိုင်သည် တန်ကျွင်းဟောင်၏ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့ပြီး သူ့ဓါးအား ကောက်ဝှေ့ယမ်းချလိုက်ရာ တန်ကျွင်းဟောင်မှ အလျင်စလို ဖန်တီးထားခဲ့သည့် အလင်းအကာအရံ တမုဟုတ်ချည်း ပျက်စီးသွားခဲ့ရသည်။ တစ်ချိန်တည်းတွင် ပြင်းထန်လှသည့် ပြန်ကန်အားတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်အား နောက်သို့ ဆုတ်သွားရစေ၏။

“ဟိတ်ကောင်တွေ… မင်းတို့ ဘာတွေစောင့်နေကြသေးတာလဲ…” တန်ကျွင်းဟောင်က ဒေါသတကြီး ထအော်တော့လေသည်။

ရန်ကိုင်၏ ခန့်မှန်းမရသည့် လှုပ်ရှားကွက်များကို သူ အမှန်တကယ်ကို ထိတ်လန့်နေမိလေပြီ။ ရန်ကိုင်အား မျက်ခြေမပြတ် သတိထားနေခဲ့သည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်၏ အလစ်ချောင်းတိုက်ခိုက်မှုသည် သူ့အား ကျိန်းသေ ဒဏ်ရာရသွားစေလောက်ပေသည်။ သူဆင့်ခေါ်ထားသည့် ဧကရာဇ်အဆင့်ပညာရှင်များမှာ ဘာမှမလုပ်ပဲ ရပ်ကြည့်နေသည်ကိုမြင်သော် တန်ကျွင်းဟောင်မှာ ထိုလူများအား အလျင်စလို တိုက်တွန်းတော့လေသည်။

တန်ကျွင်းဟောင်၏အမိန့်ကို ကြားသော် ထိုလူများမှာ ဆန္ဒမရှိသည့်တိုင် အံကြိတ်၍ ဆက်လုပ်ရုံသာ တတ်နိုင်ခဲ့သည်။

သို့သော်ငြား ယခင်တစ်ကြိမ် သင်ခန်းစာ ရထားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ယခုတစ်ကြိမ် တိုက်ခိုက်ရာ၌ သူတို့၏ခွန်အားအကုန်အစင်ကို ထုတ်မသုံးခဲ့ဘဲ ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ထိန်ချန်ထားခဲ့ပေသည်။ သို့မှသာ ရန်ကိုင်မှ အလစ်ချောင်းတိုက်ခိုက်လာမည်ဆိုပါက တန်ပြန်တိုက်ခိုက်နိုင်ပေလိမ့်မည်။

အမျိုးမျိုးသော တိုက်ကွက်ပေါင်းစုံ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီသို့ စုပြုံတိုးဝင်သွားကုန်ကြလေသည်။

ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားကို သုံး၍ တည်နေရာခုန်ကူးရန် ကြိုးစားလိုက်သည်။

သို့သော်ငြား ထိုအခိုက်အတန့်တွင် တန်ကျွင်းဟောင်သည် ရယ်သွမ်းသွေးလျက် အစီအရင်အလံတိုင်တစ်ခုကို ထုတ်ယူကာ ရန်ကိုင်တည့်တည့်သို့ ဝှေ့ယမ်းချလိုက်လေသည်။

တန်ကျွင်းဟောင်မှ ထိုကဲ့သို့လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်အနီးပတ်လည်တွင် ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံး မတည်မငြိမ်ဖြစ်ကာ ပျောက်ကွယ်သွားခါနီး ဖြစ်နေသည့် ရန်ကိုင်၏ပုံရိပ် တစ်ဖန်ပြန်လည် ရုပ်လုံးပေါ်လာခဲ့လေသည်။

ရန်ကိုင်ခမျာ သူ့ကိုယ်သူ ဟန်ချက် မထိန်းရသေးခင်မှာပင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ၏ တိုက်ခိုက်မှုပေါင်းစုံသည် သူ့ဆီသို့ တိုးဝင်လာလေ၏။

ရန်ကိုင်မျက်နှာပျက်သွားခဲ့ပြီး ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကို အလျင်စလို လှည့်ပတ်လိုက်ရလေသည်။

ဧကရာဇ်အဆင့်ပညာရှင်များမှာ ယခုတစ်ကြိမ်တိုက်ခိုက်မှုတွင် စွမ်းအားကုန်ထုတ်သုံးခဲ့ခြင်း မရှိပါသော်ငြား သူတို့၏တိုက်ခိုက်မှုများမှာတော့ ဧကရာဇ်အဆင့်ပညာရှင် အယောက်သုံးဆယ်နီးပါး၏ စုပေါင်းတိုက်ခိုက်မှုတစ်ခု ဖြစ်နေဆဲ။ ရန်ကိုင်သာ ထိုတိုက်ခိုက်မှုကို ထိပ်တိုင်ရင်ဆိုင်ရမည်ဆိုပါက ကျိန်းသေ ခံစားရပေလိမ့်မည်။ သို့သော်ငြား တန်ကျွင်းဟောင်ခင်းကျင်းထားသည့် အစီအရင်သည် ဟင်းလင်းပြင်ကိုပင်လျှင် နှောင့်ယှက်နိုင်လိမ့်မည်ဟု ရန်ကိုင် မည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။ ထို့အတွက်ကြောင့် တည်နေရာခုန်ကူးမည့် ရန်ကိုင်၏အစီအစဉ်မှာ အလုပ်မဖြစ် ဖြစ်သွားခဲ့ရသည်။ သို့သော်ငြား ယခုမှတော့ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ရာ နောက်ကျလွန်းနေခဲ့လေပြီ။ ထို့အတွက်ကြောင့် အတတ်နိုင်ဆုံး ကြိုးစားခုခံရုံသာ ရှိတော့လေ၏။

တိုးဝင်လာနေသည့် စုပြုံတိုက်ခိုက်မှုများအောက်ဝယ် ရန်ကိုင်ဖန်တီးထားခဲ့သည့် ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီအကာအကွယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။ ထိုတိုက်ခိုက်မှုများနှင့်အတူ ကပ်ပါလာသည့် ပြင်းထန်သည့် အားသက်ရောက်မှုများကြောင့် ရန်ကိုင်၏ရင်တစ်ခုလုံးမှာလည်း ဗလောင်ဆူနေခဲ့ရလေသည်။

ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီအကာအကွယ် ဆက်၍ ထိန်းမထားနိုင်တော့သည်ကိုမြင်သော် ရန်ကိုင်သည် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေ၏။ “နဂါးအသွင်ပြောင်းလဲခြင်း…”

ရန်ကိုင်၏နောက်ဘက်တွင် ရွှေရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး ဧရာမရွှေနဂါးတစ်ကောင် ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် နဂါးအကြေးခွံများမှာလည်း ရန်ကိုင်၏အရေပြားတစ်လျှောက် တစ်ခုချင်းတစ်ခုချင်း ထွက်ပေါ်လာခဲ့ပြီး သူ့လက်နှစ်ဖက်စလုံးမှာ နဂါးလက်သည်းများအသွင်သို့ ပြောင်းလဲသွားကုန်ကြလေသည်။ ထိုသို့ဖြင့် ရန်ကိုင်၏ ခုခံနိုင်စွမ်းမှာလည်း အကြီးအကျယ် မြင့်တက်လာခဲ့ရတော့လေသည်။

“ဘုန်း ဘုန်း ဘုန်း…”

တိုက်ခိုက်မှုပေါင်းစုံ ရန်ကိုင်ဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။

“ဖူး…” ရန်ကိုင် ရွှေရောင်သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။ တိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ခုခံရန် ကြိုးစားခဲ့ပါသော်ငြား ထိုတိုက်ခိုက်မှုအားလုံးသည် သူ့လက်ရှိကျင့်ကြံခြင်းဖြင့် ခုခံဖို့ရာ အတော်လေးကိုမှ များပြားကာ အားကောင်းလွန်းနေရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ဒဏ်ရာရသွားတော့လေသည်။

“တကယ်ကြီး ထိသွားတယ်ကွ…” တစ်ယောက်ယောက်က မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်လေသည်။

လူတော်တော်များများမှာ လက်ရှိအဖြစ်အပျက်နှင့်ပတ်သက်၍ မယုံကြည်နိုင် ဖြစ်နေကြလေသည်။ သူတို့၏တိုက်ခိုက်မှုများသည် ရန်ကိုင်အား တကယ်ကြီး ထိနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ တကယ်တော့ ရန်ကိုင်သည် ပထမဦးဆုံးအကြိမ် သူတို့၏တိုက်ခိုက်မှုများကို တည်နေရာကူးပြောင်း၍ ရှောင်သွားခဲ့သည်မဟုတ်ပေလော။ ထို့အတွက်ကြောင့် ယခုတစ်ကြိမ် သူတို့၏တိုက်ခိုက်မှုများကိုလည်း ထပ်မံ၍ ရှောင်တိမ်းသွားနိုင်ဦးလိမ့်မည်ဟုသာ ထင်နေကြခြင်း ဖြစ်သည်။

All Chapters